← Chapters

အခန်း ၁၅၂၅

Vol. 106 Ch. 1525

အခန်း ၁၅၂၅

Vol. 106 Ch. 1525

အခန်း ( ၁၅၂၅ ) မြင့်မြတ်ခန္ဓာမျိုးရိုး လှုပ်ရှားပြီ။

"ရှောင်ယောက်..."

ကျွင်းရှောင်ယောက်၏ စကားကို ကြားလိုက်ရသည့်အခါ ရောက်ရှိနေသူအချို့၏ အမူအရာများ ပြောင်းလဲသွားသည်။

"ရှောင်ယောက်... သား ဘာလုပ်မလို့လဲ"

ကျန်းရို့က ပထမဆုံး ထရပ်လိုက်သည်။

သူက ကျွင်းရှောင်ယောက်၏ မိခင်ဖြစ်သလို သူ့ကို အချစ်ဆုံးသူလည်း ဖြစ်၏။

ကျွင်းရှောင်ယောက် ဘာလုပ်မည်ကို မေးနေသော်လည်း သူမ၏စိတ်ထဲတွင်မူ အဖြေကို သိနှင့်ပြီးဖြစ်သည်။

ထို့ကြောင့်လည်း သူက ကျွင်းရှောင်ယောက်ကို ခွင့်မပြုနိုင်ခြင်းပင်။

"ရှောင်ယောက်... ဒီမှာပဲ နေပါ၊ ငါတို့ ကျွင်းမိသားစုက နယ်မြေတစ်ခုကိုတော့ ဘေးကင်းအောင် ကာကွယ်နိုင်ပါသေးတယ်"

ကျွင်းကျန်းထျန်းကလည်း ပြောလိုက်သည်။

သူတို့အားလုံးက ကျွင်းရှောင်ယောက်၏ အနီးကပ်ဆုံး ဆွေမျိုးသားချင်းများဖြစ်သောကြောင့်...

ကျွင်းရှောင်ယောက်ကို အန္တရာယ်ရှိရာသို့ သွားခွင့်မပြုနိုင်ကြပေ။

"အမေ... အဘိုး... မစိုးရိမ်ပါနဲ့၊ ကျွန်တော်က စိတ်လိုက်မာန်ပါ လုပ်တတ်တဲ့ လူစားမျိုး မဟုတ်ပါဘူး"

"ဘာလုပ်သင့်တယ်... ဘာကိုမလုပ်သင့်ဘူးဆိုတာ ကျွန်တော် သိပါတယ်"

ကျွင်းရှောင်ယောက်က အသာအယာ ပြုံးလိုက်သည်။

သူသည် သူရဲကောင်းတစ်ဦး ဖြစ်ရန် ဘယ်သောအခါမှ မရည်ရွယ်ခဲ့ပေ။

ဧကရာဇ် ပိုင်သို့ကဲ့သို့ အင်မော်တယ်နယ်မြေကြီးရှိ သက်ရှိများအတွက် မိမိအသက်ကို စတေးရန် မဖြစ်နိုင်ပါ။

အကယ်၍ သတ္တဝါအားလုံးကို ကယ်တင်ရန်အတွက် မိမိကိုယ်တိုင်နှင့် မိမိအချစ်ဆုံးသူများကို စတေးရမည်ဆိုပါက...

ကျွင်းရှောင်ယောက်သည် ထိုကဲ့သို့သော အရာမျိုးကို ဘယ်သောအခါမှ လုပ်မည်မဟုတ်ချေ။

သို့သော်လည်း...

မိမိအနားရှိ လူများကို ကာကွယ်ပြီးနောက် ခွန်အားအနည်းငယ် ကျန်ရှိနေသေးလျှင်ဖြင့် ကျွင်းရှောင်ယောက်သည် မိမိစွမ်းဆောင်နိုင်သည့် ဘောင်အတွင်းမှ ကူညီပေးရန် ဝန်မလေးပါ။

သူက အနစ်နာခံလွန်းသော သူရဲကောင်းမျိုး မဟုတ်သော်လည်း ယခုအခါတွင်မူ ဤအတိုင်း ရပ်ကြည့်နေရန် မသင့်တော်ဟု ခံစားနေရသည်။

သူသည် ဝတ်စုံဖြူနတ်ဘုရားဘုရင် ကျွင်းဝူဟွေ့၏ သားဖြစ်သလို...

ဤခေတ်၏ ရှေးဟောင်းမြင့်မြတ်ခန္ဓာ ပိုင်ရှင်လည်း ဖြစ်သည်။

ယခုအချိန်တွင် ဘာမှမလုပ်ဘဲ ထိုင်နေခြင်းက မသင့်တော်ဟု သူ ခံစားရပေသည်။

ထိုအချိန်တွင် ကျန်းစန်းယီကလည်း စကားပြောလာသည်။

သို့သော်၊ သူက ကျွင်းရှောင်ယောက်ကို‌ တားဆီးရန်တော့ မဟုတ်ပေ။

"ရှောင်ယောက်... အစ်မလည်း မင်းနဲ့အတူ လိုက်ခဲ့မယ်"

ကျန်းစန်းယီ၏ မျက်လုံးအကြည့်များက ခိုင်မာပြတ်သားသည်။

သူက ကျွင်းရှောင်ယောက်၏ ဆုံးဖြတ်ချက်ကို ဘယ်သောအခါမှ ဝင်မစွက်ဖက်ပေ။

သူ့အနားတွင်သာ ခိုင်မာစွာ ရပ်တည်သွားမည် ဖြစ်သည်။

ကျွင်းရှောင်ယောက်က ငရဲသို့သွားလျှင်ပင် သူမ လိုက်ပါဦးမည်။

သို့သော်... ကျွင်းရှောင်ယောက်မှ သူမကို လိုက်ခွင့်မပြုပါက သူမသညလည်း ကျွင်းရှောင်ယောက်ကို တစ်ယောက်တည်း လွှတ်လိမ့်မည်မဟုတ်ပါ။

"ညီမလည်း လိုက်မယ်"

ကျန်းလော့လီ၏ မျက်နှာတွင်လည်း ခိုင်မာသော ဆုံးဖြတ်ချက်များ ရှိနေသည်။

ကျွင်းရှောင်ယောက်က တစ်ခုခုပြောရန် နှုတ်ခမ်းကို အနည်းငယ် ဟလိုက်သော်လည်း ပါးစပ်ပြန်ပိတ်လိုက်လေသည်။

မိန်းကလေးနှစ်ယောက်၏ မျက်လုံးများအတွင်းမှ ခိုင်မာမှုကို မြင်လိုက်ရပြီးနောက် သူ သဘောပေါက်လိုက်သည်။

အကယ်၍ သူ သဘောမတူပါက သူတို့သည် သူ့ကို သွားခွင့်ပြုမည် မဟုတ်ပေ။

ထိုအချိန်တွင် ကျွင်းမိသားစု၏ ဘိုးဘေးအချို့က စကားပြောလာသည်။

"ရှောင်ယောက်ကို သွားခွင့်ပြုလိုက်ပါ၊ ဘာပဲဖြစ်ဖြစ် ရွှမ်ထျန်း အင်မော်တယ်နယ်မြေက ငါတို့ ပျက်စီးခြင်းကောင်းကင် အင်မော်တယ်နယ်မြေနဲ့ သိပ်မဝေးဘူး"

"တကယ်လို့ ရှောင်ယောက်မှာ တစ်ခုခုဖြစ်ခဲ့ရင်တောင် ကျွင်းမိသားစုက ချက်ချင်း သွားရောက် ကူညီနိုင်ပါတယ်"

ကျွင်းထိုက်ဟွမ်ကဲ့သို့ အကျော်အမော်များအတွက် ပျက်စီးခြင်းကောင်းကင် အင်မော်တယ်နယ်မြေမှ ရွှမ်ထျန်း အင်မော်တယ်နယ်မြေသို့ သွားရန်မှာ ခဏမျှသာ ကြာလိမ့်မည်။

"ဟုတ်တယ်... သိပ်လည်း မစိုးရိမ်ပါနဲ့၊ ရှောင်ယောက်ကို သွားခွင့်ပေးလိုက်ပါ။ ငါ ကြည့်ချင်စမ်းတယ်... ဘယ်သူကများ ရှောင်ယောက်ကို ထိရဲပြီး ငါတို့ ကျွင်းမိသားစုကို ပထမဆုံး စိန်ခေါ်ရဲသလဲဆိုတာ"

အဋ္ဌမဘိုးဘေး ကျွင်းထျန်းမင်က ပြောလိုက်သည်။

အကယ်၍ ကောင်းကင်ကိုးပါး တားမြစ်နယ်မြေက စည်းမျဉ်းများကို ချိုးဖောက်ပြီး ကျွင်းရှောင်ယောက်ကို တိုက်ခိုက်လာပါက...

ကျွင်းမိသားစု ဝင်ရောက်စွက်ဖက်ခြင်းအတွက် သူတို့ကို အပြစ်တင်၍ မရတော့ချေ။

ဘိုးဘေးများ၏ စကားကို ကြားရသောအခါ ကျန်းရို့နှင့် ကျွင်းကျန်းထျန်းတို့ အနည်းငယ် စိတ်သက်သာရာ ရသွားကြသည်။

သူတို့က ကျွင်းရှောင်ယောက်ကို တန်ဖိုးထားသကဲ့သို့ ကျွင်းမိသားစုကလည်း ကျွင်းရှောင်ယောက်ကို အလွန်တရာ တန်ဖိုးထားကြသည် မဟုတ်ပါလား။

"ကျေးဇူးတင်ပါတယ်"

ကျွင်းရှောင်ယောက်က ဂါရဝပြုလိုက်ပြီးနောက် ကျန်းစန်းယီနှင့် ကျန်းလော့လီတို့ကို ခေါ်ဆောင်ကာ ကျွင်းမိသားစုအတွင်းရှိ နယ်မြေဖြတ်ကျော် အစီအရင်ထဲသို့ ဝင်လိုက်သည်။

၎င်းက ရွှမ်ထျန်း အင်မော်တယ်နယ်မြေကြီးသို့ တိုက်ရိုက် ပို့ဆောင်ပေးနိုင်ပေသည်။

"ဟင်း... သူက တကယ်ကို ဝူဟွေ့ရဲ့သား ပီသပါပေတယ်။ ကပ်ဘေးတွေ ကျရောက်လာတဲ့အခါ ဒီအတိုင်း ထိုင်ကြည့်မနေနိုင်ပြန်ဘူး"

ဘိုးဘေးဆယ့်ရှစ်က သက်ပြင်းချလိုက်လေသည်။

သူတို့က ကျွင်းရှောင်ယောက်ကို ကိုယ်ကျိုးမဖက်ဘဲ အတ္တကင်းလွန်းသောသူမျိုး မဖြစ်စေချင်ပါ။

မည်သို့ပင်ဆိုစေ၊ မိသားစု၏ အကျိုးစီးပွားက အရေးကြီးဆုံး ဖြစ်သည်။

ကံကောင်းထောက်မစွာဖြင့်၊ ကျွင်းရှောင်ယောက်က သူတော်စင်ကြီး တစ်ယောက်မဟုတ်ပေ။

အကောင်းအဆိုးကို ချင့်ချိန်တတ်သူ ဖြစ်သည်။

သူ လုပ်နိုင်သည့်အချိန်တွင် လုပ်မည်ဖြစ်ပြီး မလုပ်နိုင်ပါက အတင်းအကျပ် သတ္တိပြမည်မဟုတ်ချေ။

မကြာမီတွင် ကျွင်းရှောင်ယောက်တို့က ရွှမ်ထျန်း အင်မော်တယ်နယ်မြေ၏ ယန်ပြည်နယ်သို့ ရောက်ရှိလာကြသည်။

၎င်းက ကျွင်းဧကရာဇ်ခုံရုံး၏ တည်ရှိရာ နေရာပင်။

"ခုံရုံးအရှင်ကို နှုတ်ခွန်းဆက်ပါတယ်"

ကျွင်းရှောင်ယောက်၏ အရှိန်အဝါကို ခံစားမိလိုက်သော ကျွင်းဧကရာဇ်ခုံရုံးမှ အဆင့်မြင့်အရာရှိများက ချက်ချင်း ပေါ်လာကြသည်။

ဝူဟူနှင့် အခြားသူများလည်း ပေါ်လာခဲ့ကြ၏။

သူတို့က ကျွင်းရှောင်ယောက်၏ စေ့စပ်ပွဲသို့ တက်ရောက်ခဲ့ကြသူများ ဖြစ်သည်။

နောက်ပိုင်းတွင် အင်မော်တယ်တံခါး ပေါ်လာသည့်အခါ ကျွင်းရှောင်ယောက်က ဝူဟူနှင့် အခြားသူများကို ကျွင်းဧကရာဇ်ခုံရုံး၏ စိတ်ဓာတ်ကို မကျဆင်းစေရန်အတွက် ရွှမ်ထျန်း အင်မော်တယ်နယ်မြေကြီးသို့ အရင်ပြန်ခိုင်းခဲ့ခြင်းပင်။

ဤအခိုက်တွင် ဝူဟူ၏ မျက်နှာပေါ်မှာ အလွန်အမင်း ဒေါသထွက်နေသော အမူအရာနှင့် အေးစက်မှုများ ရှိနေသည်။

"အရှင်... ဧကရာဇ် ပိုင်သို့က အသျှင်ဘိုးဘေးဆိုတဲ့ လူတိရစ္ဆာန်ကြောင့် ကျဆုံးသွားခဲ့ပါပြီ"

ဝူဟူက ခန့်ညားသော ကိုယ်ဟန်မျိုးရှိပြီး သူ၏ အရှိန်အဝါမှာလည်း သန်မာလှသည်။

သူသည် ပျက်စီးခြင်းနတ်ဘုရားချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားပြီး ရဲရင့်သော အရှိန်အဝါများဖြင့် ပြည့်နှက်နေ၏။

သို့သော်လည်း ယခုအခါ ဝူဟူ၏ မျက်လုံးများတွင် မကြုံစဖူးသော ဒေါသများဖြင့် ပြည့်နေသည်။

ဧကရာဇ် ပိုင်သို့သည် အင်မော်တယ်နယ်မြေကြီးအတွက် တားမြစ်နယ်မြေမှ ဧကရာဇ်တစ်ပါးကို အသက်စွန့်၍ တိုက်ခိုက်ခဲ့သည်။

သို့သော်လည်း နောက်ဆုံးတွင် အသျှင်ဘိုးဘေး၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရပေသည်။

ဤသတင်းကို ကြားရသည့်အခါ ဝူဟူက အသျှင်ဘိုးဘေးကို ရှာဖွေပြီး တိုက်ခိုက်ချင်စိတ်တို့ကို မထိန်းနိုင်တော့ချေ။

သို့သော်လည်း သူ သည်းခံထားခဲ့ရသည်။

အကြောင်းမှာ သူက ကျွင်းဧကရာဇ်ခုံရုံး၏ အဖွဲ့ဝင်တစ်ဦး ဖြစ်နေသောကြောင့်ပင်။

ကျွင်းရှောင်ယောက်၏ အမိန့်မရှိဘဲ သူ ဒေါသထွက်နေလျှင်ပင် စိတ်ကြိုက် မလှုပ်ရှားနိုင်ပါ။

မဟုတ်လို့ ပြဿနာဖြစ်လာပါက ကျွင်းဧကရာဇ်ခုံရုံးအပေါ် သက်ရောက်သွားနိုင်သည်။

"ကျုပ်သိပါတယ်... အသျှင်ဘိုးဘေးနန်းတော်..."

ကျွင်းရှောင်ယောက်၏ မျက်လုံးများတွင်လည်း အေးစက်သော အငွေ့အသက်များ ရှိနေသည်။

ဧကရာဇ် ပိုင်သို့၏ အဖြစ်အပျက် မရှိလျှင်ပင် သူသည် အသျှင်ဘိုးဘေးနန်းတော်ကို ဖျက်ဆီးရန် စိတ်ကူးရှိပြီးသား ဖြစ်သည်။

အသျှင်ခန္ဓာနှင့် မြင့်မြတ်ခန္ဓာတို့ကြားရှိ ရန်ငြိုးများက ဘယ်သောအခါမှ ပြေလည်နိုင်မည် မဟုတ်ချေ။

"အရှင်... ဒီငယ်သားက တောင်းပန်ပါတယ်၊ ကျုပ်ကို လှုပ်ရှားခွင့် ပေးပါ။ အသျှင်ဘိုးဘေးနဲ့ ပထမဆုံး တိုက်ပွဲဝင်ခွင့် ပေးပါ"

ဝူဟူက ကျွင်းရှောင်ယောက်ကို မျက်နှာမူကာ ရုတ်တရက် ဒူးထောက်လိုက်သည်။

"ဒါက... "

ကျွင်းရှောင်ယောက်က စဉ်းစားနေသည်။

သူက ပြဿနာဖြစ်လာမှာကို မကြောက်ချေ။

သို့သော်လည်း ဝူဟူ၏ လက်ရှိ ခွန်အားအရ...

သူသည် ဧကရာဇ်တစ်ပိုင်းအဆင့်သို့ တက်လှမ်းနိုင်ခဲ့ပြီး ရုပ်ခန္ဓာဖြင့် ဧကရာဇ်ကို ယှဉ်နိုင်သော်လည်း...

စစ်မှန်သော မဟာအောင်မြင်မှုမြင့်မြတ်ခန္ဓာ မဖြစ်သေးပါ။

အသျှင်ဘိုးဘေးနှင့် ယှဉ်လျှင် အကွာအဝေးတစ်ခု ရှိနေသေးသည်။

ကျွင်းရှောင်ယောက်၏ မျက်လုံးများအတွင်းမှ သံသယကို မြင်ပုံရသဖြင့် ဝူဟူက ဆက်ပြောလိုက်သည်။

"အရှင်... ဒီငယ်သားမှာ ယုံကြည်ချက် ရှိပါတယ်။ ဒါ့အပြင် ပျက်စီးခြင်းဧကရာဇ်ရဲ့ ဓမ္မခန္ဓာလည်း ရှိပါသေးတယ်"

ဝူဟူမှာ ကျွင်းရှောင်ယောက်ကိုယ်တိုင် ဂရုတစိုက် ပျိုးထောင်ခဲ့သော စစ်သည်တော်တစ်ဦးဟု ဆိုနိုင်သည်။

သူသည် သူ၏ သန့်စင်သော မြင့်မြတ်ခန္ဓာသွေး၊ ပျက်စီးခြင်းဧကရာဇ်၏ သွေးနှင့် ပျက်စီးခြင်းဧကရာဇ်၏ ဓမ္မခန္ဓာတို့ကိုပင် ဝူဟူထံ ပေးအပ်ခဲ့၏။

ဝူဟူ၏ တိုးတက်မှုကလည်း သူ့ကို စိတ်မပျက်စေခဲ့ပေ။

"ဒါမှမဟုတ်... လူသတ်ဘုရင်ကို ခင်ဗျားနဲ့အတူ လိုက်ခိုင်းလိုက်မယ်"

ကျွင်းရှောင်ယောက် ခဏစဉ်းစားပြီး ပြောလိုက်သည်။

သို့သော်လည်း ဝူဟူက အခိုင်အမာ ငြင်းဆန်နေဆဲပင်။

သူဟာ ကျွင်းရှောင်ယောက်၏ အမိန့်ကို အမြဲ နာခံသူ ဖြစ်သည်။

သို့သော်လည်း ယခုတစ်ကြိမ်တွင်မူ သူက ခေါင်းခါယမ်းကာ ပြောလိုက်သည်။

"အရှင်... ဒါက မြင့်မြတ်ခန္ဓာနဲ့ အသျှင်ခန္ဓာတို့ရဲ့ ကံကြမ္မာတိုက်ပွဲပဲ။ ဒီငယ်သားက ဒါကို တစ်ယောက်တည်းပဲ အဆုံးသတ်ချင်ပါတယ်"

"သူနဲ့ ကျွန်တော်... နှစ်ယောက်ထဲမှာ တစ်ယောက်ပဲ အသက်ရှင်ရလိမ့်မယ်"

ဝူဟူ၏ စကားများမှာ ပြတ်သားလွန်းသည်။

သူသည် အလွန်မာနကြီးပြီး သွေးများမှာလည်း ဆူပွက်လျက်ရှိ၏။

ဒါက ဧကရာဇ် ပိုင်သို့အတွက် ကလဲ့စားချေရန်နှင့် အသျှင်ဘိုးဘေး၏လက်ထဲတွင် သေဆုံးသွားသူများအတွက်သာ မကပေ။

မြင့်မြတ်ခန္ဓာ မျိုးရိုးအတွက်ပါ သူ တိုက်ခိုက်ရမည် ဖြစ်သည်။

ကျွင်းရှောင်ယောက်က ဝူဟူကို အလေးအနက် ကြည့်လိုက်သည်။

ထို့နောက်မှာတော့ စကားတစ်လုံးတည်းသာ ပြောလိုက်တော့သည်။

"ခွင့်ပြုတယ်"

"ဝှစ်..."

ဝူဟူက ခွင့်ပြုချက် ရရှိသည်နှင့်တပြိုင်နက် ထွက်ခွာသွားခဲ့သည်။

အားကောင်းသော သတ်ဖြတ်လိုစိတ်နှင့် တိုက်ခိုက်လိုစိတ်တို့က လေထုအတွင်း ပျံ့နှံ့သွားပြီး ကောင်းကင်နှင့် မြေကြီးကို တုန်ခါသွားစေ၏။

"ပါကျူး... ငါ လာပြီ၊ ခေတ်အဆက်ဆက်က ရန်ငြိုးတွေ... သွေးကြွေးတွေနဲ့ ဝမ်းနည်းမှုအားလုံးကို ဒီခေတ်ရဲ့ ကပ်ဘေးလှိုင်းမှာပဲ အဆုံးသတ်လိုက်ကြရအောင်"

ဝူဟွဲ့သည် ကျယ်လောင်စွာ ဟိန်းဟောက်လိုက်ပြီး အသျှင်ဘိုးဘေးကို လိုက်လံရှာဖွေတော့သည်။

"အဲဒါ... ကျွင်းဧကရာဇ်ခုံရုံးရဲ့ မြင့်မြတ်ခန္ဓာပဲ"

"မြင့်မြတ်ခန္ဓာ လှုပ်ရှားနေပြီ၊ ဒါက တကယ့်ကို မြင့်မြတ်ခန္ဓာပဲ"

"ဘုရားရေ... မြင့်မြတ်ခန္ဓာက တိုက်ပွဲဝင်နေပြီ"

အင်မော်တယ်နယ်မြေ တစ်ခုလုံးရှိ ဝူဟူ၏ အသံကို ကြားလိုက်ရသူတိုင်းမှာ တုန်ယင်သွားကြသည်။

သူတို့အားလုံးက အော်ဟစ်ဆုတောင်းခြင်းများ ပြုလုပ်ကြ၏။

မြင့်မြတ်ခန္ဓာမျိုးရိုးက နောက်ဆုံးတွင် သူတို့၏တိုက်ပွဲကို စတင်တော့မည်။

All Chapters