← Chapters

အခန်း ၄၆

Vol. 5 Ch. 46

အခန်း ၄၆

Vol. 5 Ch. 46

အခန်း (၄၆) နိုင်ငံတစ်နိုင်ငံ၏ သက်တမ်း

​“အဖြစ်ဆိုးကတော့...” ကျန်းယဲ့၏ အသံမှာ ရုတ်တရက် တိုးသွား၏။ “...အနောက်နိုင်ငံတွေက စက်မှုတော်လှန်ရေးကို စတင်နေတဲ့အချိန်မှာ ချင်းမင်းဆက် ဧကရာဇ်တွေက ကောင်းကင်ဘုံ နိုင်ငံတော်ကြီး ဖြစ်လာဖို့ အိပ်မက်မက်နေကြတုန်းပါပဲ။ အနောက်နိုင်ငံက စစ်သင်္ဘောတွေက နိုင်ငံရဲ့ တံခါးတွေကို အတင်းအကျပ် ဖွင့်ခိုင်းတဲ့အခါမှာတော့ သူတို့ဟာ နယ်မြေတွေကို ခွဲပေးရုံနဲ့ လျော်ကြေးငွေတွေ ပေးရုံပဲ တတ်နိုင်ခဲ့ပါတယ်။ ဟောင်ကောင်၊ ရူကျူး၊ လျောင်းတုန်းကျွန်းဆွယ်... ဘိုးဘေးတွေ ပိုင်ဆိုင်ခဲ့တဲ့ နယ်မြေတစ်ခုပြီးတစ်ခု သူများလက်ထဲကို ထည့်ပေးလိုက်ရပါတယ်...”

​ခန်းမထဲရှိ ဖယောင်းတိုင်မီးရောင်မှာ ပြင်းထန်စွာ တဖျပ်ဖျပ် ဖြစ်သွားပြီး ရင်းကျန့် ၏ အေးစက်ခက်ထန်နေသော မျက်နှာကို လင်းလက်သွားစေခဲ့သည်။

​“အရင်မင်းဆက်တွေကို မင်း ဘာလို့ ဓမ္မဓိဋ္ဌာန်ကျကျ သုံးသပ်နိုင်ပေမဲ့ ချင်းမင်းဆက်ကိုကျတော့ ဒီလိုဖြစ်နေရသလဲဆိုတာ ငါကိုယ်တော် နားလည်ပါပြီ” သူက အေးစက်စွာ နှာမှုတ်လိုက်၏။ “ဒီလူရိုင်းအစိုးရက တကယ်ကို ရေတွက်လို့တောင် မရနိုင်အောင် ဆိုးရွားတာကိုး...”

​ချင်းမင်းဆက် ကျူးလွန်ခဲ့သော ပြစ်မှုများမှာ ရေတွက်၍ပင် မရနိုင်ချေ။

​တရုတ်လူမျိုးမှန်သမျှ ဒါကို မုန်းတီးကြ၏။ အကယ်၍ ဒါကို မမုန်းတီးသူ တစ်စုံတစ်ယောက် ရှိခဲ့လျှင် သူတို့က သိုးရေခြုံထားသော ဝံပုလွေများ၊ ကျေးဇူးကန်းသူများသာ ဖြစ်ပေမည်။

​“ကျန်းယဲ့... ငါ့ကို ပြောစမ်း။ ငါ့ရဲ့ ချင်မင်းဆက်သာ နှစ်ပေါင်းထောင်ချီပြီး တည်တံ့နိုင်ခဲ့မယ်ဆိုရင် ဒီဘေးအန္တရာယ်တွေကို ရှောင်ရှားနိုင်မလား”

​ကျန်းယဲ့သည် ခေတ္တမျှ တိတ်ဆိတ်နေပြီးနောက် တိုးတိုးလေး ပြန်ဖြေလိုက်၏။ “အရှင်မင်းကြီး သမိုင်းမှာ အကယ်၍ဆိုတာ မရှိပါဘူး။ ဒါပေမဲ့ အရှင်မင်းကြီးရဲ့ ဉာဏ်ပညာနဲ့ဆိုရင် တရုတ်ပြည်အတွက် မတူညီတဲ့ လမ်းကြောင်းတစ်ခုကို သေချာပေါက် ဖောက်လုပ်ပေးနိုင်လိမ့်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်...”

​ယင်းကို ကြားသောအခါ ရင်းကျန့် ၏ နှုတ်ခမ်းများ အနည်းငယ် ကွေးတက်သွားရသည်။

​ယခုအချိန်တွင် သူသည် တစ်ပြည်လုံးကို သိမ်းပိုက်ခဲ့သော ဧကရာဇ်တစ်ပါးမဟုတ်တော့ဘဲ သူ၏ သားမြေးများ အနာဂတ်အတွက် စီစဉ်ပေးနေသော ဘိုးဘေးတစ်ဦးနှင့် ပိုတူနေချေသည်။

​“မင်းဆက်တစ်ခုစီက ဘယ်လောက်ကြာကြာ တည်တံ့ခဲ့ကြသလဲ...”

​ဤမေးခွန်းကို ကြားသောအခါ ကျန်းယဲ့မှာ ဖြေရန် အနည်းငယ် ဝန်လေးသွားသည်။

​သူသည် ဤကိစ္စကို အတိအလင်း မပြောဘဲ စကားတွေ အများကြီး ပြောခဲ့သည်မှာ အစ်ကိုကျန့် စိတ်ထိခိုက်မည်ကို ရှောင်ရှားလိုသောကြောင့်ပင်။ သို့သော် နောက်ဆုံးတွင်... အစ်ကိုကျန့် ၏ မေးခွန်းထုတ်မှုမှ သူ မလွတ်မြောက်နိုင်ခဲ့ချေ။

​“နိုင်ငံတစ်နိုင်ငံရဲ့ သက်တမ်းက အဓိပ္ပာယ်မရှိပါဘူး” ကျန်းယဲ့က မချိုမချဉ် ပြုံးကာ ပြောလိုက်၏။

​ရင်းကျန့်သည် သူ၏ အကြံအစည်လေးကို အလွယ်တကူ သိမြင်သွားလေသည်။ “ငါကိုယ်တော်က အဲဒီလောက် သဘောထားသေးသိမ်တဲ့သူ မဟုတ်ပါဘူး။ ပွင့်ပွင့်လင်းလင်း ပြောပါ”

​ထိုသို့ပြောလာမှတော့ ကျန်းယဲ့မှာ မင်းဆက်တစ်ခုစီ၏ သက်တမ်းကို အကြမ်းဖျင်း ရိုးသားစွာ ပြောပြရုံမှတစ်ပါး အခြားရွေးချယ်စရာ မရှိတော့ချေ။

​သူ ပြောပြီးသွားသောအခါ ရင်းကျန့် က ဖြည်းညှင်းစွာ ပြောလိုက်၏။ “ဒါဆို ငါ့ရဲ့ ချင်မင်းဆက်က တကယ်တော့ သက်တမ်းအတိုဆုံးပေါ့”

​ကျန်းယဲ့က သူ့ကို နှစ်သိမ့်လိုက်၏။ “အဲဒါ မှန်ကောင်းမှန်နိုင်ပေမဲ့ အရင်က ကျွန်တော် ပြောခဲ့သလိုပဲ ကျွန်တော်တို့ မဟာချင်မင်းဆက်က တရုတ်ပြည်ရဲ့ နှစ်ပေါင်းနှစ်ထောင်ကြာမယ့် စနစ်အတွက် အခြေခံအုတ်မြစ်ကို ချပေးခဲ့တာပါ။ စာအရေးအသား စနစ်ကို စံပြုသတ်မှတ်တာ၊ တွန်းလှည်းလမ်းကြောင်းတွေကို တစ်ပြေးညီဖြစ်အောင် သတ်မှတ်တာ၊ အလေးချိန်နဲ့ အတိုင်းအတာတွေကို စံပြုသတ်မှတ်တာ၊ ဒီအောင်မြင်မှုတွေက နောင်လာမယ့်ခေတ်က ဘယ်ဧကရာဇ်နဲ့မှ ယှဉ်လို့မရပါဘူး...”

​ရင်းကျန့် က ပြုံးလိုက်၏။ “စိတ်ဝင်စားစရာကောင်းတဲ့ ကောင်လေးပဲ”

​မြှောက်ပင့်ပြောဆိုနေသကဲ့သို့ ထင်ရသော်လည်း ထိုစကားများကို ပြောသောအခါ တစ်ဖက်လူက ရိုးသားကြောင်း သူ ခံစားသိရှိနိုင်လေသည်။

​သူ မတ်တတ်ရပ်ကာ နိုင်ငံခုနစ်ခု၏ မြေပုံကြီးဆီသို့ လျှောက်သွားပြီး အချိန်အတော်ကြာ စိုက်ကြည့်နေလိုက်သည်။ “ကျန်းယဲ့... မင်းရဲ့ အမြင်အရဆိုရင် ထာဝရတည်တံ့ဖို့အတွက် အရေးအကြီးဆုံးအရာက ဘာလဲ...”

​ကျန်းယဲ့က ခေတ္တမျှ စဉ်းစားလိုက်၏။ “ပြည်သူတွေဟာ နိုင်ငံတော်ရဲ့ အခြေခံအုတ်မြစ်ပါပဲ။ ပြည်သူတွေရဲ့ နှလုံးသားကို အနိုင်ရတဲ့သူက ကမ္ဘာကြီးကို အနိုင်ရပြီး ပြည်သူတွေရဲ့ နှလုံးသားကို ဆုံးရှုံးတဲ့သူက ကမ္ဘာကြီးကို ဆုံးရှုံးပါတယ်။ ချင်မင်းဆက်ဟာ ကြမ်းတမ်းတဲ့ ဥပဒေတွေနဲ့ ပြင်းထန်တဲ့ ပြစ်ဒဏ်တွေကြောင့် ကျဆုံးခဲ့ရပါတယ်။ ဟန်မင်းဆက်က ဧကရာဇ်ရဲ့ ဩဇာကြီးမားတဲ့ ဆွေမျိုးတွေနဲ့ မိန်းမစိုးတွေကြောင့် ကျဆုံးခဲ့ရပြီးထန်မင်းဆက်ကတော့ ဒေသခံ စစ်ဘုရင်တွေရဲ့ ခွဲထွက်အုပ်ချုပ်မှုကြောင့် ကျဆုံးခဲ့ရပါတယ်... အဆုံးစွန်သုံးသပ်ရမယ်ဆိုရင် သူတို့အားလုံးဟာ ပြည်သူတွေရဲ့ နှလုံးသားကို ဆုံးရှုံးခဲ့ကြတာပါပဲ။ ပြည်သူတွေမှာ ရှင်သန်ရပ်တည်ဖို့ လမ်းစမရှိတော့တဲ့အခါ ပုန်ကန်ရုံကလွဲပြီး တခြားရွေးချယ်စရာ မရှိတော့ပါဘူး..”

​ရင်းကျန့် ၏ လက်ချောင်းများက မြေပုံပေါ်တွင် ဖြည်းညှင်းစွာ ရွေ့လျားသွားပြီး နောက်ဆုံးတွင် ရှန်းယန်၏ တည်နေရာ၌ ရပ်တန့်သွား၏။ “ငါကိုယ်တော် နားလည်ပြီ..”

​နန်းတော်အပြင်ဘက်ရှိ ပူပြင်းသော နေရောင်ခြည်က ပြတင်းပေါက်တိုင်များမှတစ်ဆင့် ရင်းကျန့် ၏ အရိပ်အရှည်ကြီးကို ထင်ဟပ်နေစေခဲ့သည်။

​သူ ရုတ်တရက် လှည့်လိုက်ရာ သူ၏ မျက်လုံးများထဲတွင် ထူးဆန်းသော အလင်းရောင်တစ်ခု လက်ဖြာသွားချေသည်။ “ကျန်းယဲ့... မင်း ငါ့ကို ဘာကို ပြောင်းလဲစေချင်သလဲ..”

​ကျန်းယဲ့ က ပွင့်လင်းစွာ ပြောလိုက်၏။ “ကျွန်တော်က သမိုင်းအချက်အလက်တွေကို ပြောပြရုံသက်သက်ပါ။ မဟာချင် ဘယ်လိုရှေ့ဆက်ရမယ်ဆိုတာကတော့ အရှင်မင်းကြီးရဲ့ ဉာဏ်ပညာရှိတဲ့ ဆုံးဖြတ်ချက်အပေါ်မှာပဲ လုံးဝ မူတည်ပါတယ်”

​ရင်းကျန့် က ရုတ်တရက် အသံကျယ်ကြီးဖြင့် ရယ်မောလိုက်ရာ ခန်းမတစ်ခုလုံး ပဲ့တင်ထပ်သွားလေသည်။ “ကောင်းတယ်.. သမိုင်းအချက်အလက်တွေကို ပြောပြရုံသက်သက်ဆိုတဲ့ စကားက သိပ်ကောင်းတာပဲ။ တကယ်လို့ ဒီနေ့မှစပြီး ငါကိုယ်တော်က အခွန်အခတွေနဲ့ လုပ်အားပေးခိုင်းစေမှုတွေကို လျှော့ချမယ်... ချင်ဥပဒေတွေကို ပြင်ဆင်မယ်... ပြီးတော့ ပြည်သူတွေရဲ့ အခက်အခဲတွေကို တိုက်ရိုက် တင်ပြနိုင်တဲ့ ပြည်သူ့ အသံဌာနကို တည်ထောင်မယ်ဆိုရင် မင်း ဘယ်လိုထင်လဲ...”

​“အရှင်မင်းကြီးရဲ့ ဉာဏ်ပညာရှိတဲ့ ဆုံးဖြတ်ချက်အပေါ်မှာပဲ လုံးဝ မူတည်ပါတယ်...”

​ကျန်းယဲ့သည် အရည်အချင်းရှိသော အုပ်ချုပ်သူတစ်ဦး မဟုတ်သဖြင့် သူသည် အလွယ်တကူ အမိန့်မပေးသလို အခြေအမြစ်မရှိသော အကြံပြုချက်များကိုလည်း မပေးချေ။

​ကျန်းယဲ့သည် ဖြန့်ထားသော မြေပုံဆီသို့ လျှောက်သွားပြီး သူ၏ အိတ်ကပ်ထဲမှ တစ်စုံတစ်ရာကို ဖြည်းညှင်းစွာ ထုတ်ယူကာ မူလမြေပုံပေါ်တွင် ဖြန့်အုပ်လိုက်၏။

​ရင်းကျန့်သည် လက်နောက်ပစ်လျက် အရှေ့သို့ တိုးလာပြီး အရောင်အသွေး စုံလင်လှသော မြေပုံကို သူ၏ မျက်လုံးများ အနည်းငယ် ကျဉ်းကာ စူးစိုက်ကြည့်ရှုလိုက်သည်။ “ဒါက ဘာလဲ”

​“ကမ္ဘာ့မြေပုံပါ..”

​ယင်းကို ကြားသောအခါ ရင်းကျန့်က ရုတ်တရက် အသံကျယ်ကြီးဖြင့် ရယ်မောလိုက်ချေသည်။

(NT-စာရေးသူအထင်ပေါ့... ချင်မင်းဆက်​နယ်မြေကို ကမ္ဘာတစ်ခုလုံး စိုးမိုးပါဆိုတဲ့ အဓိပ္ပာယ်နဲ့ မြေပုံပေါ်မှာ ကမ္ဘာ့မြေပုံကို ထပ်တင်တာလို့ထင်ပါတယ်...)

​ကျန်းယဲ့အပေါ်ထားရှိသော သူ၏ အကြည့်များက ပို၍ နူးညံ့သွားချေသည်။ “နောင်အနာဂတ်မှာ ကျန်းယဲ့က ငါကိုယ်တော်နဲ့အတူ ဒီကမ္ဘာကြီးမှာ ဘယ်လို လမ်းသစ်တွေ ဖောက်လုပ်နိုင်မလဲဆိုတာ လိုက်ကြည့်ပေးဖို့ မျှော်လင့်ပါတယ်...”

​“ကောင်းပါပြီ” ကျန်းယဲ့က သဘောတူလိုက်၏။

​နှစ်ထောင်ပေါင်းများစွာ ကွာဝေးနေသော လူနှစ်ဦးသည် ဤအချိန်လေးတွင် ဖော်ပြ၍မရနိုင်သော သံယောဇဉ်နှင့် ကတိကဝတ်တစ်ခုကို မျှဝေခံစားလိုက်ကြသည်။

​နန်းတော်အပြင်ဘက်တွင် နွေးထွေးသော နွေဦးနေရောင်ခြည်က ရှန်းယန် နန်းတော်၏ တိုင်များကို ရွှေရောင်လွှမ်းခြုံနေခဲ့သည်။

​ချောင်ဝမ်ပေါ် နှင့် အခြားသုံးဦးမှာ ထောင့်တစ်နေရာတွင် စုပြုံနေကြပြီး သူတို့၏ ခေါင်းများမှာ ထိလုနီးပါး ဖြစ်နေချေသည်။

​“ဧည့်လမ်းညွှန်ကျန်းက ချင်ရှီဟွမ် နဲ့ နှစ်ယောက်တည်း ဘာတွေ ပြောနေကြတယ်လို့ ထင်လဲ” ဝူကျဲ ၏ မျက်လုံးများက တင်းကျပ်စွာ ပိတ်ထားသော နန်းတော်တံခါးများဆီသို့ အဆက်မပြတ် ရောက်ရှိနေလေသည်။

​ကန်ချန်က ပခုံးတွန့်လိုက်၏။ “ငါ မခန့်မှန်းတတ်ဘူး။ ဒါပေမဲ့ ကိစ္စကြီးတစ်ခု ဖြစ်ရမယ်ဆိုတာကိုတော့ ငါ ခံစားမိတယ်။ မဟုတ်ရင် ဘယ်သူ့ကိုမှ အဝင်မခံဘဲ ပိတ်ထားမှာ မဟုတ်ဘူး...”

​“ငါ သံသယရှိတာကတော့...” ချောင်ဝမ်ပေါ် က အနည်းငယ် ရပ်တန့်လိုက်ပြီး ဘေးပတ်ဝန်းကျင်ကို မျက်လုံးကစားကာ အသံကို တမင်နှိမ့်လိုက်၏။ “...အဲဒီကိစ္စအကြောင်းပဲ”

​“ဘာကိစ္စလဲ..” ဖုန်းယီမင် က သဘောမပေါက်သေးချေ။

​သို့သော် ကန်ချန် နှင့် ဝူကျဲတို့ကတော့ သဘောပေါက်သွားပြီး ကျောက်ကောင်း နှင့် လီစစ်တို့ဘက်သို့ လှမ်းကြည့်လိုက်ကြသည်။

​သူတို့သုံးယောက် နားလည်သွားသည်ကို မြင်သောအခါ ဖုန်းယီမင်မှာ အနည်းငယ် စိုးရိမ်လာလေသည်။ “မင်းတို့ ပွင့်ပွင့်လင်းလင်း ပြောလိုက်ပါလား”

​ဝူကျဲက မျက်လုံးလှန်ပြလိုက်ပြီး သူ၏ နားနားသို့ ကပ်ကာ ပြောလိုက်၏။ “ချင်မင်းဆက် ကျဆုံးခဲ့ရတဲ့ သမိုင်းကြောင်းလေ..”

​ထိုအခါမှသာ ဖုန်းယီမင်မှာ ရုတ်တရက် သဘောပေါက်သွားလေသည်။

​အခြားတစ်ဖက်တွင် ကျန်းဟွိုင်မင် နှင့် သူ၏အဖော်ခြောက်ဦးမှာ စင်္ကြံအောက်တွင် တည်ငြိမ်စွာ ရပ်နေကြသော်လည်း တကယ်တမ်းတွင်မူ တီးတိုး စကားပြောနေခဲ့ကြသည်။

​သူတို့၏ စကားပြောဆိုမှု အကြောင်းအရာမှာ ချောင်ဝမ်ပေါ် တို့နှင့် ဆင်တူသော်လည်း ထူးခြားချက်မှာ သူတို့ ခြောက်ယောက်က အတိအလင်း မပြောဘဲနှင့်ပင် ဘာဖြစ်နေသည်ကို ခန့်မှန်းနိုင်လောက်အောင် ဉာဏ်ရည်ထက်မြက်ကြခြင်းပင်။

​“ရှောင်ယဲ့ ပြောပြီးသွားရင် ပထမဧကရာဇ်ကြီး ဘာလုပ်မယ်လို့ မင်းတို့ ထင်လဲ” ကျိုးရှင်းဖူ က မေးလိုက်၏။

​ကျန်းဟွိုင်မင်က ခေါင်းခါလိုက်လေသည်။ “ငါက အရည်အချင်းရှိတဲ့ အုပ်ချုပ်သူတစ်ယောက် မဟုတ်တော့ ဆုံးဖြတ်ချက် မချတတ်ဘူး။ ဒါပေမဲ့ ငါ သေချာတာတစ်ခုကတော့ ငါတို့ဟာ လမ်းကြောင်းသစ်တစ်ခုပေါ်ကို မလွဲမသွေ ရောက်ရှိသွားတော့မယ် ဆိုတာပါပဲ...”

​“ချင်မင်းဆက် ဘယ်လိုလမ်းကြောင်းကို လျှောက်မလဲဆိုတာ မြင်ရဖို့ ငါ တကယ်ကို မျှော်လင့်နေပါတယ်” လင်ရူကလည်း ပြုံးကာ ပြောလိုက်၏။

​တိုင်လုံးတန်းများ၏ အခြားတစ်ဖက်တွင် ချင်မင်းဆက်၏ စစ်မှန်သော အာဏာဗဟိုချက်မှ လူအနည်းငယ်မှာ တိတ်ဆိတ်စွာ ရပ်နေကြချေသည်။

​လီစစ်သည် သူ၏ မုတ်ဆိတ်မွေးကို ပွတ်သပ်လျက် ရပ်နေပြီး သူ၏ အကြည့်များက နက်နဲကာ တွေးတောနေပုံရလေသည်။ ဖုန်းကျဲ့သည်တော့ လက်နောက်ပစ်လျက် ကောင်းကင်ကို မော့ကြည့်နေပြီး သူ၏ စိတ်ကို အနားပေးထားပုံရသည်။

မုန့်ရီသည် လှံတံတစ်ချောင်းလို မတ်မတ်ရပ်နေပြီး သူ၏ မျက်နှာအမူအရာမှာ လေးနက်နေခဲ့သည်။ သူတို့သုံးဦးမှာ တည်ငြိမ်နေပုံရသော်လည်း သူတို့၏ တင်းမာနေသော မေးရိုးများက သူတို့၏ အတွင်းစိတ် ပဋိပက္ခများကို ဖော်ပြနေချေသည်။

​ကျန်းယဲ့ ဘာတွေပြောမည်ကို သူတို့က ချောင်ဝမ်ပေါ် တို့ထက်ပင် ပို၍ သိချင်နေခဲ့ကြသည်။

​တကယ်တမ်းတွင် ဘာတွေဖြစ်နေသည်ကို သူတို့ အကြမ်းဖျင်း ခန့်မှန်းမိပြီး ထိုသို့ ခန့်မှန်းမိသောကြောင့်ပင် ပို၍ စပ်စုချင်စိတ်ဖြစ်ကာ စိုးရိမ်ပူပန်နေကြခြင်း ဖြစ်၏။

​လေတစ်ချက် ဝှေ့တိုက်သွားပြီး အမိုးအောက်ရှိ ကြေးဝါခေါင်းလောင်းလေးများ ထိခတ်သံ ထွက်ပေါ်လာခဲ့သည်။

​ရုတ်တရက် ရင်းကျန့်၏ အားရပါးရ ရယ်မောသံကြီး ခန်းမထဲမှ ထွက်ပေါ်လာချေသည်။

​ခန်းမအပြင်ဘက်ရှိ လူများအားလုံး အချင်းချင်း ကြောင်တောင်တောင်ဖြင့် ကြည့်လိုက်ကြ၏။

​ချောင်ဝမ်ပေါ် : ဘာတွေ ဖြစ်နေတာလဲ။ ချင်မင်းဆက်က သက်တမ်းဒီလောက်တိုပြီး သူ့ရဲ့ မျိုးဆက်တွေက ဒီလောက် အဖြစ်ဆိုးနဲ့ ကြုံခဲ့ရတယ်ဆိုတာကို ကြားတာတောင် ဘယ်လိုလုပ် ရယ်နိုင်ရတာလဲ။

​ကန်ချန် : ငါတို့များ မှန်းတာ မှားနေမလား။

​ဝူကျဲ : အဲဒီလို မဖြစ်သင့်ပါဘူး။

​ဖုန်းယီမင် : မင်းတို့ မှန်းတာ မှားလို့နေမှာပေါ့။

​သူတို့လေးယောက်မှာ မျက်လုံးများကိုသာ အသုံးပြု၍ အတားအဆီးမရှိ ဆက်သွယ်နေကြလေသည်။

​ထိုသို့ ဆက်သွယ်နေကြသည်မှာ သူတို့တင်မဟုတ်ပေ။ ကျန်းဟွိုင်မင်အပါအဝင် စီအီးအိုခြောက်ယောက်ကလည်း အချင်းချင်း အကြည့်ချင်း ဖလှယ်နေကြပြီး သူတို့၏ မျက်လုံးများတွင် ခဏတာမျှ ဇဝေဇဝါဖြစ်သွားမှုများကို မြင်တွေ့နေကြရသည်။

​ခန်းမထဲတွင် သမိုင်းကြောင်းနှင့် ပတ်သက်၍ နှစ်ဖက်စလုံး အမြင်ချင်း ဖလှယ်ပြီးသွားသောအခါ ကျန်းယဲ့ က သူ၏ ခရီးစဉ်တာဝန်ကို မမေ့လျော့ခဲ့ချေ။

​“အရှင်မင်းကြီး... ကျွန်တော်မျိုးမှာ တောင်းဆိုစရာ တစ်ခုရှိပါတယ်”

​ရင်းကျန့်က ပေါ့ပေါ့ပါးပါးဖြင့် “ပွင့်ပွင့်လင်းလင်း ပြောပါ”

​“ကျွန်တော်တို့ ဆယ်ယောက်အဖွဲ့က ဒီကို လာတာ လက်ဆောင်လေးတွေ ဆက်သဖို့တင် မဟုတ်ပါဘူး။ ချင်နန်းတော်ရဲ့ တေးဂီတနဲ့ အကအလှတွေရဲ့ ခမ်းနားမှုကို မျက်မြင်ကိုယ်တွေ့ မြင်တွေ့ချင်လို့လည်း ပါပါတယ်။ အရှင်မင်းကြီး ခွင့်ပြုပေးနိုင်မလား...”

​ယင်းကို ကြားသောအခါ ရင်းကျန့် မှာ အံ့အားသင့်သွားပြီးနောက် အသံကျယ်ကြီးဖြင့် ရယ်မောလိုက်ချေသည်။ “မင်းက အရေးကြီးတဲ့ ကိစ္စတစ်ခုခု ပြောမယ်လို့ ငါကိုယ်တော် ထင်နေတာ...”

​သူက လက်ကို ဝှေ့ယမ်းပြလိုက်၏။ “ကျောက်ကောင်း...”

​နန်းတော်တံခါးများ ပွင့်သွားပြီး ကျောက်ကောင်းက ကမန်းကတန်း ပြေးဝင်လာကာ အမိန့်ခံယူရန် ဦးညွတ်လိုက်လေသည်။

​တံခါးပွင့်သွားသည်နှင့် တစ်ပြိုင်နက် ခန်းမအပြင်ဘက်ရှိ လူတိုင်းက အတွင်းဘက်ရှိ မြင်ကွင်းကို မြင်တွေ့လိုက်ရ၏။ ခေတ်အဆက်ဆက်တွင် ပထမဆုံးသော ဧကရာဇ်ကြီးက ကျန်းယဲ့၏ ပခုံးပေါ်သို့ ချစ်ခင်ရင်းနှီးစွာ လက်တင်ထားသည်ကို သူတို့ မြင်တွေ့လိုက်ရချေသည်။

​ဤမြင်ကွင်းက အပြင်ဘက်ရှိ လူများအပေါ် သိသိသာသာ သက်ရောက်မှု ရှိခဲ့ပေသည်။

​“တောက်... ငါ့အစ်ကိုကျန်းယဲ့ ဘာလုပ်လိုက်တာလဲ။ ကျူလုံက သူ့အပေါ် ဘာလို့ ဒီလောက်တောင် ကြင်နာယုယသွားသလို ခံစားနေရတာလဲ” ချောင်ဝမ်ပေါ် က အံ့သြတကြီး ရေရွတ်လိုက်၏။

အခန်း ၄၆ပြီး၏။

All Chapters