← Chapters

အခန်း ၁၅၄၂

Vol. 108 Ch. 1542

အခန်း ၁၅၄၂

Vol. 108 Ch. 1542

အခန်း ( ၁၅၄၂ ) စွမ်းအားကြီးသော အိပ်မက်ဧကရာဇ်။

အိပ်မက်ဧကရာဇ်၏ အလှတရားမှာ ဤလောကနှင့် မသက်ဆိုင်သည့်အလား ထင်ရသည်။

သို့သော်လည်း လူတို့ကို အမှန်တကယ် အံ့ဩစေသည်မှာ သူမ၏ အလှအပသက်သက် မဟုတ်ပေ။

သူ၏ ထူးကဲလှသော နည်းလမ်းများနှင့် တိုက်ခိုက်နိုင်စွမ်းများလည်း ပါဝင်သည်။

အိပ်မက်ဧကရာဇ်မှာ ကောင်းကင်ကိုးပါးတွင် အကြမ်းဆုံးပုဂ္ဂိုလ်အဖြစ် လူသိများသည်။

သူတစ်ယောက်တည်းက တားမြစ်နယ်မြေတစ်ခုဖြစ်၍ အိပ်မက်ကမ္ဘာတစ်ခုလုံးကို အုပ်စိုးထား၏။

အိပ်မက်ဧကရာဇ် လှုပ်ရှားလာသည်ကို မြင်သောအခါ အစွမ်းထက်လှသော ယဇ်ဆရာသခင်တစ်ပါးဖြစ်သည့် ဧကရာဇ်ကြွေလွင့် ကောင်းကင်အရှင်ပင်လျှင် လေးနက်မှုများ ပေါ်ပေါက်လာရသည်။

သူတို့မျိုးရိုးက အလွန် ရှေးကျသဖြင့် အိပ်မက်ဧကရာဇ်မှာ ရိုးရှင်းသူမဟုတ်ကြောင်း ကောင်းစွာသိရှိထားပေသည်။

သူမသည် အလွန်အစွမ်းထက်ပြီး ဩဇာကြီးမားသော ပုဂ္ဂိုလ်တစ်ဦးနှင့် ဆက်နွှယ်နေသူ ဖြစ်သည်။

ဧကရာဇ်ကြွေလွင့်ကောင်းကင်အရှင်က အနည်းငယ် လေးနက်သောလေသံဖြင့် ပြောလိုက်သည်။

"အိပ်မက်ဧကရာဇ်... မင်း ဘာဖြစ်လို့ မဆိုင်တဲ့ကိစ္စကို ဝင်ပါချင်နေရတာလဲ။ ဒီ ရေလှိုင်းက မင်းနဲ့ ဘာမှမဆိုင်ဘူး မဟုတ်လား"

ဧကရာဇ်ကြွေလွင့်၏ လေသံနှင့် သဘောထားကြောင့် လူတိုင်းမှာ အံ့ဩသွားကြ၏။

ယဇ်ဆရာသခင် ငါးဦးမှာ နတ်ဘုရားနှင့်နီးစပ်သော ပုဂ္ဂိုလ်များဖြစ်ကြောင်း သိထားကြရမည် ဖြစ်သည်။

ဧကရာဇ်ကြွေလွင့်ကောင်းကင်အရှင်၏ စွမ်းအားမှာ အရာအားလုံးကို ဂရုမစိုက်ဘဲ နေနိုင်ရန် အမှန်တကယ် လုံလောက်သည်ဟု ဆိုနိုင်ပေသည်။

သူသည် အင်မော်တယ်နယ်မြေကြီးသို့ ဆင်းသက်လာသည့် အချိန်မှစ၍ ဘာကိုမှ ဂရုမစိုက်သော နတ်ဘုရားတစ်ပါးကဲ့သို့ နေခဲ့သည်။

ကောင်းကင်ဧကရာဇ်တစ်ပါးက လမ်းပိတ်ထားလျှင်ပင် သူကတော့ ဂရုမစိုက်ဘဲ ခြေတစ်လှမ်းဖြင့် နင်းခြေဖျက်ဆီးပစ်မည့်သူမျိုးပင်။

သို့သော်လည်း ယခုအခါ အိပ်မက်ဧကရာဇ်နှင့် ရင်ဆိုင်ရသောအခါတွင်မူ...

ဧကရာဇ်ကြွေလွင့် ကောင်းကင်အရှင်က အံ့ဩဖွယ်ကောင်းလောက်အောင် ညှိနှိုင်းသောလေသံမျိုးဖြင့် စကားပြောလာသည်။

ဒါက ကြုံတောင့်ကြုံခဲ ဖြစ်ရပ်မျိုးပင်။

သူတို့၏ မျက်လုံးထဲတွင် အရာအားလုံးမှာ ဖုန်မှုန့်များကဲ့သို့သာ ဖြစ်သည်။

သူတို့နှင့် တန်းတူရည်တူ ဆက်ဆံခံရသူမှာ အလွန်နည်းပါး၏။

သို့သော်လည်း ဧကရာဇ်ကြွေလွင့်၏ မေးခွန်းထုတ်မှုအပေါ်...

အိပ်မက်ဧကရာဇ်မှာမူ တိတ်ဆိတ်နေပြီး ဘာမှပြန်မပြောပေ။

သူက တစ်စုံတစ်ခု ရှင်းပြရန်ပင် ပျင်းရိပုံရသည်။

သူမ၏ အပြစ်ပြောစရာမရှိသော ကျောက်စိမ်းလက်ဝါးတစ်ဖက်ဖြင့် အိပ်မက်ဆန်ဆန် ကြယ်မြစ်တစ်ခုကို ဖန်တီးလိုက်ရာ ၎င်းက ဧကရာဇ်ကြွေလွင့်ကောင်းကင်အရှင်ကို ဝန်းရံသွားတော့သည်။

ဧကရာဇ်ကြွေလွင့် ကောင်းကင်အရှင်၏ မျက်နှာတွင် အေးစက်သော အရိပ်အယောင်တစ်ခု ပေါ်လာသည်။

သူသည် အိပ်မက်ဧကရာဇ်အပေါ် အနည်းငယ် သတိထားနေသော်လည်း လုံးဝ ကြောက်ရွံ့နေခြင်းမျိုး မဟုတ်ပေ။

"အိပ်မက်ဧကရာဇ်... မင်း ဘယ်သူ့အတွက် တိုက်ခိုက်နေရတာလဲ။ ငါတို့လို ယဇ်ဆရာသခင်တွေကိုတောင် ဆန့်ကျင်ပြီး ဒီလောက်အထိ အနစ်နာခံရအောင် ဘယ်သူကများ ထိုက်တန်လို့လဲ"

ဧကရာဇ်ကြွေလွင့်ကောင်းကင်အရှင်က အေးစက်စွာ ဟိန်းဟောက်လိုက်သည်။

သူ့ခန္ဓာကိုယ်ပေါ်မှ ဧကရာဇ်ကြွေလွင့် နတ်ဘုရားဝတ်ရုံက နတ်ဘုရားအလင်းတန်းများ ထုတ်လွှတ်လိုက်၏။

၎င်းက ထိုအိပ်မက်ဆန်သော ကြယ်မြစ်ကို ခုခံရန် ဖျက်ဆီးခြင်း ရူပါရုံများအဖြစ် ပြောင်းလဲလိုက်တော့သည်။

သို့သော်လည်း အိပ်မက်ဧကရာဇ်မှာမူ တစ်ခွန်းမှ မဟဘဲ တိတ်ဆိတ်နေဆဲ ဖြစ်သည်။

ဤအချိန်များတစ်လျှောက်တွင် ပတ်ဝန်းကျင်ရှိ လူအများက အတွေးနက်နေကြသည်။

သူတို့သည် ခဏမျှ စဉ်းစားပြီးနောက် ကျွင်းရှောင်ယောက်ထံသို့ တစ်ပြိုင်နက်တည်း လှည့်ကြည့်လိုက်ကြ၏။

သူတို့အားလုံးမှာ တစ်စုံတစ်ခုကို ရုတ်တရက် နားလည်သွားသော အသွင်မျိုးဖြင့် မျက်လုံးများ အရောင်လက်လာကြတော့သည်။

အင်မော်တယ်နယ်မြေကြီးတွင် ကောင်းကင်ကိုးပါးမှ ပြိုင်စံရှား ပုဂ္ဂိုလ်ကြီးတစ်ဦးကို လှုပ်ရှားလာအောင် ဆောင်ရွက်နိုင်သူ မည်သူရှိမည်နည်း။

ထိုအခါ ကောင်းကင်ကိုးပါးကို သွားခဲ့ဖူးသော ကျွင်းရှောင်ယောက်မှလွဲ၍ အခြားသူကို သူတို့ တကယ်ပင် စဉ်းစား၍မရပေ။

ထို့ပြင် ဤသည်က ပထမဆုံးအကြိမ်လည်း မဟုတ်ပါ။

ကျွင်းရှောင်ယောက်က ဤကဲ့သို့ အစွမ်းထက်သော မမကြီးများနှင့် ပတ်သက်လာလျှင် နာမည်ရှိသူ ဖြစ်သည်။

ယခင်က တိုင်းတပါး၏ လော့ဝမ် (ခေါ် ) လော့ရှန်းလင်၏ ဖြစ်ရပ်မှာ ထင်ရှားသော ဥပမာတစ်ခုပင်။

ကျွင်းရှောင်ယောက်သည်ပင် သူ့ထံသို့ စုပြုံရောက်ရှိလာသော အကြည့်များကြောင့် အနည်းငယ် အနေရခက်သလို ခံစားလိုက်ရသည်။

"ဘာဖြစ်လို့ အားလုံးက ကျုပ်ကို ဒီလိုကြည့်နေကြတာလဲ"

ကျွင်းရှောင်ယောက်က မေးလိုက်၏။

ကျိန်ဆိုလျှင် ကျိန်ရဲသည်။

ယခုတစ်ကြိမ်တွင် အိပ်မက်ဧကရာဇ်၏ မျက်နှာသာပေးမှုကို ရယူရန် မည်သည့်ရည်ရွယ်ချက်မှ မရှိခဲ့ပေ။

သူသည် အိပ်မက်ဧကရာဇ်၏ လှုပ်ရှားမှုကို ကြိုတင်မှန်းဆထားသော်လည်း တကယ်တမ်းမှာတော့ မျှော်လင့်ချက် အကြီးအကျယ် မထားခဲ့ပါ။

သို့သော်လည်း ကျန်းလော့လီက သူမ၏ မျက်လုံးဝိုင်းဝိုင်းလေးဖြင့် ကျွင်းရှောင်ယောက်ကို စိုက်ကြည့်နေသည်။

သူ့ကိုကြည့်ရသည်မှာ 'အိုးမလုံ အုံပွင့်တာလား'ဟု မမေးသော်လည်း မေးနေသကဲ့သို့ပင်။

ကျွင်းရှောင်ယောက် ဘေးနားရှိ လူများသာမကဘဲတစ်ဖက်မှ အခြေအနေကို စောင့်ကြည့်နေသော ဟွမ်နျဲ့တောက်၊ ကျောက်ဧကရာဇ်လေးနှင့် အခြားသူများသည်ပင် အခြေအနေကို ရိပ်စားမိကာ ကျွင်းရှောင်ယောက်ထံသို့ အကြည့်ပို့လွှတ်လိုက်ကြသည်။

ရင်ဝကို ဓားထောက်၍ အိပ်မက်ဧကရာဇ်နှင့် ကျွင်းရှောင်ယောက်တို့ကြားတွင် မည်သည့်ပတ်သက်မှုမှ မရှိပါဟုဆိုလျှင်ပင် သူတို့ လုံးဝ မယုံနိုင်ပါ။

အလွန်အမင်း လှပသော အိပ်မက်ဧကရာဇ်က ကျွင်းရှောင်ယောက်အတွက် လှုပ်ရှားလာသည်ကို မြင်သောအခါ...

ဟွမ်နျဲ့တောက်မှာ မနာလိုစိတ်များ ချုပ်ထိန်းမရတော့ဘဲ အင်မော်တယ်ခုံရုံးဘက်သို့ အသံကျယ်ကျယ်ဖြင့် လှောင်ပြောင်ပြောဆိုလိုက်သည်။

"ကျွင်းရှောင်ယောက်... မင်းက ရုပ်ရည်ကိုဗန်းပြပြီး မိန်းမထဘီနား ခိုစားနေတဲ့ကောင်ပဲ။ ဒါက ဘယ်လိုစွမ်းရည်မျိုးလဲ"

ဟွမ်နျဲ့တောက်က မနာလိုခြင်းကြောင့် ပြောဆိုလိုက်ခြင်းဖြစ်သော်လည်း...

သူ့စကားကို လုံးဝ မှားယွင်းသည်ဟု မဆိုသာပေ။

ပထမ အနီရောင်လီလီပန်းလေးများ၏မိခင်...

ထို့နောက် ယွမ်ချယ်၏ သွေးမျိုးဆက်ကြောင့် ဆင့်ခေါ်ခံရသော တုန်ဟွဧကရာဇ်...

ယခုအခါ အိပ်မက်ဧကရာဇ်...

ဤသူများအားလုံးမှာ ကျွင်းရှောင်ယောက်ကြောင့် လှုပ်ရှားလာကြခြင်း ဖြစ်သည်။

ကျောက်ဧကရာဇ်လေးကလည်း အေးစက်စွာဖြင့် အော်ပြောလာသည်။

"ကျွင်းရှောင်ယောက်... မင်း လုပ်နိုင်တာဆိုလို့ မိန်းမတွေကို အားကိုးတာပဲ ရှိတာလား"

"တကယ်လို့ မင်းသတ္တိရှိရင် စစ်မြေပြင်ကို ကိုယ်တိုင်လာခဲ့၊ ငါ မင်းနဲ့ တိုက်မယ်။ မိန်းမတွေရဲ့ နောက်ကွယ်မှာ ပုန်းနေတာပဲ မင်းတတ်နိုင်တာလား။ ဒါက ကျွင်းဧကရာဇ်ခုံရုံးရဲ့ အုပ်ချုပ်သူလား"

"ဟုတ်တယ်၊ ကျွင်းရှောင်ယောက်... သတ္တိရှိရင် ငါတို့နဲ့ လာတိုက်စမ်းပါ"

ဟွမ်နျဲ့တောက်က မနာလိုစိတ်အပြည့်ဖြင့် လှောင်ပြောင်လိုက်၏။

ဟုတ်သည်...

စင်စစ်တွင်၊ ဟွမ်နျဲ့တောက်က ထမင်းပျော့စားနေသူများ(အလုပ်မလုပ်ဘဲ မိန်းမရဲ့ နောက်မှာပဲနေပြီး မိန်းမလုပ်စာကို ထိုင်စားနေသူမျိုး)၏ အပြုအမူကို အမှန်တကယ် ကဲ့ရဲ့လိုခြင်း မဟုတ်ပေ။

ထိုအစား သူကိုယ်တိုင်မှာ ထိုသို့မလုပ်နိုင်သည့်အတွက် သူ့ကိုယ်သူ နာကျည်းနေခြင်းသာ ဖြစ်သည်။

ကျွင်းရှောင်ယောက်က ရုပ်ချောနေလို့လား။

သူကလည်း ရုပ်မဆိုးပေ။

ကျွင်းရှောင်ယောက်ထက် နည်းနည်းလေးသာ နိမ့်ကျသည်။

အကယ်၍ အိပ်မက်ဧကရာဇ်ကဲ့သို့ ပြိုင်ဘက်ကင်း တန်ခိုးစွမ်းအားဖြင့် အမျိုးသမီးတစ်ယောက်ကသာ သူ့ဘက်မှ ရပ်တည်ပေးမည်ဆိုလျှင် ဟွမ်နျဲ့တောက်မှာ အိပ်မက်ထဲမှာတောင် ပြုံးနေမိမည် ဖြစ်သည်။

ဟွမ်နျဲ့တောက်နှင့် အခြားသူများ၏ လှောင်ပြောင်မှုကို ရင်ဆိုင်ရသော်လည်း...

ကျွင်းရှောင်ယောက်၏ အမူအရာမှာတော့ အလွန်ပင် တည်ငြိမ်မှု‌ရှိလေသည်။

လမင်းကို ခွေးဟောင်နေသည်ဟုသာ သဘောထားသည်။

မိမိကိုယ်တိုင်မှာ ထိုကဲ့သို့ ဆွဲဆောင်မှုမျိုး မရှိပါက အခြားသူကို မနာလိုဖြစ်နေရုံသာ ရှိလိမ့်မည်။

မည်သို့ပင်ဆိုစေကာမူ၊ ထမင်းပျော့စားနိုင်ခြင်းမှာလည်း စွမ်းရည်တစ်ခု ဖြစ်သည်။

ကျွင်းရှောင်ယောက်က နှုတ်ခမ်းတွန့်ရုံပြုံးလိုက်လေသည်။

"တကယ်လို့ ငါသာ စစ်မြေပြင်ထဲ ဝင်လာရင် မင်းတို့ သေလောက်အောင် ကြောက်သွားလိမ့်မယ်"

ကျွင်းရှောင်ယောက်က အမှန်အတိုင်း ပြောနေခြင်း ဖြစ်သည်။

သို့သော်လည်း ထိုစကားကို ကြားသောအခါ ဟွမ်နျဲ့တောက်နှင့် ကျောက်ဧကရာဇ်လေးတို့ နှစ်ဦးလုံးက အေးစက်စွာ လှောင်ပြောင်လိုက်ကြသည်။

"ဟားဟားဟား... ဒါဆိုရင်လည်း လာစမ်းပါ၊ ငါတို့ ဒီမှာ စောင့်နေတယ်"

ကျွင်းရှောင်ယောက်ကဆတာ့ နှုတ်ခမ်းတွန့်ရုံပြုံးနေပြီး ခွန်းတုံ့မပြန်တော့ပေ။

သူ၏ နတ်ဘုရားဓမ္မခန္ဓာမှာ သွေးယဇ်ပူဇော်ခြင်း စွမ်းအားများကို စုပ်ယူမှု ပြီးလုနီးပါးဖြစ်ကြောင်း သူ ခံစားရသည်။

ထိုအချိန်ကျလျှင် ဟွမ်နျဲ့တောက်နှင့် ကျောက်ဧကရာဇ်လေးတို့ မည်သို့သော အမူအရာမျိုး ရှိမည်နည်းဟု သူ တွေးမိလေသည်။

အိပ်မက်ဧကရာဇ်၏ ကြားဝင်စွတ်ဖက်မှုက အခြေအနေကို ပြောင်းလဲစေခဲ့သည်။

မြင့်မြတ်ဝိညာဉ်ဘိုးဘေးမှာ မူလကတည်းက ဒဏ်ရာများ ရထားနှင့်ပြီးသားပင်။

သတ်ဖြတ်ခြင်းသားရဲနတ်ဘုရား ရောက်ရှိလာပြီးနောက် ပူးပေါင်းရင်ဆိုင်လိုက်ကြသော်လည်း...

တစ်ဖက်မှ တုန်ဟွဧကရာဇ်၏ အစစ်အမှန်ဝိညာဉ်နှင့် အခြားသူများမှာ အားနည်းသူများ မဟုတ်ကြပါ။

ဧကရာဇ်ကြွေလွင့်ကောင်းကင်အရှင်ကိုလည်း အိပ်မက်ဧကရာဇ် တစ်ဦးတည်းက တိုက်ရိုက် ပိတ်ဆို့ထားသည်။

အိပ်မက်ဧကရာဇ်က ဧကရာဇ်ကြွေလွင့် ကောင်းကင်အရှင် သတ်ဖြတ်နိုင်ခြင်း မရှိသော်လည်း အနည်းဆုံးတော့ သူ့ကို အချိန်အတော်ကြာ တားဆီးထားရန် ပြဿနာမရှိပေ။

ဆိုရလျှင်၊ အချိန်ကြာလာလေလေ ယဇ်ဆရာသခင် သုံးဦးအတွက် ပို၍ အခြေပျက်လာလေ ဖြစ်သည်။

အထူးသဖြင့် မြင့်မြတ်ဝိညာဉ်ဘိုးဘေး၏ ဒဏ်ရာများမှာ ပို၍ဆိုးလာသည်။

နောက်ဆုံးတွင် သူက ထိုအေးစက်တည်ငြိမ်သော အမူအရာကို ဆက်လက် မထိန်းသိမ်းနိုင်တော့ပေ။

အကြောင်းမှာ အခြေအနေမှာ သူ့အတွက် အလွန်ပင် အဆင်မပြေဖြစ်နေသောကြောင့် ဖြစ်သည်။

မြင့်မြတ်ဝိညာဉ်ဘိုးဘေးက စိုးရိမ်ပူပန်မှုကို မထိန်းနိုင်တော့ဘဲ အော်ပြောတော့သည်။

"ပဉ္စမမြောက် ယဇ်ဆရာသခင်... ဘာဖြစ်လို့ အခုထိ လှုပ်ရှားမှု မရှိသေးတာလဲ။ ငါတို့ ရှုံးနိမ့်သွားရင် မင်းတစ်ယောက်တည်းနဲ့ အင်မော်တယ်တံခါးကို ဖွင့်နိုင်မယ်လို့ ထင်နေတာလား"

မြင့်မြတ်ဝိညာဉ်ဘိုးဘေးက ပဉ္စမမြောက် ယဇ်ဆရာသခင်ကို ဆင့်ခေါ်ကာ အကူအညီတောင်းလိုက်ခြင်း ဖြစ်သည်။

မြင့်မြတ်ဝိညာဉ်ဘိုးဘေး၏ စကားကို ကြားသောအခါ အခြားတစ်ဖက်မှ လူတိုင်းမှာ ပိုမိုသတိရှိလာကြ၏။

ယဇ်ဆရာသခင်တစ်ဦး ပေါ်လာရုံဖြင့်ပင် တိုက်ပွဲ၏ အလားအလာကို လုံးဝ ပြောင်းလဲပစ်နိုင်သည် မဟုတ်လော။

"ဝုန်း"

မြင့်မြတ်ဝိညာဉ်ဘိုးဘေး၏ စကားသံဆုံးသည်နှင့် တပြိုင်နက်...

ကွေ့ရှအပျက်အယွင်းရှိ အင်မော်တယ်ယဇ်ပလ္လင် ရှိရာဘက်တွင် ကြောက်စရာကောင်းသော လှိုင်းလုံးကြီးတစ်ခု ရုတ်တရက် ဖြတ်သန်းသွားသည်။

ဟင်းလင်းပြင်က အက်ကွဲသွားပြီး မိုင်ပေါင်းထောင်ချီ၍ အက်ကြောင်းများ ပျံ့နှံ့သွား၏။

မီးတောင်တစ်လုံး ပေါက်ကွဲသကဲ့သို့ ကြီးမားကျယ်ပြန့်ပြီး ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားတစ်ခုမှာ ကွေ့ရှအပျက်အယွင်းမှ ထွက်ပေါ်လာပြီး ကောင်းကင်ကိုးပါးတစ်ခုလုံးကို လွှမ်းခြုံသွားကာ အင်မော်တယ်နယ်မြေအထိ ရောက်ရှိလာတော့သည်။

ကွေ့ရှအပျက်အယွင်း၏ ဖရိုဖရဲ ဟင်းလင်းပြင်အတွင်း၌...

ရှေးဟောင်းတောင်ကြီးတစ်လုံးကဲ့သို့ အလွန်ကြီးမား၍ ခန့်ညားထည်ဝါသော ပုံရိပ်တစ်ခု ဖြည်းညှင်းစွာ ထွက်ပေါ်လာသည်။

ထိုပုံရိပ်မှာ မိစ္ဆာနတ်ဘုရားတစ်ပါးကဲ့သို့ ကောင်းကင်ယံထက်တွင် တင်ပျဉ်ခွေထိုင်နေ၏။

သူ၏ ခြေဖဝါးအောက်တွင် ရေတွက်၍မရနိုင်သော သက်ရှိများ နစ်မြုပ်နေကြပြီး ငိုကြွေးအော်ဟစ်နေကြသကဲ့သို့ပင်။

သွေးယဇ်ပူဇော်ခြင်း၏ ကြီးမားလှသော စွမ်းအားက သွေးမြစ်ကြီးတစ်ခုအဖြစ် ပြောင်းလဲသွားပုံရပြီး သူ့ပတ်ဝန်းကျင်တွင် စီးဆင်းနေသည်။

သူ့ပုံရိပ်‌မှာတော့ ဝေဝါးသော သွေးရောင်မြူများကြားတွင် ဖုံးကွယ်နေပြီး သူ၏မျက်နှာမှာလည်း ဝေဝါးဝါး ဖြစ်၏။

သူက အကြောင်းအကျိုး ကံကြမ္မာတို့ဖြင့် ဆက်နွယ်မှုမရှိသူတစ်ဦးလိုပင်။

သူ၏ ဦးခေါင်းနောက်ဘက်တွင်မူ ရာနှင့်ချီသော အပြစ်သားနတ်ဆိုးစက်ဝန်းမှာ အဆက်မပြတ် လည်ပတ်နေပြီး ကြီးမားလှသော အပြစ်၊ အကြောက်တရားနှင့် မျှော်လင့်ချက်မဲ့ခြင်း အရှိန်အဝါများကို ထုတ်လွှတ်နေသည်။

ဤအခိုက်တွင်၊ ထိုပုံရိပ်ကြီးမှာ မိစ္ဆာနတ်ဘုရားတစ်ပါးကဲ့သို့ ကွေ့ရှအပျက်အယွင်းမှ ခြေလှမ်းထွက်လာခဲ့၏။

သူ ခြေတစ်လှမ်း လှမ်းလိုက်တိုင်း ကောင်းကင်ယံမှာ တုန်ခါသွားတော့သည်။

"ဒါ... ဒါက ပဉ္စမမြောက် ယဇ်ဆရာသခင်ပဲ..."

အင်မော်တယ်နယ်မြေကြီးရှိ သက်ရှိအားလုံး၏ နှလုံးသားထဲတွင် ယခင်က မခံစားဖူးသော မျှော်လင့်ချက်မဲ့ခြင်းများနှင့်အတူ မုန်တိုင်းတစ်ခု တိုက်ခတ်သွားခဲ့သည်။

သတ်ဖြတ်ခြင်းသားရဲနတ်ဘုရား၊ မြင့်မြတ်ဝိညာဉ်ဘိုးဘေးနှင့် အခြားသူများမှာမူ သက်ပြင်းချကာ စိတ်သက်သာရာ ရသွားကြ၏။

ပဉ္စမမြောက် ယဇ်ဆရာသခင်က နောက်ဆုံးတွင် လှုပ်ရှားလာခဲ့ချေပြီ။

All Chapters