← Chapters

အခန်း ၁၅၄၇

Vol. 108 Ch. 1547

အခန်း ၁၅၄၇

Vol. 108 Ch. 1547

အခန်း ( ၁၅၄၇ ) ဒဏ္ဍာရီလာ ဧကရာဇ်။

ရိုးရှင်းသော စကားတစ်ခွန်းဖြစ်သော်လည်း သက်ရှိအားလုံးအပေါ် ဂရုဏာသက်ဟန်ရှိသော သက်ပြင်းချသံတစ်ခု ပါဝင်နေသည်။

ကောင်းကင်ကိုးပါးနှင့် အင်မော်တယ်နယ်မြေတစ်ခုလုံးရှိ သက်ရှိအားလုံး ထိုစကားသံကို ကြားလိုက်ရ၏။

သူတို့အားလုံး အလွန်အမင်း ထိတ်လန့်သွားကြပြီး အသက်ရှူနှုန်း မြန်ဆန်လာကြတော့သည်။

ဤသည်မှာ မည်သို့သော တည်ရှိမှုမျိုးဖြစ်သနည်း။

သူ၏စကားလုံးများက သက်ရှိအားလုံး၏ နှလုံးသားထဲသို့ တိုက်ရိုက်ရောက်ရှိသွားပုံရသည်။

"ညစ်နွမ်းနေတဲ့အတွက်ကြောင့် ကြီးမားတဲ့ သုတ်သင်ရှင်းလင်းမှုတစ်ခု လိုအပ်တယ်"

ထိုပုံရိပ်က ထပ်မံပြောဆိုလိုက်သည်။

"သက်ရှည်ခြင်းဧကရာဇ်... ခင်ဗျား နောက်ဆုံးတော့ ပေါ်လာပြီ"

မြင့်မြတ်ဝိညာဉ်ဘိုးဘေး၊ သတ်ဖြတ်ခြင်းသားရဲနတ်ဘုရား၊ ဧကရာဇ်ကြွေလွင့်ကောင်းကင်အရှင်နှင့် အခြားသူများမှာက စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်ကြသည်။

ယဇ်ဆရာသခင် ငါးဦး၏ ခေါင်းဆောင်...

ပထမဆုံးသော ယဇ်ဆရာသခင်...

သက်ရှည်ကျွန်း၏ အမည်နာမကိုပင် တိုက်ရိုက်ထုတ်ဖော်မပြောဝံ့သော တည်ရှိမှု...

လက်ထဲတွင် သက်ရှည်ခြင်းဘီးကို ကိုင်ဆောင်ထားသော ဤပုဂ္ဂိုလ်ကြီးမှာ အမှန်တကယ် သက်ရှည်ခြင်းဧကရာဇ် ဖြစ်သည်။

သက်ရှည်ခြင်းဧကရာဇ်သည် အလွန်နုပျိုပြီး ‌ချောမောသဖြင့် အမျိုးသမီးအများအပြားပင် မနာလိုဖြစ်လောက်ပေသည်။

သို့သော်လည်း သူ၏မျက်ဝန်းများတွင်မူ ရှည်ကြာသော အချိန်ကာလ၏ လောကဓံများကို ဖြတ်သန်းခဲ့ရသည့်အလား ရင့်ကျက်မှုအရိပ်အယောင်များ ရှိနေသည်။

သူ၏အကြည့်ထဲတွင် လူသားအားလုံး၊ အရာအားလုံးနှင့် သက်ရှိတို့၏ ခံစားချက်အားလုံးမှာ ပြာအဖြစ်သို့ ပြောင်းလဲကာ တည်ရှိမနေတော့သကဲ့သို့ပင်။

"သက်ရှည်ခြင်းဧကရာဇ်... သူက အဲဒီလူပဲလား"

ကျွင်းရှောင်ယောက်၏ မျက်ဝန်းများတွင် မကြုံစဖူး လေးနက်မှုများ ရှိလာသည်။

မြင့်မြတ်ခန္ဓာမျိုးရိုးအပေါ် ကျရောက်ခဲ့သော ကပ်အန္တရာယ်များက သက်ရှည်ခြင်းဧကရာဇ်နှင့် ခွဲခြားမရအောင် ဆက်နွယ်နေသည်။

သို့သော်လည်း ဤအခိုက်အတန့်တွင် သက်ရှည်ခြင်းဧကရာဇ်၏ အရှိန်အဝါက ကျွင်းရှောင်ယောက်၏ စိတ်ဝိညာဉ်ကို အနည်းငယ် တုန်ရင်စေနိုင်စွမ်းရှိ၏။

"ဒဏ္ဍာရီ..."

ကျွင်းရှောင်ယောက်က ခပ်တိုးတိုး ရေရွတ်လိုက်သည်။

ဤအခိုက်အတန့်တွင် ကောင်းကင်ကိုးပါးနှင့် အင်မော်တယ်နယ်မြေတို့၏ တိုက်ပွဲမှာ သက်ရှည်ခြင်းဧကရာဇ် ပေါ်ထွက်လာမှုကြောင့် ခေတ္တရပ်တန့်သွားပုံရသည်။

မြင့်မြတ်ဝိညာဉ်ဘိုးဘေးက ထိုအခွင့်အရေးကို အသုံးချကာ သတ်ဖြတ်ခြင်းသားရဲနတ်ဘုရား၊ ဧကရာဇ်ကြွေလွင့် ကောင်းကင်အရှင်တို့နှင့် ပူးပေါင်းလိုက်သည်။

အိပ်မက်ဧကရာဇ်မှာမူ ကျွင်းရှောင်ယောက်၏ အနားသို့ ရောက်လာခဲ့၏။

ခေတ္တမျှ အင်မော်တယ်နယ်မြေအဖွဲ့နှင့် တားမြစ်နယ်မြေအဖွဲ့တို့မှာ အပြန်အလှန် စောင့်ကြည့်နေကြတော့သည်။

သူတို့အားလုံး၏ အကြည့်များမှာမူ သက်ရှည်ခြင်းဧကရာဇ်ထံတွင်သာ ရှိသည်။

"ဒဏ္ဍာရီလာဧကရာဇ်..."

ခွန်းလွနကောင်းကင်အရှင်၏ အမူအရာမှာ အလွန်ပင် လေးနက်နေသည်။

"ဟင်း... ဒဏ္ဍာရီတစ်ခုပဲ..."

တုန်ဟွဧကရာဇ်၏ အစစ်အမှန်ဝိညာဉ်သည်လည်း မတတ်သာသည့်ဟန်ဖြင့် အနည်းငယ် သက်ပြင်းချလိုက်လေသည်။

တုန်ဟွဧကရာဇ်ကိုယ်တိုင်မှာ ဒဏ္ဍာရီလာဧကရာဇ်တစ်ဦး ဖြစ်သည်။

ထို့ကြောင့် သူ၏အစစ်အမှန်ဝိညာဉ်ကပင် မြင့်မြတ်ဝိညာဉ်ဘိုးဘေးကဲ့သို့ နတ်ဘုရားအဆင့်နီးပါးရှိသူများကို ဖိနှိပ်နိုင်ခဲ့ခြင်းပင်။

သို့သော်လည်း ယခုမူ သက်ရှည်ခြင်းဧကရာဇ် ပေါ်လာခဲ့ပြီ။

သူ့ပတ်ဝန်းကျင်တွင် ဝေဝါးသော အချိန်မြစ်က စီးဆင်းနေပြီး အရာခပ်သိမ်း၏ နိယာမသင်္ကေတများ ဝင်းလက်နေသည်။

သူသည် ကောင်းကင်နှင့် မြေကြီး၏ အရှင်သခင်ဖြစ်ပုံရပြီး နေနှင့်လထက်ပင် ပို၍ ထွန်းလင်းတောက်ပပေသည်။

သို့သော်လည်း ဝမ်းနည်းစရာမှာ...

ဤနတ်ဘုရားဆန်သော ပုဂ္ဂိုလ်ကြီးက အင်မော်တယ်နယ်မြေသို့ ကောင်းချီးများပေးရန် ရောက်လာခဲ့ခြင်း မဟုတ်ပေ။

ရေတွက်၍မရနိုင်သော သက်ရှိတို့၏ အကြည့်များအောက်တွင် သက်ရှည်ခြင်းဧကရာဇ်မှာ မည်သည့်အမူအရာမှ ရှိမနေခဲ့ပါ။

သူဟာ လူအများ၏ ဖူးမော်ကြည့်ရှုခြင်းကို ခံယူရသည့် ခံစားချက်အား ကျင့်သားရနေပုံရသည်။

သူက တည်ငြိမ်စွာ ပြောလိုက်၏။

"ငါက သက်ရှည်ခြင်းဧကရာဇ်... ထာဝရနဲ့ အမြင့်ဆုံးသော ဒဏ္ဍာရီတစ်ခု ဖြစ်တယ်။ ငါဟာ အင်မော်တယ်ဖြစ်မြောက်ရာလမ်းကို လှမ်းမြင်ခဲ့ပြီး အင်မော်တယ်တံခါးများကတစ်ဆင့် ကောင်းကင်ဘုံကို တက်လှမ်းမဲ့သူပဲ"

"ဒီဘဝမှာ အင်မော်တယ်တံခါးက ပွင့်လိမ့်မယ်။ တကယ်လို့ အခုမပွင့်ခဲ့ရင် နောက်ထပ် အခွင့်အရေး ရှိတော့မှာမဟုတ်ဘူး"

"ဒါကြောင့် မျိုးစေ့တွေကို ချန်ထားဖို့ မလိုတော့ပါဘူး။ အင်မော်တယ်နယ်မြေရဲ့ သက်ရှိအားလုံးကို သုတ်သင်ပြီး အင်မော်တယ်တံခါးအတွက် ယဇ်ပူဇော်မှုအဖြစ် အသုံးပြုကြပါတော့"

သက်ရှည်ခြင်းဧကရာဇ်၏ ပြတ်သားသော စကားလုံးများက အင်မော်တယ်နယ်မြေရှိ သက်ရှိအားလုံးအပေါ် နတ်ဘုရားတို့၏ စီရင်ချက်ကို ချမှတ်လိုက်ခြင်းကဲ့သို့ပင်။

သူက လက်ကို မြှောက်လိုက်ရာ ယဇ်ဆရာသခင် အမိန့်တော်တစ်ခုက အင်မော်တယ်ယဇ်ပလ္လင်ထံသို့ ပျံသန်းသွားသည်။

ယခုအခါ ယဇ်ဆရာသခင် အမိန့်တော် ငါးခုစလုံးက အင်မော်တယ်ယဇ်ပလ္လင်ပေါ်၌ စုံလင်သွားပြီ။

အင်မော်တယ်ယဇ်ပလ္လင် တစ်ခုလုံးမှာလည်း အပြည့်အဝ အသက်ဝင်သွားခဲ့ပြီ ဖြစ်သည််။

ဖော်ပြရန်ခက်ခဲသော စွမ်းအားတစ်ခုမှာ အင်မော်တယ်တံခါးထံသို့ စီးဝင်သွားသည်။

ဟင်းလင်းပြင်ထဲတွင် တိတ်ဆိတ်စွာ ရှိနေသော အင်မော်တယ်တံခါးသည် ရုတ်တရက် တုန်ခါလာ၏။

စွမ်းအားပြတ်တောက်နေသော စက်ကိရိယာတစ်ခုက စွမ်းအင်ရရှိပြီးနောက် ဖြည်းညှင်းစွာ စတင်လည်ပတ်လာသကဲ့သို့ပင်။

"မလုံလောက်ဘူး... မလုံလောက်သေးဘူး"

သက်ရှည်ခြင်းဧကရာဇ်က ပြောပြီးသည်နှင့် လက်ကို မြှောက်လိုက်သည်။

သူ့လက်ထဲမှ သက်ရှည်ခြင်းဘီးသည် ကောင်းကင်ကိုးပါး အင်မော်တယ်နယ်မြေသို့ ကျဆင်းသွား၏။

၎င်းက လေထဲတွင် ကြီးမားလာပြီး အတိုင်းအဆမရှိ ကြီးမားလှသော ဖျက်ဆီးခြင်းဘီးကြီးအဖြစ်သို့ ပြောင်းလဲသွားတော့သည်။

ဤသည်မှာ ကမ္ဘာပေါ်ရှိ သက်ရှိအားလုံးကို ချေမှုန်းနိုင်သော ဒဏ္ဍာရီလာ ကမ္ဘာကြိတ်စက်ကြီးနှင့် တူလှသည်။

သက်ရှည်ခြင်းဘီးက အင်မော်တယ်နယ်မြေ ကိုးခုအနက် တစ်ခုဖြစ်သော ချင်းထျန်းအင်မော်တယ်နယ်မြေသို့ ဦးစွာ ဆင်းသက်လာသည်။

ဤနယ်မြေသည် ရွှမ်ထျန်း အင်မော်တယ်နယ်မြေထက် မသေးငယ်ဘဲ အလွန်ကျယ်ပြန့်လှသည့် နယ်မြေတစ်ခု ဖြစ်၏။

သွေးချောင်းစီးသည့် သတ်ကြီး ဖြစ်ပွားခဲ့သော်လည်း ချင်းထျန်းနယ်မြေတွင် သက်ရှိ သန်းပေါင်းများစွာ ကျန်ရှိနေသေးသည်။

အင်မော်တယ်နယ်မြေတစ်ခုလုံးမှာ အလွန်ကျယ်ပြန့်လွန်းသဖြင့် ဧကရာဇ်တစ်ပါးပင်လျှင် အချိန်တစ်ခုအတွင်း အပျောက်ရှင်းပစ်နိုင်မည် မဟုတ်ပါ။

ယခုမူ...

သက်ရှည်ခြင်းဘီးက ချင်းထျန်း အင်မော်တယ်နယ်မြေသို့ ဆင်းသက်လာခဲ့ပြီ။

ချင်းထျန်း အင်မော်တယ်နယ်မြေရှိ သက်ရှိအားလုံးက ကောင်းကင်ကြီး ကွဲအက်သွားသကဲ့သို့ ခံစားလိုက်ရသည်။

ဖော်ပြရန်ခက်ခဲအောင် ကြီးမားလှသော ဘီးကြီးတစ်ခုက ကောင်းကင်တစ်ခုလုံးကို နှစ်ခြမ်းခွဲပစ်လိုက်၏။

ကြီးမားလှသော သက်ရှိဂြိုဟ်ကြီးတစ်ခုမှာပင် သက်ရှည်ခြင်းဘီးရှေ့တွင် ကျောက်စရစ်ခဲလေးတစ်ခုကဲ့သို့ သေးငယ်သွားရသည်။

ချင်းထျန်းနယ်မြေရှိ သက်ရှိအားလုံးမှာ ကောင်းကင်ကြီး ပြိုကျလာသကဲ့သို့ ခံစားလိုက်ရတော့သည်။

"မဟုတ်ဘူး၊ ချင်းထျန်းအင်မော်တယ်နယ်မြေကို ဖျက်ဆီးခွင့် ငါမပေးနိုင်ဘူး"

ချင်းထျန်း အင်မော်တယ်နယ်မြေမှ ဧကရာဇ်တစ်ပါးက ဟိန်းဟောက်လိုက်သည်။

သူက ကောင်းကင်ယံသို့ ပြေးတက်ကာ သက်ရှည်ခြင်းဘီး ဆင်းသက်လာမှုကို တားဆီးရန် သူ၏ဧကရာဇ်စွမ်းအင်အားလုံးကို လောင်ကျွမ်းစေလိုက်၏။

ထို့ပြင် ဧကရာဇ် တစ်ပါးတည်း မဟုတ်ပါ။

လေးပါး၊ ငါးပါးခန့် ရှိသည်။

သို့သော်... ခုခံနိုင်စွမ်း လုံးဝမရှိချေ။

၎င်းမှာ ဆင်ခြေလှမ်းကို တားဆီးရန် ကြိုးစားနေသော ပုရွက်ဆိတ်လေးတစ်ကောင်ကဲ့သို့ပင်။

ဤဧကရာဇ်များက ဆင်ကြီးကို တားဆီးရန် ကြိုးစားနေသော ပုရွက်ဆိတ်များကဲ့သို့ ဖြစ်နေသည်။

သက်ရှည်ခြင်းဘီးက ဧကရာဇ်ငါးပါးအပေါ်သို့ အားအင်မစိုက်ထုတ်ရဘဲ လှိမ့်တက်သွားခဲ့၏။

နောက်ဆုံးတွင် သက်ရှည်ခြင်းဘီးက ချင်းထျန်းအင်မော်တယ်နယ်မြေပေါ်သို့ တိုက်ရိုက်ကျဆင်းသွားတော့သည်။

"ဝုန်း"

နားစည်များ ကွဲထွက်သွားမတတ် အလွန်ကျယ်လောင်လှသော အသံကြီး ထွက်ပေါ်လာသည်။

အခြားအင်မော်တယ်နယ်မြေများရှိ သက်ရှိများအားလုံး ထိတ်လန့်တုန်လှုပ်သွားကြ၏။

ချင်းထျန်းအင်မော်တယ်နယ်မြေတစ်ခုလုံးမှာ သက်ရှည်ခြင်းဘီးကြောင့် နှစ်ခြမ်းကွဲသွားခဲ့ချေပြီ။

သန်းပေါင်းများစွာသော သက်ရှိများမှာ သက်ရှည်ခြင်းဘီးကြောင့် ချက်ချင်း သေဆုံးသွားခဲ့ကြပြီ ဖြစ်သည်။

တုန်ခါမှုများက ချင်းထျန်း အင်မော်တယ်နယ်မြေတစ်ခုလုံးကို လွှမ်းခြုံသွားပြီး မည်သည့်အသက်ရှင်ကျန်ရစ်သူမျှ မရှိသလောက်ပင် ဖြစ်သွားတော့သည်။

တုန်လှုပ်ခြင်း၊ ကြောက်ရွံ့ခြင်း၊ ခြောက်ခြားခြင်းနှင့် မျှော်လင့်ချက်မဲ့ခြင်း...

ခံစားချက်မျိုးစုံတို့ ဖြစ်လာခဲ့ရသည်။

တစ်ချက်တည်းနှင့်ပင် အင်မော်တယ်နယ်မြေ၏ အစိတ်အပိုင်းတစ်ခုမှာ နစ်မြုပ်လုနီးပါး ဖြစ်သွားခဲ့ပြီ။

ဒါက ဒဏ္ဍာရီလာဧကရာဇ်တစ်ပါး၏ စွမ်းအား ဖြစ်သည်။

ယဇ်ဆရာသခင် သုံးဦးကို ဖယ်ထားလျှင်...

အခြားသော တားမြစ်နယ်မြေဧကရာဇ်များနှင့် ဧကရာဇ်အဆင့် ပုဂ္ဂိုလ်အားလုံးပေါင်း၍ သုတ်သင်ခဲ့သော သေဆုံးမှုအရေအတွက်ထက်၊ ယခု သက်ရှည်ခြင်းဧကရာဇ် တစ်ချက်တည်းနှင့် သတ်ဖြတ်လိုက်သော အရေအတွက်က ပို၍များပြားသည်ဟု ဆိုနိုင်ပေသည်။

"မျှော်လင့်ချက် မရှိတော့ဘူး... အင်မော်တယ်နယ်မြေမှာ မျှော်လင့်ချက် မရှိတော့ဘူး... အရာအားလုံးက မျှော်လင့်ချက်မဲ့သွားပြီ"

"ဒဏ္ဍာရီလာဧကရာဇ်... ဒါက စစ်မှန်တဲ့ ဒဏ္ဍာရီလာဧကရာဇ်ပဲ၊ ဘယ်သူက သူ့ကို တားဆီးနိုင်မှာလဲ"

ကျန်ရှိသော အင်မော်တယ်နယ်မြေ ရှစ်ခုရှိ ရေတွက်၍မရနိုင်သော သက်ရှိများမှာ ဦးခေါင်းကို အုပ်ကာ ကြောက်ရွံ့စွာ အော်ဟစ်လိုက်ကြသည်။

အချို့သော သက်ရှိများဆိုလျှင် လုံးဝ ရူးသွပ်သွားကြ၏။

ဤသည်မှာ ရိုးရှင်းသော သုတ်သင်မှု မဟုတ်တော့ပေ။

အနည်းဆုံးတော့ ကြီးမားသော သုတ်သင်ရှင်းလင်းမှုတစ်ခုသည် အနာဂတ်အတွက် "မျိုးစေ့" အချို့ကို ချန်ထားပေးလေ့ရှိသည်။

သို့သော်လည်း ယခုမူ သက်ရှည်ခြင်းဧကရာဇ်က အင်မော်တယ်နယ်မြေရှိ သက်ရှိအားလုံးကို အမှန်တကယ်ပင် အမြစ်ဖြတ် သုတ်သင်တော့မည်။

ဤသည်မှာ မျိုးသုဥ်းစေခြင်းဖြစ်ပြီး ရိုးရိုးသုတ်သင်ခြင်း မဟုတ်တော့ချေ။

သို့ရာတွင်... ဝမ်းနည်းစရာမှာ ယခုအချိန်တွင် အင်မော်တယ်နယ်မြေ၌ သက်ရှည်ခြင်းဧကရာဇ်ကို ကိုင်တွယ်နိုင်မည့်သူ တစ်ဦးမှ မရှိပါ။

ဒဏ္ဍာရီလာဧကရာဇ်တစ်ပါး ထွက်ပေါ်လာချိန်တွင် မည်သူက သူ့ကို ယှဉ်နိုင်ပါမည်နည်း။

ဤစွမ်းအားကို တားဆီး၍ မရနိုင်တော့ချေ။

သေဆုံးသွားသော သက်ရှိသန်းပေါင်းများစွာ၏ ဝမ်းနည်းပူဆွေးမှု၊ အော်ဟစ်ငိုကြွေးမှုနှင့် ကျိန်ဆဲမှုများကို ရင်ဆိုင်ရသော်လည်း သက်ရှည်ခြင်းဧကရာဇ်မှာ မည်သည့်အမူအရာမှ မရှိဘဲ အေးစက်နေဆဲပင်။

ထိုခံစားချက်များက သူ့အတွက်တော့ ပုရွက်ဆိတ်များ၏ ဆူညံသံကဲ့သို့ပင် ဖြစ်ပြီး လုံးဝ မကြားနိုင်လောက်အောင် ဖြစ်သည်။

လက်ဟန်တစ်ချက်ဖြင့် သက်ရှည်ခြင်းဧကရာဇ်က သက်ရှည်ခြင်းဘီးကို လေထဲသို့ တစ်ဖန်ပြန်၍ မြှင့်တင်လိုက်သည်။

သူသည် ဒုတိယမြောက် အင်မော်တယ်နယ်မြေသို့ စတင်ဆင်းသက်ရန် ပြင်လိုက်၏။

ထိုအင်မော်တယ်နယ်မြေရှိ သက်ရှိများမှာ ချက်ချင်းပင် ထိတ်လန့်တုန်လှုပ်စွာ အော်ဟစ်လိုက်ကြတော့သည်။

သို့သော်...၊ ထိုအခိုက်အတန့်တွင်...

ခပ်တိုးတိုးနှင့် အိုမင်းသော အသံတစ်ခုမှာ သက်ရှည်ခြင်းဧကရာဇ်၏ နားထဲသို့ ရုတ်တရက် ဝင်ရောက်လာသည်။

"အင်မော်တယ်နယ်မြေက သက်ရှိအားလုံးကို ခင်ဗျား သုတ်သင်ချင်တယ်ဆိုရင် ကျုပ် ဂရုမစိုက်ပါဘူး"

"ဒါပေမဲ့... အင်မော်တယ်နယ်မြေကိုတော့ အဖျက်ဆီးမခံနိုင်ဘူး"

All Chapters