အခန်း ၁၅၄၈
Vol. 108 Ch. 1548
အခန်း ( ၁၅၄၈ ) အဆုံးမဲ့ခေါင်းလောင်း နောက်တစ်ကြိမ် မြည်ဟည်းခြင်း။
ထိုအသံကို ကြားလိုက်ရချိန်တွင်...
အမြဲတစေ အေးစက်ပြီး ခံစားချက်ကင်းမဲ့သော သက်ရှည်ခြင်းဧကရာဇ်ပင်လျှင် ရှားရှားပါးပါး အံ့ဩသွားသည့် အရိပ်အယောင်တို့ ပြသလာသည်။
"စန်းမျိုးနွယ်"
သက်ရှည်ခြင်းဧကရာဇ်က ခပ်တိုးတိုး ရေရွတ်လိုက်သည်။
စန်းမျိုးနွယ်သည် မိမိကိုယ်ကိုယ် ကောင်းကင်လမ်းစဉ်၏ သားသမီးများဟု ခံယူထားကြပြီး ထိုလမ်းစဉ်နောက်သို့သာ လိုက်ပါကြသူများ ဖြစ်သည်။
သူတို့ကိုယ်သူတို့ ကောင်းကင်လမ်းစဉ်၏ အစောင့်အရှောက်များဟု ခေါ်ဝေါ်သမုတ်ကြ၏။
သဘာဝတရား၏ စည်းမျဉ်းများကို ဆန့်ကျင်ပြီး အင်မော်တယ်နယ်မြေ၏ ဟန်ချက်ကို ပျက်ပြားစေသည့် မည်သည့်တည်ရှိမှုကိုမဆို သူတို့က ရန်သူအဖြစ် သတ်မှတ်ကြသည်။
စင်စစ်တွင်၊ သက်ရှည်ခြင်းဧကရာဇ်နှင့် အပေါင်းအပါများက အင်မော်တယ်နယ်မြေရှိ သက်ရှိများကိုသာ သတ်ဖြတ်နေမည်ဆိုလျှင် စန်းမျိုးနွယ်က ဂရုစိုက်မည် မဟုတ်ပေ။
အကြောင်းမူ၊ သက်ရှိဆိုသည်က မပျက်သုဉ်းတတ်ဘဲ သက်ရှိအားလုံး မျိုးတုံးသွားလျှင်ပင် နှစ်ပေါင်းများစွာ ကြာပြီးနောက် အသစ်တစ်ဖန် ပြန်လည်မွေးဖွားလာကြမည် ဖြစ်သောကြောင့်ပင်။
သို့သော်လည်း သက်ရှည်ခြင်းဧကရာဇ်က အင်မော်တယ်နယ်မြေတစ်ခုလုံးကို ဖျက်ဆီးပစ်ခဲ့သည်။
အကယ်၍ သက်ရှည်ခြင်းဧကရာဇ်က ကောင်းကင်ကိုးပါး အင်မော်တယ်နယ်မြေ တစ်ခုလုံးကို ရိုက်ခွဲဖျက်ဆီးပစ်မည်ဆိုပါက...
၎င်းမှာ အင်မော်တယ်နယ်မြေအတွက် အစားထိုးမရနိုင်သော ပျက်စီးခြင်းကြီး ဖြစ်လိမ့်မည်။
ထို့ကြောင့်ပင် အမြဲတမ်း နောက်ကွယ်၌သာ နေလေ့ရှိသော စန်းမျိုးနွယ်သည်ပင်လျှင် ဆက်၍ငြိမ်မနေနိုင်တော့ခြင်း ဖြစ်သည်။
ယခုအချိန်တွင် စကားပြောလာသူက စန်းမျိုးနွယ်မှ ဝေါလ်ဖေ့အရှင်သည်ပင်။
"သက်ရှည်ခြင်းဧကရာဇ်... ကျုပ်တို့မျိုးနွယ်က ဒီကြီးမားတဲ့ သုတ်သင်ရှင်းလင်းမှုထဲမှာ ဘယ်တုန်းကမှ ဝင်မပါခဲ့ဘူး။ ဒါပေမဲ့ ခင်ဗျား အခုလုပ်တာကတော့ လွန်လွန်းနေပြီ"
စန်းမျိုးနွယ်၏ ဝေါလ်ဖေ့အရှင်က စိတ်ချင်းဆက်သွယ်ကာ နောက်ထပ် သတင်းစကားတစ်ခု ထပ်ပို့လိုက်ပြန်သည်။
စန်းမျိုးနွယ်က သက်ရှည်ခြင်းဧကရာဇ်ကို တားဆီးရခြင်းမှာ အင်မော်တယ်နယ်မြေရှိ သက်ရှိများအပေါ် ကြင်နာသနား၍ မဟုတ်ပေ။
သူတို့သည် အင်မော်တယ်နယ်မြေ၏ ကောင်းကင်လမ်းစဉ်ကို အလုပ်အကျွေးပြုနေသူများဖြစ်သဖြင့်...
သက်ရှည်ခြင်းဧကရာဇ်မှ အင်မော်တယ်နယ်မြေ ကိုးခုစလုံးကို အကုန်အစင် ဖျက်ဆီးပစ်မည်ကို မလိုလားခြင်းသာ ဖြစ်သည်။
အကယ်၍ အင်မော်တယ်နယ်မြေသာ လုံးဝဥဿုံ ပျက်စီးသွားပါက ကောင်းကင်လမ်းစဥ်၏ လည်ပတ်မှုမှာလည်း ကြီးစွာ ထိခိုက်ပေလိမ့်မည်။
ထိုသို့ဆိုလျှင် သူတို့၏ စန်းမျိုးနွယ်အတွက်လည်း ခက်ခဲသွားရမည်မှာ သေချာသည်။
ထိုစကားကို ကြားသောအခါ သက်ရှည်ခြင်းဧကရာဇ်က တည်ငြိမ်စွာ ပြောလိုက်သည်။
"ကျုပ်က စန်းမျိုးနွယ်က အဲဒီလူနဲ့ အဆက်အဆံ ရှိဖူးပါတယ်။ ကျုပ်တို့တွေက လမ်းစဉ်အကြောင်းကိုတောင် ဆွေးနွေးခဲ့ဖူးတယ်။ ဒီလိုဆိုမှတော့ မင်းတို့စန်းမျိုးနွယ်ရဲ့ မျက်နှာကို ထောက်ထားပြီး ကျုပ် အလျှော့ပေးလိုက်ပါမယ်"
ပြောပြီးသည်နှင့် သက်ရှည်ခြင်းဧကရာဇ်က သက်ရှည်ခြင်းဘီးကို ပြန်လည်သိမ်းဆည်းလိုက်လေသည်။
ထို့နောက် လက်ဝါးတစ်ချက် ရိုက်ထုတ်လိုက်ကာ အခြားအင်မော်တယ်နယ်မြေတစ်ခုသို့ ဖိနှိပ်လိုက်သည်။
"ဝုန်း"
နိယာမများဖြင့် ဖွဲ့စည်းထားသော လက်ဝါးကြီးက ကောင်းကင်ထက်ပင် ပိုမိုကြီးမားနေပြီး အင်မော်တယ်နယ်မြေတစ်ခုလုံးကို ဖိချလိုက်သည်။
ယခုတစ်ကြိမ်တွင်မူ အင်မော်တယ်နယ်မြေမှာ ယခင်ကကဲ့သို့ ပြိုကွဲမသွားခဲ့ပေ။
သို့သော်လည်း ထိုနယ်မြေရှိ သက်ရှိ ကိုးဆယ်ရာခိုင်နှုန်းကျော်မှာတော့ သေဆုံးသွားခဲ့ကြပြီး နေရာအနှံ့တွင် အလောင်းများနှင့် သွေးများက မြစ်များပမာ စီးဆင်းလာပြန်တော့သည်။
ကံကောင်းထောက်မ၍ အသက်ရှင်ကျန်ရစ်သူ အနည်းငယ်မှာလည်း ဝမ်းနည်းပူဆွေးစွာဖြင့် ကောင်းကင်ကို မော့ကြည့်ရင်း ငိုကြွေးလိုက်ကြသည်။
သူတို့၏ ဇနီးမယား၊ သားသမီး၊ မိဘများနှင့် ရေတွက်မရသော မိသားစုဝင်များမှာ သေဆုံးသွားခဲ့ရပြီဖြစ်ရာ ၎င်းမှာ အလွန်ကြောက်မက်ဖွယ်ကောင်းသော ကြေကွဲစရာ မြင်ကွင်းကြီး ဖြစ်တော့သည်။
သို့သော်...
ကမ္ဘာပေါ်ရှိ သက်ရှိအားလုံး၏ ငိုကြွေးသံများက သက်ရှည်ခြင်းဧကရာဇ်၏ နားထဲသို့ မည်သည့်အခါမျှ ရောက်ရှိမည် မဟုတ်ပေ။
မည်သို့ပင်ဖြစ်စေ၊ ဒုတိယမြောက် အင်မော်တယ်နယ်မြေမှာ သက်ရှည်ခြင်းဧကရာဇ်ကြောင့် လုံးဝဥဿုံ သုတ်သင်ခြင်း ခံလိုက်ရပြီ ဖြစ်သည်။
ရေတွက်၍မရနိုင်သော သက်ရှိတို့၏ အသက်ဓာတ်၊ သွေးအနှစ်သာရနှင့် ဝိညာဉ်စွမ်းအားများမှာ အင်မော်တယ်ယဇ်ပလ္လင်ထံသို့ အရှိန်အဟုန်ဖြင့် စီးဝင်သွား၏။
ယဇ်ပလ္လင်မှတဆင့် အင်မော်တယ်တံခါးထံသို့ စီးဝင်သွားပြန်သည်။
ထို့နောက်မှာတော့ အပြင်းအထန် တုန်ခါနေသော အင်မော်တယ်တံခါးမှာ နောက်ဆုံးတွင် အက်ကြောင်းလေးတစ်ခု စတင်ပွင့်ဟလာတော့သည်။
ထိုအက်ကြောင်းလေး ပွင့်သွားသည်နှင့် တပြိုင်နက်...
ရေတွက်၍မရနိုင်သော တောက်ပသည့် အရာဝတ္ထုများ ၎င်းထဲမှ ပွင့်ထွက်လာကြသည်။
ထိုအရာများတွင် အနှိုင်းမဲ့ မြင့်မြတ်ခြင်းနှင့် တောက်ပခြင်း အရှိန်အဝါများ ပြည့်နှက်နေ၏။
၎င်းက အင်မော်တယ်ဓာတ်စွမ်းအင်များ ဖြစ်တော့သည်။
ထို့အပြင် ထိုဓာတ်စွမ်းအင်များက ကျွင်းရှောင်ယောက် ယခင်က မြင်ဖူးသမျှ အင်မော်တယ် ဓာတ်စွမ်းအင်များထက်ပင် ပို၍ သန့်စင်သည်။
၎င်းမှာ အလွန်ပင် ဆွဲဆောင်မှုရှိပြီး ခြေတစ်လှမ်းဖြင့် ကောင်းကင်ဘုံသို့ ရောက်သွားတော့မည်ကဲ့သို့ပင်။
ထိုအင်မော်တယ်အနှစ်သာရများက မရေမတွက်နိုင်သော ချည်မျှင်တန်းများအဖြစ် ကွဲထွက်သွားပြီး ဤသုတ်သင်ရှင်းလင်းမှုတွင် ပါဝင်ခဲ့ကြသော တားမြစ်နယ်မြေများထံသို့ ကျဆင်းသွားသည်။
သက်ရှည်ခြင်းဧကရာဇ်မှာမူ အများဆုံးရရှိသူပင်။
ထို့နောက် ကျန်ရှိသော ယဇ်ဆရာသခင် သုံးဦးလည်း အသီးသီး ရရှိခဲ့ကြသည်။
မြင့်မြတ်ဝိညာဉ်ဘိုးဘေးမှာ အင်မော်တယ်ဓာတ်စွမ်းအင်များဖြင့် ပြန်လည်အားဖြည့်ခွင့်ရသဖြင့် ကျယ်လောင်စွာ ရယ်မောလိုက်သည်။
သူ၏ဒဏ်ရာများမှာ အတိုင်းအတာတစ်ခုအထိ သက်သာလာခဲ့၏။
သူ၏ အထွတ်အထိပ်အဆင့်သို့ မရောက်သေးသော်လည်း ကျင့်ကြံမှုအဆင့် လျောကျမည်ကို စိုးရိမ်စရာ မလိုတော့ပေ။
"ဟားဟားဟား... ကျွင်းမိသားစု၊ ရှေးဟောင်းအင်မော်တယ်ခုံရုံးနဲ့ မင်းတို့ကို ကူညီပေးနေတဲ့သူတွေ အားလုံး..."
"အခုတော့ မင်းတို့ သိပြီမလား။ ကြီးမားတဲ့ သုတ်သင်ရှင်းလင်းမှုကို တားဆီးလို့မရဘူး။ အင်မော်တယ်တံခါးကလည်း ကျိန်းသေ ပွင့်လာမှာပဲ"
မြင့်မြတ်ဝိညာဉ်ဘိုးဘေး၏ စကားများကို ကြားရသော်လည်း အင်မော်တယ်နယ်မြေဘက်မှ ကျင့်ကြံသူများမှာ တိတ်ဆိတ်နေကြရသည်။
အမှန်အတိုင်းဆိုရလျှင် ဤအခြေအနေမှာ လူကို အလွန်အမင်း စိတ်ဓာတ်ကျစေသည်။
နောက်ဆုံးမှာတော့ ထိုပုဂ္ဂိုလ်မှာ လက်တစ်ချက်ဖြင့် အင်မော်တယ်နယ်မြေတစ်ခုကို နှစ်ခြမ်းခွဲနိုင်သော ဒဏ္ဍာရီလာဧကရာဇ်တစ်ပါးဖြစ်နေသည် မဟုတ်ပါလား။
"ရှောင်ယောက်..."
ကောင်းကင်ယံတွင် ရပ်နေသော ထိုပုံရိပ်ကို ကြည့်ရင်း ကျန်းစန်းယီ၏ ရင်ထဲမှာ တဆစ်ဆစ် နာကျင်နေရသည်။
ကျွင်းရှောင်ယောက်က အစွမ်းကုန် ကြိုးစားခဲ့ပြီးပြီဖြစ်ကြောင်း သူမ သိပေသည်။
ပဉ္စမမြောက် ယဇ်ဆရာသခင်အဖြစ် ဟန်ဆောင်မည့် အစီအစဉ်ကို သူ ကောင်းကင်ကိုးပါးသို့ သွားကတည်းက စတင်ခဲ့ခြင်း ဖြစ်သည်။
ထို့နောက် သူ ပြန်ပေါ်လာသောအခါ ပြင်းထန်သော တိုက်ခိုက်မှုများ ပြုလုပ်၍ တားမြစ်နယ်မြေ၏ အင်အားစုများကို အကြီးအကျယ် ထိခိုက်စေခဲ့ပေသည်။
ကျွင်းရှောင်ယောက်က သူ၏အသက်အရွယ်နှင့် မလိုက်အောင် မဖြစ်နိုင်သောအရာများကို လုပ်ဆောင်ခဲ့သည်ဟု ဆိုနိုင်သည်။
သူ၏အသက်အရွယ်နှင့် ကျွင်းရှောင်ယောက် လုပ်ခဲ့သမျှ၏ တစ်ဆယ်ပုံတစ်ပုံကို လုပ်နိုင်လျှင်ပင် မည်သည့်လူငယ်မဆို တစ်သက်စာ ဂုဏ်ယူဝံ့ကြွားနိုင်လိမ့်မည်။
ကျောက်ဧကရာဇ်နှင့် ရှေးဟောင်းအင်မော်တယ်ဧကရာဇ်တို့ကို သတ်ဖြတ်နိုင်စွမ်းရှိသော လူငယ် ကျင့်ကြံသူမှာ ဘယ်လောက်များများ ရှိသနည်း။
ကျွင်းရှောင်ယောက်က ပြင်ပအင်အားစုများကို အားကိုးသည်ဟု ပြောကြသော်လည်း သူ၏နတ်ဘုရားခန္ဓာကိုယ်မှ စုပ်ယူထားသော ယုံကြည်မှုစွမ်းအားများနှင့် သွေးယဇ်ဇော်မှုစွမ်းအားများကို ကျွင်းရှောင်ယောက်ကိုယ်တိုင် နည်းမျိုးစုံဖြင့် စုဆောင်းခဲ့ရခြင်း ဖြစ်သည်။
ဤသည်မှာ သူကိုယ်တိုင် ဖန်တီးထားသော ဓမ္မခန္ဓာတစ်ခုပင်။
သို့သော်...
ကျွင်းရှောင်ယောက်က မည်မျှပင် ကောင်းမွန်အောင် လုပ်ဆောင်နိုင်ခဲ့စေကာမူ၊ သူက လူငယ်တစ်ဦးသာ ရှိသေးသည်။
နတ်ဘုရားအဆင့်နီးပါးရှိသော စစ်မြေပြင်တွင် ပါဝင်နိုင်ခြင်းမှာပင် စိတ်ကူးကြည့်ရန် ခက်ခဲပြီ ဖြစ်သည်။
ယခုကဲ့သို့ ဒဏ္ဍာရီလာဧကရာဇ်ဖြစ်သော သက်ရှည်ခြင်းဧကရာဇ်ကို တားဆီးရန်မှာတော့ ကျွင်းရှောင်ယောက်၏ စွမ်းဆောင်ရည်ထက် အလှမ်းဝေးလွန်းနေပြီ။
"ရှောင်ယောက်... အစ်မ မင်းကို ကူညီမယ်"
ကျန်းစန်းယီ၏ မျက်ဝန်းများတွင် ပြတ်သားသော အရိပ်အယောင်များ လက်ခနဲ ဖြစ်သွားသည်။
...........
ကောင်းကင်အထက်တွင်...
သက်ရှည်ခြင်းဧကရာဇ်က သူ၏ခန္ဓာကိုယ်အတွင်းသို့ စီးဝင်လာသော အင်မော်တယ်စွမ်းအင်များကို ခံစားနေသည်။
"နည်းလွန်းသေးတယ်"
သက်ရှည်ခြင်းဧကရာဇ်က ခေါင်းကို အနည်းငယ် ခါယမ်းလိုက်၏။
ထိုအင်မော်တယ်ဓာတ်စွမ်းအင်များသည် အခြားသူများအတွက် များပြားနိုင်သော်လည်း ဒဏ္ဍာရီလာဧကရာဇ်အတွက်မူ သမုဒ္ဒရာထဲမှ ရေတစ်စက်ကဲ့သို့သာ။
ထို့ပြင် ယဇ်ဆရာသခင်များ၏ ရည်ရွယ်ချက်မှာ အင်မော်တယ်ဓာတ်စွမ်းအင် အနည်းငယ် ရရှိရန်မဟုတ်ဘဲ အင်မော်တယ်တံခါးကို အပြည့်အဝ ဖွင့်လှစ်ရန် ဖြစ်သည်။
"ယဇ်ပူဇော်မှုတွေက မလုံလောက်သေးဘူး။ အဲဒီအင်မော်တယ်နယ်မြေမှာ သက်ရှိဓာတ်တွေ အများကြီး ရှိနေသေးတယ်"
သက်ရှည်ခြင်းဧကရာဇ်၏ အေးစက်လှသော အကြည့်မှာ ရွှမ်ထျန်း အင်မော်တယ်နယ်မြေပေါ်သို့ ကျရောက်လာသည်။
ထိုနေရာမှာ အင်မော်တယ်နယ်မြေမှ အကျော်အမော်များ အဓိကစုဝေးနေသော နေရာ ဖြစ်၏။
သူတို့အားလုံးသည်လည်း ကောင်းကင်ယံ၏ အနက်ရှိုင်းဆုံးနေရာမှ သက်ရှည်ခြင်းဧကရာဇ်၏ အကြည့်ကို ခံစားလိုက်ရသည်။
ထိုဖိအားမှာ အသက်ရှူရန်ပင် ခက်ခဲပေသည်။
တုန်ဟွဧကရာဇ်၏ အစစ်အမှန်ဝိညာဉ်က ရှေ့သို့ တက်လာခဲ့ပြီး သက်ရှည်ခြင်းဧကရာဇ်၏ အကြည့်ကို တည်ငြိမ်စွာ ရင်ဆိုင်လိုက်သည်။
"အလို... ရှေးဟောင်းအင်မော်တယ်ခုံရုံးရဲ့ နောက်ဆုံးအုပ်ချုပ်သူ တုန်ဟွဧကရာဇ်ပဲ"
သက်ရှည်ခြင်းဧကရာဇ်၏ လေသံမှာ အနည်းငယ် ပြောင်းလဲသွားသည်။
သူ၏အဆင့်တွင် သူနှင့်တန်းတူရှိသော တည်ရှိမှုများကသာ သူ၏ခံစားချက်ကို အနည်းငယ် လှုပ်ခတ်စေနိုင်သည်။
"သက်ရှည်ခြင်းဧကရာဇ်... ဒီနေ့မှာ မင်း တကယ်ပဲ အမြစ်ဖြုတ်တော့မှာလား"
"မင်းကျူးလွန်ခဲ့တဲ့ အပြစ်တွေအတွက် အင်မော်တယ်နယ်မြေက ဝိညာဉ်တွေရဲ့ ကျိန်စာတိုက်ခံရမှာကို မကြောက်ဘူးလား"
လောကတွင် အကြောင်းရှိလျှင် အကျိုးရှိစမြဲပင်။
သက်ရှည်ခြင်းဧကရာဇ်၏ ရက်စက်လှသော သတ်ဖြတ်မှုများကြောင့် အင်မော်တယ်နယ်မြေရှိ ဝိညာဉ်ပေါင်းများစွာ၏ ကျိန်စာကို သူ ကျိန်းသေ ခံရမည် ဖြစ်သည်။
သို့သော်လည်း ထိုစကားကို ကြားသောအခါ သက်ရှည်ခြင်းဧကရာဇ်က တည်ငြိမ်သော အသံဖြင့် ပြန်ပြောလိုက်သည်။
"ငါက ကမ္ဘာကြီးကို ဖျက်ဆီးမယ်ဆိုရင် ဘယ်သူက တားဆီးနိုင်မှာလဲ။ ကောင်းကင်က ငါ့ကို အာဃာတထားတယ်ဆိုရင် အဲဒီကောင်းကင်ကို မြှုပ်နှံလိုက်ဖို့ စိတ်ထဲမထားဘူး"
ဤစကားမှာ ဒဏ္ဍာရီလာဧကရာဇ်တစ်ပါး၏ မောက်မာလှသော အရှိန်အဝါကို အပြည့်အဝ ဖော်ပြနေသည်။
ကောင်းကင်ကြီးက ရန်ငြိုးထားလျှင်ပင် ထိုကောင်းကင်ကို မြှုပ်နှံပစ်မည်ဟူသော စကားမှာ ပထမဆုံး ယဇ်ဆရာသခင်ဖြစ်သည့် သက်ရှည်ခြင်းဧကရာဇ်၏ စိတ်သဘောထားပင်။
သူက နောက်ထပ် စကားတစ်လုံးမှ မပြောတော့ပါ။
သက်ရှည်ခြင်းဧကရာဇ်က လက်ကို မြှောက်လိုက်ရာ မရေမတွက်နိုင်သော နိယာမများ စုစည်းသွားသည်။
သူသည် ရွှမ်ထျန်း အင်မော်တယ်နယ်မြေထံသို့ လက်ညှိုးတစ်ချက် ထိုးလိုက်၏။
ကျွင်းရှောင်ယောက်၏ မျက်ဝန်းများ လက်ခနဲ ဖြစ်သွားသည်။
သက်ရှည်ခြင်းဧကရာဇ် ထိန်းချုပ်ထားသော နိယာမအရေအတွက်မှာ အလွန်ပင် ကြောက်မက်ဖွယ်ကောင်းကြောင်း သူ သိလိုက်ရ၏။
လက်ညှိုးတစ်ချက် ထိုးလိုက်သည်နှင့် မရေမတွက်နိုင်သော နိယာမစွမ်းအားများ ပေါ်ထွက်လာရသည်။
သက်ရှည်ခြင်းဧကရာဇ်သည်လည်း လမ်းစဉ်သုံးထောင်ကို လိုက်စားလိုကြောင်း သက်ရှည်ခြင်းနတ်ဘုရားမ ပြောဖူးသည်ကို ကျွင်းရှောင်ယောက် အမှတ်ရမိလေသည်။
ယခုတော့ သက်ရှည်ခြင်းဧကရာဇ်က ထိုလမ်းစဉ်တွင် အလွန်နက်ရှိုင်းသော အဆင့်သို့ ရောက်နေပုံရသည်။
အကယ်၍ သူသာ အပြည့်အဝ နားလည်သွားပါက အင်မော်တယ်တံခါးကို မဖွင့်ဘဲနှင့်ပင် အင်မော်တယ် ဖြစ်လာနိုင်ချေ ရှိပေသည်။
ကျွင်းရှောင်ယောက်က သက်ရှည်ခြင်းဧကရာဇ်၏ နည်းလမ်းများကို လေ့လာစူးစမ်းခွင့်ရလျှင် သူ့အတွက် အလွန် အကျိုးရှိမည်ဟု ခံစားရသည်။
သို့သော်လည်း ကံမကောင်းချင်တော့ သေခြင်းနှင့် ရှင်ခြင်းမှာ လက်တစ်ကမ်းတွင် ရှိနေသဖြင့် ထိုသို့စဉ်းစားဆင်ခြင်နေရန် အချိန်မရတော့ပေ။
ကျရောက်လာတော့မည့် လက်ချောင်းကြီးကိုကြည့်ရင်း ရွှမ်ထျန်း အင်မော်တယ်နယ်မြေရှိ သက်ရှိအားလုံးမှာ ကြောက်ရွံ့မှုနှင့် မျှော်လင့်ချက်မဲ့မှုများ ခံစားလိုက်ကြရသည်။
သူတို့၏ မျက်နှာများက ပြာနှမ်းနေပြီး နတ်ဘုရားတို့၏ ကမ္ဘာဖျက် ကပ်ဘေးကြီးကို ကြည့်နေရုံမှတပါး အခြား ဘာမှမတတ်နိုင်ကြပေ။
သို့သော် ထိုအခိုက်အတန့်တွင်...
"ဒေါင်... ဒေါင်... ဒေါင်..."
ကျယ်လောင်သော ခေါင်းလောင်းသံကြီးမှာ အင်မော်တယ်တံခါးထက်တွင် ရှိနေသော အဆုံးမဲ့ခေါင်းလောင်းထံမှ နောက်တစ်ဖန် ထွက်ပေါ်လာသည်။
အင်မော်တယ်တံခါးတွင် အက်ကြောင်းလေးတစ်ခု ပွင့်သွားပြီးနောက် အဆုံးမဲ့ခေါင်းလောင်းက ကောင်းကင်နှင့် မြေပြင်ကို တုန်ဟည်းသွားစေသည့် ကျယ်လောင်သော အသံမျိုးဖြင့် နောက်တစ်ကြိမ် မြည်ဟည်းလာခဲ့ပြီ။