← Chapters

အခန်း ၈၂

Vol. 9 Ch. 82

အခန်း ၈၂

Vol. 9 Ch. 82

အခန်း (၈၂) ကွဲပြားခြားနားသော အကြိုအပို့

​ချောင်မိသားစုဝင် သုံးဦး တုံ့ပြန်ချိန်ပင်မရလိုက်ခင် ချောင်ရန်ကျိဟာ မျက်စိတစ်မှိတ်အတွင်း အဖြူရောင်အလင်းတန်းတစ်ခုနှင့်အတူ ပျောက်ကွယ်သွားလေသည်။

​ဧည့်ခန်းထဲတွင် သေမတတ် တိတ်ဆိတ်သွားခဲ့သည်။

​ထို့နောက် ဖုန်းမျက်နှာပြင် သုံးခုလုံးတွင် အသိပေးချက်တစ်ခုက တစ်ပြိုင်နက် ပေါ်လာလေသည်။

​[နေရာအားလုံး ရောင်းကုန်သွားပါပြီ...]

​ချောင်ဝမ်ပေါ်က တံတွေးကို တိတ်ဆိတ်စွာ မြိုချလိုက်၏။

​‘ဘုရားရေ...’

​‘ဒီအချိန်ခရီးသွားရတဲ့ အတွေ့အကြုံက တကယ့်ကို ထူးခြားတာပဲ...’

​“ဒါ... ဒါ... ဒါက...” ချောင်ခယ်ရှင်းက စကားထစ်သွားရသည်။

​သူမ၏ အစ်ကိုဖြစ်သူက အချိန်ခရီးသွားခြင်းအကြောင်း ပြောသည်ကို ကြားခဲ့ရသော်လည်း အသက်ရှင်နေသော လူတစ်ယောက် သူမ၏ မျက်စိရှေ့တွင် ပျောက်ကွယ်သွားသည်ကို မြင်လိုက်ရသောအခါ သူမ အလွန်တုန်လှုပ်သွားဆဲပင်။

​အချိန်အတော်ကြာပြီးနောက် ချောင်၏မိခင်က အသံထွက်လာပြီး သားဖြစ်သူကို ကြည့်ကာ “ဝမ်ပေါ်... မင်းအဖေ နေရာတစ်နေရာ ရသွားတာမလား... ”

​ချောင်ဝမ်ပေါ်က ခေါင်းညိတ်ပြလိုက်၏။

​“ဒါပေမယ့် ဘာလို့ ဒါက မင်းတုန်းကနဲ့ မတူတာလဲ”

​ကျန်းယဲ့ဆိုသည့် ခရီးသွားလမ်းညွှန်တစ်ဦးက သူတို့ကို လာခေါ်မည်ဟု သူတို့ ကြားထားသော်လည်း ယခုတစ်ကြိမ်တွင်မူ သူက ရုတ်တရက် ပျောက်ကွယ်သွားခြင်းဖြစ်လေသည်။

​ချောင်ဝမ်ပေါ်က သူ့ကိုယ်သူ တည်ငြိမ်အောင် ထိန်းလိုက်ပြီး “ရောင်းတဲ့ပုံစံက မတူတော့ လူလာခေါ်တဲ့ ပုံစံကလည်း ကွဲပြားသွားတာ နေမှာပါ....”

​ည ၁၀ နာရီ ၂၉ မိနစ်၊ စစ်ဒေသ ဆက်သွယ်ရေးဌာန။

​တတိယနှင့် စတုတ္ထတပ်ရင်းမှ အရာရှိများနှင့် စစ်သည်များအားလုံး သပ်ရပ်စွာ တန်းစီရပ်နေကြပြီး တစ်ယောက်စီ၏ လက်ထဲတွင် စစ်ဘက်ဆိုင်ရာ စက်ကိရိယာတစ်ခုစီ ကိုင်ဆောင်ထားကာ ဖန်သားပြင်ပေါ်တွင် ရီယဲ့ခရီးသွားအေဂျင်စီ၏ တိုရင်စတိုးစာမျက်နှာကို ဖွင့်ထားကြသည်။

​“တပ်ဖွဲ့ဝင်အားလုံး အာရုံစိုက်ထား” တပ်ရင်းမှူး ဝမ်ထျယ်က အသံကျယ်ကျယ်ဖြင့် အော်လိုက်၏။ “ဆယ်စက္ကန့် နောက်ပြန်ရေတွက်မယ်”

​ဆက်သွယ်ရေးအခန်းထဲတွင် စစ်သည် ဒါဇင်ပေါင်းများစွာက အသက်အောင့်ထားကြပြီး သူတို့၏ လက်ချောင်းများက ဖန်သားပြင်အထက်တွင် ရွယ်ထားခဲ့ကြသည်။

​“ငါး... လေး... သုံး...”

​နောက်ပြန်ရေတွက်မှု သုညသို့ ရောက်သည်နှင့် တစ်ပြိုင်နက် လူတိုင်းက အခုဝယ်မည်ကို တစ်ပြိုင်နက်တည်း နှိပ်လိုက်ကြ၏။

​ရုတ်တရက် တတိယတပ်ရင်း သတ္တမတပ်ခွဲမှ တပ်သားကျောက်ရှောင်ဟူက အံ့အားသင့်စွာဖြင့် အော်လိုက်လေသည်။ “ငါ လုလိုက်ပြီ...”

​စကားပြောလို့ပင် မဆုံးသေးခင် စူးရှသောအဖြူရောင်အလင်းတန်းတစ်ခုက သူ၏ ခန္ဓာကိုယ်တစ်ခုလုံးကို လွှမ်းခြုံသွားပြီး နောက်စက္ကန့်တွင် သူ၏ပုံရိပ်က ခဲဖျက်ဖြင့် ဖျက်ခံလိုက်ရသကဲ့သို့ လေထုထဲတွင် ပျောက်ကွယ်သွားခဲ့သည်။

​“ကျောက်ရှောင်ဟူ...” သူ၏ဘေးမှ ရဲဘော်က ရုတ်တရက် လှမ်းဆွဲလိုက်သော်လည်း လေကိုသာ ဖမ်းဆုပ်မိလိုက်သည်။

​ထိုအချိန်တွင် စတုတ္ထတပ်ရင်း၏ ဌာနချုပ်၌။

​စက်ကို စူးစိုက်ကြည့်နေသော တပ်ရင်းမှူး လီကျန့်ကော်က ရုတ်တရက် မျက်မှောင်ကြုတ်လိုက်၏။ “ဒါက... ငါတို့ လုမိသွားပြီ...”

​သူက စကားကို အဆုံးသတ်လို့ပင် မပြီးသေးခင် စူးရှသော အဖြူရောင်အလင်းတန်းတစ်ခုက သူ၏ ခန္ဓာကိုယ်မှ ရုတ်တရက် ထွက်ပေါ်လာလေသည်။

​တပ်ခွဲမှူး ကျန်းတာပင်း၏ မျက်လုံးများက ရုတ်တရက် ကျုံ့သွားရသည်။ “တပ်ရင်းမှူး...”

​သူက အလိုအလျောက် လှမ်းဆွဲလိုက်သော်လည်း လီကျန့်ကော်၏ ပုံရိပ်က အလင်းရောင်ထဲတွင် လျင်မြန်စွာ မှုန်ဝါးသွားပြီး ချက်ချင်း ပျောက်ကွယ်သွားသည်ကိုသာ မြင်လိုက်ရ၏။

​ထိုအချိန်၌ တပ်ရင်းဌာနချုပ်တစ်ခုလုံး ကမောက်ကမ ဖြစ်သွားလေတော့သည်။

​“တပ်ရင်းမှူး ပျောက်သွားပြီ...”

​“ဘာတွေဖြစ်နေတာလဲ...”

​“သောက်ကျိုးနည်း... ဘာတွေလဲကွ”

​တတိယတပ်ရင်း၏ တပ်ရင်းမှူး ဝမ်ထျယ်နှင့် စတုတ္ထတပ်ရင်း၏ တပ်ခွဲမှူး ကျန်းတာပင်းတို့က အဖြစ်အပျက်ကို အစီရင်ခံရန် ချက်ချင်း ဖုန်းကောက်ကိုင်လိုက်ကြခေသည်။

​ထိုသတင်းက ဗိုလ်ချုပ်ကြီးကျန်း၏ နားဆီသို့ ချက်ချင်း ရောက်သွားခဲ့သည်။

​ဖုန်း၏ အခြားတစ်ဖက်တွင် ဗိုလ်ချုပ်ကြီးကျန်း၏ အသံမှာ အရင်ကလိုပင် တည်ငြိမ်နေလေသည်။ “ငါ နားလည်ပြီ... ထိတ်လန့်စရာ မလိုဘူး”

​“ဒါပေမယ့်... ဒါပေမယ့် အရာရှိမင်း... သူတို့က...”

​“သူတို့ အထူးတာဝန်တစ်ခု သွားထမ်းဆောင်နေတာ” ဗိုလ်ချုပ်ကြီးကျန်းက တည်ငြိမ်စွာ ဖြတ်ပြောလိုက်၏။ “ဒီကိစ္စကို ထိပ်တန်းလျှို့ဝှက်ချက်အဖြစ် သတ်မှတ်ထားတယ်... ဘယ်သူမှ ဖွင့်ပြောခွင့် မရှိဘူး”

​ဖုန်းချသွားပြီးနောက် အခန်းထဲတွင် တိတ်ဆိတ်သွားချေသည်။

​စစ်သည်များက တစ်ယောက်ကိုတစ်ယောက် ဇဝေဇဝါဖြင့် ကြည့်လိုက်ကြပြီး သူတို့ထဲမှ တစ်ယောက်က တံတွေးကို အခက်အခဲဖြင့် မြိုချလိုက်၏။ “ဒါဆို... ခုနက ငါတို့ လုခဲ့တဲ့ ခရီးသွားအဖွဲ့က တကယ်ပဲ အချိန်ခရီးသွားတဲ့ အဖွဲ့ပေါ့...”

​ဝမ်ထျယ်က သူ့နောက်စေ့ကို ရိုက်လိုက်၏။ “မမေးသင့်တဲ့ မေးခွန်းတွေ မမေးနဲ့”

​ကျောက်ရှောင်ဟူ ပျောက်ကွယ်သွားသည့် နေရာကို ကြည့်ရင်း ဝမ်ထျယ်၏ စိတ်ထဲတွင် ရှင်းလင်းသော အဖြေတစ်ခု ရှိနေပြီဖြစ်၏။

​‘အချိန်ခရီးသွားတာ တကယ်ရှိကောင်း ရှိနိုင်တယ်...’

​ည ၁၀ နာရီ ၂၉ မိနစ်၊ ဖန်ချန်ရှိ အငှားအခန်း။

​ချန်မော့က သူ၏ ဖုန်းမျက်နှာပြင်ကို စူးစိုက်ကြည့်နေပြီး သူ၏လက်ချောင်းက အခုဝယ်မည်ခလုတ်အထက်တွင် ရွယ်ထားလေသည်။

​“ဆယ်... ကိုး... ရှစ်...” သူက ကွန်ပျူတာပေါ်ရှိ အဏုမြူနာရီ၏ နောက်ပြန်ရေတွက်ခြင်းကို စိုက်ကြည့်နေပြီး သူ၏ နှလုံးခုန်သံက ပိုပိုပြီး မြန်ဆန်လာခဲ့သည်။

​ပြတင်းပေါက်အပြင်ဘက်မှ မိုးသံက ပိုကျယ်လာပြီး ဟောင်းနွမ်းနေသော လမ်းမီးတိုင်များက မှန်ပေါ်တွင် ယိမ်းယိုင်နေသော အရိပ်များကို ဖန်တီးနေချေသည်။

​“သုံး... နှစ်... တစ်... လုပြီ”

​သူက လက်မကို ခပ်ပြင်းပြင်း ဖိချလိုက်၏။

​ဖန်သားပြင်က ရုတ်တရက် အဖြူရောင်ပြောင်းသွားပြီး ကျပန်းနှိပ်မှုများ ဆက်တိုက်ဖြစ်ပေါ်ပြီးနောက် အသိပေးချက်တစ်ခု ပေါ်လာလေသည်။

​[ဂုဏ်ယူပါတယ်။ အေဒီ ၇၈၉ ခုနှစ်က ထန်မင်းဆက် အန်းရှီးအစောင့်အရှောက်နယ်မြေဆီ တစ်ရက်တာ ခရီးစဉ်ကို သင် အောင်မြင်စွာ ဝယ်ယူနိုင်ခဲ့ပါပြီ...]

​လောကကြီးတွင် အလိမ်ခံရမည့်လူတစ်ယောက် လျော့သွားအောင် သူ တားဆီးနိုင်ခဲ့ပြီဟု ချန်မော့က ကျေနပ်နေစဉ်မှာပင် သူ၏ ပတ်ဝန်းကျင်က ရုတ်တရက် အဖြူရောင်အလင်းတန်းများဖြင့် လွှမ်းခြုံသွားသည်ကို တွေ့လိုက်ရသဖြင့် သူ အလွန်အံ့အားသင့်သွားရသည်။

​‘ဘုရားရေ...’

​‘ဘာတွေဖြစ်နေတာလဲ...’

​သူ မလှုပ်ရှားနိုင်ခင်မှာပင် သူဟာ ထိုနေရာမှ ရုတ်တရက် ပျောက်ကွယ်သွားချေတော့သည်။

​ပြတင်းပေါက်အပြင်ဘက်တွင် လျှပ်စီးတစ်ချက် လက်သွားပြီး လွတ်ဟာနေသော အခန်းကို လင်းထိန်သွားစေလေသည်။

​ပရော်ဖက်ဆာလီ၏ သားဖြစ်သူ ရှေးဟောင်းသုတေသနနယ်ပယ်တွင် နာမည်ကြီးသော ပရော်ဖက်ဆာလီချန်သည်လည်း သူ၏ဖုန်းတွင် အသိပေးချက်တစ်ခုကို လက်ခံရရှိခဲ့သည်။

​[ဂုဏ်ယူပါတယ်။ အေဒီ ၇၈၉ ခုနှစ်က ထန်မင်းဆက် အန်းရှီးအစောင့်အရှောက်နယ်မြေဆီ တစ်ရက်တာ ခရီးစဉ်ကို သင် အောင်မြင်စွာ ဝယ်ယူနိုင်ခဲ့ပါပြီ]

​နေရာရလိမ့်မည်ဟု လီချန် လုံးဝ မမျှော်လင့်ထားခဲ့ချေ။ ယင်းကို ဖခင်ဖြစ်သူအား ပေးရန် သူ ပြင်ဆင်နေချိန်တွင် ထိုအတွေးက သူ၏စိတ်ထဲ ဖြတ်ပြေးသွားရုံသာ ရှိသေးပြီး နောက်တစ်စက္ကန့်တွင် သူဟာ စာကြည့်ခန်းထဲမှ ပျောက်ကွယ်သွားရတော့သည်။

​သစ်သီးနှင့် သရေစာများ ကိုင်ဆောင်လာသော လီချန်၏ ဇနီးက စာကြည့်ခန်းတံခါးကို ခေါက်လိုက်၏။ အတန်ကြာ ခေါက်သော်လည်း တုံ့ပြန်မှု မရှိသောအခါ သူမက တံခါးကို တွန်းဖွင့်လိုက်သည်။

​နောက်ခဏ၌ အလွတ်ဖြစ်နေသော စာကြည့်ခန်းကို ကြည့်ပြီး သူမ ဇဝေဇဝါ ဖြစ်သွားရသည်။

​‘ဘယ်ရောက်သွားတာလဲ...’

​လီချန်၏ ဇနီးက ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ပြီး ဗန်းကို ကော်ဖီစားပွဲပေါ်တွင် တင်ကာ လှမ်းခေါ်လိုက်၏။ “လီချန်... လီချန်...”

​သူမက အိမ်ကြီးကို အနှံ့ရှာဖွေလိုက်သော်လည်း တုံ့ပြန်မှု မရရှိသောအခါ သူမဘာသာ ရေရွတ်လိုက်၏။

​“သူ အပြင်ထွက်သွားတာလား...”

​ဒီလူကတော့ တကယ့်ကို တစ်ခုခုပဲ... အိမ်က မထွက်ခင် သူမကိုတောင် မပြောသွားဘူး။

​တစ်ချိန်တည်းမှာပင် မိုင်ထောင်ချီ ကွာဝေးသော မြို့လေးမြို့တွင် တူညီသော အဖြူရောင်အလင်းတန်း လေးခု ရုတ်တရက် လင်းလက်သွားခဲ့သည်။

​ထိုလူလေးယောက်မှာ ပျော်ရွှင်ရုံသက်သက်သာ ဝင်လုခဲ့ခြင်းဖြစ်၏။ သူတို့ အံ့အားသင့်စွာ မအော်နိုင်ခင်မှာပင် ရင်းနှီးနေသော အလင်းရောင်နှင့်အတူ လေထုထဲတွင် ပျောက်ကွယ်သွားပြီး အလွတ်ဖြစ်နေသော အခန်းတစ်ခုသာ ကျန်ရစ်ခဲ့လေသည်။

​ရီယဲ့ခရီးသွားအေဂျင်စီ၏ ဒုတိယထပ်ရှိ ဧည့်ခန်းဧရိယာ။

​ကျန်းယဲ့က ဆိုဖာပေါ်တွင် မှီထိုင်လိုက်ပြီး နံရံကပ်နာရီကို မျက်လုံးထောင့်မှနေ၍ တစ်ချက်ကြည့်လိုက်၏။

​ကံကောင်းထောက်မစွာဖြင့် နာရီက ၁၀ နာရီခွဲ တိတိကို ရိုက်ခတ်သွားလေသည်။

​နောက်ခဏ၌ ရုတ်တရက် အထက်မှ ရွှေရောင်အလင်းတန်းတစ်ခု ကျဆင်းလာပြီး သူ၏ ခန္ဓာကိုယ်တစ်ခုလုံးကို လျင်မြန်စွာ လွှမ်းခြုံသွား၏။

​‘ဟင်...’

​‘ဘာလို့ အဖြူရောင်အလင်းတန်း မဟုတ်တော့တာလဲ...’

​‘အဆင့်မြှင့်ထားတဲ့ စနစ်က လုံးဝကို ကွဲပြားသွားတာပဲ..’

​ဤအခိုက်အတန့်တွင် ကျန်းယဲ့ အံ့သြနေဆဲဖြစ်ပြီး ရွှေရောင်အလင်းတန်းက မှေးမှိန်သွားချေသည်။

​ရင်းနှီးနေသော သားရေထိုင်ခုံ၏ ခံစားချက်က သူ၏အောက်မှ ထွက်ပေါ်လာပြီး ရင်းနှီးနေသော နှင်းဆီရနံ့ကလည်း သူ၏နှာခေါင်းထဲသို့ လွင့်ပျံလာခဲ့သည်။

​ကျန်းယဲ့က မော့ကြည့်လိုက်ရာ ရင်းနှီးနေသော ဂျင်းဝါရောင် ကော့စတာကားလေးထဲတွင် သူ ရောက်နေကြောင်း တွေ့လိုက်ရ၏။

​ခရီးသည်တွေ ဘယ်မှာလဲဟု စနစ်ကို မေးရန် သူ မတ်မတ်ထိုင်လိုက်စဉ် ရုတ်တရက်....

​“ဝှစ်...”

​ကားအတွင်းခန်းထဲတွင် စူးရှသော အဖြူရောင်အလင်းတန်း ဆယ်ခုက တစ်ခုပြီးတစ်ခု လင်းလက်သွားသဖြင့် သူ အလိုအလျောက် မျက်လုံးမှေးသွားရသည်။

​အလင်းရောင် မှေးမှိန်သွားသောအခါ ယခင်က အလွတ်ဖြစ်နေသော ကားအတွင်းခန်းထဲတွင် နောက်ထပ် လူဆယ်ယောက် ရုတ်တရက် ပေါ်လာလေသည်။

​“သောက်ကျိုးနည်း...”

​“ငါ ဘယ်ရောက်နေတာလဲ...”

​“ငါ အချိန်ခရီးသွားလိုက်တာလား...”

​အံ့အားသင့်စွာ ရေရွတ်သံများက အတက်အကျ ဖြစ်ပေါ်နေခဲ့သည်။

​ကျန်းယဲ့က ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ပြီး သူ ပထမဆုံးအကြိမ် တွေ့ဆုံရမည့် ခရီးသွားအသစ်များကို ကြည့်လိုက်၏။

​လီချန်က သူ၏ဖုန်းကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားပြီး မျက်မှန်အနောက်မှ သူ၏မျက်လုံးများက ပြင်းထန်စွာ ကျုံ့သွားရသည်။

​ချန်မော့က စာရိုက်နေသည့် ကိုယ်နေဟန်ထားဖြင့်ပင် ကြောင်ငေးနေဆဲပင်။

​ကျောက်ရှောင်ဟူက တိုက်ခိုက်မည့် အနေအထားကို အလိုအလျောက် ပြင်လိုက်၏။

​လီကျန့်ကော်က ခါးဆီသို့ မသိစိတ်ဖြင့် လှမ်းကိုင်လိုက်လေသည်။

​ကျိုးမေ့ရှားသည် သူနာပြုဝတ်စုံနှင့် နှာခေါင်းစည်းကို တပ်ဆင်ထားပြီး သူမ၏ မျက်လုံးထဲမှ အံ့အားသင့်မှုများက မပြယ်သေးပေ။

​ချီခယ်ခယ်သည်လည်း သူမ၏ဖုန်းကို ကိုင်ထားရင်း ငေးမောနေဆဲဖြစ်၏။

​အီးစပေါ့ ပရိုကစားသမား ကောရွှိုက်က ဂိမ်းကစားရာမှ အာရုံချောက်ချားနေသည်ဟု ထင်ကာ မျက်လုံးများကို အသည်းအသန် ပွတ်သပ်နေမိသည်။ ဒါပေမယ့်... သူက နေရာလုဖို့ ပျော်ရွှင်ရုံသက်သက် ဝင်လာတာ မဟုတ်ဘူးလား။

​ဟောင်ကောင် ဖျော်ဖြေရေးလောကမှ သခင်မလေး စုရှောင်ရှောင်သည် ဒီဇိုင်နာအမှတ်တံဆိပ်များကို ဝတ်ဆင်ထားပြီး မွန်မြတ်သော အငွေ့အသက်များကို ထုတ်လွှင့်နေလေသည်။

သပ်ရပ်စွာ မိတ်ကပ်လိမ်းခြယ်ထားသော သူမ၏ မျက်နှာတွင် ထိတ်လန့်နေသော အမူအရာတစ်ခု ရှိနေခဲ့သည်။

​လျိုဟောက်၏ ပါးစပ်က အံ့အားသင့်စွာဖြင့် ပွင့်ဟသွားခဲ့သည်။

​ညွှန်ကြားရေးမှူးကျောက် ပို့လိုက်တဲ့ လင့်ခ်က...

​လူကိုးယောက်၏ အမူအရာများက အံ့အားသင့်နေခြင်းသို့မဟုတ် မယုံကြည်နိုင်မှုတို့ဖြင့် ပြည့်နှက်နေလေသည်။ တစ်ဦးတည်း ထင်ရှားနေသူမှာ ကျန်းယဲ့ကို စိတ်လှုပ်ရှားစွာ ကြည့်နေသော ချောင်ရန်ကျိပင်။

​“ခရီးသွားလမ်းညွှန် ကျန်း...”

အခန်း ၈၂ပြီး၏။

All Chapters