← Chapters

အခန်း ၁၅၃၆

Vol. 107 Ch. 1536

အခန်း ၁၅၃၆

Vol. 107 Ch. 1536

အခန်း ( ၁၅၃၆ ) နတ်ဘုရားအဆင့်နှင့် နီးစပ်သော တည်ရှိမှု သုံးခု။

လောကကြီးတွင် အကြီးမားဆုံးသော စိတ်ပျက်အားငယ်မှုမှာ အဘယ်နည်း။

၎င်းမှာ လူတို့ကို မျှော်လင့်ချက်များပေးပြီးမှ ထိုမျှော်လင့်ချက်များကို မျက်စိရှေ့တွင်ပင် အစိပ်စိပ်အမွှာမွှာ ရိုက်ချိုးဖျက်ဆီးပစ်လိုက်ခြင်းပင် ဖြစ်သည်။

ယခုအခြေအနေက ထိုကဲ့သို့ပင်။

မူလက အမှောင်ထု ကပ်ဘေးလှိုင်း စတင်လာချိန်တွင် အင်မော်တယ်နယ်မြေကြီးမှာ စိတ်ပျက်အားငယ်နေခဲ့ရသည်။

အင်အားစုအနည်းငယ်သာ ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်စွမ်း ရှိခဲ့ပေသည်။

သို့သော်လည်း ကောင်းကင်ကိုးပါး တားမြစ်နယ်မြေက ကျွင်းမိသားစုကို သွားရောက်ရန်စမိခဲ့သည်။

ထိုအတွက် ကျွင်းမိသားစုက လှုပ်ရှားလာပြီး အင်မော်တယ်နယ်မြေရှိ အင်အားစုများစွာကို ဦးဆောင်ကာ ဆန့်ကျင်တိုက်ခိုက်ခဲ့၏။

အခြေအနေကို ပြောင်းပြန်လှန်နိုင်ခဲ့ပြီး တားမြစ်နယ်မြေမှ ဧကရာဇ်များကိုပင် ဖိနှိပ်နိုင်ခဲ့ပေသည်။

ဤသည်မှာ သံသယဖြစ်ဖွယ်မရှိအောင် စိတ်လှုပ်ရှားစရာကောင်းပြီး အင်မော်တယ်နယ်မြေကြီးရှိ သက်ရှိအားလုံးကို မျှော်လင့်ချက်ကြီးစွာ ပေးခဲ့သည်။

သို့သော် ရလဒ်မှာ ယခုမြင်တွေ့နေရသည့်အတိုင်းပင်။

ကောင်းကင်ကိုးပါး တားမြစ်နယ်မြေမှ အလွန်စွမ်းအားကြီးမားသော ယဇ်ဆရာသခင် သုံးဦးက ကမ္ဘာဖျက်မည့် နတ်ဆိုးနတ်ဘုရားများကဲ့သို့ လောကထဲသို့ ဆင်းသက်လာခဲ့ပြီ ဖြစ်သည်။

စိတ်ပျက်အားငယ်မှုများက အင်မော်တယ်နယ်မြေအနှံ့ တစ်ဖန်ပြန်လည် ပျံ့နှံ့သွားတော့သည်။

တစ်နေရာတွင်...

ဧကရာဇ်ကြွေလွင့် ကောင်းကင်အရှင်၏ လက်ဝါးချက်က အင်မော်တယ်နယ်မြေတစ်ခုရှိ သက်ရှိပေါင်း သန်းပေါင်းများစွာကို မျိုးပြုတ်လုနီးပါး ဖြစ်သွားစေသည်။

တစ်ချိန်တည်းမှာပင် သတ်ဖြတ်ခြင်း သားရဲနတ်ဘုရား သည်လည်း နတ်ဆိုးကောင်းကင် အင်မော်တယ်နယ်မြေသို့ ဆင်းသက်လာခဲ့၏။

ထိုနယ်မြေသည် တားမြစ်နယ်မြေမှ ဧကရာဇ်များကြောင့် ပျက်စီးနေနှင့်ပြီးသား ဖြစ်သော်လည်း...

အခြားဧကရာဇ်များ၏ ခုခံမှုကြောင့် သန့်စင်မှုမှာ မပြည့်စုံသေးပေ။

သတ်ဖြတ်ခြင်း သားရဲနတ်ဘုရားက ဆင်းသက်လာပြီး သူ၏ ဦးခေါင်းကိုးလုံးဖြင့် တစ်ပြိုင်နက်တည်း ဟိန်းဟောက်လိုက်သည်။

အသံလှိုင်းများသည် ကမ္ဘာဖျက်မည့် မုန်တိုင်းကြီးအဖြစ် ပြောင်းလဲသွားပြီး အရာခပ်သိမ်းကို ပေါက်ကွဲသွားစေခဲ့၏။

သားရဲနတ်ဘုရားက ပါးစပ်ကိုဖွင့်ပြီး လေကို ရှူသွင်းလိုက်ရာ ဧရာမလေ‌ပွေကြီးမှာ မြေပြင်ကို ဖြတ်သန်းသွားပြီး ခဏချင်းအတွင်း မရေမတွက်နိုင်သော သက်ရှိများက သားရဲနတ်ဘုရား၏ ပါးစပ်ထဲသို့ ရောက်ရှိသွားကြတော့သည်။

ဧကရာဇ်တစ်ပါးပင်လျှင် စုပ်ယူခံခဲ့ရသည်။

သားရဲနတ်ဘုရားက ထိုဧကရာဇ်ကို လက်တစ်ဖက်ဖြင့်ဖမ်းကာ ကြက်ပေါင် ကိုက်သကဲ့သို့ တဂျွတ်ဂျွတ်မြည်အောင် ကိုက်စားပစ်လိုက်ပေသည်။

ကျန်ရှိသော အစိတ်အပိုင်းများကိုမူ အင်မော်တယ်ယဇ်ပလ္လင်သို့ ယဇ်ပူဇော်လိုက်သည်။

"တကယ်လို့ ဒီလတ်ဆတ်တဲ့ သွေးတွေကို ယဇ်ပလ္လင်ကို မဆက်သရဘူးဆိုရင် ငါ့ဘာသာပဲ ဒီလောကထဲက သက်ရှိအားလုံးကို ဝါးမြိုပြီး အဆီအနှစ် ထုတ်ယူပစ်လိုက်မိတယ်"

သားရဲနတ်ဘုရားက ရေရွတ်လိုက်သည်။

ယဇ်ဆရာသခင်များထဲတွင် သူက ရှေးဦး မိစ္ဆာသားရဲကြီးဖြစ်သည့်အားလျော်စွာ သွေးအဆာဆုံးနှင့် အရက်စက်ဆုံး ဖြစ်သည်။

အင်မော်တယ်နယ်မြေက မကြုံစဖူးသော ကသောင်းကနင်းဖြစ်ခြင်းနှင့် စိတ်ပျက်အားငယ်မှုများထဲသို့ ကျရောက်သွားတော့သည်။

အရာခပ်သိမ်း ညှိုးနွမ်းပျက်စီးကုန်ကြသည်။

၎င်းမှာ သက်ရှိအားလုံး၏ သွေးယဇ်ပူဇော်မှုအတွက် ကြေကွဲစရာ မြင်ကွင်းပင်။

မရေမတွက်နိုင်သော ရှေးဟောင်းဂြိုလ်များ ပျက်သုဉ်းသွားရသည်။

ခုခံခဲ့ကြသော ဧကရာဇ်များသည်လည်း အပြင်းအထန် တိုက်ခိုက်ခံရပြီး ဆယ်ပါးထက်မက ခဏချင်း ကြွေလွင့်သွားကြ၏။

ဆုံးရှုံးမှုမှာ အလွန်ပင် ကြီးမားသည်။

အင်မော်တယ်ခုံရုံးဘက်တွင်...

ပုံရိပ်အချို့က လေထဲမှာ ရပ်ကြည့်နေကြသည်။

သူတို့၏ မျက်နှာများမှာမူ လျစ်လျူရှုမှုများဖြင့် ပြည့်နှက်နေ၏။

၎င်းအင်မော်တယ်နယ်မြေများမှာ သူတို့ အင်မော်တယ်ခုံရုံး၏ နယ်မြေမဟုတ်သဖြင့် ဘာမျှ ထူးခြားနေခြင်း မရှိပေ။

"မျှော်လင့်ထားတဲ့အတိုင်းပဲ၊ ယဇ်ဆရာသခင် ဆင်းသက်လာတာနဲ့ အခြေအနေအားလုံးက ပြောင်းလဲသွားပြီ။ ဒါက နှိုင်းယှဉ်လို့မရတဲ့ စွမ်းအားပဲ"

ဖူရှီမျိုးရိုးမှ ဧကရာဇ်က ပြောလိုက်သည်။

"နတ်ဘုရားအဆင့်နဲ့ နီးစပ်တဲ့ တည်ရှိမှု သုံးခု... သူတို့က ကောင်းကင်ကိုးပါး တားမြစ်နယ်မြေရဲ့ ယဇ်ဆရာသခင်တွေ ဖြစ်လာကြတာ မဆန်းပါဘူး"

ရှင်းထျန်းမျိုးရိုးမှ ဧကရာဇ်တစ်ပါး၏ မျက်ဝန်းထဲမှာမူ စိုးရိမ်မှုများ ရှိနေပေသည်။

ကံကောင်းထောက်မစွာဖြင့် သူတို့၏ အင်မော်တယ်ခုံရုံးက ဝင်မပါခဲ့သဖြင့်သာ အခုလို ဘေးကင်းနေခြင်း ဖြစ်သည်။

နတ်ဘုရားအဆင့်နှင့် နီးစပ်ခြင်း ဆိုသည်မှာ အဘယ်နည်း။

တည်ရှိမှုတစ်ခုက ဒဏ္ဍာရီလာအဆင့်သို့ ချဉ်းကပ်လာသောအခါ ၎င်းကို နတ်ဘုရားအဆင့်နှင့် နီးစပ်သည်ဟု ခေါ်သည်။

ထိုကဲ့သို့သော တည်ရှိမှုမျိုးမှာ ဒဏ္ဍာရီလာ ဧကရာဇ်(နတ်ဘုရားဧကရာဇ်)နှင့် အနည်းငယ် ကွာခြားသော်လည်း သိပ်မဝေးတော့ပေ။

ထို့ကြောင့်ပင် နတ်ဘုရားအဆင့်နှင့် နီးစပ်သည်ဟု သတ်မှတ်ခြင်း ဖြစ်သည်။

သို့သော်လည်း နတ်ဘုရားနှင့် နီးစပ်သော အဆင့်မှာ သာမန်ဧကရာဇ်ထက် အဆပေါင်းများစွာ ပို၍ စွမ်းအားကြီးမားသည်။

အထွတ်အထိပ်ဧကရာဇ်ပင်လျှင် သူတို့ကို ယှဉ်နိုင်စွမ်း မရှိပေ။

"ဟားဟားဟား... ယဇ်ဆရာသခင်တစ်ယောက်ကတော့ ရွှမ်ထျန်းအင်မော်တယ်နယ်မြေကြီးကို ဆင်းသက်တော့မယ်"

"ပွဲကောင်းကြည့်ရတော့မှာပဲ၊ ဆက်ပြီး စောင့်ကြည့်ကြရအောင်"

...........

ယခုအချိန်တွင်၊ အင်မော်တယ်နယ်မြေတစ်ခုလုံး၏ စစ်တလင်းတွင်...

အပြင်းထန်ဆုံး တိုက်ပွဲများ ဖြစ်ပွားနေသည့် နေရာမှာ ရွှမ်ထျန်း အင်မော်တယ်နယ်မြေနှင့် ပျက်စီးခြင်းကောင်းကင် အင်မော်တယ်နယ်မြေများ ဖြစ်ကြသည်။

ဤနယ်မြေနှစ်ခုက ကပ်လျက်ရှိသဖြင့် တိုက်ပွဲတစ်ခုတည်းဟုပင် သတ်မှတ်နိုင်ပေသည်။

ထို့ပြင် ဤသည်မှာ ကျွင်းမိသားစု၏ အဓိက စစ်မျက်နှာလည်း ဖြစ်သည်။

ယဇ်ဆရာသခင် သုံးဦး မပေါ်လာမီက ကျွင်းလင်ရှောင်း၊ ကျွင်းထိုက်ဟွမ်၊ ကျွင်းရှန်းယွီတို့ ဦးဆောင်သော ကျွင်းမိသားစု၏ ထိပ်တန်းပညာရှင်များသည် တားမြစ်နယ်မြေမှ ဧကရာဇ်များကို အပြည့်အဝ ဖိနှိပ်ထားနိုင်ခဲ့သည်။

အင်မော်တယ်နှင့် နတ်ဆိုးသူတော်စင်များ၊ သားရဲဂူမှ မိစ္ဆာသားရဲ ဧကရာဇ်များ၊ ကျောက်ဧကရာဇ်နှင့် အမှောင်မြင့်မြတ်ဝိညာဉ်တို့မှာပင် ခက်ခဲစွာ တောင့်ခံနေရပြီး အချို့ဆိုလျှင် ပြင်းထန်စွာ ဒဏ်ရာရနေကြပြီ။

သို့သော်လည်း ယခုမူ...

ယဇ်ဆရာသခင် သုံးဦးထဲမှ တစ်ဦးဖြစ်သော မြင့်မြတ်ဝိညာဉ်ဘိုးဘေးသည် ရွှမ်ထျန်းအင်မော်တယ်နယ်မြေသို့ ဆင်းသက်လာခဲ့ပြီ ဖြစ်သည်။

အကြောင်းမှာ ကျွင်းရှောင်ယောက်နှင့် မြင့်မြတ်ဝိညာဉ်အပျက်အယွင်းတို့အကြား ရန်ငြိုးက အလွန်နက်ရှိုင်းလှသောကြောင့်ပင်။

ကျွင်းရှောင်ယောက်မှာ လွမ်ကုဧကရာဇ်၏ ဆက်ခံသူ ဖြစ်သည်။

လွမ်ကုဧကရာဇ်သည် ယခင်က မြင့်မြတ်ဝိညာဉ်အပျက်အယွင်းကို နာကျင်ဖွယ် သင်ခန်းစာတစ်ခု ပေးခဲ့ဖူး၏။

ယခုတော့ ရန်ငြိုးဟောင်းနှင့် ရန်ငြိုးသစ်များ ပေါင်းစပ်ကာ ပြန်ပေးဆပ်စေရန် အချိန်ကျလာပြီ။

မြင့်မြတ်ဝိညာဥ်ဘိုးဘေး အနေဖြင့် ရန်သူဆိုသည်ကို ဂရုမစိုက်သော်လည်း...

ဤနေရာတွင် အစွမ်းထက်ဆုံးသူများ ရှိနေသဖြင့် ယဇ်ပစ္စည်းကောင်းများကို ရိတ်သိမ်းရန် ရောက်ရှိလာခြင်း ဖြစ်သည်။

သူ၏ မျက်လုံးထဲတွင် ကျွင်းမိသားစုက ယဇ်ပူဇော်ရန် အဆီတစ်ထပ် အသားတစ်ထပ်ဖြင့် ဆူဖြိုးသော အမဲတစ်ကောင်ကဲ့သို့ပင်။

သူက မြင့်မြတ်ဝိညာဉ် ကောင်းကင်ဧကရာဇ်တောင်ဝှေးကို ကိုင်ဆောင်ကာ ခြေတစ်လှမ်းဖြင့် ကြယ်မြစ်ကို ဖြတ်ကျော်လာခဲ့သည်။

သူ၏ ခြေလှမ်းတစ်ချက်အောက်တွင် ဟင်းလင်းပြင်များမှာ အက်ကြောင်းပြည့်သွားရ၏။

"မြင့်မြတ်ဝိညာဥ်ဘိုးဘေး"

အမှောင်မြင့်မြတ်ဝိညာဉ်နှင့်‌ ကျောက်ဧကရာဇ်တို့က အံ့သြဝမ်းသာစွာဖြင့် နှုတ်ဆက်လိုက်ကြသည်။

သို့သော်လည်း မြင့်မြတ်ဝိညာဥ်ဘိုးဘေးက သူတို့ကို ဂရုမစိုက်ပေ။

သူက ကျွင်းလင်ရှောင်းတို့ အုပ်စုကိုသာ ကြည့်လိုက်သည်။

ထိုအကြည့်မှာ အရာခပ်သိမ်းကို နွား၊ ဆိတ်များကဲ့သို့ သဘောထားသော ခံစားချက်မဲ့သည့် ကောင်းကင်ဘုံ၏ အကြည့်မျိုးပင်။

နောက်ဆုံးတွင်၊ သူ့အကြည့်က ကျွင်းရှောင်ယောက်ထံသို့ ကျရောက်သွားသည်။

ချက်ချင်းပင် ကျွင်းရှောင်ယောက်သည် ကောင်းကင်ဘုံ၏ ဖိအားကဲ့သို့ အားကောင်းသော ဖိအားတစ်ခုကို ခံစားလိုက်ရတော့သည်။

ထိုအကြည့်တစ်ချက်တည်းနှင့်ပင် သူ၏ တာအိုနှလုံးသားမှာ ပြိုကွဲလုမတတ် ဖြစ်သွားရသည်။

ကျွင်းရှောင်ယောက်၏ မျက်ဝန်းထဲတွင် အေးစက်မှုများ ပြည့်နှက်လာသည်။

သူ့ခန္ဓာကိုယ်အတွင်းရှိ သွေးများက ဆူပွက်လာပြီး ဤဖိအားကို ခုခံနေသည်ကို ခံစားရ၏။

ကျန်းစန်းယီ၊ ကျန်းလော့လီနှင့် ယွမ်ချယ်တို့မှာလည်း သူ၏အနားတွင် ရပ်လျက် ဝိုင်းဝန်းခုခံပေးကြသည်။

ကျန်းစန်းယီက ‌သန္တောစွမ်းအင် တာအိုသန္ဓေ အရှိန်အဝါတို့ကို ထုတ်လွှတ်လိုက်သည်။

ကျန်းလော့လီက ရှေးဦးဝိညာဉ် အင်မော်တယ်ခန္ဓာစွမ်းအားကို အသက်သွင်း၏။

ယွမ်ချယ်မှာလည်း ဧကရာဇ်သွေးမျိုးဆက် စွမ်းအားများဖြင့် အနှိုင်းမဲ့ အရှိန်အဝါကို ထုတ်လွှတ်လာသည်။

"ဟင်"

ခံစားချက်မဲ့နေသော မြင့်မြတ်ဝိညာဥ်ဘိုးဘေးမှာပင် အနည်းငယ် အံ့သြသွားတော့သည်။

သူက ပုရွက်ဆိတ်မျှသာဟု ယူဆထားသော ဤလူငယ်တစ်စုတွင် အံ့သြဖွယ် အရည်အချင်းများ ရှိနေကြသည်။

မြင့်မြတ်ခန္ဓာတာအိုသန္ဓေ၊ ကစဉ့်ကလျားခန္ဓာ၊ ရှေးဦးဝိညာဉ်အင်မော်တယ်ခန္ဓာ၊ သန္တောစွမ်းအင် တာအိုသန္ဓေနှင့် ဧကရာဇ်သွေးမျိုးဆက်...

သူတို့ထဲတွင် မည်သူတစ်ဦးတစ်ယောက်မျှ ရိုးရှင်းသူ မပါချေ။

အကယ်၍ ဤလူစုကို အပြည့်အဝ ကြီးထွားခွင့်ပေးလိုက်ပါက... နောင်တွင် ယဇ်ဆရာသခင်များကိုပင် ခေါင်းခဲစေမည့်သူများ ဖြစ်လာနိုင်သည်။

"ဟမ့်"

ထိုစဉ် အေးစက်သော နှာခေါင်းရှုံ့သံတစ်ခု ထွက်ပေါ်လာသည်။

စိမ်းပြာရောင် ဓားအလင်းတစ်ခုက ကောင်းကင်ယံကို ဖြတ်သန်းသွားပြီး မြင့်မြတ်ဘိုးဘေး၏ အကြည့်ကို ဖြတ်တောက်လိုက်၏။

သို့သော်လည်း မြင့်မြတ်ဝိညာဥ်ဘိုးဘေးမှာ လှုပ်ပင်မလှုပ်ချေ။

တောက်ပသော အင်မော်တယ်ဝတ်ရုံတစ်ခုက သူ့ရှေ့တွင် ပေါ်လာပြီး တိုက်ခိုက်မှုကို ဟန့်တားလိုက်သည်။

၎င်းမှာ မြင့်မြတ်ဝိညာဥ်ဘိုးဘေး၏ ကျန်ရှိသော အစိတ်အပိုင်းများကို အင်မော်တယ်သတ္တုများနှင့် ပေါင်းစပ်ကာ သန့်စင်ထားသော မြင့်မြတ်ဝိညာဉ်ဝတ်ရုံပင် ဖြစ်သည်။

"မြင့်မြတ်ဝိညာဥ်ဘိုးဘေး... မင်းက ငါ့မျိုးနွယ်ရဲ့ နတ်ဘုရားသားတော်ကို ဒီလို ကြည့်ဝံ့တယ်လား။ သေချင်နေတာလား"

ကျွင်းလင်ရှောင်းက ချင်းရွှမ်ဓားကို ကိုင်ဆောင်ကာ ကျွင်းရှောင်ယောက်တို့၏ ရှေ့တွင် ရပ်တည်လိုက်သည်။

ဒုတိယဘိုးဘေးသည် ကျွင်းရှောင်ယောက်နှင့် ပထမဆုံးအကြိမ် တွေ့ဆုံခြင်း ဖြစ်သော်လည်း...

ကျွင်းရှောင်ယောက်က ကျွင်းမိသားစု၏ အနာဂတ်မဏ္ဍိုင်ဖြစ်ကြောင်း သူ ကောင်းကောင်းသိသည်။

ကျွင်းမိသားစုရှိ မည်သူမဆို သေဆုံးနိုင်သော်လည်း သူတို့၏ မျှော်လင့်ချက်ဖြစ်သော ကျွင်းရှောင်ယောက်မှာမူ အသေခံ၍ မရပေ။

"ဒုတိယဘိုးဘေး..."

ကျွင်းရှောင်ယောက်၏ စိတ်ထဲတွင် အနည်းငယ် လှုပ်ခတ်သွားသည်။

သူသည် အဘယ်ကြောင့် မိသားစုကို ဤမျှအလေးထားရသနည်း။

အကြောင်းမှာ၊ ဤမိသားစုသည်လည်း သူ့ကို အလွန်တရာ အလေးထားသောကြောင့် ဖြစ်သည်။

အာဏာနှင့် အကျိုးအမြတ်အတွက် အချင်းချင်း တိုက်ခိုက်နေသော အခြားမိသားစုများနှင့် မတူဘဲ ကျွင်းမိသားစုတွင် သူက အိမ်၏ လုံခြုံမှုနှင့် နွေးထွေးမှုကို အမှန်တကယ် ခံစားရပေသည်။

ထို့ကြောင့် သူသည် မည်သည့်တန်ကြေးကို ပေးဆပ်ရသည်ဖြစ်စေ၊ ဤမိသားစုကို ကာကွယ်သွားမည် ဖြစ်သည်။

ကျွင်းရှောင်ယောက်၏ မျက်ဝန်းထဲတွင် ပြတ်သားမှုများ ပေါ်ထွက်လာစဉ်မှာပင်...

သူ၏ သွေးမျိုးဆက်ထဲမှ လှုပ်ခတ်သွားသော ခံစားချက်ကို တစ်ဖန် ခံစားလိုက်ရပြန်သည်။

ထို့ပြင် ဤတစ်ကြိမ် ခံစားချက်က ယခင်အကြိမ်ထက်ပင် ပို၍ ပြင်းထန်လာတော့သည်။

All Chapters