အခန်း ၁၅၃၂
Vol. 107 Ch. 1532
အခန်း ( ၁၅၃၂ ) ကျွင်းမိသားစု၏ ဒုတိယမြောက်ဘိုးဘေး ကျွင်းလင်ရှောင်း။
ထိုဓားစွမ်းအင်က ဝေးကွာသော ဟင်းလင်းပြင်ကို တခဏချင်း ဖြတ်သန်းသွား၏။
၎င်းဖြတ်သန်းသွားရာ လမ်းတစ်လျှောက်ရှိ ကြယ်တာရာအားလုံးမှာ အမှုန့်အမွှား ဖြစ်သွားကြတော့သည်။
ဓားစွမ်းအင်က အလွန်တရာ စွမ်းအားကြီးပြီး တောက်ပရာ လောကတွင်းရှိ မိစ္ဆာအပေါင်းကို ဓားတစ်ချက်တည်းဖြင့် အကုန်အစင် သုတ်သင်နိုင်စွမ်း ရှိပုံရသည်။
ထိုဓားအလင်းက ရွှမ်ထျန်းအင်မော်တယ်နယ်မြေကြီးသို့ တိုက်ရိုက် ကျဆင်းလာပြီး အင်မော်တယ်နှင့် နတ်ဆိုး သူတော်စင်နှစ်ပါးကို ခုတ်ပိုင်းလိုက်တော့သည်။
"ဘယ်သူလဲကွ"
အင်မော်တယ်နှင့် နတ်ဆိုး သူတော်စင်နှစ်ပါးမှာ တစ်ပြိုင်နက်တည်း အော်ဟစ်လိုက်ကြသည်။
တစ်ဦးက ကောင်းကင်အင်မော်တယ်ခန္ဓာကို ပိုင်ဆိုင်သည်။
အခြားတစ်ဦးက ကောင်းကင်နတ်ဆိုးခန္ဓာ ပိုင်ဆိုင်ထား၏။
နှစ်ဦးစလုံးက အထွတ်အထိပ် ဧကရာဇ်နယ်ပယ် အကျော်အမော်များ ဖြစ်ကြသည်။
သို့တိုင်၊ ဤဓားချက်က သူတို့နှစ်ဦးစလုံးကို တစ်ပြိုင်နက်တည်း တိုက်ခိုက်ဝံ့သေးသည်။
သူတို့နှစ်ဦးစလုံးက တစ်ပြိုင်နက်တည်း ပြန်လည်တိုက်ခိုက်လိုက်ကြသည်။
အင်မော်တယ်စွမ်းအားနှင့် နတ်ဆိုးစွမ်းအားတို့ ပေါင်းစပ်သွားပြီး ဖျက်ဆီးနိုင်အားပြင်းသော တိုက်ကွက်တစ်ခု ဖြစ်ပေါ်လာ၏။
"ဝုန်း..."
နားကွဲမတတ် ကျယ်လောင်သော ပေါက်ကွဲသံကြီး ထွက်ပေါ်လာသည်။
တိုက်ခိုက်မှုအားလှိုင်းများ၏ ရိုက်ခတ်မှုက ကောင်းကင်ယံအနှံ့ ပျံ့နှံ့သွားကာ စကြဝဠာတစ်ခုလုံး တုန်ခါသွားတော့သည်။ ယ
၎င်းမှာ ကြယ်ပေါင်း တစ်သိန်း ပေါက်ကွဲသွားသကဲ့သို့ပင် ဖြစ်သည်။
သို့သော် အမှန်တကယ် ထိတ်လန့်စရာကောင်းသည်မှာ...
အင်မော်တယ်နှင့် နတ်ဆိုး သူတော်စင်နှစ်ပါးစလုံး နောက်သို့ လွင့်ထွက်သွားရပြီး နှုတ်ခမ်းထောင့်မှ သွေးများ စီးကျလာခြင်းပင် ဖြစ်တော့သည်။
"ဘာဖြစ်တာလဲ... ဘယ်သူက လှုပ်ရှားလိုက်တာလဲ"
ဤမြင်ကွင်းက တားမြစ်နယ်မြေ၏ အခြား အကျော်အမော်များကို မျက်နှာအမူအရာ ပြောင်းလဲသွားစေသည်။
ဤသူတော်စင်နှစ်ပါးက သာမန်ဧကရာဇ်များ မဟုတ်ပေ။
အချို့ဆိုလျှင် သူတို့က ကောင်းကင်ကိုးပါး၏ ယဇ်ဆရာသခင်အဆင့်အတန်းသို့ နီးစပ်သူများဟုပင် ယူဆကြသည်။
အချိန်အနည်းငယ် ထပ်ပေးမည်ဆိုလျှင် ယဇ်ဆရာသခင် အရည်အချင်းကိုပင် ပိုင်ဆိုင်နိုင်လိမ့်မည်။
သို့သော်လည်း ထိုကဲ့သို့သော ပုဂ္ဂိုလ်များကို ဓားတစ်ချက်တည်းဖြင့် မည်သူက နောက်ဆုတ်သွားအောင် ပြုလုပ်နိုင်သနည်း။
တစ်လောကလုံးရှိ မရေမတွက်နိုင်သော အကြည့်များက ဓားစွမ်းအင် ထွက်ပေါ်လာရာ ရင်းမြစ်ဆီသို့ ဦးတည်သွားကြသည်။
ထိုနေရာတွင် အစိမ်းရောင် ဝတ်စုံကို ဝတ်ဆင်ထားသော ပုံရိပ်တစ်ခုမှာ ဓားတစ်လက်ကို စီးနင်းလျက် ပျံသန်းလာနေသည်။
ကျွင်းရှောင်ယောက်က လှမ်းကြည့်လိုက်ရာ အဆုံးမရှိသော ဟင်းလင်းပြင်ကို ဖြတ်ကျော်လျက် ထိုပုံရိပ်ကို မြင်လိုက်ရ၏။
သူ၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာတော့သည်။
"ဒုတိယမြောက် ဘိုးဘေး ပေါ်လာပြီ"
ထိုဓားစွမ်းအင်က ကျယ်ပြောလှသော အင်မော်တယ်နယ်မြေကို ဖြတ်သန်းသွားစဉ်မှာပင်...
ပျက်စီးခြင်းကောင်းကင် အင်မော်တယ်နယ်မြေရှိ ကျွင်းမိသားစုဘက်တွင်...
ဧကရာဇ် ထိုက်ဟွမ်၊ ဧကရာဇ် ရှန်းယွီနှင့် အခြားသော ကျွင်းမိသားစုဝင် ဧကရာဇ်များ၏ မျက်ဝန်းထဲတွင် စိတ်လှုပ်ရှားမှုနှင့် တိုက်ခိုက်လိုစိတ်များ လောင်ကျွမ်းလာကြသည်။
"နောက်ဆုံးတော့ သူရောက်လာပြီပဲ၊ အခုဆိုရင် ကျုပ်တို့ တိုက်ပွဲစတင်လို့ ရပြီ"
ဧကရာဇ် ရှန်းယွီက လက်ကိုတစ်ချက် ဝှေ့ယမ်းလိုက်သည်။
ကျွင်းမိသားစု၏ အင်မော်တယ်လက်နက်တစ်ပိုင်းဖြစ်သော ကပ်ဘေးအင်မော်တယ်ပုဆိန်က သူ့လက်ထဲသို့ ရောက်ရှိလာ၏။
စင်စစ်တွင်၊ သူသည်လည်း အချိန်အတော်ကြာအောင် မနည်း အောင့်အည်းသည်းခံနေခဲ့ရခြင်း ဖြစ်သည်။
အကယ်၍ အဓိက ပုဂ္ဂိုလ်များသာ ရောက်မလာသေးပါက၊ သူကိုယ်တိုင် ရွှမ်ထျန်းအင်မော်တယ်နယ်မြေကြီးသို့ သွားရောက်ကူညီရန် ခြေလှမ်းလှမ်းမိတော့မည်။
"ဒီခေတ်မှာ ကောင်းကင်ကိုးပါး တားမြစ်နယ်မြေက ကျုပ်တို့ကျွင်းမိသားစုကိုပါ ကပ်ဘေးလှိုင်းထဲ ဆွဲသွင်းချင်နေတယ်။ ဒီလိုဆိုမှတော့ ကျုပ်တို့ကျွင်းမိသားစုကပဲ ဒီမုန်တိုင်းကို ငြိမ်သက်အောင် လုပ်ပေးလိုက်ရတာပေါ့"
နဂါးကိုးကောင် နတ်ဘုရားဓားကို ကိုင်ဆောင်ထားသော ထိုက်ဟွမ်ဧကရာဇ်က တည်ငြိမ်စွာ ပြောလိုက်သည်။
သို့သော်လည်း သူ့အရှိန်အဝါမှာ သတ္တဝါအားလုံးကို အထက်စီးမှ ငုံ့ကြည့်နေသော နတ်ဘုရားတစ်ပါးကဲ့သို့ ဝံ့ကြွားမှုများ ပြည့်နှက်ခဲ့ပေသည်။
"အဲဒီဓားအလင်းက... တကယ်ကို ဒုတိယဘိုးဘေးပဲ။ သူ ပြန်ရောက်လာပြီ"
ဘိုးဘေးဆယ့်ရှစ်နှင့် အခြားသူများ၏ မျက်နှာတွင်လည်း စိတ်လှုပ်ရှားမှုများ ပေါ်လာခဲ့ကြသည်။
ကျွင်းမိသားစု၏ ဒုတိယမြောက်ဘိုးဘေးသည် လွန်ခဲ့သော နှစ်ပေါင်းများစွာကတည်းက မိသားစုမှ ထွက်ခွာသွားခဲ့ခြင်းဖြစ်ပြီး မည်သည့်နေရာသို့ ရောက်နေသည်ကို မည်သူမျှ မသိကြပေ။
ကျွင်းမိသားစု၏ ဘိုးဘေးများပင်လျှင် သူ၏ သတင်းကို မသိရှိကြပါ။
သို့သော်လည်း ဒုတိယဘိုးဘေးသည် မိသားစုတွင် ပြဿနာတက်နေသည်ကို သိရှိပါက...
လျစ်လျူရှုထားမည် မဟုတ်သည်မှာ သေချာသည်။
"ဟားဟားဟား... ဒုတိယဘိုးဘေး ရောက်လာပြီဆိုမှတော့ ရှောင်ယောက်ဘက်မှာ ဘာပြဿနာမှ ရှိမှာမဟုတ်တော့ဘူး"
ကျွင်းကျန်းထျန်းက စိတ်သက်သာရာရစွာ ရယ်မောလိုက်သည်။
"အဖေ... အဲဒီဒုတိယဘိုးဘေးက ဘယ်လောက်တောင် အားကောင်းလို့လဲ"
ဘေးမှ ကျန်းရို့က မနေနိုင်တော့ဘဲ မေးမြန်းလိုက်၏။
အမှန်အတိုင်းဆိုရလျှင်၊ သူက ကျွင်းမိသားစု၏ ဘိုးဘေးများအကြောင်းကို အများကြီး မသိပေ။
ကျွင်းကျန်းထျန်းက ရယ်မောလျက် ပြောလိုက်သည်။
"ဒုတိယဘိုးဘေးက အသက်တော်တော်ကြီးနေပြီ။ အဲဒီတုန်းက သူဟာ လင်ရှောင်း ဓားဘိုးဘေးလို့ နာမည်ကျော်ကြားခဲ့တာလေ... သူ့ရဲ့ လင်ရှောင်းဓားနဲ့ ခေတ်တစ်ခုလုံးကို စိုးမိုးခဲ့တာပေါ့"
ထိုစကားကို ကြားသောအခါ ကျန်းရို့လည်း အသက်ပြင်းပြင်း ရှူလိုက်မိလေသည်။
ကျွင်းမိသားစုသည် အဘယ်ကြောင့် ခေတ်တစ်ခုလုံးကို လွှမ်းမိုးနိုင်သော ပါရမီရှင်များကို အမြဲတစေ မွေးထုတ်ပေးနိုင်နေရသနည်း။
သို့ရာတွင်... သူ၏ ခင်ပွန်းနှင့် သားဖြစ်သူမှာလည်း ခေတ်တစ်ခုထက်မက စိုးမိုးနိုင်သူများဖြစ်သည်ကို တွေးမိလိုက်သောအခါ သူမ လက်ခံလိုက်တော့သည်။
ရွှမ်ထျန်း အင်မော်တယ်နယ်မြေဘက်တွင်...
တားမြစ်နယ်မြေမှ ဧကရာဇ်များစွာတို့ အံ့ဩတုန်လှုပ်သွားကြသည်။
တစ်စုံတစ်ဦးက အင်မော်တယ်နှင့် နတ်ဆိုး သူတော်စင်နှစ်ပါးကို ဓားတစ်ချက်တည်းဖြင့် ဖိနှိပ်လိမ့်မည်ဟု မည်သူမျှ မထင်ထားခဲ့ပေ။
ဤသူတော်စင်နှစ်ပါးမှာ ယဇ်ဆရာသခင်များမှလွဲလျှင် ကောင်းကင်ကိုးပါးရှိ ထိပ်တန်း အကျော်အမော်များ ဖြစ်ကြသည်။
"ကောင်းကင်ကိုးပါးရဲ့ လူပြက်တစ်အုပ်က ငါတို့ကျွင်းမိသားစုကို ရန်စဝံ့တယ်ပေါ့။ ထမင်းကောင်းကောင်းစား၊ ကောင်းကောင်းအိပ်နေရတဲ့ဘဝမှာ မနေပျော်တော့ဘူးလား"
ကျွင်းမိသားစု၏ ဒုတိယဘိုးဘေးဖြစ်သော လင်ရှောင်း ဓားဘိုးဘေး ကျွင်းလင်ရှောင်းက အစိမ်းရောင်ဝတ်စုံကို ဝတ်ဆင်ထားသည်။
သူ့လက်ထဲတွင်မူ ချင်းရွယ်ရှေးဟောင်းဓားကို ကိုင်ဆောင်ထား၏။
ဓားသဏ္ဍာန် ဖြောင့်တန်းသော မျက်ခုံးများနှင့် ကြယ်တာရာကဲ့သို့ စူးရှသော မျက်ဝန်းများ ရှိကာ ကိုယ်ဟန်ဖြောင့်မတ်သည်။
သူ့ကိုကြည့်ရသည်မှာ ရှေးဟောင်းဘိုးဘေးကြီးတစ်ဦးထက် လွတ်လပ်ပေါ့ပါးသော လူငယ်သူရဲကောင်းတစ်ဦး၏ အရှိန်အဝါမျိုး ရှိပေသည်။
သို့သော်... ကျွင်းလင်ရှောင်းကို လူငယ်တစ်ဦးကဲ့သို့ မြင်တွေ့ရသော်လည်း သူ ထုတ်ဖော်လိုက်သော အရှိန်အဝါက ဟင်းလင်းပြင်ကိုပင် ပြိုကျစေလောက်အောင် အားကောင်းသည်။
သူ ထုတ်လွှတ်လိုက်သော ဓားအလင်းက မရေမတွက်နိုင်သော ကမ္ဘာငယ်များကို အလွယ်တကူ ဖျက်ဆီးပစ်နိုင်စွမ်းရှိ၏။
နိယာမအပေါင်းကလည်း သူ၏ ဓားရှေ့တွင် ပြတ်တောက်သွားရမည်ကဲ့သို့ပင်။
"မင်းက... ကျွင်းမိသားစုရဲ့ လင်ရှောင်း ဓားဘိုးဘေးပဲ"
တားမြစ်နယ်မြေမှ ဧကရာဇ်အများစုမှာ ကျွင်းလင်ရှောင်းကို မသိကြသော်လည်း အလွန်ရှေးကျသော ပုဂ္ဂိုလ်အချို့မှာမူ သိရှိကြသည်။
ကျွင်းလင်ရှောင်းက ဤအခိုက်အတန့်တွင် ပြန်လည်ရောက်ရှိလာလိမ့်မည်ဟု မည်သူမျှ မထင်ထားခဲ့ကြပေ။
ထို့ပြင်၊ ဤအခိုက်တွင် ကျွင်းလင်ရှောင်း၏ အရှိန်အဝါက သူတို့အားလုံးကို အန္တရာယ်များသော ခံစားချက်အား ပေးစွမ်းသည်။
ကျွင်းလင်ရှောင်းက လမ်းစဉ်တစ်သောင်း၏ အထက်တွင် ရပ်တည်နေသည်။
သူ၏ ဘေးတွင် ချင်းရွှမ် ရှေးဟောင်းဓား ရှိ၏။
သူ့အကြည့်က ရွှမ်ထျန်းအင်မော်တယ်နယ်မြေကို ဝိုင်းရံထားသော တားမြစ်နယ်မြေမှ ဧကရာဇ်များထံသို့ ကျရောက်လာတော့သည်။
သူ၏ မျက်ဝန်းထဲမှ အေးစက်သော အငွေ့အသက်က ကောင်းကင်ဘုံကိုပင် ပိုင်းဖြတ်နိုင်သည့် ဓားအလင်းတစ်ခုပမာ ထင်ရသည်။
ကျွင်းလင်ရှောင်းက သူ့လက်ကို မြှောက်လိုက်သည်။
ချင်းရွှမ် ရှေးဟောင်းဓားက သူ့လက်ထဲသို့ ရောက်လာ၏။
"ကျုပ် ကျွင်းမိသားစုရဲ့ ဒုတိယဘိုးဘေး ကျွင်းလင်ရှောင်း ရောက်လာပြီ။ ဒီကပ်ဘေးလှိုင်းကို ငြိမ်သက်အောင်လုပ်ပြီး တားမြစ်နယ်မြေကို ဖျက်ဆီးဖို့ ကျုပ်ရဲ့ ကျွင်းမိသားစုနဲ့ ဘယ်သူ ပူးပေါင်းမလဲ"
ကပ်ဘေးလှိုင်းကို ငြိမ်သက်စေရန်...
တားမြစ်နယ်မြေကို ဖျက်ဆီးရန်...
ကျွင်းလင်ရှောင်း၏ စကားသံက ကောင်းကင်ကိုးပါး အင်မော်တယ်နယ်မြေ တစ်ခုလုံးတွင် ပဲ့တင်ထပ်သွားခဲ့သည်။
ယင်းက မည်မျှလွှမ်းမိုးနိုင်သော စွမ်းအားဖြစ်သနည်း။
မည်မျှ အနှောင်အဖွဲ့ကင်း၍ လွတ်လပ်ပေါ့ပါးလှသနည်း။
သမိုင်းတစ်လျှောက် အပြင်းထန်ဆုံးသော ကမ္ဘာပျက်ကပ်ကို ဤကဲ့သို့ပင် ငြိမ်သက်အောင် လုပ်နိုင်ပါမည်လော။
အလွန်အားကောင်းသော ကောင်းကင်ကိုးပါး တားမြစ်နယ်မြေကို အလွယ်တကူ ဖျက်ဆီးပစ်နိုင်ပါမည်လော။
ဒါက ကောင်းကင်ကိုးပါး အင်မော်တယ်နယ်မြေတွင် မျိုးဆက်တစ်သောင်းတိုင်အောင် မားမားမတ်မတ် ရပ်တည်နေသော...
ကောင်းကင်က မဖျက်ဆီးနိုင်၊ မြေပြင်ကလည်း မြှုပ်နှံ၍ မရနိုင်သော ကျွင်းမိသားစုပင် ဖြစ်သည်။
ကျွင်းလင်ရှောင်း၏ ဟိန်းဟောက်သံ ထွက်ပေါ်လာပြီးနောက်...
ကောင်းကင်ကိုးပါး အင်မော်တယ်နယ်မြေ တစ်ခုလုံးက ချက်ချင်းပင် အုတ်အုတ်ကျက်ကျက် ဖြစ်သွားတော့သည်။
နောက်ဆုံးတွင် အင်မော်တယ်နယ်မြေအတွက် တိုက်ပွဲဝင်ပေးမည့်၊ ဤခေတ်၏ ကပ်ဘေးလှိုင်းကို ငြိမ်သက်စေမည့် ဦးဆောင်သူ အင်အားစုတစ်ခု ပေါ်ထွက်လာပြီဖြစ်သည်။
ဤသည်မှာ မည်မျှစိတ်လှုပ်ရှားစရာကောင်းသနည်း။
ချက်ချင်းပင်၊ အင်မော်တယ်အင်အားစုများက တုံ့ပြန်လာကြတော့သည်။
ပထမဆုံး လှုပ်ရှားသူမှာ သဘာဝအတိုင်း ကျန်းမိသားစု ဖြစ်သည်။
ကျန်းမိသားစုနှင့် ကျွင်းမိသားစုက အခြေခံအားဖြင့် မိသားစုတစ်ခုတည်းကဲ့သို့ပင် ဖြစ်နေကြသည် မဟုတ်ပါလား။
"ဝုန်း"
ကျန်းမိသားစု၏ ဘိုးဘေးမြေတွင် အိပ်ပျော်နေကြသော ဧကရာဇ်နယ်ပယ် ရှေးဘိုးဘေး အချို့မှာလည်း စတင်နိုးထလာကြပြီ ဖြစ်သည်။
"ကျုပ်တို့ကျန်းမိသားစုက ကျွင်းမိသားစုနောက်ကို လိုက်ပါပြီး ဒီကပ်ဘေးလှိုင်းကို ငြိမ်သက်စေအောင် တိုက်ပွဲဝင်ဖို့ ဆန္ဒရှိပါတယ်"
ကျန်းမိသားစုမှ ဧကရာဇ်များ ပေါ်ထွက်လာပြီး ကောင်းကင်သို့ ပျံတက်လာကြသည်။
ယင်းနောက်တွင် ရှေးဟောင်း ရဲ့မိသားစုထံမှလည်း ဧကရာဇ်နယ်ပယ် အရှိန်အဝါများ ပေါက်ကွဲထွက်လာ၏။
ရဲ့ကူချန်ကြောင့် ရဲ့မိသားစုနှင့် ကျွင်းမိသားစုတို့၏ ဆက်ဆံရေးမှာ အလွန်ကောင်းမွန်သည်။
ယခုအခါ ကျွင်းမိသားစု၊ ကျန်းမိသားစုနှင့် ရဲ့မိသားစု ဟူသော ရှေးဟောင်း မင်းမျိုးနွယ်မိသားစုကြီး သုံးခုမှာ တစ်စိတ်တစ်ဝမ်းတည်းဖြင့် ရည်မှန်းချက်တစ်ခုတည်းကို ရှေ့ရှုလျက် အတူတကွ ရှေ့တိုးနောက်ဆုတ် လုပ်ဆောင်ကြတော့မည်။
"ကျုပ်တို့ ရဲ့မိသားစုက ကျွင်းမိသားစုနောက်ကို လိုက်ပါပြီး ကောင်းကင်ဘုံကို ဆန့်ကျင်တိုက်ခိုက်ဖို့ ဆန္ဒရှိပါတယ်"
ရဲ့မိသားစုမှ မဟာဧကရာဇ်များ၏ အသံမှာလည်း ရဲရင့်ပြတ်သားလှသည်။
ထို့ပြင် လူသားအင်မော်တယ်ဂိုဏ်းနှင့် နတ်ဆိုးအင်မော်တယ်ဂိုဏ်းတို့ထံမှလည်း ဧကရာဇ်နယ်ပယ် ကျွမ်းကျင်သူများလည်း ပြန်လည်နိုးထလာကြ၏။
အင်မော်တယ်နယ်မြေကြီးမှာ ရှေးပဋိညာဉ်ကြောင့် ဧကရာဇ်များကို ကန့်သတ်ခံထားရသော်လည်း...
အင်မော်တယ်အင်အားစုတိုင်းတွင် အနည်းဆုံး ဧကရာဇ် တစ်ပါးစီ အခြေခံအင်အား ရှိနေကြသေးသည်။
အရေအတွက်သာ ကွာခြားခြင်း ဖြစ်သည်။
"ကျုပ်တို့ လူသားအင်မော်တယ်ဂိုဏ်းက ကျွင်းမိသားစုနဲ့အတူ တိုက်ပွဲဝင်ဖို့ ဆန္ဒရှိပါတယ်"
"ကျုပ်တို့ နတ်ဆိုးအင်မော်တယ်ဂိုဏ်းက ကျွင်းမိသားစုနဲ့အတူ တိုက်ပွဲဝင်ဖို့ ဆန္ဒရှိပါတယ်"
ပျက်စီးခြင်းကောင်းကင် အင်မော်တယ်နယ်မြေ တစ်ခုလုံးရှိ အင်အားကြီးအဖွဲ့အစည်း အသီးသီးထံမှ ဟိန်းဟောက်သံများ ထွက်ပေါ်လာသည်။
ကျွင်းမိသားစု၏ တောင်းဆိုချက်ကို ပျက်စီးခြင်းကောင်းကင် အင်မော်တယ်နယ်မြေ တစ်ခုတည်းက တုံ့ပြန်ခြင်း မဟုတ်ပေ။
အခြားသော အင်မော်တယ်နယ်မြေ ရှစ်ခုစလုံးမှ အင်မော်တယ်အင်အားစုများကလည်း တုံ့ပြန်လာကြသည်။
အချို့သော အင်မော်တယ်နယ်မြေများတွင်လည်း ဧကရာဇ်အဆင့် ပုံရိပ်အချို့ ပေါ်ထွက်လာကြ၏။
"ကျုပ်ရဲ့ ချင်မိသားစုဟာလည်း လူသားမျိုးနွယ်ရဲ့ ရှေးဟောင်းမိသားစုတစ်ခုပဲ။ ကျုပ်တို့ရဲ့ ဘိုးဘေး၊ ပထမဧကရာဇ်ဟာ ခေတ်တစ်ခုမှာ အင်မော်တယ်နယ်မြေကြီးကို ကာကွယ်စောင့်ရှောက်ခဲ့ဖူးတယ်။ ဒီနေ့မှာ ကျုပ်တို့ချင်မိသားစုက အင်မော်တယ်နယ်မြေကြီးရဲ့ ကပ်ဘေးလှိုင်းကို တစ်ကြိမ်ထပ်ပြီး ငြိမ်သက်စေဖို့ ဆန္ဒရှိပါတယ်"
ချင်မိသားစုဝင် ဧကရာဇ်၏ အသံက အရှိန်အဝါကြီးမားသည်။
အခြားသော အင်မော်တယ်နယ်မြေတစ်ခုတွင်မူ... ကျယ်ပြောလှသော နတ်ဘုရားအင်ပါယာကြီးတစ်ခု ရှိနေသည်။
၎င်းမှာ ယွီဟွာနတ်မင်းဆက်ပင်။
ယွီဟွာနတ်မင်းဆက်အတွင်းမှာလည်း ဧကရာဇ်တစ်ပါး၏ အရှိန်အဝါများ ပေါ်ထွက်လာပြီး တစ်နယ်မြေလုံးကို တုန်ခါသွားစေသည်။
"ကျုပ်တို့ ယွီဟွာနတ်မင်းဆက်ရဲ့ တည်ထောင်သူ.... ယွီဟွာဧကရာဇ်ဟာ ခေတ်တစ်ခုက အင်မော်တယ်နယ်မြေကို စိုးမိုးခဲ့ဖူးတယ်"
"ကျုပ်တို့အင်ပါယာကလည်း ဒီကပ်ဘေးလှိုင်းကို ငြိမ်သက်စေဖို့အတွက် မလွှဲမရှောင်သာတဲ့ တာဝန်ရှိတယ်"
ဤကဲ့သို့သော ကြွေးကြော်သံများက အင်မော်တယ်နယ်မြေ၏ နေရာအနှံ့တွင် ထွက်ပေါ်လာခဲ့သည်။
အမြဲတစေ နှိမ့်ချနေခဲ့ကြသော အင်မော်တယ်အင်အားစုများလည်း ကျွင်းမိသားစုက ဦးဆောင်သည်ကို မြင်လိုက်ရသောအခါ နောက်ဆုံးတွင် သတ္တိရှိခဲ့လာကြပြီ။
စင်စစ်တွင်၊ အင်မော်တယ်နယ်မြေကြီး၏ အင်အားက ကောင်းကင်ကိုးပါးနှင့် များစွာ မကွာခြားပေ။
လိုအပ်နေသည်မှာ အစစ်အမှန် ဦးဆောင်ပေးမည့် အင်အားစုတစ်ခုသာ ဖြစ်သည်။
အကြောင်းမှာ၊ ဦးဆောင်သူက ကောင်းကင်ကိုးပါး တားမြစ်နယ်မြေ၏ ဖိအားအများစုကို ခံယူရမည် ဖြစ်သောကြောင့်ပင်။
သို့သော်လည်း အင်မော်တယ်နယ်မြေကြီးတွင်...
အင်မော်တယ်ခုံရုံး၊ မြေအောက်ကမ္ဘာနှင့် ကျွင်းမိသားစု ကဲ့သို့သော အုပ်စိုးရှင် အင်အားစုအချို့သာလျှင် ဤတာဝန်ကို ထမ်းဆောင်နိုင်ကြသည်။
စန်းမျိုးနွယ်ကဲ့သို့ ရေအောက်မှ အင်အားစုများမှာမူ ယခင်က မည်သည့်အခါမျှ ပေါ်မလာခဲ့သလို မည်သည့်ကပ်ဘေးကိုမျှလည်း ငြိမ်သက်အောင် မလုပ်ပေးခဲ့ကြပေ။
ထို့ကြောင့်လည်း ကပ်ဘေးလှိုင်းများက ထပ်တလဲလဲ ဖြစ်နေခဲ့ရခြင်း ဖြစ်သည်။
သို့သော်လည်း ဤခေတ်တွင်မူ ကောင်းကင်ကိုးပါး တားမြစ်နယ်မြေက ကျွင်းမိသားစုကို ပစ်မှတ်ထားရန် ဆုံးဖြတ်လိုက်ကြပြီ။
ထိုအတွက် ကျွင်းမိသားစု ရှေ့ထွက်လာခြင်းကို အပြစ်မတင်နိုင်တော့ပေ။
ကျွင်းမိသားစုက လှုပ်ရှားမှုမရှိခဲ့ခြင်းမှာ ကြောက်ရွံ့ခြင်းထက် ပျင်းရိသောကြောင့်သာ ဖြစ်သည်။
ဤအခိုက်အတန့်မှာတော့ ကျွင်းမိသားစု၏ ဒုတိယဘိုးဘေး ကျွင်းလင်ရှောင်း၏ စကားသံကြောင့် ကောင်းကင်ကိုးပါး အင်မော်တယ်နယ်မြေ တစ်ခုလုံးမှာ နိုးထလာခဲ့ပြီ။
ဤသည်မှာ ကျွင်းမိသားစု၏ ဆွဲဆောင်အားနှင့် သြဇာအာဏာပင် ဖြစ်သည်။
"ကျုပ်ရဲ့ဓားကို ပြန်သွေးမယ်... ကောင်းကင်ယံကို ပျံတက်မယ်... ကျုပ်ရဲ့သွေးကို လောင်ကျွမ်းစေပြီး အကြောက်တရားမရှိ ရှေ့ကို ချီတက်မယ်"
"ဒီခေတ်က တကယ်ပဲ သမိုင်းမှာ အဆိုးရွားဆုံး ကမ္ဘာပျက်ကပ် ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့..."
"ဒါက အင်မော်တယ်နယ်မြေကြီးရဲ့ ကမ္ဘာပျက်ကပ် မဟုတ်ဘဲ ကောင်းကင်ကိုးပါး တားမြစ်နယ်မြေရဲ့ ကမ္ဘာပျက်ကပ်ပဲ ဖြစ်စေရမယ်"
ကျွင်းလင်ရှောင်း၏ ဓားက တုန်ခါသွားသည်။
တောက်ပသော အလင်းတန်းက ခေတ်အဆက်ဆက်ကို ထွန်းလင်းစေခဲ့၏။
အင်မော်တယ်နယ်မြေကြီးက တန်ပြန်တိုက်စစ်ကို တရားဝင် စတင်လိုက်ပြီ။