အခန်း ၁၅၃၉
Vol. 107 Ch. 1539
အခန်း ( ၁၅၃၉ ) ဒီအချစ်ကို အမှတ်ရနေပါစေ။
တုကူးဓားနတ်ဘုရားနှင့် ခွန်းလွန်းကောင်းကင်အရှင်ဟူသော အစွမ်းထက်ပုဂ္ဂိုလ်နှစ်ဦး ပေါ်ထွက်လာမှုကြောင့် အင်မော်တယ်နယ်မြေဘက်မှာ အားသစ်လောင်းပေးလိုက်သကဲ့သို့ ခံစားလိုက်ရသည်။
သို့သော် ထိုမျှနှင့် မပြီးသေးပေ။
အစောပိုင်းက ရုတ်တရက် ထွက်ခွာသွားခဲ့သော ယွမ်ချယ် မှာ ပြန်လည်ရောက်ရှိလာသည်။
သူမ၏ မျက်နှာသွင်ပြင်မှာ အနှိုင်းမဲ့လှပပြီးဖြစ်သော်လည်း...
ယခုအခါ သူမထံမှ ထွက်ပေါ်နေသော အရှိန်အဝါက ပြောမပြနိုင်အောင် ပြည့်စုံလွန်းလှသည်။
၎င်းမှာ အပြစ်အနာအဆာရှိသော ကျောက်စိမ်းတစ်ခုကို အကောင်းပကတိအတိုင်း ပြန်လည်ပြုပြင်လိုက်သကဲ့သို့ပင်။
"သူက ဘာဖြစ်လို့ ပြန်လာတာလဲ"
ကျန်းလော့လီနှင့် အခြားသူများမှာ ဇဝေဇဝါ ဖြစ်သွားကြသည်။
ကျွင်းရှောင်ယောက်၏ အကြည့်မှာလည်း ယွမ်ချယ် ထံသို့ ကျရောက်သွား၏။
ရုတ်တရက်၊ သူ၏ မျက်ဝန်းများမှာ အံ့အားသင့်မှုတို့ ပေါ်လာခဲ့ရသည်။
အကြောင်းမှာ ယွမ်ချယ်၏ မျက်ဝန်းများထဲတွင် မျက်ရည်စများ ပြည့်လျှံနေသည်ကို မြင်လိုက်ရသောကြောင့်ပင်။
"ယွမ်ချယ်... မင်း ဘာဖြစ်လို့လဲ"
ကျွင်းရှောင်ယောက်က မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။
"ရှောင်ယောက်..."
ယွမ်ချယ်က ရုတ်တရက် ခေါ်လိုက်သည်။
သူမ၏ မျက်ဝန်းများထဲတွင် နက်ရှိုင်းသော သံယောဇဉ်များ ပြည့်နှက်လျက်ရှိ၏။
ကျွင်းရှောင်ယောက်ကို ပဟေဠိဖြစ်စေသည်မှာ ထိုအကြည့်က ယွမ်ချယ်ကိုယ်တိုင်၏ အကြည့်နှင့် မတူဘဲ တစ်စုံတစ်ဦးနှင့် ဆင်တူနေခြင်းပင်။
"အရင်က ကျွန်မ ရှင်နဲ့အတူ ဘဝပေါင်းတစ်ရာ သံသရာထဲမှာ ပါဝင်ခဲ့ဖူးတယ်။ အစကတော့ အဲဒါကို ကျွန်မရဲ့ ကပ်ဆိုးတစ်ခုလို့ ထင်ခဲ့တာပါ... ဒါပေမဲ့ နောက်မှ သိလိုက်ရတာ အဲဒါဟာ ကျွန်မရဲ့ ကံကြမ္မာ ဆိုတာကိုပဲ။ ကျွန်မရဲ့ အတောက်ပဆုံးအချိန်မှာ ရှင့်ကို တွေ့ဆုံခွင့်ရတာက ကျွန်မအတွက် ကံကောင်းခြင်းတစ်ခုပါပဲ။ အခုတော့ ဒါဟာ ရှင့်အတွက် ကျွန်မ နောက်ဆုံးလုပ်ပေးနိုင်တဲ့ အရာပဲ။ နောက်ဆိုရင်လည်း ကျွန်မ ဒီနေရာမှာပဲ ရှိနေမှာပါ... ဒါပေမဲ့ မတူညီတဲ့ ပုံစံတစ်မျိုးနဲ့ပေါ့..."
သူက တိုးတိုးလေး ရေရွတ်လိုက်လေသည်။
ကျွင်းရှောင်ယောက်၏ အမူအရာမှာ အေးခဲသွားသည်။
"လင်ယွမ်ပဲလား"
"ဒါဆိုရင် မင်း..."
ကျွင်းရှောင်ယောက် အရာအားလုံးကို ချက်ချင်း နားလည်သွားသည်။
ယွမ်ချယ်က ပြုံးလိုက်၏။
သို့သော်လည်း သူမ၏ မျက်ဝန်းတွင် မျက်ရည်တစ်စ စီးကျလာခဲ့လေသည်။
ထိုမျက်ရည်မှာ သူမကိုယ်တိုင်၏ မျက်ရည်လား သို့မဟုတ် အခြားသူတစ်ဦး၏ မျက်ရည်လားဆိုသည်မှာ မသဲကွဲပေ။
"ဟုတ်ပါတယ်... လင်ယွမ်က ကျွန်မဆီကို ပြန်လာဖို့ ဆန္ဒရှိခဲ့တယ်။ ဒီလိုမှသာ ဖူရှီမြင့်မြတ်ခန္ဓာနဲ့ နွီဝါးမြင့်မြတ်ခန္ဓာတို့ ပေါင်းစပ်နိုင်မှာဖြစ်ပြီး ကျွန်မရဲ့ ဝိညာဉ်ကလည်း ပြည့်စုံသွားလိမ့်မယ်။ ဧကရာဇ်နှစ်ပါးခန္ဓာ အဖြစ် ပြောင်းလဲနိုင်မှသာ ကျွန်မရဲ့ သွေးမျိုးဆက်ထဲမှာ အဖေချန်ထားခဲ့တဲ့ နောက်ဆုံးဝှက်ဖဲကို အပြည့်အဝ ထုတ်သုံးနိုင်မှာပါ။ အဲဒီလိုမှပဲ ရှောင်ယောက်ကို ကျွန်မ ကူညီနိုင်လိမ့်မယ်"
ကျွင်းရှောင်ယောက်က တိတ်ဆိတ်သွားသည်။
ကောင်းကင်ယံတွင် စစ်ပွဲများ ပြင်းထန်နေသော်လည်း သူ့နားထဲမှာတော့ ဘာကိုမှ မကြားရတော့သကဲ့သို့ပင်။
လင်ယွမ်၏ ဝိညာဉ်က ယွမ်ချယ် ထံသို့ ပြန်သွားခဲ့ပြီ။
ယခင်က နတ်သမီးယွမ်သည် လင်ယွမ်ထံသို့ ပြန်သွားခဲ့သလိုပင်။
ကံကြမ္မာက အမှန်တကယ် တစ်ပတ်လည်ခဲ့ပြီ ဖြစ်သည်။
"ဒါပေမဲ့ သူက ဘာဖြစ်လို့ ဘာမှမပြောသွားတာလဲ။ အနည်းဆုံးတော့ နှုတ်မဆက်သွားဘူးလေ"
ကျွင်းရှောင်ယောက်က မေးလိုက်သည်။
"ဘာလို့လဲဆိုတော့ သူ ကြောက်လို့ပေါ့... ရှင့်ကို နှုတ်ဆက်ပြီးရင် ရှင့်ကို ထားခဲ့တဲ့အထိ သူ မရက်စက်နိုင်မှာကို သူ ကြောက်နေတာ"
ယွမ်ချယ်က မျက်ရည်များကြားမှ ပြုံးရင်း ဝမ်းနည်းစွာ ပြောလိုက်သည်။
ကျွင်းရှောင်ယောက် ဘာမှပြန်မပြောနိုင်တော့ပေ။
စေ့စပ်ပွဲမှာ လင်ယွမ် ပြသခဲ့သည့် ထူးဆန်းသော အမူအရာနှင့် သူမ ပြောခဲ့သည့် စကားတစ်ခွန်းကို သူ ပြန်လည်အမှတ်ရလိုက်သည်။
"ရှောင်ယောက်... နောင်နှစ်တွေမှာ ရှင်က 'လင်ယွမ်' ဆိုတဲ့ မိန်းကလေးတစ်ယောက်ကို တစ်ခါတလေ အမှတ်ရနေဖို့ပဲ ကျွန်မ မျှော်လင့်ပါတယ်"
အမှန်အတိုင်းဆိုလျှင် လင်ယွမ်က သေဆုံးသွားခြင်း မဟုတ်ပေ။
သူမသည် မူလကတည်းက ယွမ်ချယ်၏ ဝိညာဉ်အစိတ်အပိုင်းတစ်ခုဖြစ်သဖြင့် ယခု ပြန်လည်ပေါင်းစပ်ခြင်းမှာ ကျိုးကြောင်းဆီလျော်သည်။
ယခင်က နတ်သမီးယွမ်သည်လည်း ထိုကဲ့သို့ပင်။
သို့သော်လည်း ကျွင်းရှောင်ယောက်၏ ရင်ထဲတွင်တော့ ထူးဆန်းသော ခံစားချက်တစ်ခု ရှိနေသည်။
အူတိုတတ်သော ကျန်းလော့လီပင်လျှင် ဤအချိန်တွင် စကားတစ်လုံးမျှ မပြောပေ။
မရနိုင်သောသူကိုမှ ချစ်မိသွားသည့် ခံစားချက်ကို သူမ နားလည်သည်။
ကျန်းစန်းယီသည်လည်း ဘာမျှမပြောဘဲ မျက်လွှာချထားလေသည်။
လင်ယွမ်မှာ အမှန်တကယ် သနားစရာကောင်းသော အမျိုးသမီးတစ်ဦး ဖြစ်သည်။
ယွမ်ချယ်က ရှေ့သို့တိုးလာပြီး ကျွင်းရှောင်ယောက်၏ ပါးပြင်ပေါ်သို့ လက်ဝါးတစ်ဖက် တင်လိုက်သည်။
"ရှောင်ယောက်... ရှင့်ကို ဝမ်းမနည်းစေချင်ဘူး"
ဤစကားမှာ ယွမ်ချယ်က ပြောလိုက်ခြင်းလား သို့မဟုတ် လင်ယွမ်မှ ပြောလိုက်ခြင်းလား မသဲကွဲပေ။
ကျွင်းရှောင်ယောက်က သက်ပြင်းအရှည်ကြီး တစ်ချက်ချလိုက်သည်။
သူသည် လင်ယွမ်အပေါ် အမှန်တကယ်ပင် အကြွေးတင်ခဲ့ပြီဖြစ်ကြောင်း ဝန်ခံရမည်။
"ရှောင်ယောက်... ကျွန်မ ရှင့်ကို ကူညီပေးပါမယ်၊ ကတိပေးတယ်"
ယွမ်ချယ်၏ အကြည့်မှာ ပြတ်သားသည်။
၎င်းမှာ လင်ယွမ်၏ ခံစားချက်များလည်း ဖြစ်နိုင်ပေသည်။
ထိုထဲတွင် နတ်သမီးယွမ်၏ ဆန္ဒများလည်း ပါဝင်နေသည်။
ကျွင်းရှောင်ယောက်အပေါ် သံယောဇဉ်ရှိခဲ့ကြသော ဤအမျိုးသမီးသုံးဦးစလုံး၏ ဆန္ဒများမှာ ယွမ်ချယ်အဖြစ် ပေါင်းစည်းသွားခဲ့ပြီ ဖြစ်သည်။
သူက ကျွင်းရှောင်ယောက်ကို နက်ရှိုင်းသော သံယောဇဉ်များဖြင့် ကြည့်လိုက်ပြီးနောက် ကောင်းကင်ယံသို့ လှမ်းတက်သွားသည်။
သူမ လှမ်းလိုက်သည့် ခြေလှမ်းတိုင်းတွင် သူမ၏ နုနယ်သော ခန္ဓာကိုယ်အတွင်းမှ အားကောင်းသော စွမ်းအားများ ပေါက်ကွဲထွက်လာခဲ့၏။
အစွမ်းထက်သော ဧကရာဇ်၏ သွေးမျိုးဆက်မှာ အပြည့်အဝ နိုးထလာခဲ့ပြီ။
ယခုအခါ ယွမ်ချယ်က ဖူရှီမြင့်မြတ်ခန္ဓာနှင့် နွီဝါးမြင့်မြတ်ခန္ဓာတို့ကို ပေါင်းစပ်ပြီး မကြုံစဖူးသော ဧကရာဇ်နှစ်ပါးခန္ဓာကို ပိုင်ဆိုင်သွားပြီ ဖြစ်သည်။
ဤထူးခြားသော ခန္ဓာကိုယ်မှာ သမိုင်းတစ်လျှောက် အစွမ်းထက်ဆုံးသော ခန္ဓာကိုယ်များထဲတွင် ပါဝင်ရန် လုံလောက်ပေသည်။
ထို့ပြင် သူမ၏ ခန္ဓာကိုယ်အတွင်းရှိ ကြီးမားသော အပြစ်စွမ်းအားများကိုလည်း ကျွင်းရှောင်ယောက်က စုပ်ယူသန့်စင်ပေးခဲ့ပြီး ဖြစ်သည်။
ထို့ကြောင့် ယခုအခါ သူက မည်သည့်ဝန်ထုပ်ဝန်ပိုးမျှ မရှိတော့ပေ။
ယခင်က သူမ၏ ဧကရာဇ်သွေးမျိုးဆက် အများစုမှာ ထိုအပြစ်စွမ်းအားများကို ဖိနှိပ်ရန် အသုံးပြုခဲ့ရသည်။
ယခုမူ သူက ဧကရာဇ်သွေးမျိုးဆက်၏ စွမ်းအားကို အပြည့်အဝ ထုတ်ဖော်နိုင်ချေပြီ။
သူ၏ဖခင်ဖြစ်သူ တုန်ဟွဧကရာဇ်က သူ့သမီးတော် အလွန်အမင်း ချစ်မြတ်နိုးခဲ့သည်။
သူမ၏ သွေးမျိုးဆက်ထဲတွင် အသက်ဘေးမှ လွတ်မြောက်ရန် နောက်ဆုံးဝှက်ဖဲတစ်ခုကို ချန်ထားခဲ့၏။
၎င်းက ယွမ်ချယ်တစ်ဦးသာသိသော လျှို့ဝှက်ချက်တစ်ခု ဖြစ်သည်။
ယွမ်ချယ်က ကောင်းကင်ယံသို့ လှမ်းတက်သွားသည်နှင့်အမျှ...
သူမ၏ ခန္ဓာကိုယ်အတွင်းမှ ဧကရာဇ်သွေးမျိုးဆက် အရှိန်အဝါမှာ ပိုမိုအားကောင်းစွာ ထွက်ပေါ်လာသည်။
ထိုအရှိန်အဝါမှာ မြင့်မြတ်ဝိညာဉ်ဘိုးဘေး၏ အာရုံကိုပင် ဖမ်းစားနိုင်ခဲ့ပေသည်။
"ဒါက..."
မြင့်မြတ်ဝိညာဉ်ဘိုးဘေး၏ မျက်လုံးအိမ်များ ကျဉ်းမြောင်းသွားသည်။
သူသည် သိမ်မွေ့သော်လည်း နက်ရှိုင်းသော အန္တရာယ်တစ်ခုကို ခံစားလိုက်ရ၏။
လှပလွန်းသော မျက်နှာပိုင်ရှင် ယွမ်ချယ်က သွေးသံရဲရဲနှင့် မီးတောက်များ ပြည့်နှက်နေသော စစ်တလင်းအတွင်းသို့ တစ်လှမ်းချင်း လျှောက်လှမ်းဝင်ရောက်လာတော့သည်။
သူမ၏ လှပသော ကိုယ်ဟန်မှာ ဤရက်စက်ကြမ်းကြုတ်သော စစ်မြေပြင်နှင့် လုံးဝ မအပ်စပ်လှပေ။
သို့သော်လည်း လူတိုင်းက သူ့ကို ချက်ချင်း သတိထားမိသွားကြသည်။
"အဖေ... အဖေ့ရဲ့ ထူးကဲတဲ့ စွမ်းဆောင်ရည်တွေကို သမီး သိပါတယ်"
"အခု သမီး ချစ်ရတဲ့သူကို တွေ့ပြီ၊ ဒါပေမဲ့ သူက အခက်အခဲတွေ အများကြီးနဲ့ ရင်ဆိုင်နေရတယ်။ သမီးတို့ကို အဖေကူညီပေးဖို့ မျှော်လင့်ပါတယ်"
ယွမ်ချယ်က သူမဘာသာ တိုးတိုးလေး ရေရွတ်လိုက်လေသည်။
သူက ဧကရာဇ်သွေးမျိုးဆက်ကို အပြည့်အဝ နိုးထစေလိုက်ပြီ ဖြစ်သည်။
၎င်းမှာ သူမ၏ ဆန္ဒတစ်ခုတည်း မဟုတ်ပေ။
လင်ယွမ်၏ ဆန္ဒအပြင် နတ်သမီးယွမ်၏ ဆန္ဒလည်း ပါဝင်သည်။
ကျွင်းရှောင်ယောက်မှာ သူမနှင့် စေ့စပ်ထားခြင်း မရှိသလို မည်သည့်ကတိမျှလည်း မပေးခဲ့သော်လည်း...
ဤအမျိုးသမီးသုံးဦး၏ ခံစားချက်များက ကျွင်းရှောင်ယောက်နှင့် တင်းကျပ်စွာ ချည်နှောင်ထားပြီးပြီ။
ကျွင်းရှောင်ယောက်ကို ဤအခက်အခဲအား ကျော်ဖြတ်နိုင်ရန် သူတတ်နိုင်သမျှ အရာအားလုံး လုပ်ဆောင်ပေးရန် ဆန္ဒရှိသည်။
ထိုအခိုက်အတန့်တွင် ကောင်းကင်နှင့် မြေပြင် အသံအားလုံးမှာ ပျောက်ကွယ်သွားသကဲ့သို့ ဖြစ်သွားသည်။
ထို့နောက်မှာတော့ ခံစားချက်အမျိုးမျိုး ပါဝင်နေသည့် သက်ပြင်းချသံသဲ့သဲ့တစ်ခု ထွက်ပေါ်လာတော့သည်။
"ဟင်း... ငါ့ရဲ့ မိုက်မဲလိုက်တဲ့ သမီးလေးရယ်"
ရုတ်တရက်၊ ယွမ်ချယ်၏ နောက်ကျောတွင် ဝေဝါးသော ပုံရိပ်တစ်ခု ပေါ်ထွက်လာခဲ့သည်။
ထိုပုံရိပ်မှာ အလွန်ပင် ထူးခြားပြီး ဟင်းလင်းပြင် အလွှာအထပ်ထပ်၏ နက်ရှိုင်းသော နေရာတွင် ရပ်နေသကဲ့သို့ပင်။
သူဂာ ဤခေတ်နှင့် မသက်ဆိုင်သော နတ်ဘုရားတစ်ပါးကဲ့သို့ ဤနေရာသို့ ဆင်းသက်လာခဲ့ခြင်း ဖြစ်သည်။
သူ၏ ပေါ်ထွန်းမှုက အချိန်မြစ်ကို ပုံပျက်သွားစေကာ ခေတ်ကာလများကို ကမောက်ကမ ဖြစ်စေခဲ့၏။
ယွမ်ချယ်၏ သွေးမျိုးဆက်ထဲတွင် ဝှက်ထားသော ထိုစွမ်းအားမှာ ဤလောကသို့ ထွက်ပေါ်လာခဲ့ပြီ။
ထိုပုဂ္ဂိုလ်မှာ အခြားမဟုတ်ဘဲ ရှေးဟောင်းအင်မော်တယ်ခုံရုံး၏ အရှင်သခင်... တုန်ဟွဧကရာဇ်ပင် ဖြစ်သည်။
"ဧကရာဇ်အရှင်"
ဤအခိုက်အတန့်တွင် ရှေးဟောင်းအင်မော်တယ်ခုံရုံးမှ အစွမ်းထက်ပုဂ္ဂိုလ်များ အားလုံးက တစ်စုံတစ်ခုကို ခံစားလိုက်ရပြီး သူတို့၏ နှလုံးသားများမှာ တုန်ခါသွားကြသည်။
ရှေးဟောင်းအင်မော်တယ်ခုံရုံး၏ ဧကရာဇ်လေးပါးက ပို၍ပင် အံ့အားသင့်သွားကြ၏။
သူတို့၏ မျက်ဝန်းများတွင် ရိုသေလေးစားမှုများ ပြည့်နှက်သွားတော့သည်။
ရှေးဟောင်းအင်မော်တယ်ခုံရုံး၏ နောက်ဆုံးဧကရာဇ်မှာ အလွန်အစွမ်းထက်သဖြင့် ကောင်းကင်ကိုးပါးနှင့် မြေကမ္ဘာတစ်ခွင်လုံးက သူ့ကို ဦးညွတ်ခဲ့ရသည်။
ယခုအခါ သူ၏သမီးဖြစ်သူ ယွမ်ချယ် ၏ သွေးမျိုးဆက်မှတစ်ဆင့် သူ၏ အစစ်အမှန်ဝိညာဉ်မှာ ဤလောကတွင် ပေါ်ထွန်းလာခဲ့ပြီ။
"ဒါ ရှေးဟောင်းအင်မော်တယ်ခုံရုံးရဲ့ ဧကရာဇ်ကြီးပဲ။ ကျုပ်တို့ ကယ်တင်ခြင်း ခံရပြီဟေ့"
အင်မော်တယ်နယ်မြေကြီးမှ သက်ရှိများအားလုံး ချက်ချင်းပင် အရိုအသေ ပေးလိုက်ကြသည်။
ဤခေတ်၏ အဓိပတိအင်မော်တယ်ခုံရုံးနှင့် မတူဘဲ ရှေးဟောင်းအင်မော်တယ်ခုံရုံး၏ ဂုဏ်သတင်းနှင့် ဘုန်းတန်ခိုးမှာ လူတို့၏ နှလုံးသားထဲတွင် နက်ရှိုင်းစွာ ကိန်းအောင်းနေသေးသည်။
ရှေးဟောင်းအင်မော်တယ်ခုံရုံး၏ နောက်ဆုံးဧကရာဇ်အနေဖြင့် တုန်ဟွဧကရာဇ်၏ ဂုဏ်သတင်းမှာ အမှန်တကယ်ပင် ထူးခြားသည်။
"အဖေ..."
ယွမ်ချယ်၏ မျက်ဝန်းတွင် မျက်ရည်စများ ဝဲလာသည်။
တုန်ဟွဧကရာဇ်က သူ၏သမီးကို အလွန်အမင်း ချစ်မြတ်နိုးပေသည်။
သူမ၏ အပြစ်စွမ်းအားကို ဖြေရှင်းရန် နည်းလမ်းမျိုးစုံ ရှာဖွေခဲ့ရုံသာမက...
အရေးကြီးသော အချိန်တွင် သူမကို ကာကွယ်ပေးနိုင်ရန် သူ့စွမ်းအားများကို သူမ၏ သွေးမျိုးဆက်ထဲတွင် ချန်ထားပေးခဲ့သည်။
"ခေါင်းမာလိုက်တဲ့ သမီးလေးရယ်... အဖေ မင်းကို ပေးထားတဲ့ ဒီနည်းလမ်းက မင်းကိုယ်မင်း ကာကွယ်ဖို့အတွက်လေ။ တခြားသူကို ကာကွယ်ဖို့ မဟုတ်ဘူး"
တုန်ဟွဧကရာဇ်က အကူအညီမဲ့စွာ သက်ပြင်းတစ်ချက် ချလိုက်သည်။
သူသည် သက်ရှိအပေါင်း၏ အထက်တွင် ရပ်တည်ကာ အဆုံးမဲ့ အချိန်ကာလများကို အပေါ်စီးမှ ကြည့်ရှုနိုင်သူ ဖြစ်သော်လည်း...
ဤအခိုက်အတန့်တွင်မူ သူက သမီးဖြစ်သူကို အလွန်ချစ်မြတ်နိုးသော ဖခင်အိုကြီးတစ်ဦးမျှသာ။
"ဒါက သမီးရဲ့ ဆန္ဒအရ လုပ်ခဲ့တာပါ"
ယွမ်ချယ်က ပြောလိုက်သည်။
တုန်ဟွဧကရာဇ်လည်း သူ၏ အကြည့်ကို ကျွင်းရှောင်ယောက်ထံသို့ လွှဲလိုက်လေသည်။
"မိတ်ဆွေလေး... ငါတို့ ပြန်ဆုံကြပြန်ပြီ"