← Chapters

အခန်း ၁၅၂၃

Vol. 106 Ch. 1523

အခန်း ၁၅၂၃

Vol. 106 Ch. 1523

အခန်း ( ၁၅၂၃ ) လပြည့်ဝန်းကဲ့သို့ လေးညှို့ကိုဆွဲတင်၍။

လော့ထျန်း အင်မော်တယ်နယ်မြေအတွင်း၌ ကြောက်မက်ဖွယ်ကောင်းသော ဧကရာဇ်အဆင့် တိုက်ပွဲတစ်ခု ဖြစ်ပွားခဲ့သည်။

ပတ်ဝန်းကျင်ရှိ ကြယ်စက်ဝိုင်းများမှ ကျင့်ကြံသူအချို့က ၎င်းကို ခံစားမိလိုက်ကြ၏။

ပုန်းအောင်းနေကြသော ကျင့်ကြံသူအချို့မှာ ပို၍ပင် အံ့အားသင့်သွားကြရသည်။

"ကျုပ်တို့ အင်မော်တယ်နယ်မြေကြီးရဲ့ ဧကရာဇ်တစ်ပါးက ထွက်တိုက်နေပြီ... တားမြစ်နယ်မြေက ဧကရာဇ်ကို တိုက်ခိုက်နေပြီဟေ့"

"ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ၊ ဒီလိုအခြေအနေမှာ တကယ်ပဲ ရှေ့ထွက်တိုက်ရဲတဲ့ ဧကရာဇ်ကြီး ရှိနေသေးတာလား"

"ဘယ်သူလဲ၊ ဘယ်ဧကရာဇ်ကြီးလဲ။ ပထမဆုံး ရှေ့ထွက်လာတာက ဘယ်သူများလဲ"

မရေမတွက်နိုင်သော လူများမှာ တုန်လှုပ်သွားကြပြီး မယုံကြည်နိုင် ဖြစ်သွားကြသည်။

ဤကပ်ဘေးက သမိုင်းတစ်လျှောက်မှာ ကြောက်မက်ဖွယ်အကောင်းဆုံး ဖြစ်သည်။

သာမန်ကျင့်ကြံသူများကို မဆိုထားဘိ၊ ဧကရာဇ်အဆင့် အင်မော်တယ်အင်အားစုများစွာပင် ဖျက်ဆီးခံထားရသည်။

အင်မော်တယ်ခုံရုံးပင်လျှင် သူတို့၏ ကိုယ်ပိုင်နယ်မြေအတွင်း၌ ပုန်းအောင်းနေနိုင်ပြီး ဟွင်းထျန်း အင်မော်တယ်နယ်မြေတစ်ခုလုံးကို မကာကွယ်နိုင်ချေ။

သို့သော်လည်း ဤမျှ မျှော်လင့်ချက်ကင်းမဲ့နေသော အချိန်၌...

အင်မော်တယ်နယ်မြေမှ ဧကရာဇ်တစ်ပါးက ရှေ့ထွက်လာပြီး တားမြစ်နယ်မြေ၏ ဧကရာဇ်ကို ရင်ဆိုင်တိုက်ခိုက်ခဲ့သည်။

ဤအချိန်မျိုးတွင် ရှေ့ကိုထွက်ဝံ့ခြင်းက သေခြင်းတရားကို အံတုဝံ့သော သတ္တိရှိမှသာ ဖြစ်နိုင်ပေလိမ့်မည်။

အမှောင်ထုအတွင်း၌ အချို့သော အကျော်အမော်များက လော့ထျန်း အင်မော်တယ်နယ်မြေအနီးသို့ တိတ်တဆိတ် ချဉ်းကပ်ကာ အခြေအနေကို စောင့်ကြည့်လိုက်ကြသည်။

ထို့နောက် အံ့အားသင့်ဖွယ် သတင်းတစ်ခု ထွက်ပေါ်လာတော့သည်။

"ပိုင်သို့... အဲဒါ ဧကရာဇ် ပိုင်သို့ပဲ"

"ဘာ... ဧကရာဇ်ပိုင်သို့လား"

ဤသတင်းကို ကြားလိုက်ရသော ကျင့်ကြံသူများစွာမှာ ခံစားချက်အမျိုးမျိုး ဖြစ်ပေါ်လာရသည်။

အခြားသော ဧကရာဇ်တစ်ပါးပါးက ရှေ့ထွက်လာလျှင် သူတို့ အံ့ဩမည်မဟုတ်ချေ။

သို့သော် ဧကရာဇ် ပိုင်သို့ ရှေ့ထွက်လာခြင်းမှာ လူတိုင်း၏ မျှော်လင့်ချက်ကို ကျော်လွန်ခဲ့သည်။

အကြောင်းက ရိုးရှင်းပေသည်။

ဧကရာဇ် ပိုင်သို့မှာ အလွန်အိုမင်းနေပြီ ဖြစ်သည်။

ထို့ပြင် နာတာရှည်ရောဂါကိုလည်း ပြင်းထန်စွာ ခံစားနေရ၏။

နောက်ပိုင်းတွင် ကျွင်းမိသားစုက ဧကရာဇ်ပိုင်သို့ကို ကျန်းမာရေးပြန်ကောင်းလာစေရန် ကူညီပေးခဲ့သော်လည်း သူ၏ အထွတ်အထိပ်အချိန်ကာလ လွန်ခဲ့သည်မှာ ကြာလှပြီ။

သူ၏ ရောဂါဝေဒနာမှာ လွန်ခဲ့သော နှစ်ပေါင်းများစွာက၊ ကမ္ဘာနှစ်ခုကြား တိုက်ပွဲတွင် တိုင်းတပါးမျ အင်မော်တယ်ဘုရင်တစ်ပါးနှင့် တိုက်ခိုက်ရင်း ရရှိခဲ့သော ဒဏ်ရာဟောင်းများ ဖြစ်သည်။

ဧကရာဇ် ပိုင်သို့က အင်မော်တယ်နယ်မြေကြီးအတွက် ကြီးကျယ်သော အနစ်နာခံမှုများ ပြုလုပ်ခဲ့သည်ဟု ဆိုနိုင်ပေသည်။

ထို့ကြောင့် ဤကပ်ဘေးလှိုင်းတွင် ဧကရာဇ်ပိုင်သို့က ရှေ့မထွက်လာလျှင်ပင် မည်သူကမှ အပြစ်ဆိုကြမည် မဟုတ်ချေ။

သို့သော်လည်း ယခုအခါ လှိုင်းလေကြားမှ လှေငယ်တစ်စင်းကဲ့သို့ ဖြစ်နေသော ဤအဘိုးအိုက နောက်တစ်ကြိမ် တိုက်ပွဲဝင်ခဲ့ပြီ ဖြစ်သည်။

အင်မော်တယ်နယ်မြေကြီးအတွက်...

သတ္တဝါအားလုံးအတွက်...

သူ၏ နောက်ဆုံးသော အလင်းရောင်နှင့် အပူဓာတ်ကို ပေးဆပ်နေခြင်း ဖြစ်သည်။

ဤသတ္တိနှင့် သစ္စာရှိမှုက ကြားရသူတိုင်းကို မျက်ရည်ကျစေခဲ့ပေသည်။

သို့သော်လည်း လော့ထျန်း အင်မော်တယ်နယ်မြေက ပျက်စီးခြင်းကောင်းကင် အင်မော်တယ်နယ်မြေကြီးနှင့် အတော်လှမ်းသည်။

ထို့ကြောင့် ကျွင်းရှောင်ယောက်တို့မှာ ဧကရာဇ် ပိုင်သို့၏ အခြေအနေကို လောလောဆယ် မသိကြသေးချေ။

ဧကရာဇ် ပိုင်သို့က ကျွင်းဧကရာဇ်ခုံရုံး၏ တရားဝင်အဖွဲ့ဝင် မဟုတ်သောကြောင့်လည်း ကျွင်းဧကရာဇ်ခုံရုံးမှ အဆင့်မြင့်ပုဂ္ဂိုလ်များမှာ သူ၏ လှုပ်ရှားမှုကို ချက်ချင်း မသိရှိနိုင်ခြင်း ဖြစ်သည်။

"ဝုန်း"

လော့ထျန်း အင်မော်တယ်နယ်မြေအတွင်းရှိ ဧကရာဇ်အဆင့် တိုက်ပွဲမှာ အလွန်တရာ ကြောက်မက်ဖွယ်ကောင်းလှသည်။

တောက်ပသော အလင်းတန်းများက ကောင်းကင်ကိုးပါးအထိ လင်းထိန်သွားစေခဲ့၏။

နောက်ဆုံးတွင် တိုက်ပွဲ၏ အလယ်ဗဟိုမှ ဟိန်းဟောက်သံတစ်ခုကို လူတိုင်း ကြားလိုက်ရတော့သည်။

"တောက်... အဘိုးကြီး... မင်း ရူးနေတာလား၊ မင်းရဲ့ ဧကရာဇ်အခြေခံအုတ်မြစ်ကိုပါ လောင်ကျွမ်းပစ်တော့မှာလား"

"မင်းရဲ့ အခြေခံအုတ်မြစ် လောင်ကျွမ်းသွားရင် မင်းလည်း သေမှာပဲ"

ထိုသို့ ဟိန်းဟောက်နေသူမှာ အင်မော်တယ်နတ်ဆိုးကောင်းကင်ဂူမှ ဧကရာဇ်ကြီး ဖြစ်သည်။

ထို့နောက်တွင် ကောင်းကင်ယံမှ ကြယ်ခုနစ်လုံးက စုစည်းသွားပြီး အလွန်တရာ တောက်ပသော မြှားတစ်စင်းအဖြစ် ပြောင်းလဲသွားသည်ကို လူတိုင်း မြင်လိုက်ရ၏။

မြှားတစ်စင်းက အဆုံးမရှိသော ဟင်းလင်းပြင်ကို ဖောက်ထွက်သွားတော့သည်။

"လပြည့်ဝန်းလို လေးညှို့ကို ဆွဲတင်ပြီး အနောက်မြောက်ဘက်က ကောင်းကင်ဝံပုလွေကို ပစ်ခွင်းမယ်"

တောက်ပသော အလင်းတန်းများကြားတွင် ဧကရာဇ် ပိုင်သို့၏ ရဲရင့်ခြင်း၊ ဂုဏ်ယူဝံ့ကြွားခြင်းတို့ ပြည့်နှက်နေသော ရယ်မောသံ ထွက်ပေါ်လာခဲ့သည်။

မြှားက ကောင်းကင်ယံကို ဖောက်ထွက်သွား၏။

"ဝုန်း"

အင်မော်တယ်နတ်ဆိုးကောင်းကင်ဂူမှ ဧကရာဇ်က မြှားဖြင့် ထိုးဖောက်ခံလိုက်ရပြီး သူ့ခန္ဓာကိုယ်မှာ ကြေမွကာ သွေးမိုးများအဖြစ် ပြောင်းလဲသွားတော့သည်။

သူ၏ ရှေးဦးဝိညာဉ်ပင်လျှင် ဤမြှားအောက်တွင် လုံးဝဥဿုံ ပျက်သုဉ်းသွားရသည်။

"ဝုန်း"

လှပသော မီးရှူးမီးပန်းများ ဖြာထွက်လာသည်။

၎င်းမှာ အင်မော်တယ်နတ်ဆိုးကောင်းကင်ဂူမှ ဧကရာဇ်၏ အသား၊ သွေးနှင့် ဝိညာဉ်တို့ ပေါက်ကွဲသွားသည့် မြင်ကွင်း ဖြစ်၏။

ဤခေတ်၏ ကပ်ဘေးများအတွင်း တားမြစ်နယ်မြေမှ ဧကရာဇ်တစ်ပါး ပထမဆုံးအကြိမ် ကျဆုံးခဲ့ပြီ ဖြစ်သည်။

ဤသည်မှာ မည်မျှ စိတ်လှုပ်ရှားစရာ ကောင်းသနည်း။

ကောင်းကင်ကိုးပါး တားမြစ်နယ်မြေအတွက် ဧကရာဇ်တစ်ပါး ကျဆုံးခြင်းမှာ အရေးမကြီးဟု ထင်ရသော်လည်း...

အဓိပ္ပာယ်မှာ ထူးခြားသည်။

တားမြစ်နယ်မြေမှ ဧကရာဇ်များက အမြဲတမ်း အထက်စီးမှ အရာအားလုံးကို စိုးမိုးနိုင်မည် မဟုတ်ပါ။

သူတို့လည်း ကျဆုံးရမည့်အချိန် ရှိသည်။

"ဧကရာဇ် ပိုင်သို့ အောင်နိုင်ပါစေ"

လော့ထျန်း အင်မော်တယ်နယ်မြေရှိ ကျန်ရှိနေသော ကျင့်ကြံသူများက ဝမ်းသာမျက်ရည်များဖြင့် အော်ဟစ်လိုက်ကြသည်။

တောက်ပသော အလင်းတန်းများ ပျောက်ကွယ်သွားပြီးနောက် အဘိုးအိုတစ်ဦးက ဟင်းလင်းပြင်ထဲမှ ဒယီးဒယိုင်ဖြင့် ထွက်လာခဲ့လေသည်။

သူ၏ မှုန်ဝါးနေသော မျက်လုံးအစုံမှာ ယခုအခါ ပို၍ပင် မှုန်ဝါးနေပြီ ဖြစ်သည်။

သို့သော် သူက လက်ကို ဝှေ့ယမ်းကာ ပြောလိုက်သည်။

"မင်းတို့... ပျက်စီးခြင်းကောင်းကင် အင်မော်တယ်နယ်မြေကြီးကိုသွားပြီး ကျွင်းမိသားစုဆီမှာ ခိုလှုံကြပါ"

"ရှောင်ယောက်က ယုံကြည်အားကိုးထိုက်သူမို့ မင်းတို့ကို ငြင်းပယ်မှာမဟုတ်ဘူး"

"ဧကရာဇ်အရှင်... ခင်ဗျားလည်း ကျွန်တော်တို့နဲ့အတူ လိုက်ခဲ့ပါ"

လော့ထျန်း အင်မော်တယ်နယ်မြေမှ ကျင့်ကြံသူများက စိုးရိမ်ပူပန်စွာ ပြောလိုက်ကြသည်။

သူတို့က ဧကရာဇ်ပိုင်သို့၏ အခြေအနေကို အတိအကျ မသိရသော်လည်း အခြေအနေ မကောင်းတာကိုတော့ သိပေသည်။

အကယ်၍ ကျွင်းမိသားစုရှိရာသို့ လိုက်လာပါက...

ကျွင်းမိသားစုဟာ သေချာပေါက် ကူညီပေးလိမ့်မည်။

ထိုစကားကို ကြားသောအခါ ဧကရာဇ် ပိုင်သို့က ပြုံးလိုက်ပြီး ခေါင်းခါယမ်းကာ ပြောလိုက်သည်။

"ငါ မလိုက်တော့ပါဘူး"

"လူအများကြီးရဲ့ ငိုကြွေးသံတွေကို ငါ ကြားနေရသေးတယ်၊ ငါ့မှာ ခွန်အား ရှိပါသေးတယ်"

ထို့နောက်တွင် ဧကရာဇ် ပိုင်သို့က လှည့်ထွက်လိုက်ကာ ဟင်းလင်းပြင်ကို ခွဲထုတ်ပြီး ပျောက်ကွယ်သွား၏။

သူ၏ ဧကရာဇ်အခြေခံအုတ်မြစ်မှာ လုံးဝ လောင်ကျွမ်းသွားခြင်း မရှိသေးချေ။

အင်မော်တယ်နယ်မြေကြီးအတွက် သူ၏ နောက်ဆုံးသော ခွန်အားကို အသုံးချနိုင်သေးသည်။

"ဧကရာဇ်အရှင်..."

မရေမတွက်နိုင်သော လူများက အော်ဟစ်နေကြပြီး မျက်ရည်များကို မထိန်းချုပ်နိုင်ဘဲ စီးကျလာရသည်။

သူတို့က ခါးကိုင်းနေရှာပြီဖြစ်သော ဧကရာဇ် ပိုင်သို့၏ နောက်ကျောပြင်ကို လှမ်းကြည့်ရင်း ဝေးရာသို့ ထွက်ခွာသွားသည်ကိုသာ ကြည့်နေနိုင်ကြတော့သည်။

"မြန်မြန်... ပျက်စီးခြင်းကောင်းကင် အင်မော်တယ်နယ်မြေကို သွားပြီး ကျွင်းမိသားစုဆီ ဒီသတင်းကို ပို့ကြစို့... နတ်ဘုရားသားတော် ရှောင်ယောက်ကို သွားပြောကြမယ်"

"ဟုတ်တယ်... ဧကရာဇ် ပိုင်သို့က ကျွင်းမိသားစုရဲ့ နတ်ဘုရားသားတော်နဲ့ ရင်းနှီးတာပဲ။ သူက ဧကရာဇ်ကြီးကို ‌သေချာပေါက် တစ်ခုခုအဖြစ်ခံမှာ မဟုတ်ဘူး"

ကျင့်ကြံသူများစွာမှာ ပျက်စီးခြင်းကောင်းကင် အင်မော်တယ်နယ်မြေဆီသို့ အပြေးအလွှား သွားကြတော့သည်။

သူတို့က ဧကရာဇ်ပိုင်သို့ကို ဤအတိုင်း အသေမခံနိုင်ကြချေ။

................

အခြားတစ်ဖက်တွင်...

အလွန်တရာ အရှိန်အဝါကြီးသော ပုံရိပ်ကြီးတစ်ခုက ကြယ်စက်ဝိုင်းတစ်ခုကို ဖြတ်ကျော်လာခဲ့သည်။

သူဖြတ်သန်းသွားရာ လမ်းတစ်တစ်လျှောက်တွင် မည်သည့်အရာမှ မရှင်သန်နိုင်ဘဲ သက်ရှိအားလုံး ပျက်စီးရ၏။

မရေမတွက်နိုင်သော သက်ရှိဂြိုဟ်ကြီးများက သူ့လက်ထဲတွင် ကြေမွကုန်သည်။

မရေမတွက်နိုင်သော အင်အားစုများနှင့် မိသားစုများသည်လည်း သူ၏လက်ထဲတွင် ပျက်စီးကုန်တော့သည်။

မသိသူများအဖို့ ဤသူမှာ ရက်စက်ကြမ်းကြုတ်သော တားမြစ်နယ်မြေမှ ဧကရာဇ်တစ်ပါးဟု ထင်မှတ်ကြလိမ့်မည်။

သို့သော်လည်း တကယ်တမ်းမှာ ဤပုံရိပ်က အသျှင်ဘိုးဘေးနန်းတော်မှ အသျှင်ဘိုးဘေး ဖြစ်သည်။

သူသည် အင်မော်တယ်နယ်မြေကြီး၏ အသျှင်ခန္ဓာပင်။

"အသျှင်ဘိုးဘေး... မင်း လူယုတ်မာပဲ။ မင်းတို့ရဲ့ အသျှင်ခန္ဓာမျိုးရိုးတစ်ခုလုံး အသေဖြောင့်မယ် မထင်နဲ့"

သေလုနီးပါး ဖြစ်နေသော ဧကရာဇ်တစ်ပိုင်းတစ်ဦးက ဒေါသတကြီး အော်ဟစ်လိုက်သည်။

"ဟမ့်"

အသျှင်ဘိုးဘေးက အေးစက်စက်ဖြင့် နှာခေါင်းရှုံ့လိုက်သည်။

သူက လက်ကိုမြှောက်ကာ ထိုဧကရာဇ်တစ်ပိုင်း၏ ဦးခေါင်းကို ရိုက်ခွဲလိုက်၏။

ထိုအခိုက်အတန့်မှာပင် တောက်ပသော မြှားတစ်စင်းက အဆုံးမဲ့ ဟင်းလင်းပြင်ကို ဖြတ်ကျော်ကာ အသျှင်ဘိုးဘေးဆီသို့ ပစ်ခတ်လာတော့သည်။

"ဘယ်သူလဲ"

အသျှင်ဘိုးဘေးက ငေါက်ငမ်းလိုက်သည်။

သူက လက်တစ်ဖက်ကို မြှောက်ကာ တိုက်ရိုက် ရိုက်ချလိုက်၏။

ကောင်းကင်အသျှင်ခန္ဓာက ရှေးဟောင်းမြင့်မြတ်ခန္ဓာနှင့် တန်းတူပင် ဖြစ်သည်။

ဤအသျှင်ဘိုးဘေးက ထူးခြားသော ကျင့်ကြံမှုအဆင့်ရှိရုံသာမက၊ သူ၏ ရုပ်ခန္ဓာမှာလည်း ဧကရာဇ်အဆင့် လက်နက်များနှင့် နှိုင်းယှဉ်နိုင်ပေသည်။

သူ၏ လက်ဝါးတစ်ချက်က ကောင်းကင်ယံကိုပင် ပျက်စီးစေနိုင်သည်။

ယခုလည်း မြှားက တိုက်ရိုက် ပျက်စီးသွားပေသည်။

ပစ်ခတ်လိုက်သူကို သေချာမြင်လိုက်ရသည့်အခါ အသျှင်ဘိုးဘေး၏ မျက်နှာပေါ်တွင် ထူးဆန်းသော အမူအရာတစ်ခု ပေါ်လာပြီးနောက် လှောင်ပြောင်သရော်သော အမူအရာသို့ ပြောင်းလဲသွားသည်။

"ဘယ်သူလဲလို့... လက်စသတ်တော့ ဧကရာဇ် ပိုင်သို့ ဖြစ်နေတာကိုး"

"ပါကျူး(အသျှင်ဘိုးဘေး)... မင်း အင်မော်တယ်နယ်မြေက သက်ရှိအားလုံးရဲ့ ငိုကြွေးသံကို မကြားရဘူးလား။ သူတို့တွေက မင်းနဲ့ ကမ္ဘာတစ်ခုတည်းမှာ ကြီးပြင်းလာတဲ့ သက်ရှိတွေပဲလေ"

ဧကရာဇ် ပိုင်သို့ ပေါ်လာခဲ့သည်။

သူ၏ ခါးရိုးမှာ ကိုင်းနေပြီး အိုမင်းရင့်ရော်နေပြီဖြစ်သော်လည်း သူ့ဒေါသက အလွန်ပြင်းထန်နေပေသည်။

အကယ်၍ ၎င်းမှာ တားမြစ်နယ်မြေမှ ဧကရာဇ်ဖြစ်ပါက ကမ္ဘာမတူသောကြောင့် မည်သည့်ခံစားချက်မှ ရှိမည်မဟုတ်ချေ။

သို့သော်လည်း အသျှင်ဘိုးဘေးက အင်မော်တယ်နယ်မြေကြီး၌ မွေးဖွားကြီးပြင်းလာခဲ့သူ ဖြစ်သည်။

သူက ကောင်းကင်ကိုးပါး တားမြစ်နယ်မြေမှ ဧကရာဇ်များကဲ့သို့ မည်သို့ ရက်စက်နိုင်ရသနည်း။

အသျှင်ဘိုးဘေး၏ မျက်နှာက အေးစက်ပြီး ခံစားချက်မရှိပေ။

"ကောင်းတဲ့အရာတွေဆိုရင် ဖိတ်ချင်းဖိတ် ကိုယ့်အိတ်ထဲကိုဖိတ် ဆိုတာလိုပေါ့။ တားမြစ်နယ်မြေက ဧကရာဇ်တွေ အကျိုးအမြတ်ရသွားမယ့်အစား ငါကိုယ်တိုင် လုပ်လိုက်တာက ပိုမကောင်းဘူးလား"

"ပိုင်သို့... မင်းက မင်းရဲ့ ဧကရာဇ်အခြေခံအုတ်မြစ်ကို လောင်ကျွမ်းပစ်ခဲ့ပြီးပြီနော်"

"ဒီလိုဆိုရင်... မင်းလည်း ငါနဲ့အတူ သန့်စင်ခြင်းမှာ ပါဝင်ပြီး သက်ရှိတွေရဲ့ အသား၊ သွေး အနှစ်သာရတွေကို သန့်စင်လိုက်ပါလား။ ဒါဆိုရင် မင်းရဲ့ အသက်ကိုတောင် ဆက်နိုင်ဦးမှာ"

အသျှင်ဘိုးဘေး၏ မျက်နှာထက်တွင် ရက်စက်ကြမ်းကြုတ်သော အပြုံးတစ်ခု ပေါ်လာခဲ့သည်။

All Chapters