အခန်း ၁၅၃၀
Vol. 106 Ch. 1530
အခန်း ( ၁၅၃၀ ) ယွမ်ချယ် ရောက်ရှိလာခြင်း။
"နတ်ဆိုးနတ်ဘုရားပုရွက်ဆိတ်တွေမှာ ဒီလိုမျိုး အခြေခံအုတ်မြစ် ရှိနေလိမ့်မယ်လို့ မထင်ထားခဲ့မိဘူး"
ကျွင်းရှောင်ယောက်က သက်ပြင်းချလိုက်မိသည်။
အစပိုင်းတွင် သူက နတ်ဆိုးနတ်ဘုရားပုရွက်ဆိတ်လေး ရှောင်ယီ၏ သတင်းကို စုံစမ်းခဲ့ဖူးသည်။
ထိုစဉ်က အခြားသူများမှာ ရှောင်ယီက သူ၏ မျိုးနွယ်တူအရှိန်အဝါကို ခံစားမိ၍ ထွက်ခွာသွားခဲ့ခြင်းဖြစ်သည်ဟု ပြောခဲ့ကြပေသည်။
သို့သော်လည်း နတ်ဆိုးနတ်ဘုရားပုရွက်ဆိတ်မျိုးနွယ်တွင် ဤမျှသန်မာသော အကျော်အမော်များ ရှိနေလိမ့်မည်ဟု သူ မမျှော်လင့်ခဲ့ချေ။
ရှန်းအောင်ဘုရင်နှင့် နတ်ဆိုးနတ်ဘုရားအဘိုးအိုကဲ့သို့ စွမ်းအားကြီးမားသော ဧကရာဇ်နှစ်ပါး ရောက်ရှိလာခြင်းကြောင့် အနီရောင်လီလီပန်းလေးများ၏မိခင် ခံစားနေရသော ဖိအားများမှာ အတိုင်းအတာတစ်ခုအထိ လျော့ပါးသွားခဲ့သည်။
သို့သော်လည်း အခြေအနေက အလွန်ပင် စိုးရိမ်စရာကောင်းနေသေးသည်။
နောက်ဆုံးတွင်၊ တားမြစ်နယ်မြေမှ အကျော်အမော် အရေအတွက်မှာ များပြားလွန်းလှသည်။
အင်မော်တယ်နတ်ဆိုး သူတော်စင်နှစ်ပါး၊ သားရဲဂူ မိစ္ဆာသားရဲ ဧကရာဇ်လေးပါးနှင့် အခြားသော တားမြစ်နယ်မြေမှ အမြင့်ဆုံးစွမ်းအားရှင်များ ရှိနေကြ၏။
ဤတည်ရှိမှုများက ယဇ်ဆရာသခင်များ၏ အောက်တွင် အသန်မာဆုံးသော အုပ်စုများ ဖြစ်ကြသည်။
ယခင်က ပေါ်ထွက်ခဲ့သော ဧကရာဇ် ဒါဇင်ပေါင်းများစွာထက်ပင် ပိုမိုသန်မာကြပေသည်။
အနီရောင်လီလီပန်းလေးများ၏မိခင်၊ ရှန်းအောင်ဘုရင်နှင့် နတ်ဆိုးနတ်ဘုရားအဘိုးအိုတို့ ရှိနေသော်ငြားလည်း...
ထိုမျှများပြားသော ရန်သူများကို တားဆီးရန်မှာ အလွန်ပင် ခက်ခဲသည်။
ထိုအချိန်မှာပင်၊ ကောင်းကင်ယံ၌ ခရစ်စတယ်ရထားလုံးတစ်စီး ရုတ်တရက် ချဉ်းကပ်လာသည်။
ထိုရထားလုံးနှင့်အတူ တစ်ကမ္ဘာလုံးကို လွှမ်းမိုးနိုင်လောက်သော လှပသည့် ပုံရိပ်တစ်ခုလည်း ပါလာခဲ့၏။
ခရစ်စတယ်ရထားလုံးပေါ်တွင် ထိုင်နေသူက အခြားမဟုတ်... မင်းသမီး ယွမ်ချယ်ပင်။
သူမနှင့်အတူ ပါလာသော၊ အခြားသော အနှိုင်းမဲ့ အလှပိုင်ရှင်မှာမူ ရှေးဟောင်းအင်မော်တယ်ခုံရုံး၏ နန်းဆောင်လေးခုမှ တစ်ခုကို အုပ်ချုပ်သော ဟော်တုဧကရာဇ်ပင် ဖြစ်သည်။
"ရှောင်ယောက်..."
ယွမ်ချယ်က ခရစ်စတယ်ရထားလုံးပေါ်မှ ဆင်းသက်လာခဲ့သည်။
"မင်းသမီး ယွမ်ချယ်... မင်း ဒီကို ဘာလာလုပ်တာလဲ"
ကျွင်းရှောင်ယောက်က အံ့အားသင့်သွားသည်။
ယွမ်ချယ်က အင်မော်တယ်ခုံရုံးမှာမနေဘဲ အဘယ်ကြောင့် ဤနေရာသို့ ရောက်လာရသနည်း။
ယခုအချိန်တွင် ရွှမ်ထျန်း အင်မော်တယ်နယ်မြေကြီးက တားမြစ်နယ်မြေများနှင့် အဓိက တိုက်ပွဲမြေပြင်ဖြစ်နေပြီး အလွန်အန္တရာယ်များသော နေရာလည်း ဖြစ်သည်။
"ရှောင်ယောက်... ကျွန်မ တစ်ခါက ပြောခဲ့တာကို မှတ်မိလား"
ယွမ်ချဲ့၏ ကြည်လင်သော မျက်ဝန်းများက ကျွင်းရှောင်ယောက်ကို စိုက်ကြည့်နေသည်။
"ဘာကိုလဲ"
ကျွင်းရှောင်ယောက်က ဇဝေဇဝါ ဖြစ်သွားသည်။
"ရှင်သာ ကျွန်မကို လက်ထပ်မယ်ဆိုရင်... ရှင်က အနာဂတ် အင်မော်တယ်ခုံရုံးရဲ့ အရှင်သခင် ဖြစ်လာလိမ့်မယ်လို့ ပြောခဲ့တာလေ"
ယွမ်ချယ်က ကျွင်းရှောင်ယောက်ကို စူးစိုက်ကြည့်ကာ ပြောလိုက်၏။
ထိုစကားကို ကြားသည့်အခါ ကျန်းစန်းယီနှင့် ကျန်းလော့လီတို့၏ အကြည့်များက ဝေ့ဝဲရောက်ရှိလာသော်လည်း ဘာမှတော့ ဝင်မပြောကြချေ။
ကျွင်းရှောင်ယောက်က ခဏမျှ စဉ်းစားလိုက်ပြီးနောက် ယွမ်ချယ်၏ ရည်ရွယ်ချက်ကို သိရှိသွားသည်။
အကယ်၍ သူသာ သဘောတူလိုက်ပါက၊ ယွမ်ချယ်၏ လက်ထဲတွင်ရှိသော ကျားအဆောင်တစ်ဝက်နှင့် သူ၏ လက်ထဲမှ ကျားအဆောင်တစ်ဝက်မှာ ပေါင်းစည်းသွားလိမ့်မည်။
ထိုအခါ ရှေးဟောင်းအင်မော်တယ်ခုံရုံး၏ စစ်သည်တော်များနှင့် မြင်းတပ်များအားလုံးကို စေခိုင်းနိုင်မည် ဖြစ်သည်။
ဟော်တုဧကရာဇ် အပါအဝင် နန်းဆောင်လေးခုမှ အုပ်ချုပ်သူများက ဧကရာဇ်များထဲတွင် အသန်မာဆုံးများ ဖြစ်ကြသည်။
သူတို့က အင်မော်တယ်နတ်ဆိုး သူတော်စင်နှစ်ပါးနှင့် သားရဲဂူမှ ဧကရာဇ်လေးပါးတို့ထက် အနည်းငယ်မျှပင် အားနည်းသူများ မဟုတ်ချေ။
"မင်းသမီး... မင်းသမီး ဆိုလိုတာကို ကျုပ် နားလည်ပါတယ်။ ဒါပေမဲ့... ကျုပ်က ငြင်းရလိမ့်မယ်"
ကျွင်းရှောင်ယောက်က အေးအေးဆေးဆေးပင် ပြန်ပြောလိုက်သည်။
သူက ယွမ်ချယ်အပေါ် မုန်းတီးမှု မရှိသော်လည်း သူမကို တိုက်ရိုက်လက်ထပ်ရလောက်သည်အထိ ချစ်မြတ်နိုးခြင်း မရှိချေ။
ထို့ပြင် သူက အမျိုးသမီး နှစ်ဦးနှင့် စေ့စပ်ထားပြီးခါစ ဖြစ်သည်။
ယခုအချိန်တွင် ယွမ်ချယ်ကို ထပ်မံ လက်ထပ်ရန်မှာ မည်သို့မျှ မဖြစ်နိုင်ချေ။
ယွမ်ချယ်က ထိုစကားကို ကြားသောအခါ ပြုံးလိုက်သည်။
သို့သော်လည်း သူမ၏ မျက်ဝန်းများတွင် ဝမ်းနည်းရိပ်များ ပါဝင်နေလေသည်။
"ရှင့်ရဲ့ အမြင်မှာ ကျွန်မက ဒီလောက်တောင် အကျိုးအကြောင်း မသိတဲ့သူ တစ်ယောက်လား"
ယွမ်ချယ်၏ လေသံတွင် ဝမ်းနည်းမှုများ ပါဝင်နေသည်။
"ဟင်"
ကျွင်းရှောင်ယောက်က ဘာပြန်ပြောရမည်မှန်း မသိပေ။
ယွမ်ချယ်ကပင် ဆက်ပြောလိုက်သည်။
"ဟုတ်တယ် ရှောင်ယောက်... ကျွန်မက ရှင့်ကို ကျွန်မနဲ့ လက်ထပ်စေချင်တာ အမှန်ပဲ။ ဒါပေမဲ့ အခုလို အခြေအနေမျိုးကို သုံးပြီး ရှင့်ကို ဘယ်တော့မှ ခြိမ်းခြောက်မှာ မဟုတ်ဘူး။"
"ပြီးတော့ ဒီအင်မော်တယ်နယ်မြေဆိုတာ ကျွန်မရဲ့ ခမည်းတော် တစ်ချိန်က စောင့်ရှောက်ခဲ့တဲ့ နေရာပဲ။ ဒါကြောင့် ဒီမင်းသမီးက အင်မော်တယ်နယ်မြေ ပျက်စီးသွားမှာကို မလိုလားဘူး"
ယခုအခါ ယွမ်ချယ်၏ လှပသော မျက်နှာပေါ်တွင် တည်ကြည်သော အမူအရာများ ပေါ်လာသည်။
သူက သူမ၏ ကျောက်စိမ်းလက်ကလေးကို ဝှေ့ယမ်းလိုက်ပြီး ရှေးဟောင်းအင်မော်တယ်ခုံရုံး၏ ကျားအဆောင်တစ်ဝက်ကို တိုက်ရိုက် ထုတ်ယူလိုက်၏။
"ကျွန်မ ဒီကို လာတာက ရှေးဟောင်းအင်မော်တယ်ခုံရုံးရဲ့ အင်အားစုတွေ အားလုံးကို ပေါင်းစည်းပြီး ကောင်းကင်ကိုးပါး တားမြစ်နယ်မြေကို ပြန်လည် တိုက်ခိုက်ဖို့ စစ်သည်တော်တွေကို ဆင့်ခေါ်ဖို့ လာခဲ့တာပဲ"
ယွမ်ချယ်က တစ်လုံးချင်း ပြောလိုက်သည်။
ကျွင်းရှောင်ယောက်လည်း ခဏမျှ မှင်တက်သွားပြီးနောက် ပြောလိုက်လေသည်။
"တောင်းပန်ပါတယ်... ကျွန်တော် မင်းသမီးကို အထင်လွဲသွားမိတယ်"
အမှန်အတိုင်း ပြောရလျှင် ယွမ်ချယ်က ယခုကဲ့သို့ အတ္တကင်းစင်စွာဖြင့် ကျားအဆောင်ကို ထုတ်ပေးလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ချေ။
"ဒါက ကျွန်တော့်ရဲ့ အမှားပဲ၊ ဒီတစ်ကြိမ်တော့ မင်းသမီးကို ကျွန်တော် ကျေးဇူးကြွေးတစ်ခု တင်သွားပါပြီ"
ကျွင်းရှောင်ယောက်က ဝန်ခံလိုက်သည်။
ထိုအခါမှ မင်းသမီး ယွမ်ချယ်က ပြုံးလိုက်လေသည်။
သူမ၏ မျက်ဝန်းများတွင် လိမ္မာပါးနပ်သော အရိပ်အယောင်လေးများ ပေါ်လာသည်။
"ဒီစကားကို ကျွန်မ မှတ်ထားလိုက်ပြီနော်"
ထို့နောက် သူတို့နှစ်ဦးစလုံးက ကျားအဆောင်များကို ထုတ်ယူလိုက်ကြသည်။
ကျားအဆောင်နှစ်ဝက်က လေထဲတွင် ဖြည်းညှင်းစွာ ပေါင်းစည်းသွားကြ၏။
"ဝုန်း"
ကျားအဆောင်နှစ်ဝက်က နောက်ဆုံးတွင် ပြည့်စုံသော ကျားအဆောင်တစ်ခုအဖြစ် ပေါင်းစည်းသွားခဲ့ပြီ ဖြစ်သည်။
ပြည့်စုံသော ကျားအဆောင် ပေါ်လာသည်နှင့် တပြိုင်နက်...
အဆောင်၏ မျက်နှာပြင်ပေါ်တွင် အတိုင်းအဆမရှိသော ရွန်းအမှတ်အသားများ ပေါ်ထွက်လာ၏။
ထို့နောက် ဤကျားအဆောင်က သက်ရှိတစ်ကောင်ကဲ့သို့ ဖြစ်လာပြီး ရွှေရောင် ကျားကြီးတစ်ကောင်အဖြစ် ပြောင်းလဲကာ ကောင်းကင်သို့ မော့၍ ဟိန်းဟောက်လိုက်တော့သည်။
"ဝေါင်း..."
ထိုဟိန်းဟောက်သံမှာ မိုင်ပေါင်း သန်းနှင့်ချီ၍ တုန်ခါသွားစေခဲ့သည်။
ဤကျားဟိန်းသံက ရှေးဟောင်းကာလများဆီမှ လာသကဲ့သို့ပင်။
၎င်းတွင် ရှေးကျသော ခန့်ညားထည်ဝါမှုနှင့် ပျောက်ဆုံးနေသော ဘုန်းအာနုဘော်များ ပါဝင်နေသည်။
၎င်းမှာ ရှေးဟောင်းအင်မော်တယ်ခုံရုံး၏ အရှိန်အဝါပင်။
"တစ်ခုခုမှားနေပြီ"
ဤကျားဟိန်းသံမှာ တစ်လောကလုံးကို တုန်လှုပ်စေပြီး ကောင်းကင်ကိုးပါး အင်မော်တယ်နယ်မြေ တစ်ခုလုံးသို့ ပျံ့နှက်သွားသည်။
ကျောက်ဧကရာဇ်နှင့် အခြားသူများ၏ ရင်ထဲတွင် မသက်မသာဖြစ်သော ခံစားချက်များ ပေါ်လာကြ၏။
"နောက်ဆုံးတော့ သူတို့လည်း နိုးထလာကြပြီပေါ့"
ဟော်တုဧကရာဇ်၏ မျက်နှာတွင် ဖျော့တော့သော အပြုံးလေးတစ်ခု ပေါ်လာသည်။
သူမ၏ ပုံရိပ်မှာ ဖြည်းညှင်းစွာ ပျောက်ကွယ်သွား၏။
သူက စိတ်ဝိညာဉ်ခန္ဓာတစ်ခုမျှသာ ဖြစ်သည်။
သူမ၏ အစစ်အမှန်ခန္ဓာက ယခုအခါမှ နိုးထလာရတော့မည်။
"ဝုန်း... ဝုန်း..."
ကျားဟိန်းသံ ထွက်ပေါ်လာပြီးနောက် အင်မော်တယ်နယ်မြေ၏ အရပ်မျက်နှာအသီးသီးတွင် လှုပ်ရှားမှုများ ဖြစ်ပေါ်လာသည်။
ထိုနေရာများမှာ တားမြစ်နယ်မြေများ၊ ရှေးဟောင်းမြေများနှင့် အစွန်အဖျားဒေသများ ဖြစ်ကြ၏။
နှစ်ပေါင်းများစွာ အိပ်စက်နေသော အရှိန်အဝါများမှာ ယခုအခါ ပြန်လည် နိုးထလာကြပြီ။
"ငါ... ငါ ကျားဟိန်းသံကို ကြားလိုက်ရတယ်၊ ခေါ်သံကို ကြားရပြီ"
"နောက်ဆုံးတော့ ရောက်လာပြီပေါ့။ ငါတို့ အင်မော်တယ်ခုံရုံးရဲ့ ကမ္ဘာကြီး..."
"ထာဝရတည်မြတဲ့ ဂုဏ်သိက္ခာ၊ ထာဝရ စောင့်ရှောက်မှု... ကျားအဆောင် ရှိနေသရွေ့ ငါတို့ အမိန့်ကို နာခံရမယ်"
အင်မော်တယ်နယ်မြေ တစ်ခုလုံး မငြိမ်မသက် ဖြစ်နေသည်။
ထိုအချိန်တွင် ယွမ်ချယ်က ကျားတံဆိပ်၏ ဘေးသို့ ရောက်လာပြီး ကျားတံဆိပ်ကို ဆုပ်ကိုင်လိုက်၏။
ကျွင်းရှောင်ယောက်က ဤမြင်ကွင်းကို ဘာမှမပြောဘဲ ကြည့်နေသည်။
ယွမ်ချယ်မှာ ကျားအဆောင်ကို အသုံးပြုရန် အာဏာအရှိဆုံးသူ ဖြစ်ကြောင်း သူ သိသည်။
အကြောင်းမှာ သူက တုန်ဟွဧကရာဇ်၏ သမီးတော် ဖြစ်သောကြောင့်ပင်။
ကျားအဆောင်ကို ကိုင်ဆောင်လိုက်သောအခါ ယွမ်ချယ်က သာမန်မိန်းကလေးတစ်ဦး၏ ပုံစံမျိုး မဟုတ်တော့ချေ။
သူမ၏ ကိုယ်ပေါ်တွင် မမြင်နိုင်သော အရှိန်အဝါများ ရှိနေသည်။
သူက နှုတ်ခမ်းကို အသာအယာ ဟလိုက်ပြီး ပြောလိုက်၏။
"ကျွန်မဟာ တုန်ဟွဧကရာဇ်ရဲ့ သမီးတော် ယွမ်ချယ်... ရှေးဟောင်းအင်မော်တယ်ခုံရုံးရဲ့ နောက်ဆုံးသော မင်းသမီး ဖြစ်တယ်"
"အခု ရှေးဟောင်းအင်မော်တယ်ခုံရုံးရဲ့ စစ်သည်တော်များအားလုံး ကျွန်မအမိန့်ကို နာခံကြ...၊ ပြန်လာကြပြီး ကောင်းကင်ကိုးပါး တားမြစ်နယ်မြေကို တိုက်ခိုက်ကြ"
ယွမ်ချယ်၏ အသံမှာ မကျယ်လှပေ။
သို့သော် သူ၏ စကားလုံးများက ကျားအဆောင်မှတစ်ဆင့် ကောင်းကင်ကိုးပါး အင်မော်တယ်နယ်မြေ တစ်ခုလုံးသို့ ပျံ့နှက်သွားသည်။
ထိုစကားလုံးများ ဆုံးသွားသည်နှင့်...
"ဝုန်း"
အင်မော်တယ်နယ်မြေ၏ အရှေ့၊ အနောက်၊ တောင်၊ မြောက် အရပ်လေးမျက်နှာမှ အလွန်တရာ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါ လေးခု ပေါက်ကွဲထွက်လာသည်။
၎င်းမှာ နှစ်ပေါင်းများစွာ ငြိမ်သက်နေသော မီးတောင်ကြီး လေးလုံး တစ်ပြိုင်တည်း ပေါက်ကွဲထွက်လာသကဲ့သို့ ဖြစ်၏။
အင်မော်တယ်နယ်မြေ၏ အရှေ့ဘက်အရပ်တွင် ခရမ်းရောင် အလင်းတန်းများ ကောင်းကင်ယံသို့ ပြည့်နှက်သွားသည်။
၎င်းမှာ အချိန်အတော်ကြာ မှေးမှိန်နေခဲ့သော ခရမ်းရောင်ဧကရာဇ်(ကျစ်ဝေ)ဂြိုလ်ပင်။
ယခုအချိန်မှာတော့ ၎င်းက စူးရှသော အလင်းတန်းများဖြင့် တောက်ပလာသည်။
ထိုဂြိုလ်ပေါ်မှ ခန့်ညားထည်ဝါသော ပုံရိပ်တစ်ခု ပေါ်ထွက်လာပြီး အရပ်မျက်နှာအသီးသီးကို တုန်ခါသွားစေခဲ့၏။
"ငါ... အရှေ့အရပ်မှ ကျစ်ဝေဧကရာဇ်... မင်းသမီးရဲ့ အမိန့်ကို နာခံပါတယ်"
အင်မော်တယ်နယ်မြေ၏ တောင်ဘက်အရပ်တွင်လည်း အားကောင်းသော အရှိန်အဝါတစ်ခု ပေါ်ထွက်လာပြီး မိုင်ပေါင်း သန်းချီသော ကြယ်မြစ်ကို လွှမ်းမိုးသွား၏။
"ငါ... တောင်ဘက်အရပ်က ကုံးချန်ဧကရာဇ်... မင်းသမီးရဲ့ အမိန့်ကို နာခံပါတယ်"
အင်မော်တယ်နယ်မြေ၏ အနောက်ဘက်အရပ်တွင် မြင့်မြတ်သော ပုံရိပ်တစ်ခု ထပ်မံ ပေါ်လာခဲ့၏။
ရွှေရောင် အလင်းတန်းများက အတိုင်းအဆမရှိ တောက်ပသည်။
"ငါ... အနောက်ဘက်အရပ်က ယွမ်ရှန့်ဧကရာဇ်... မင်းသမီးရဲ့ အမိန့်ကို နာခံပါတယ်"
အင်မော်တယ်နယ်မြေ၏ မြောက်ဘက်အရပ်တွင်မူ ထူထဲပြီး ရှေးကျသော တိုက်ကြီးတစ်ခု စတင် ပျက်စီးလာ၏။
ထို့နောက် အရာအားလုံး၏ အရင်းအမြစ် စွမ်းအားများကို သယ်ဆောင်ထားသော အနှိုင်းမဲ့ ပုံရိပ်တစ်ခု ပေါ်ထွက်လာတော့သည်။
"ငါ... မြောက်ဘက်အရပ်မှ ဟော်တုဧကရာဇ်... မင်းသမီးရဲ့ အမိန့်ကို နာခံပါတယ်"
ယခုအခါ ရှေးဟောင်းအင်မော်တယ်ခုံရုံး၏ နန်းဆောင်လေးခုမှ အုပ်ချုပ်သူများအားလုံး တစ်ပြိုင်တည်း ပေါ်ထွက်လာခဲ့ပြီ ဖြစ်သည်။
တစ်ကမ္ဘာလုံးမှာလည်း ခန့်ညားထည်ဝါသော အရှိန်အဝါများဖြင့် ပြည့်နှက်သွားတော့သည်။