အခန်း ၁၅၅၆
Vol. 109 Ch. 1556
အခန်း ( ၁၅၅၆ ) လုဖူးကွေ့၏ စစ်မှန်သော အထောက်အထား။
ကျွင်းရှောင်ယောက်နှင့် အခြားသူများမှာ ခဏချင်း ဖိနှိပ်ခြင်းကို ခံလိုက်ရပြီး အရေးနိမ့်လာခဲ့ရသည်။
ထိုမြင်ကွင်းကို မြင်တွေ့လိုက်ရချိန်တွင် အင်မော်တယ်နယ်မြေဘက်မှ လူများမှာ ပို၍ စိတ်လှုပ်ရှားပြီး စိုးရိမ်ပူပန်လာကြတော့သည်။
"တကယ်ပဲ... အသုံးမဝင်တော့ဘူးလား"
အင်မော်တယ်နယ်မြေမှ ရေတွက်၍မရနိုင်သော သက်ရှိများမှာ ဤအထွတ်အထိပ် တိုက်ပွဲကြီး ဖြစ်ပွားနေသည်ကို စောင့်ကြည့်နေကြသည်။
မဟာဧကရာဇ် အဆုံးမဲ့၊ ရှေးဟောင်းမြင့်မြတ်ခန္ဓာ၊ ကျွင်းမိသားစု၏ နတ်ဘုရားသားတော်နှင့် ဆန်းကြယ်ကာ ခန့်မှန်းရခက်သော အိပ်မက်ဧကရာဇ်တို့ ပေါင်းစပ်ထားသည့်တိုင်...
သူတို့အားလုံးက သက်ရှည်ခြင်းဧကရာဇ်ကို မယှဉ်ပြိုင်နိုင်ကြသေးပေ။
ကျွင်းဧကရာဇ်ခုံရုံးဘက်တွင်လည်း လူများစွာမှာ စိုးရိမ်ပူပန်နေကြသည်။
ထိုစဉ်၊ အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။
"တောက်... သေရင်မြေကြီး ရှင်ရင်လည်း ရွှေထီးပဲကွာ၊ ငါလောင်းလိုက်ပြီ"
ထို့နောက် ဝဝဖိုင့်ဖိုင့် ပုံရိပ်တစ်ခုက ကောင်းကင်ယံသို့ ပျံတက်သွားသည်ကို မြင်လိုက်ရ၏။
သူက အခြားသူမဟုတ်ဘဲ ဖက်တီးလေး လုဖူးကွေ့ပင် ဖြစ်တော့သည်။
"ဒီဖက်တီး... နင် ဘာလုပ်နေတာလဲ၊ ဒီကို မြန်မြန်ပြန်လာခဲ့"
မော့ယန်းယု၏ အမူအရာက ပြောင်းလဲသွားပြီး အော်ပြောလိုက်သည်။
သူသည် ဤဖက်တီးကို မုန်းတီးပြီး နေ့တိုင်း စကားများ ရန်ဖြစ်နေကြသော်လည်း...
အဆုံးတွင်မူ သူတို့အားလုံးက ကျွင်းဧကရာဇ်ခုံရုံး၏ စက်မှုလက်မှုဌာနမှ လူများ ဖြစ်နေကြသေးသည်။
သူက လုဖူးကွေ့ကို သေတွင်းထဲသို့ မသွားစေလိုပေ။
လုဖူးကွေ့၏ အင်အားဖြင့် တစ်ယောက်တည်း တိုးဝင်သွားပါက တိုက်ပွဲမြေပြင်သို့ မရောက်ရှိမီမှာပင် တိုက်ပွဲ၏ တုန်ခါမှုလှိုင်းများကြောင့် သေဆုံးသွားနိုင်ချေ ရှိသည်။
ကျွင်းဧကရာဇ်ခုံရုံးမှ အခြားအဖွဲ့ဝင်များကလည်း အော်ဟစ်တားဆီးလိုက်ကြသည်။
ဤဖက်တီးမှာ ပျင်းရိခြင်း၊ လောဘကြီးခြင်း၊ မိန်းမလိုက်စားခြင်းနှင့် အိန္ဒြေရှိသော အမျိုးသမီးများကိုပင် နှောင့်ယှက်ခြင်းတို့ ပြုလုပ်တတ်သည့် ဆိုးသွမ်းသော လူတစ်ယောက်ဖြစ်သော်လည်း....
ယခုကဲ့သို့ အချိန်မျိုးတွင် ရှေ့မှထွက်ရန် မည်သို့သော သတ္တိမျိုးကို ရှာဖွေတွေ့ရှိသွားသနည်း။
သို့သော်လည်း ထိုအချိန်တွင် တိုးညှင်းသော အသံတစ်ခု ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။
"သူ့ကို သွားခွင့်ပြုလိုက်ပါ"
ဝေဝါးသော ပုံရိပ်တစ်ခု ထွက်ပေါ်လာ၏။
"ကောင်းကင်လက်မှုပညာဧကရာဇ်"
ရှိနေကြသော လူအချို့မှာ အံ့ဩသွားကြသည်။
ဤပုံရိပ်မှာ ယခုခေတ်တွင် လုမိသားစု၏ အကျော်ကြားဆုံးသော ကောင်းကင်လက်မှုပညာရှင် ဖြစ်သည်။
ကောင်းကင်လက်မှုပညာ ဧကရာဇ်သည် လက်နက်သွန်းလုပ်ခြင်းကိုသာ အထူးပြုပြီး ဧကရာဇ်များထဲတွင် တိုက်ခိုက်နိုင်စွမ်း သန်မာသူတစ်ဦး မဟုတ်ပေ။
ထို့ကြောင့် သူသည် လှုပ်ရှားမှု မပြုခဲ့ပါ။
လုမိသားစု၏ သခင်လေးဖြစ်သော လုဖူးကွေ့မှာမူ သူ၏ မျိုးဆက် ဖြစ်သည်။
လူတိုင်းမှာ ဇဝေဇဝါ ဖြစ်သွားကြပေသည်။
အဘယ်ကြောင့် ကောင်းကင်လက်မှုပညာ ဧကရာဇ်က မိမိ၏ မျိုးဆက်တစ်ဦး သေတွင်းထဲသို့ သွားနေသည်ကို မြင်တွေ့ရချိန်တွင် ထိုမျှတည်ငြိမ်နေရသနည်း။
လူတိုင်း တွေးတောနေကြစဉ်မှာပင်...
အခြားတစ်ဖက်၌ လုဖူးကွေ့က မယုံနိုင်လောက်အောင် မြန်ဆန်သော အရှိန်အဟုန်ဖြင့် ကောင်းကင်ယံသို့ ပျံတက်သွားခဲ့သည်။
သူက ပျံသန်းသွားစဉ်မှာပင် တစ်စုံတစ်ခုကို သူ့ပါးစပ်ထဲသို့ ပလုတ်ပလောင်း ထိုးထည့်လိုက်သည်။
ထိုအရာက အခြားမဟုတ်ဘဲ အင်မော်တယ်ဓာတ်စွမ်းအင်များ ပါဝင်သည့် အင်မော်တယ်သွေးကြော အပိုင်းအစတစ်ခုပင် ဖြစ်တော့သည်။
"တောက်... ဒါက အမှန်တကယ် ဖြစ်လိမ့်မယ်လို့ ငါ မယုံနိုင်သေးဘူး။ ဒါပေမဲ့ ဒီလိုဖြစ်လာမှတော့ ငါတော့ အကုန်ပုံအောလိုက်ပြီကွာ"
"အစ်ကိုကျွင်းရေ... ကျုပ် လာပြီဗျ"
လုဖူးကွေ့က အော်ဟစ်လိုက်သည်။
"လုဖူးကွေ့... မင်း..."
ကျွင်းရှောင်ယောက်သည်လည်း လုဖူးကွေ့၏ အသံကို ကြားလိုက်ရသည်။
သူ့မျက်ဝန်းတွင် နတ်အလင်းတန်းများ ဖျတ်ခနဲ လက်သွားခဲ့၏။
စင်စစ်တွင်၊ သူက လုဖူးကွေ့၏ စစ်မှန်သော အထောက်အထားကို အကြမ်းဖျင်း ရိပ်မိထားပြီးသား ဖြစ်သည်။
သက်ရှည်ခြင်းဧကရာဇ်ကမူ မူလက ဂရုမစိုက်ခဲ့ချေ။
သို့သော်လည်း လုဖူးကွေ့၏ တည်ရှိမှုကို ခံစားမိပြီးနောက် တိုးညှင်းသော အာမေဍိတ်သံတစ်ခု ထွက်ပေါ်လာခဲ့သည်။
ထို့နောက် သူသည် လုဖူးကွေ့ထံသို့ လက်ညှိုးညွှန်ပြလိုက်၏။
၎င်းက အံ့ဩစရာပင်။
သက်ရှည်ခြင်းဧကရာဇ်သည် ဒဏ္ဍာရီလာဧကရာဇ်တစ်ပါးအနေဖြင့် မည်သည့်သာမန်လူကိုမျှ ဂရုစိုက်သူမဟုတ်ကြောင်း သိထားကြသင့်သည်။
သာမန်ဧကရာဇ်တစ်ဦးပင်လျှင် သက်ရှည်ခြင်းဧကရာဇ်၏ အာရုံစိုက်မှုကို ခံယူရန် အရည်အချင်း ပြည့်မီလိမ့်မည် မဟုတ်ချေ။
သို့သော်လည်း ဤအခိုက်တွင် သက်ရှည်ခြင်းဧကရာဇ်က လုဖူးကွေ့ထံသို့ လက်ညှိုးတစ်ချောင်း အမှန်တကယ် ညွှန်ပြလိုက်သည်။
"သိပ်ပြီး အနိုင်မကျင့်နဲ့ကွ"
လုဖူးကွေ့က ဒဏ္ဍာရီလာဧကရာဇ်တစ်ပါး၏ လက်ညှိုးတိုက်ခိုက်မှုကို မြင်တွေ့လိုက်ရချိန်တွင် အသက်ချင်းထပ်ပြီး တိုက်ခိုက်တော့မည်ကဲ့သို့ တအား အော်ဟစ်လိုက်သည်။
နောက်အခိုက်တွင်...
"ဝုန်း"
အဆုံးမဲ့ အလင်းတန်းများက လုဖူးကွေ့၏ ခန္ဓာကိုယ်အတွင်းမှ ပေါက်ကွဲထွက်လာခဲ့ပြီး လေပြင်းများနှင့် မိုးကြိုးထစ်ချုန်းသံများလည်း အတူတကွ မြည်ဟည်းလာခဲ့၏။
ဘောလုံးတစ်လုံးကဲ့သို့ ဝတုတ်နေသော သူ့ခန္ဓာကိုယ်မှာလည်း တောက်ပနေသော အလင်းတန်းများကြားတွင် ထပ်မံ၍ ကြီးထွားလာတော့သည်။
နောက်ဆုံးတွင် ရေတွက်၍မရနိုင်သော လူများ၏ အံ့အားသင့်နေသော အကြည့်အောက်တွင်...
တောက်ပသော နတ်အလင်းတန်းများ ဖြာထွက်နေပြီး ကောင်းကင်အားလုံးကို ဖိနှိပ်နိုင်စွမ်းရှိသော ရွှေရောင်နတ်ဘုရားမီးဖိုကြီးတစ်ခုအဖြစ် ပြောင်းလဲသွားတော့သည်။
ထိုရွှေရောင်နတ်ဘုရားမီးဖိုကြီးမှာ အလွန်တောက်ပပြီး အင်မော်တယ်လက်နက် တစ်ခုနှင့် မခြားနားသော အရှိန်အဝါများကို ထုတ်လွှတ်နေသည်။
နတ်ဘုရားမီးဖိုကြီး လည်ပတ်သွားချိန်တွင် ၎င်းက လောကရှိ အရာအားလုံးကို သန့်စင်ပစ်နိုင်စွမ်းရှိသော ထိတ်လန့်ဖွယ်ရာ စွမ်းအားတစ်ခုကို ပိုင်ဆိုင်ထားပုံရ၏။
ရေတွက်၍မရနိုင်သော သက်ရှိများမှာ ကြက်သေသေသွားကြသည်။
လူတစ်ဦးက ပြေးထွက်လာပြီး ရုတ်တရက် ရွှေရောင်နတ်ဘုရားမီးဖိုကြီးတစ်ခုအဖြစ် ပြောင်းလဲသွားခြင်း ဖြစ၏။
ဤအရာက လုံးဝ မျှော်လင့်မထားသောအရာပင်။
ထို့ထက်၊ မျှော်လင့်မထားဆုံးသော တုံ့ပြန်မှုမှာ ကျွင်းဧကရာဇ်ခုံရုံးမှ လူများထံမှ ထွက်ပေါ်လာခြင်း ဖြစ်သည်။
နောက်ဆုံးတွင်၊ သူတို့က လုဖူးကွေ့အကြောင်းကို အသိဆုံးသူများ ဖြစ်ခဲ့ကြသည် မဟုတ်ပါလား။
"ဒါ... ဒီဖက်တီးစုတ်က... တကယ်ပဲ ဘယ်သူလဲ..."
မော့ယန်းယုက ဆွံ့အသွားခဲ့သည်။
လုဖူးကွေ့နှင့် တစ်နေကုန် ရန်သတ်နေရသူတစ်ဦးအနေဖြင့် သူမ၏ စိတ်မှာ ထိုအခိုက်အတန့်တွင် ဟာလာဟင်းလင်း ဖြစ်သွားရ၏။
ဤအခိုက်အတန့်တွင် ကောင်းကင်ယံ၌ ရပ်တည်နေပြီး ပုံရိပ်ဝေဝါးနေသော လုမိသားစု၏ ကောင်းကင်လက်မှုပညာ ဧကရာဇ်က တည်ငြိမ်စွာ ပြောလိုက်သည်။
"ငါတို့ နောက်ဆုံးတော့ အောင်မြင်သွားပြီပဲ"
"အကြီးအကဲ၊ တကယ်ပဲ ဘာတွေဖြစ်နေတာလဲ"
လူများစွာမှာ ဇဝေဇဝါ ဖြစ်နေကြပေသည်။
လုဖူးကွေ့ကို ကောင်းကင်လက်မှုပညာ ဧကရာဇ်၏ မျိုးဆက်ဖြစ်သည်ဟု ပြောခဲ့ကြသည် မဟုတ်လော။
ကောင်းကင်လက်မှုပညာ ဧကရာဇ်က တည်ငြိမ်စွာ ပြောလိုက်သည်။
"အမှန်တော့ လုဖူးကွေ့ဟာ ငါ့လုမိသားစု ဘိုးဘေး ချန်ထားခဲ့တဲ့... သွေး ချွေးတွေနဲ့ အများကြီး ကြိုးစားအားထုတ်ခဲ့ရတဲ့ အကောင်းဆုံး လက်ရာတစ်ခုပါပဲ။ အဲဒါက ကမ္ဘာသန့်စင်ခြင်းမီးပြင်းဖိုလို့ ခေါ်တဲ့ အဆင့်မြင့် အင်မော်တယ်လက်နက်တစ်ပိုင်းအဆင့် လက်နက်ပဲ"
"ဒါပေမဲ့ ဒီကမ္ဘာသန့်စင်ခြင်းမီးပြင်းဖိုဟာ အင်မော်တယ်ဓာတ်စွမ်းအင် မရှိတာကြောင့် စစ်မှန်တဲ့ အင်မော်တယ်လက်နက်တစ်ခုအဖြစ် ရောက်ရှိဖို့ မစွမ်းဆောင်နိုင်ခဲ့ဘူးလေ"
"နောက်ပိုင်းမှာတော့ ငါ့ရဲ့ လုမိသားစု ဘိုးဘေးက သူ့ရဲ့ ဝိညာဉ်အနှစ်သာရကို သန့်စင်ခြင်းမီးပြင်းဖိုပေါ် တစ်ကြိမ် ဖြန်းပက်ခဲ့တာကြောင့် ဖြစ်နိုင်တယ်"
"ဒါကြောင့် ရှည်လျားလှတဲ့ နှစ်တွေတစ်လျှောက်မှာ သန့်စင်ခြင်းမီးပြင်းဖိုဟာ အမှန်တကယ်ပဲ ဝေဝါးတဲ့ အသိစိတ်တစ်ခုကို မွေးဖွားပေးခဲ့ပါတယ်၊ အဲဒါကတော့ အခြားမဟုတ်ဘဲ လုဖူးကွေ့ပဲ"
"ဒါပေမဲ့ မလိုအပ်တဲ့ ပြဿနာတွေကို ရှောင်ရှားနိုင်ဖို့အတွက် ငါကပဲ သူဟာ ငါ့ရဲ့သားဖြစ်တယ်လို့ အများကိုကြေညာခဲ့တာ"
"အခုအခါမှာတော့ သူက လုံလောက်တဲ့ အင်မော်တယ်ဓာတ်စွမ်းအင်တွေ ရရှိသွားပြီဖြစ်တာကြောင့် သန့်စင်ခြင်းမီးပြင်းဖိုဟာ အင်မော်တယ်လက်နက်တစ်ခု ဖြစ်လာဖို့အတွက် အရေးကြီးတဲ့ ခြေလှမ်းတစ်ခုကို နောက်ဆုံးမှာ လှမ်းလှမ်းနိုင်ခဲ့ပါပြီ"
ကောင်းကင်လက်မှုပညာ ဧကရာဇ်က သက်ပြင်းချလိုက်လေသည်။
ထိုအခါမှသာ လူတိုင်းက အခြေအနေကို ရုတ်တရက် သဘောပေါက်သွားကြသည်။
"သူက တကယ်တော့ မီးဖိုကြီးတစ်ခုပေါ့"
မော့ယန်းယုက တိတ်ဆိန်သွားလေသည်။ သူဟာ တစ်နေ့ကုန် မီးဖိုကြီးတစ်ခုနှင့် ရန်သတ်နေခဲ့ရခြင်း ဖြစ်သည်။
"မျှော်လင့်ထားခဲ့တဲ့အတိုင်းပဲ"
ကျွင်းရှောင်ယောက်ကမူ ကြိုတင်၍ ခံစားသိရှိထားပြီးသား ဖြစ်သဖြင့် ထိုမျှလောက် အံ့ဩမသွားခဲ့ချေ။
ထို့ပြင် မေ့ပျောက်ခြင်းမြေ၌ သူတို့သည် အတိတ်ဘဝမှ မြင်ကွင်းများကို ရောင်ပြန်ဟပ်နိုင်သော အတိတ်ဘဝပန်းနှင့် ကြုံတွေ့ခဲ့ဖူးသည်။
ထိုစဉ်က လုဖူးကွေ့ မြင်တွေ့ခဲ့ရသည့်အရာမှာ မီးဖိုကြီးတစ်ခု ဖြစ်၏။
ထိုအချိန်က လုဖူးကွေ့သည် မိမိ ကြည့်မှားသွားခြင်းဖြစ်သည်ဟု ထင်မှတ်ခဲ့သည်။
၎င်းက အမှန်တကယ် ဖြစ်လာလိမ့်မည်ဟု သူ လုံးဝ မျှော်လင့်မထားခဲ့ချေ။
"လခွမ်းပဲ... ငါက တကယ်ပဲ မီးဖိုဝိညာဉ်တစ်ခု ဖြစ်နေလိမ့်မယ်လို့ လုံးဝ ထင်မထားခဲ့ဘူး"
ထိုအခိုက်အတန့်တွင် လုဖူးကွေ့၏ အသံမှာ သန့်စင်ခြင်းမီးပြင်းဖိုအတွင်းမှ ထွက်ပေါ်လာခဲ့သည်။
လုံလောက်သော အင်မော်တယ်ဓာတ်စွမ်းအင်များကို စုပ်ယူပြီးနောက်တွင် ကမ္ဘာသန့်စင်ခြင်းမီးပြင်းဖိုက အမှန်တကယ်ပင် အင်မော်တယ်လက်နက်တစ်ခု၏ အငွေ့အသက်ကို ပိုင်ဆိုင်သွားခဲ့ပြီ ဖြစ်သည်။
သို့သော်လည်း ၎င်းက တည်ငြိမ်သည်ဟု မသတ်မှတ်နိုင်သေးချေ။
နောက်ဆုံးတွင်၊ ကမ္ဘာသန့်စင်ခြင်းမီးပြင်းဖိုက အင်မော်တယ်လက်နက်တစ်ခု၏ စွမ်းအားကို စတင်၍ ပိုင်ဆိုင်ခါစ ရှိသေးသောကြောင့် ဖြစ်သည်။
သို့ပေသော်ငြား၊ ထိုသို့ဖြစ်လျှင်ပင် လက်ရှိတိုက်ပွဲတွင် အထောက်အကူပြုနိုင်သော အလွန်အမင်း အစွမ်းထက်သည့် လက်နက်တစ်ခု ဖြစ်နိုင်သေးသည်။
"အစ်ကိုကျွင်း... ရှောင်လုက ခင်ဗျားကို ကူညီဖို့ လာပြီ"
ကမ္ဘာသန့်စင်ခြင်းမီးပြင်းဖိုမှ အသံတစ်ခု ထွက်ပေါ်လာပြီး ကျွင်းရှောင်ယောက်ထံသို့ ကျဆင်းလာခဲ့သည်။
ကျွင်းရှောင်ယောက်က ကမ္ဘာသန့်စင်ခြင်းမီးပြင်းဖိုကို လက်တစ်ဖက်ဖြင့် ကိုင်ဆောင်လိုက်၏။
၎င်းအတွင်း၌ အတိုင်းအဆမဲ့သော စွမ်းအားများ ပေါက်ကွဲထွက်လာသည်ကို သူ ခံစားလိုက်ရသည်။
လုမိသားစု၏ ဘိုးဘေးများက သူတို့၏ ဘဝတစ်ခုလုံး မြှုပ်နှံ၍ ဖန်တီးခဲ့သော လက်ရာတစ်ခုဆိုသည့်အတိုင်း ၎င်း၏စွမ်းအားမှာ အနှိုင်းမဲ့လှသည်။
နတ်ဘုရားဓမ္မခန္ဓာနှင့် ကမ္ဘာသန့်စင်ခြင်းမီးပြင်းဖိုတို့ကို ပေါင်းစပ်လိုက်ရာ ၎င်းက ကျားကိုအတောင်ပံတပ်ပေးလိုက်သကဲ့သို့ပင်။
၎င်းက ကျွင်းရှောင်ယောက်အတွက် နောက်ထပ် အရေးကြီးသော တိုက်ခိုက်ရေးအင်အားစုတစ်ခုကို ထပ်မံဖြည့်ဆည်းပေးလိုက်ခြင်း ဖြစ်သည်။
သို့သော်လည်း ဤအရာကို မြင်တွေ့လိုက်ရချိန်တွင် သက်ရှည်ခြင်းဧကရာဇ်က အမူအရာ ကင်းမဲ့နေဆဲပင်။
အင်မော်တယ်လက်နက်များစွာ ရှိနေလျှင်ပင် သူက အနှိုင်းမဲ့အဖြစ် တည်ရှိနေသေးသည်။
"ဝုန်း"
နောက်ထပ် တိုက်ပွဲကြီးတစ်ခု ထပ်မံစတင်လာခဲ့သည်။
ကမ္ဘာသန့်စင်ခြင်းမီးပြင်းဖို၏ အထောက်အပံ့ဖြင့် ကျွင်းရှောင်ယောက်၏ တိုက်ခိုက်ရေးစွမ်းရည်မှာ ပိုမို အစွမ်းထက်လာခဲ့၏။
အဆုံးမရှိသော နတ်အလင်းတန်းများက ကမ္ဘာသန့်စင်ခြင်းမီးပြင်းဖိုအတွင်းမှ ပေါက်ကွဲထွက်လာခဲ့ပြီး ကောင်းကင်ယံကိုပင် အရည်ပျော်ပစ်နိုင်စွမ်း ရှိပုံရသည်။
သက်ရှည်ခြင်းဧကရာဇ်က လက်ကို မြှောက်ကာ ကမ္ဘာသန့်စင်ခြင်းမီးပြင်းဖိုကို ရိုက်ထုတ်လိုက်သည်။
"ဒေါင်"
သတ္တုချင်း ထိခိုက်သံမှာ ဟိန်းထွက်သွားပြီး ကောင်းကင်နှင့်မြေပြင်ကို တုန်ခါသွားစေခဲ့၏။
"နာတယ်ဟ"
လုဖူးကွေ့၏ အသံက ထွက်ပေါ်လာသည်။
ကျွင်းရှောင်ယောက်က သူ၏ အခြားလက်တစ်ဖက်ဖြင့် လွမ်ကုပုဆိန်ကို အသုံးပြုကာ ခုတ်ချလိုက်သည်။
အဆုံးမဲ့ဧကရာဇ်ကလည်း အဆုံးမဲ့ခေါင်းလောင်းဖြင့် နောက်တစ်ကြိမ် ဖိနှိပ်လိုက်၏။
အင်မော်တယ်လက်နက်နှစ်ခုက တစ်ပြိုင်နက်တည်း ကျဆင်းလာခဲ့ပြီး ဖိနှိပ်လိုက်တော့သည်။