အခန်း ၁၅၂၉
Vol. 106 Ch. 1529
အခန်း ( ၁၅၂၉ ) တစ်ယောက်သောသူအတွက် ကမ္ဘာတစ်ခုကို ကာကွယ်ခြင်း။
ကောင်းကင်ကိုးပါး တားမြစ်နယ်မြေတစ်ခုလုံးမှာ ပြင်းထန်သော လေမုန်တိုင်းများ၊ တိမ်တိုက်များဖြင့် ပြည့်နှက်နေသည်။
သားရဲဂူမှ မိစ္ဆာသားရဲဧကရာဇ်လေးပါးနှင့် အင်မော်တယ်နတ်ဆိုးကောင်းကင်ဂူမှ သူတော်စင်နှစ်ပါးသာမက...
ကျန်ရှိနေသော သက်ရှည်ကျွန်း၊ ဧကရာဇ်ကြွေလွင့်တောင်နှင့် ပြန်လည်ဝင်စားခြင်းပင်လယ်တို့မှလည်း ပိုမိုသန်မာသော အရှိန်အဝါများ ပေါ်ထွက်လာ၏။
ဤအကျော်အမော်များမှာ အရေအတွက်အားဖြင့် ယခင်က ပေါ်ထွက်ခဲ့သော ဧကရာဇ် ဒါဇင်ပေါင်းများစွာထက် နည်းပါးသော်လည်း...
ခွန်အားမှာမူ ယခင်အုပ်စုထက် များစွာ ပိုမိုသန်မာလှသည်။
သူတို့က ကမ္ဘာဖျက်မည့် နတ်ဆိုးနတ်ဘုရားများ ဆင်းသက်လာသကဲ့သို့ ကောင်းကင်ကိုးပါး တားမြစ်နယ်မြေမှ တစ်ဦးပြီးတစ်ဦး ဆင်းသက်လာကြ၏။
အထွတ်အထိပ်အကျော်အမော်တစ်ပါး ဆင်းသက်လာတိုင်း အင်မော်တယ်နယ်မြေမှာ တုန်ခါသွားရသည်။
ဟင်းလင်းပြင်များ အက်ကွဲကုန်ကာ အရာအားလုံးကို ရှေးဦးဖရိုဖရဲ အခြေအနေသို့ ပြောင်းလဲပစ်တော့မည့်အလား ရှိနေတော့သည်။
မိစ္ဆာသားရဲဧကရာဇ်လေးပါးနှင့် အင်မော်တယ်နတ်ဆိုး သူတော်စင်နှစ်ပါး အပါအဝင် သူတို့ထဲမှ အများစုမှာ ရွှမ်ထျန်း အင်မော်တယ်နယ်မြေဆီသို့ ဦးတည်လာကြသည်။
အကြောင်းရင်းက ရိုးရှင်းသည်။
ရွှမ်ထျန်း အင်မော်တယ်နယ်မြေတွင် အထွတ်အထိပ် ဧကရာဇ်၏ အရှိန်အဝါ ရှိနေသောကြောင့်ပင်။
ဤကဲ့သို့သော တည်ရှိမှုမှာ ကောင်းကင်ကိုးပါး တားမြစ်နယ်မြေအတွက် ကြီးမားသော ခြိမ်းခြောက်မှု ဖြစ်နေဆဲဖြစ်ရာ...
သွေးစွန်းသော သုတ်သင်မှုကို ချောမွေ့စွာ လုပ်ဆောင်နိုင်ရန်အတွက် ထိုခြိမ်းခြောက်မှုကို အရင်ဆုံး အမြစ်ဖြတ်ရမည် ဖြစ်သည်။
"ဟားဟားဟား... မြင်ကြပြီမဟုတ်လား... တွေ့ကြပြီ မဟုတ်လား။ အင်မော်တယ်နယ်မြေက ပိုပြီး ခုခံလေလေ၊ တားမြစ်နယ်မြေရဲ့ ချေမှုန်းမှုက ပိုပြီး ပြင်းထန်လေလေပဲ"
"ဒါဟာ သမိုင်းမှာ အကြီးမားဆုံး သုတ်သင်မှုဖြစ်တယ်၊ ဘယ်သူမှ မတားနိုင်ဘူး"
ကျောက်ဧကရာဇ်က အေးစက်စွာ ရယ်မောရင်း ပြောလိုက်သည်။
ယခုအခါ ရွှမ်ထျန်း အင်မော်တယ်နယ်မြေတစ်ခုလုံးက ကြောက်မက်ဖွယ်ကောင်းသော ဖိအားများဖြင့် ဖုံးလွှမ်းနေပြီ။
ယခင်က ကျွင်းဧကရာဇ်ခုံရုံးနှင့် ကျွင်းမိသားစုအပေါ် ယုံကြည်မှုရှိခဲ့သော ကျင့်ကြံသူများပင်လျှင် ယခုအခါ ထိတ်လန့်တုန်လှုပ်နေကြပြီ ဖြစ်သည်။
"ဘာဖြစ်လို့ ဒီလိုတွေဖြစ်နေရတာလဲ၊ ကောင်းကင်ကိုးပါး တားမြစ်နယ်မြေမှာ အကျော်အမော်တွေ ဘယ်လောက်တောင် ရှိနေတာလဲ"
"တကယ်ပဲ မျှော်လင့်ချက် မရှိတော့ဘူးလား"
ကြောက်မက်ဖွယ်ကောင်းပြီး အတိုင်းအဆမရှိသော အရှိန်အဝါများ ရွှမ်ထျန်း အင်မော်တယ်နယ်မြေသို့ ဆင်းသက်လာသည်ကို ခံစားနေရသော ကျင့်ကြံသူများမှာ နောက်တစ်စက္ကန့်တွင် သေမင်းထံ ရောက်သွားတော့မည့်အလား အလွန်အမင်း ထိတ်လန့်နေကြတော့သည်။
"ကောင်းကင်ကိုးပါး တားမြစ်နယ်မြေရဲ့ အခြေခံအုတ်မြစ်က တကယ်ကို နက်ရှိုင်းလွန်းတာပဲ"
ကျွင်းဧကရာဇ်ခုံရုံးမှ အဆင့်မြင့်အရာရှိအချို့၏ မျက်နှာများမှာလည်း ပျက်ယွင်းနေသည်။
သူတို့က ကျွင်းရှောင်ယောက်အပေါ် ယုံကြည်မှု ရှိနေဆဲ ဖြစ်သော်လည်း...
လက်ရှိ အခြေအနေမှာ အလွန်ပင် စိုးရိမ်စရာကောင်းကြောင်း ဝန်ခံရမည်။
ကျွင်းရှောင်ယောက်လည်း မျက်မှောင်ကြုတ်ထားသည်။
သို့ရာတွင်၊ သူ့မျက်လုံးများက တည်ကြည်မှုများ ရှိနေသည့်တိုင် အနည်းငယ်မျှ ကြောက်ရွံ့မှု သို့မဟုတ် မျှော်လင့်ချက်ကင်းမဲ့မှုမျိုးကိုမူ မတွေ့ရချေ။
သူ့အတွက် လက်ရှိ အခြေအနေမှာ အလွန်တရာ ဆိုးရွားသော်လည်း...
အန္တိမကပ်ဘေးကြီးကို ရင်ဆိုင်ခဲ့ရစဉ်ကနှင့် နှိုင်းယှဉ်လျှင် အနည်းငယ်မျှ အားနည်းသေးသည်ဟု ခံစားရသည်။
ကောင်းကင်ယံမှ တိုက်ပွဲမြေပြင်တွင်...
အင်မော်တယ်ရှေးဧကရာဇ်က အေးစက်စွာ ပြုံးရင်း ပြောလိုက်သည်။
"အနီရောင်လီလီပန်းမိခင်... မင်းက တကယ်ပဲ သန်မာပါတယ်၊ ဒါပေမဲ့ မင်း ဘယ်လောက်ပဲ သန်မာပါစေ... တားမြစ်နယ်မြေက ဧကရာဇ်အားလုံးကို မင်း တစ်ယောက်တည်း တားဆီးနိုင်ပါ့မလား"
အင်မော်တယ်ရှေးဧကရာဇ်၏ လှောင်ပြောင်မှုကို ရင်ဆိုင်ရသော်လည်း အနီရောင်လီလီပန်းလေးများမိခင်၏ လှပသော မျက်နှာမှာ တည်ငြိမ်နေဆဲပင်။
သူက သူမ၏ ကျောက်စိမ်းလက်ကလေးကို ဖြည်းညှင်းစွာ မြှောက်လိုက်ရာ...
သူမ၏ သွယ်လျသော ခန္ဓာကိုယ်မှ အတိုင်းအဆမရှိသော စွမ်းအားများ ပေါက်ကွဲထွက်လာသည်။
မရေမတွက်နိုင်သော အနီရောင်လီလီပန်းပွင့်ချပ်များက အရပ်မျက်နှာအနှံ့ ပျံ့လွင့်သွားပြီး ရွှမ်ထျန်း အင်မော်တယ်နယ်မြေ တစ်ခုလုံးကို ဖုံးလွှမ်းသွား၏။
"ဟင်"
ကျောက်ဧကရာဇ်၊ အင်မော်တယ်ရှေးဧကရာဇ် နှင့် နဂါးဧကရာဇ်တို့မှာ ထိုအခြင်းအရာကို မြင်သည့်အခါ အနီရောင်လီလီပန်းပွင့်များ ပျံ့လွင့်နေသည့် ဧရိယာမှ ချက်ချင်း နောက်ဆုတ်ခွာသွားကြသည်။
ထိုအနီရောင်လီလီပန်းပွင့်များမှာ ရွှမ်ထျန်း အင်မော်တယ်နယ်မြေ တစ်ခုလုံးကို ခိုင်မာသော အတားအဆီးတစ်ခုကဲ့သို့ ဖုံးအုပ်လိုက်၏။
အနီရောင်လီလီပန်းလေးများ၏မိခင်က ကျွင်းရှောင်ယောက် အပါအဝင် ရွှမ်ထျန်း အင်မော်တယ်နယ်မြေ တစ်ခုလုံးကို လူတစ်ယောက်တည်း၏ ခွန်အားဖြင့် ကာကွယ်ရန် ကြိုးစားနေခြင်း ဖြစ်သည်။
"အနီရောင်လီလီပန်းလေးရဲ့မိခင်..."
ကျွင်းရှောင်ယောက်၏ မျက်ဝန်းအိမ်များ အနည်းငယ် တုန်ခါသွားသည်။
သူမကို ဤသို့ ပြုလုပ်လိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ချေ။
အနီရောင်လီလီပန်းလေးများ၏မိခင်မှာ အမြဲတမ်း တိုင်းတပါးတွင် နေထိုင်ခဲ့သူဖြစ်သည်။
နောက်မှသာ ကျွင်းရှောင်ယောက်နှင့်အတူ အင်မော်တယ်နယ်မြေသို့ လိုက်ပါလာခဲ့သူပင်။
သူမအနေဖြင့် အင်မော်တယ်နယ်မြေရှိ သက်ရှိများအပေါ် အနည်းငယ်မျှသော သံယောဇဉ် ရှိရန်ပင် မဖြစ်နိုင်ပါ။
သို့သော်လည်း ယခုအခါ သူက ရွှမ်ထျန်း အင်မော်တယ်နယ်မြေ တစ်ခုလုံးကို ကာကွယ်ပေးထားသည်။
၎င်းမှာ ကျွင်းရှောင်ယောက် တစ်ဦးတည်းသောကြောင့်ပင်။
တစ်ယောက်သောသူကြောင့် ကမ္ဘာတစ်ခုလုံးကို ကာကွယ်ခြင်း ဖြစ်သည်။
ဤအခိုက်အတန့်တွင် ရွှမ်ထျန်း အင်မော်တယ်နယ်မြေရှိ သတ္တဝါ သန်းပေါင်းများစွာမှာ ကောင်းကင်ယံတွင် ပျံ့လွင့်နေသော အနီရောင်လီလီပန်းပွင့်များကို မြင်တွေ့နေရသည်။
သူတို့ထဲမှ အချို့က လက်အုပ်ချီနေကြပြီး အချို့မှာမူ တိုက်ရိုက်ပင် ဒူးထောက်ကာ အနီရောင်လီလီပန်းလေးများ၏မိခင် အတွက် ဆုတောင်းပေးနေကြတော့သည်။
ထိုအချိန်မှာပင်...
ကြောက်မက်ဖွယ်ကောင်းသော တိုက်ခိုက်မှုနှစ်ခုက ကြယ်ကောင်းကင်၏ အနက်ရှိုင်းဆုံးနေရာမှ ထွက်ပေါ်လာသည်။
ဤအင်အားနှစ်ခုမှာ တစ်ခုနှင့်တစ်ခု ရောယှက်နေပြီး အချင်းချင်း အားဖြည့်ပေးနေကြ၏။
"ဝုန်း"
ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားက ရွှမ်ထျန်း အင်မော်တယ်နယ်မြေသို့ ကျရောက်လာတော့သည်။
သို့သော်... အနီရောင်လီလီပန်းပွင့် အတားအဆီးက တားဆီးထားနိုင်ခဲ့သည်။
သို့သော်လည်း အနီရောင်လီလီပန်းလေးများ၏မိခင်မှာ အနည်းငယ် တုန်ခါသွားပေသည်။
သူမ၏ လှပသော မျက်ဝန်းများမှာ အေးစက်နေပြီး အဝေးသို့ လှမ်းကြည့်လိုက်သည်။
ယခုလေးတင် တိုက်ခိုက်လိုက်သူမှာ အင်မော်တယ်နတ်ဆိုး သူတော်စင်နှစ်ပါးပင်။
"ဒါက သမိုင်းမှာ အကြီးမားဆုံး သုတ်သင်ရှင်းလင်းမှုပဲ။ ဘယ်သူပဲ တားဆီးပါစေ... တားဆီးဝံ့သူ သေရလိမ့်မယ်။ အထွတ်အထိပ်ဧကရာဇ် ဖြစ်နေရင်တောင် ခြွင်းချက်မရှိဘူး"
အင်မော်တယ်နတ်ဆိုး သူတော်စင်နှစ်ပါးက ပြောလိုက်သည်။
ထို့နောက် စကြာဝဠာကို တုန်ခါစေနိုင်သော ကြောက်မက်ဖွယ်ရာ တိုက်ခိုက်မှု လေးခုက ရွှမ်ထျန်း အင်မော်တယ်နယ်မြေသို့ တစ်ဖန် ကျရောက်လာပြန်သည်။
၎င်းတို့ကိုလည်း အနီရောင်လီလီပန်းလေးများ၏မိခင်ကပင် တားဆီးပေးခဲ့ရပေသည်။
၎င်းတို့မှာ သားရဲဂူမှ မိစ္ဆာသားရဲဧကရာဇ်လေးပါး ပင် ဖြစ်သည်။
"ဒုန်း"
အနီရောင်လီလီပန်းလေးများ၏မိခင်က တစ်ဦးတစ်ယောက်၏ ခွန်အားဖြင့် တိုက်ခိုက်မှုအားလုံးကို တားဆီးထားခဲ့သည်။
တားမြစ်နယ်မြေမှ အကျော်အမော်များ ပိုမိုထွက်ပေါ်လာသည်နှင့်အမျှ...
အနီရောင်လီလီပန်းလေးများ၏မိခင်ကဲ့သို့ အကျော်အမော်တစ်ဦးပင်လျှင် ဖိအားများ တိုးလာနေတော့သည်။
သူက အထွတ်အထိပ် ဧကရာဇ်တစ်ပါးဖြစ်သော်လည်း အင်မော်တယ်နတ်ဆိုး သူတော်စင်နှစ်ပါးနှင့် မိစ္ဆာသားရဲဧကရာဇ်လေးပါးတို့မှာ သူမထက် များစွာ အားနည်းသူများ မဟုတ်ကြချေ။
ကျွင်းရှောင်ယောက်၏ မျက်နှာက အလွန်ပင် လေးနက်နေသည်။
ချီရှောင်ထျန်းနှင့် လူသတ်ဘုရင်တို့က အနီရောင်လီလီပန်းလေးများမိခင်၏ ဖိအားကို ခွဲဝေယူရန် ကြိုးစားကြသော်လည်း အခြေအနေမှာ 'သမုဒ္ဒရာထဲသို့ ရေတစ်စက် ချလိုက်သကဲ့သို့' သာ။
ထိုအချိန်မှာပင်...
အဝေးမှ ဧကရာဇ်အရှိန်အဝါတစ်ခု ထပ်မံ ပေါ်ထွက်လာခဲ့သည်။
ကြီးမားသော ပုံရိပ်ကြီးတစ်ခုမှာ တိုက်ကြီးတစ်ခု ရွေ့လျားလာသကဲ့သို့ ရောက်ရှိလာသည်။
ရွှမ်ထျန်း အင်မော်တယ်နယ်မြေမှ သတ္တဝါများစွာလည်း အံ့အားသင့်သွားကြတော့သည်။
"ဘာဖြစ်တာလဲ၊ တားမြစ်နယ်မြေက နောက်ထပ် အကျော်အမော်တစ်ယောက် ထပ်ရောက်လာတာလား"
"မဟုတ်ဘူး၊ အဲဒါက ကောင်းကင်ကိုးပါးရဲ့ အရှိန်အဝါ မဟုတ်ဘူး"
အားလုံးက အသက်ပင်ပြင်းပြင်းမရှူနိုင်ဘံ စောင့်ကြည့်နေကြသည်။
ထိုတိုက်ကြီးကဲ့သို့သော အရာက လျင်မြန်စွာ နီးကပ်လာ၏။
ထိုအခါမှသာ အားလုံးက ၎င်းသည် လိပ်နဂါးကဲ့သို့သော သတ္တဝါကြီးတစ်ကောင် ဖြစ်ကြောင်း ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။
နောက်ဆုံးတွင် ထိုလိပ်ကြီးမှာ လိပ်အခွံကို ကျောပိုးထားသော အဘိုးအိုတစ်ဦးအဖြစ် ပြောင်းလဲသွားတော့သည်။
"ဘယ်သူက သခင်လေး ရှောင်ယောက်ကို တိုက်ခိုက်ဝံ့သလဲ"
ရောက်ရှိလာသူမှာ ရှန်းအောင်ဘုရင် ဖြစ်သည်။
"ရှန်းအောင်ဘုရင်"
ကျွင်းရှောင်ယောက်၏ မျက်နှာတွင် ဝမ်းသာရိပ်များ ပေါ်လာသည်။
ရှန်းအောင်ဘုရင်က ဧကရာဇ်ကြီး ကျွင်းချီထျန်း၏ လက်ထက်ကတည်းက တည်ရှိခဲ့သူပင်။
သူသည် ထိုစဉ်အခါက ကျွင်းချီထျန်း ကယ်ဆယ်ခဲ့သော လိပ်ကလေးတစ်ကောင် ဖြစ်သည်။
နောက်ပိုင်းတွင် ကျွင်းမိသားစု၏ ကျေးဇူးကို ပြန်ဆပ်ရန်အတွက် ရှန်းအောင်ဘုရင်က တိုင်းတပါးတွင် သူလျှိုအဖြစ် သွားရောက်နေထိုင်ခဲ့ပြီး ကျော်ကြားသော ရှန်းအောင်ဘုရင် ဖြစ်လာခဲ့ပေသည်။
အန္တိမကပ်ဘေးကြီးကို ချေမှုန်းပြီးနောက်မှာတော့ ရှန်းအောင်ဘုရင်က အင်မော်တယ်နယ်မြေသို့ ပြန်လာခဲ့သည်။
သို့သော်လည်း သူသည် အလွန်တရာ အသက်အရွယ်ကြီးရင့်နေပြီဖြစ်သဖြင့် အင်မော်တယ်နယ်မြေကြီးသို့ ရောက်သည့်အခါ နှစ်ခြိုက်စွာ အိပ်ပျော်သွားခဲ့လေသည်။
ယခုမှသာ အမှောင်ထုကပ်ဘေးလှိုင်း၏ တုန်ခါမှုများက ရှန်းအောင်ဘုရင်ကို နိုးထစေခဲ့သဖြင့် သူ ချက်ချင်း ပေါ်လာခြင်း ဖြစ်သည်။
"ဟမ့်...၊ တားမြစ်နယ်မြေကကောင်တွေ... မင်းတို့ တော်တော် သတ္တိကောင်းနေကြတာပဲ"
ရှန်းအောင်ဘုရင်က အနီရောင်လီလီပန်းလေးများ၏မိခင် ကို ကူညီရန် လှုပ်ရှားလိုက်သည်။
သို့သော်လည်း ရှန်းအောင်ဘုရင် တစ်ဦးတည်း မဟုတ်ချေ။
စကြာဝဠာ၏ အနက်ရှိုင်းဆုံးနေရာမှ ပြတ်သားပြီး မောက်မာသော အသံလေးတစ်ခု ထွက်ပေါ်လာသည်။
"မင်းတို့ ကောင်းကင်ကိုးပါးက အမှိုက်တွေ... ငါ့ရဲ့အစ်ကိုကြီးကို တစ်ခုခုလုပ်ချင်တယ်ဆိုရင် သေဖို့သာ ပြင်ထားကြ"
ဤအသံကို ကြားရသည့်အခါ ကျွင်းရှောင်ယောက်မှာ အနည်းငယ် အံ့အားသင့်သွားခဲ့သည်။
"နတ်ဆိုးနတ်ဘုရားပုရွက်ဆိတ်လေးလား"
အဝေးတွင် ပုံရိပ်တစ်ခု ပေါ်လာသည်။
၎င်းက ခရမ်းရွှေရောင်ဝတ်စုံကို ရိုးရိုးရှင်းရှင်း ဝတ်ဆင်ထားသည့် အဘိုးအိုတစ်ဦးပင်။
သို့သော်လည်း သူ့အရှိန်အဝါမှာ လူတိုင်းကို အန္တရာယ်ရှိသော ခံစားချက်မျိုး ပေးစွမ်းနေသည်။
၎င်းမှာ ငြိမ်ဝပ်နေသော်လည်း အချိန်မရွေး ထအုပ်နိုင်သည့် သားရဲကြီးတစ်ကောင်ကဲ့သို့ပင်။
ထိုအဘိုးအို၏ ပုခုံးပေါ်မှာတော့ လက်သန်းအရွယ်အစားရှိ ခရမ်းရွှေရောင် ပုရွက်ဆိတ်ကလေးတစ်ကောင် ရှိနေသည်။
၎င်းမှာ နတ်ဆိုးနတ်ဘုရားပုရွက်ဆိတ်လေး ရှောင်ယီပင်။
"ဟမ်၊ နတ်ဆိုးနတ်ဘုရားအဘိုးအို... မင်းက မသေသေးဘူးလား"
နဂါးဧကရာဇ်နှင့် အင်မော်တယ်ရှေးဧကရာဇ်တို့ အံ့အားသင့်သွားကြသည်။
နတ်ဆိုးနတ်ဘုရားအဘိုးအိုက နတ်ဆိုးနတ်ဘုရားပုရွက်ဆိတ်မျိုးနွယ်၏ ရှေးဘိုးဘေးဖြစ်ပြီး သူတို့ထက်ပင် ဝါစဉ်ပိုကြီးပေသည်။
နတ်ဆိုးနတ်ဘုရားပုရွက်ဆိတ်မျိုးနွယ်တွင် အကျော်ကြားဆုံးဖြစ်သော...
နတ်ဘုရားနတ်ဆိုးပုရွက်ဆိတ်လေး ရှောင်ယီ၏ ဖခင် နတ်ဆိုးနတ်ဘုရားဧကရာဇ်ပင်လျှင် ဤအဘိုးအိုလောက် ဝါစဉ် မကြီးချေ။
"ဘိုးဘေးအဘိုး... အစ်ကိုကြီး ရှောင်ယောက်တို့ကို ကူညီပေးရမယ်နော်"
ရှောင်ယီက ပြောလိုက်သည်။
"ဟားဟားဟား... မစိုးရိမ်ပါနဲ့။ ငါ့ရဲ့ အရိုးအိုကြီးတွေကို မလှုပ်ရှားရတာ ကြာလို့ လက်တွေတောင် ယားနေတာ"
နတ်ဘုရားနတ်ဆိုးအဘိုးအို၏ အိုမင်းသော မျက်ဝန်းများတွင် ဖျော့တော့သော ခရမ်းရွှေရောင်များ ပေါ်လာခဲ့သည်။
သူက ထိုပုရွက်ဆိတ်ကလေးကို သူ၏ မြေးအရင်းကဲ့သို့ သဘောထားပြီး အလွန် ချစ်မြတ်နိုးလေသည်။
"ဝုန်း"
နတ်ဆိုးနတ်ဘုရားအဘိုးအိုက တိုက်ခိုက်လိုက်သည်။
သူသည် သာမန် လက်သီးတစ်ချက်ကိုသာ ထိုးနှက်လိုက်သော်လည်း...
နတ်ဘုရားများနှင့် နတ်ဆိုးများက ကောင်းကင်ကို ထိုးခွဲလိုက်သကဲ့သို့ အတိုင်းအဆမရှိသော စွမ်းအားများဖြင့် ဟင်းလင်းပြင်ကို ထိုးဖောက်သွား၏။
နတ်ဆိုးနတ်ဘုရားအဘိုးအိုက အမှန်တကယ် သန်မာသူတစ်ဦးပင်။