အခန်း ၁၅၂၁
Vol. 106 Ch. 1521
အခန်း ( ၁၅၂၁ ) ကျွင်းမိသားစု၏ အရှိန်အဝါ။
တတိယမြောက်ဘိုးဘေး ကျွင်းထိုက်ဟွမ်၏ ခန့်ညားထည်ဝါသောအသံက ပျက်စီးခြင်းကောင်းကင် အင်မော်တယ်နယ်မြေမှ ထွက်ပေါ်လာပြီး အရပ်မျက်နှာအနှံ့သို့ ပျံ့နှံ့သွားခဲ့သည်။
သူသည် လေအဟုန်ကို အန်တုလျက် ပျက်စီးခြင်းကောင်းကင် အင်မော်တယ်နယ်မြေအထက် လေထဲတွင် ရပ်နေ၏။
ဓားဖြင့် နယ်နိမိတ်ကို သတ်မှတ်လိုက်ပြီး ကျော်လာသူမှန်သမျှ သေရမည်ဟူသော စကားမှာ မည်မျှပင် ကြီးစိုးလှသနည်း။
ပျက်စီးခြင်းကောင်းကင် အင်မော်တယ်နယ်မြေ တစ်ခုလုံးရှိ သတ္တဝါများစွာမှာ ဤအခိုက်အတန့်တွင် တိတ်ဆိတ်သွားကြပြီး ကောင်းကင်ယံသို့ မော့ကြည့်လိုက်ကြသည်။
ကျွင်းမိသားစုက သူတို့၏ ကယ်တင်ရှင်နှင့် အသက်ရှင်သန်ရန် တစ်ခုတည်းသော မျှော်လင့်ချက်ပင်။
သို့သော်လည်း အချို့သူများမှာ စိုးရိမ်နေကြဆဲ ဖြစ်သည်။
ကျွင်းမိသားစုက တားမြစ်နယ်မြေမှ ဧကရာဇ်များကို အမှန်တကယ် တားဆီးနိုင်မည်လော။
ဥပမာအားဖြင့် ဟွင်းထျန်း အင်မော်တယ်နယ်မြေကြီးတွင်...
အင်မော်တယ်ခုံရုံးက အင်မော်တယ်နယ်မြေ တစ်ခုလုံးကို မကာကွယ်နိုင်ဘဲ ၎င်းတို့၏ ဩဇာသက်ရောက်ရာ နေရာလောက်ကိုသာ ကာကွယ်နိုင်ခဲ့သည်။
အကယ်၍ ကျွင်းမိသားစုသည်လည်း ဟွမ်ပြည်နယ်နှင့် အခြားအချက်အချာကျသော နေရာများကိုသာ ကာကွယ်နိုင်ပြီး ပျက်စီးခြင်းကောင်းကင် အင်မော်တယ်နယ်မြေတစ်ခုလုံးကို မကာကွယ်နိုင်ပါက...
သွေးမြေကျရမည့် သတ္တဝါပေါင်း သန်းပေါင်းများစွာ ရှိနေကြဦးမည်။
"ကျွင်းမိသားစုက ကျုပ်တို့ကို ဘယ်တော့မှ စွန့်ပစ်မှာမဟုတ်ဘူး"
"ဟုတ်တယ်... ဧကရာဇ်ကြီးက ပျက်စီးခြင်းကောင်းကင် အင်မော်တယ်နယ်မြေတစ်ခုလုံးကို သူ့နယ်မြေအဖြစ် သတ်မှတ်လိုက်တာ မမြင်ဘူးလား။ သူက တားမြစ်နယ်မြေက ဧကရာဇ်တွေကို ဒီနယ်မြေထဲမှာ သွေးချောင်းစီးအောင် လုပ်ခွင့်ပေးမှာ မဟုတ်ဘူး"
"ဒါပေမဲ့ ဧကရာဇ် တစ်ပါးတည်းနဲ့ တားမြစ်နယ်မြေက ဧကရာဇ် ခြောက်ပါးကို တားဆီးနိုင်ပါ့မလား"
"မမေ့နဲ့လေ... အခုလောလောဆယ် ဧကရာဇ်ကြီး ကျွင်းထိုက်ဟွမ်တစ်ပါးတည်း ရှိနေပေမဲ့ ကျွင်းမိသားစုမှာ သူတစ်ယောက်တည်း ရှိတာမဟုတ်ဘူး"
"ဒါတော့ဟုတ်တယ်...၊ ကျွင်းမိသားစုရဲ့ အခြေခံအုတ်မြစ်ကို ဘယ်သူမှ မသိနိုင်ဘူး။ အထူးသဖြင့် လျှို့ဝှက်သွေးကြောလည်း ရှိနေသေးတယ်"
"ရှန်းယွီဧကရာဇ်က ကျွင်းမိသားစုရဲ့ လျှို့ဝှက်အနွယ်ဝင် မဟုတ်လား။ သူက လောလောဆယ် ပေါ်မလာသေးရုံပဲလေ"
ပျက်စီးခြင်းကောင်းကင် အင်မော်တယ်နယ်မြေတစ်ခုလုံးတွင် မရေမတွက်နိုင်သော သတ္တဝါများက ဆွေးနွေးနေကြသည်။
သူတို့၏ရင်ထဲတွင် အနည်းငယ် ထိတ်လန့်နေကြသော်လည်း ကျွင်းမိသားစုကို ယုံကြည်နေကြသေးသည်။
ဤအခိုက်အတန့်တွင် ပျက်စီးခြင်းကောင်းကင် အင်မော်တယ်နယ်မြေကြီး၏ ကြယ်စုတန်းများကြား၌...
ဧကရာဇ်ကြီး ကျွင်းထိုက်ဟွမ်က ကြယ်တာရာများပေါ်တွင် တစ်ဦးတည်း ရပ်တည်လျက် ဧကရာဇ်ကြွေလွင့်တောင်မှ ဧကရာဇ် ခြောက်ပါးကို ရင်ဆိုင်နေသည်။
ဤဧကရာဇ် ခြောက်ပါးက သာမန်ဧကရာဇ်များ မဟုတ်ကြချေ။
၎င်းတို့ထဲတွင် ဘီလူးကြီးအဆင့် ပုဂ္ဂိုလ်ကြီးများလည်း ပါဝင်သည်။
သို့သော်လည်း ဧကရာဇ်ကြီး ကျွင်းထိုက်ဟွမ်မှာမူ အနည်းငယ်မျှပင် ကြောက်ရွံ့ခြင်းမရှိပေ။
နဂါးကိုးကောင် နတ်ဘုရားဓားကို ကိုင်ဆောင်လျက် ဧကရာဇ် ခြောက်ပါးကို စူးစိုက်ကြည့်နေသည်။
"ကျွင်းမိသားစုကတော့ အရင်အတိုင်း မောက်မာပြီး ကြီးစိုးနေဆဲပါပဲလား"
ဧကရာဇ် တစ်ပါးက အေးစက်စွာ ပြောလိုက်သည်။
ကျွင်းထိုက်ဟွမ်က အများကြီးမပြောပေ။ သူ့လက်ထဲမှ ဓားက ဝင်းလက်သွားပြီး ကောင်းကင်ကိုးပါးကို ထိန်လင်းသွားစေသည်။
"မင်းတို့ သိချင်ရင် စမ်းကြည့်လို့ရပါတယ်၊ သတ္တိရှိမယ်ဆိုရင်ပေါ့"
"မင်း..."
ဧကရာဇ်ကြွေလွင့်တောင်မှ ကျန်ရှိသော ဧကရာဇ်များ၏ မျက်နှာတွင် အေးစက်သော အမူအရာများ ပေါ်လာသည်။
သူတို့က တိုက်ခိုက်ရန် ပြင်လိုက်ကြ၏။
သို့သော်လည်း အဆင့်မြင့်ဧကရာဇ်က လက်ကို ဖြည်းညှင်းစွာ ဝှေ့ယမ်းပြီး တားဆီးလိုက်ပေသည်။
လက်ရှိအချိန်တွင် ကျွင်းမိသားစုဘက်မှ ဧကရာဇ် ကျွင်းထိုက်ဟွမ် တစ်ဦးတည်းသာ ပေါ်လာသော်လည်း...
အခြေအနေက ဤမျှ မရိုးရှင်းနိုင်ကြောင်း သူ သိမြင်နေသည်။
ထို့ပြင် ဤခေတ်တွင် သက်ရှည်ကျွန်းနှင့် အခြားအင်အားစုများက ကျွင်းမိသားစုကိုပါ ဆွဲထည့်မည်ဟု ဆိုထားသော်လည်း ယခုအချိန်ထိ ယဇ်ဆရာသခင်များမှာ လှုပ်ရှားခြင်း မရှိသေးချေ။
သူတို့ ဧကရာဇ် ခြောက်ပါးတည်းနှင့် ကျွင်းမိသားစုကို သွားရောက်တိုက်ခိုက်ခြင်းမှာ ကင်းထောက်များ ဖြစ်သွားရန်သာ ရှိလိမ့်မည်။
သူတို့က ကင်းထောက်များအဖြစ် အသက်ကို အချည်းနှီး မစွန့်လွှတ်လိုကြပါ။
"ဟမ့်... မင်းတို့ ကျွင်းမိသားစုရဲ့ ကောင်လေးက ကောင်းကင်ကိုးပါးမှာ တော်တော်လေး ဆူညံအောင် လုပ်ခဲ့တယ်"
"ငါတို့ ဧကရာဇ်ကြွေလွင့်တောင်ရဲ့ သခင်လေး တစ်ယောက်တောင် သူ့လက်ထဲမှာ ကျဆုံးခဲ့ရတယ်"
ဧကရာဇ်ကြွေလွင့်တောင်မှ အဆင့်မြင့်ဧကရာဇ်က အေးစက်စွာ ပြောလိုက်သည်။
"ဒါက သူ့ရဲ့ စွမ်းရည်ပဲ၊ မင်းတို့ရဲ့ ကောင်းကင်ကိုးပါးက မျိုးဆက်တွေအတွက်ကတော့ သူတို့က အားနည်းလွန်းတယ်လို့ပဲ ပြောရမယ်"
ကျွင်းထိုက်ဟွမ်၏ လေသံက အပြောင်းအလဲ မရှိပေ။ သူ့စကားက ကောင်းကင်ကိုးပါး၏ နှလုံးသားကို ထိုးနှက်လိုက်သကဲ့သို့ပင် ဖြစ်သည်။
"တကယ့်ကို မောက်မာတာပဲ"
အခြားသော ဧကရာဇ်များ၏ မျက်နှာများက ကြည့်မကောင်းတော့ချေ။
ယခုအချိန်မှာ အမှောင်ထု ကပ်ဘေးလှိုင်းနှင့် မဟာသန့်စင်ခြင်း၏ အချိန်ကာလ ဖြစ်သည်။
ယုတ္တိဗေဒအရ၊ ကောင်းကင်ကိုးပါး တားမြစ်နယ်မြေမှ သူတို့က မာနကြီးပြီး စိုးမိုးရမည့်အချိန် မဟုတ်ပါလား။
သို့သော်လည်း အဘယ်ကြောင့် ကျွင်းမိသားစုက သူတို့ထက် ပို၍ စိုးမိုးနေသကဲ့သို့ ခံစားနေရသနည်း။
"ဟားဟားဟား... ပျိုးပင်က ဘယ်လောက်ပဲ စစ်မှန်ပါစေ... ကြီးထွားလာနိုင်ဖို့ လိုအပ်တယ်။ မဟုတ်ရင်တော့ ပြာအဖြစ်ပဲ ကျန်ရစ်ရမှာပဲ"
အဆင့်မြင့်ဧကရာဇ်က လှောင်ပြောင်လိုက်သည်။
"ဝုန်း"
ရုတ်တရက်၊ အလွန်တရာ တောက်ပသော ဓားအလင်းတန်းတစ်ခုက ကြယ်မြစ်ကို ဖြတ်တောက်ကာ ဟင်းလင်းပြင်ကို ဆွဲဖြဲလျက် ထိုအဆင့်မြင့်ဧကရာဇ်ကို တိုက်ခိုက်လိုက်သည်။
နဂါးကိုးကောင် ဟိန်းဟောက်သံများက ကောင်းကင်ကို တုန်ခါသွားစေခဲ့၏။
"ဝုန်း"
ထိုအဆင့်မြင့်ဧကရာဇ်လည်း မျက်နှာပျက်သွားပြီး ပြန်လည်ခုခံလိုက်သည်။
သို့သော်၊ နောက်ဆုံးတွင် သူက နောက်သို့ ဆုတ်သွားရတော့သည်။
သူ့မျက်လုံးထဲတွင် အံ့ဩမှုများ ပေါ်လာခဲ့သည်။
ကျွင်းထိုက်ဟွမ်သည်လည်း အဆင့်မြင့်ဧကရာဇ်တစ်ပါးသာ မဟုတ်ပါလား။
သို့သော်လည်း ယခုအခါ သူ့စွမ်းအားက နောက်ထပ်ခြေတစ်လှမ်း တိုးတက်သွားပြီး အထွတ်အထိပ်အဆင့်ဆီသို့ ဦးတည်နေသကဲ့သို့ ခံစားလိုက်ရသည်။
"အထွတ်အထိပ် အဆင့်လား"
ထိုအဆင့်မြင့်ဧကရာဇ်၏ မျက်လုံးထဲတွင် ထိတ်လန့်မှုများ ပေါ်လာသည်။
ကျွင်းထိုက်ဟွမ်၏ ဓားချက်က အထွတ်အထိပ်အဆင့် ဧကရာဇ်တစ်ပါး၏ စွမ်းအား မဟုတ်သေးသော်လည်း များစွာ မကွာခြားတော့ချေ။
"သွားစို့"
ဧကရာဇ်ကြွေလွင့်တောင်မှ အဆင့်မြင့်ဧကရာဇ်က တစ်ခွန်းသာဆိုပြီး ချက်ချင်း လှည့်ထွက်သွားခဲ့သည်။
အခြားသော ဧကရာဇ်များမှာလည်း တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြ၏။
အားလုံး၏ မျက်လုံးထဲတွင် လေးနက်သော အမူအရာများကို မြင်နေကြရသည်။
သူတို့က ဘာမှထပ်မပြောတော့ဘဲ လှည့်ထွက်သွားကြတော့သည်။
မည်သို့ပင်ဖြစ်စေ၊ ယခုက အမှောင်ထု ကပ်ဘေးလှိုင်း၏ နိဒါန်းမျှသာ ရှိသေးသည်။
ယဇ်ဆရာသခင်များ ကမ္ဘာပေါ်သို့ ဆင်းသက်လာပြီး စစ်ပွဲကန့်လန့်ကာ အမှန်တကယ် ပွင့်လာသည့်အခါ ကျွင်းမိသားစုသည်လည်း သဘာဝအတိုင်း သုတ်သင်ရှင်းလင်းခြင်း ခံရမည် ဖြစ်သည်။
ဧကရာဇ် ခြောက်ပါး ထွက်ခွာသွားသည်ကို ကြည့်ရင်း...
ပျက်စီးခြင်းကောင်းကင် အင်မော်တယ်နယ်မြေတစ်ခုလုံးရှိ သတ္တဝါ သန်းပေါင်းများစွာမှာ မထိန်းချုပ်နိုင်အောင် ဝမ်းမြောက်စွာ အော်ဟစ်လိုက်ကြတော့သည်။
အားလုံး၏ မျက်နှာပေါ်တွင် ပျော်ရွှင်မှုများ အတိုင်းသာ ပေါ်လာခဲ့သည်။
ကျွင်းမိသားစု၏ ကာကွယ်မှုဖြင့် သူတို့က နောက်ဆုံးတွင် အသက်ရှင်သန်နိုင်ပြီး ဤအမှောင်ထု ကပ်ဘေးလှိုင်းကို ကျော်ဖြတ်နိုင်တော့မည။
"ကျွင်းမိသားစုရဲ့ အသက်ကယ်တင်တဲ့ ကျေးဇူးကို ထာဝရ မှတ်သားထားပါ့မယ်"
ထွက်ပြေးလာကြသော ဧကရာဇ်တစ်ပိုင်း အနည်းငယ်မှာလည်း ဧကရာဇ်ကြီး ကျွင်းထိုက်ဟွမိနှင့် ကျွင်းမိသားစုကို အရိုအသေပေးလိုက်ကြသည်။
ကျွင်းမိသားစု၏ ဂုဏ်သတင်းနှင့် ဩဇာမှာလည်း အထွတ်အထိပ်သို့ တစ်ဖန် ပြန်လည်ရောက်ရှိသွားခဲ့အေသည်။
သို့ရာတွင်၊ ကျွင်းထိုက်ဟွမ် မျက်နှာပေါ်တွင်မူ စိတ်အေးသွားသည့် လက္ခဏာမျိုး မရှိချေ။
သူ၏မျက်လုံးထဲတွင် သံသယများပင် ရှိနေသည်။
'ဒီခေတ်ရဲ့ ကပ်ဘေးကို တကယ်ပဲ ဒီလောက်လွယ်လွယ်ကူကူ ကျော်ဖြတ်နိုင်မှာလား'
ဟွမ်ပြည်နယ်၊ ကျွင်းမိသားစုဘက်ရှိ စင်မြင့်ပေါ်တွင်...
ကျန်းလော့လီက သူမ၏ ရင်ဘတ်ကို လက်ကလေးဖြင့် ခပ်ဖွဖွပုတ်ကာ ပြုံးလျက် ပြောလိုက်သည်။
"တော်သေးတာပေါ့၊ ကိုကိုရှောင်ယောက်... ကျွန်မတို့ ဘာမှစိုးရိမ်စရာ မလိုတော့ဘူး"
သို့သော်လည်း ကျွင်းရှောင်ယောက်၏ မျက်နှာတွင်မူ စိတ်အေးသွားသည့်ပုံ မပေါ်ဘဲ တစ်ခုခုကို စဉ်းစားနေသည်။
ဤတစ်ကြိမ် အမှောင်ထု ကပ်ဘေးလှိုင်းတွင် ကောင်းကင်ကိုးပါး တားမြစ်နယ်မြေက ကျွင်းမိသားစုကိုပါ ဆွဲထည့်ရန် ကြံစည်ထားကြောင်း သူ သိသည်။
ယခုအချိန်ထိ မတိုက်ခိုက်သေးခြင်းမှာ ခေါင်းဆောင်ကြီးများ ပေါ်မလာသေးသောကြောင့်သာ...
ခေါင်းဆောင်ကြီးများ ပေါ်လာသည့်အခါ ကျွင်းမိသားစုက သဘာဝအတိုင်း ပစ်မှတ်ထားခံရလိမ့်မည်။
ကျွင်းရှောင်ယောက်က မျက်မှောင်ကြုတ်ကာ အလေးအနက် စဉ်းစားနေစဉ်မှာပင်...
နွေးထွေးပြီး နူးညံ့သော လက်ကလေးတစ်ဖုံက သူ့လက်ကို ဆုပ်ကိုင်လိုက်သည်။
ကျွင်းရှောင်ယောက် လှည့်ကြည့်လိုက်ရာ ကျန်းစန်းယီက သူ့အား ပြုံးလျက် ကြည့်နေသည်ကို တွေ့လိုက်ရသည်။
"ရှောင်ယောက်... အများကြီး မတွေးပါနဲ့။ အစ်မတို့ ဒီမုန်တိုင်းတွေကို အတူတူ ရင်ဆိုင်ကြမှာပါ"
ကျွင်းရှောင်ယောက်က အသာအယာပင် ခေါင်းညိတ်လိုက်သည်။
သူက ဤကမ္ဘာပေါ်ရှိ သတ္တဝါအားလုံးကို မကယ်တင်နိုင်ချေ။
သူ့အနားမှာ ရှိနေသော အရေးကြီးဆုံးသော သူများကိုသာ ကာကွယ်ချင်မိသည်။
ဒါက သူနှင့် ကျွင်းဝူဟွေ့ကြားက ကွာခြားချက်ပင်။
ဧကရာဇ်ကြွေလွင့်တောင်မှ ဧကရာဇ်ခြောက်ပါးက ပျက်စီးခြင်းကောင်းကင် အင်မော်တယ်နယ်မြေမှ ထွက်ခွာသွားချိန်တွင်...
အဓိက တားမြစ်နယ်မြေများမှ ဧကရာဇ်များပ အုပ်စုလိုက်ခွဲကာ သွေးစွန်းသော သုတ်သင်မှုများကို စတင်ခဲ့ကြသည်။
ရွှမ်ထျန်း အင်မော်တယ်နယ်မြေဘက်တွင်... တားမြစ်နယ်မြေမှ ဧကရာဇ်တစ်ပါးက သတ္တဝါများကို သုတ်သင်ရန် ရောက်ရှိလာသည်။
ရလဒ်အနေဖြင့်၊ သူသည် ကျွင်းဧကရာဇ်ခုံရုံး၏ နယ်မြေသို့ ရောက်ခါနီးအချိန်တွင် ခမ်းနားသောအရှိန်အဝါဖြင့်ဧကရာဇ်တစ်ပါး ပေါ်ထွက်လာခဲ့ပေသည်။
ထိုသူမှာ ချီယိုမျိုးရိုးမှ ဧကရာဇ်ကြီး ချီရှောင်ထျန်း ဖြစ်သည်။
မူလက အင်မော်တယ်ခုံရုံးတွင် ပါဝင်ခဲ့သော ချီယိုမျိုးနွယ်ဝင်များသည် ယခုအခါ ကျွင်းဧကရာဇ်ခုံရုံး၏ ပြစ်ဒဏ်စီရင်ရေးဌာန ဖြစ်လာခဲ့ပြီ။
"လာတဲ့လူ ရပ်လိုက်ပါ"
ချီရှောင်ထျန်း၏ ပုံရိပ်က အဆုံးမဲ့သော သွေးဒီရေလှိုင်းများကြားတွင် တည်ရှိနေသည်။
ချီယိုမျိုးနွယ်က အလွန်တရာ ကြမ်းကြုတ်သော မျိုးနွယ်တစ်ခု ဖြစ်ပေသည်။
"ဟမ်"
တားမြစ်နယ်မြေမှ ဧကရာဇ်က တန့်သွားသည်။
ဤအခိုက်အတန့်တွင် သူသည် အန္တရာယ်အငွေ့အသက်ကို မရေမရာ ခံစားလိုက်ရ၏။
၎င်းမှာ သူ့ရှေ့ရှိ ချီရှောင်ထျန်းထံမှ မဟုတ်ဘဲ ဖုံးကွယ်ထားသော တည်ရှိမှုတစ်ခုထံမှ ဖြစ်သည်။
'ဧကရာဇ် နှစ်ပါးလား'
တားမြစ်နယ်မြေမှ ဧကရာဇ်၏ မျက်နှာအမူအရာမှာ အနည်းငယ် ပြောင်းလဲသွားသည်။
သူသည် ခဏမျှ စဉ်းစားပြီးနောက် တိုက်ရိုက် ထွက်ခွာသွားခဲ့၏။
ဟင်းလင်းပြင်အတွင်း၌ လူသတ်ဘုရင် ကုံးရှန့်၏ ပုံရိပ်က ပေါ်ထွက်လာခဲ့သည်။
"ဟင်း... ကျုပ်က တကယ် တိုက်ခိုက်ချင်ခဲ့တာ"
လူသတ်ဘုရင်က ပြောလိုက်သည်။
"ခင်ဗျား တိုက်ခိုက်လိုက်ရင် ပျားအုံကို တုတ်နဲ့ ထိုးသလို ဖြစ်သွားမှာပေါ့။ အဲဒီအခါ တားမြစ်နယ်မြေက ဧကရာဇ်တွေ အများကြီး ဒီကို ရောက်လာလိမ့်မယ်"
ချီရှောင်ထျန်းက ပြောလိုက်၏။
"ဒါနဲ့... အဘိုးကြီး ပိုင်သို့ကော... ဘာဖြစ်လို့ သူ့ကို မမြင်ရတာလဲ"
လူသတ်ဘုရင်က မေးလိုက်သည်။
သူ ရည်ညွှန်းနေသည်မှာ သဘာဝအတိုင်း ဧကရာဇ်ကြီး ပိုင်သို့ပင်။
"ဧကရာဇ်ပိုင်သို့က ကျုပ်တို့ ကျွင်းဧကရာဇ်ခုံရုံးရဲ့ ဧည့်သည်တော်ပဲ။ သူက တရားဝင်အဖွဲ့ဝင် မဟုတ်တဲ့အတွက် သူ စိတ်ကြိုက် သွားလာနိုင်ပါတယ်"
ချီရှောင်ထျန်းက ပြောလိုက်သည်။
"အင်း... ဒီအတိုင်းသာ ဘာမှမလုပ်ရင်တော့ ဒီဧကရာဇ်ရဲ့ ဓားက သံချေးတက်တော့မှာပဲ"
လူသတ်ဘုရင်က ဓားမြှောင်ကို ထုတ်ယူကာ သူ့လက်ထဲတွင် လှည့်ပတ်ဆော့ကစားလိုက်သည်။
ကျွင်းဧကရာဇ်ခုံရုံးသည်လည်း တားမြစ်နယ်မြေမှ ဧကရာဇ်ကို တားဆီးနိုင်သည်ကို မြင်ပြီးနောက်...
ရွှမ်ထျန်း အင်မော်တယ်နယ်မြေတစ်ခုလုံးရှိ အင်အားစုများနှင့် ကျင့်ကြံသူများစွာက ခိုလှုံရန် ရောက်ရှိလာကြသည်။
သို့သော်လည်း...
ကျွင်းမိသားစု၊ ကျွင်းဧကရာဇ်ခုံရုံး သို့မဟုတ် အင်မော်တယ်ခုံရုံးတို့ကဲ့သို့ အင်အားစုတိုင်းကတော့ ထွက်ပြေးလာသော ကျင့်ကြံသူအားလုံးကို လက်ခံပေးသည် မဟုတ်ချေ။
အင်မော်တယ်နယ်မြေ၏ တစ်နေရာတွင်...
တားမြစ်နယ်မြေမှ ဧကရာဇ်ကို ရှောင်တိမ်းရန်အတွက် ကျင့်ကြံသူ အများအပြားက တစ်နေရာသို့ ထွက်ပြေးနေကြသည်။
၎င်းက အသျှင်ဘိုးဘေးနန်းတော်ပင်။