← Chapters

အခန်း ၁၅၅၈

Vol. 109 Ch. 1558

အခန်း ၁၅၅၈

Vol. 109 Ch. 1558

အခန်း ( ၁၅၅၈ ) သက်ရှည်ခြင်းဧကရာဇ် ဒဏ်ရာရသွားပြီ။

ထိုကဲ့သို့သော ထိပ်တိုက်တွေ့ဆုံမှု၏ ရိုက်ခတ်မှုလှိုင်းများမှာ ဖော်ပြ၍မရနိုင်လောက်အောင် ကြီးမားသည်။

ကြယ်မြစ်တစ်ခုလုံးက ကပြောင်းကပြန်ဖြစ်သွား၏။

နေနှင့်လ ပြောင်းပြန်ဖြစ်ပြီး ကြယ်တာရာများ ကြွေလွင့်ပျက်စီးကာ အရာအားလုံး ဖရိုဖရဲဖြစ်ကုန်တော့သည်။

နောက်ဆုံးတွင် မျက်စိကျိန်းမတတ် တောက်ပသော အလင်းတန်းကြီးက အရာအားလုံးနီးပါးကို ဝါးမျိုသွားခဲ့သည်။

ထိတ်လန့်ဖွယ်ကောင်းသော အင်အားစုများက တစ်ခုနှင့်တစ်ခု တိုက်စားချေဖျက်လိုက်၏။

ဖရိုဖရဲ စွမ်းအင်များက လှိုင်းထန်နေပြီး ရှေးကမ္ဘာဦးအစသို့ ပြန်ရောက်သွားတော့မည်ကဲ့သို့ ဖြစ်နေတော့သည်။

ထိုကဲ့သို့ ဖော်ပြ၍မရနိုင်လောက်အောင် ပြင်းထန်သည့် ထိပ်တိုက်တွေ့ဆုံမှုကြီးအတွင်းမှာ...

ညည်းတွားသံတစ်ခုကို ကြားလိုက်ရသည်။

ဤအခိုက်အတန့်တွင် ရေတွက်၍မရနိုင်သော သက်ရှိများလည်း အသက်ရှုရန်ပင် မေ့လျော့သွားပုံရ၏။

"သူ့ကို နောက်ဆုတ်သွားအောင် လုပ်နိုင်ခဲ့ပြီ... သက်ရှည်ခြင်းဧကရာဇ် နောက်ဆုတ်သွားပြီ"

ထိတ်လန့်တုန်လှုပ်နေသော အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။

လူတိုင်းက အသက်ပြင်းပြင်းရှုလိုက်ကြ၏။

သက်ရှည်ခြင်းဧကရာဇ်မှာ ညည်းညူသံနှင့်အတူ ခြေလှမ်းအနည်းငယ် ဆုတ်သွားခဲ့ရသည်။

သူ ဒဏ်ရာရရှိသွားခဲ့ပြီ။

သူ၏ မယိမ်းယိုင်သော ခန္ဓာကိုယ်ပေါ်မှ သွေးစက်များ စီးကျလာခဲ့သည်။

ပြိုင်ဘက်ကင်းသော ဒဏ္ဍာရီတစ်ခုအဖြစ် ချီးမွမ်းခြင်းခံထားရသည့် သက်ရှည်ခြင်းဧကရာဇ်မှာ နောက်ဆုံးမှာတော့ ဒဏ်ရာရရှိသွားခဲ့ပြီ။

ထို့နောက် နောက်တစ်ခဏ၌...

လူတိုင်း၏ စိုးရိမ်ပူပန်နေသော အကြည့်များမှာ ကျွင်းရှောင်ယောက်နှင့် အခြားသူများထံသို့ ရောက်ရှိသွားကြသည်။

အဆုံးမဲ့ဧကရာဇ်က သူ့လက်ထဲတွင် အဆုံးမဲ့ခေါင်းလောင်းကို ကိုင်ဆောင်ထားသည်။

သူ၏ အရှိန်အဝါက စကြဝဠာကြီးကို တုန်ခါစေပြီး တုန်လှုပ်ခြင်းမရှိ အခိုင်အမာ ရပ်တည်နေဆဲ ဖြစ်၏။

သူ၏ အကြည့်များက အေးစက်ပြီး တစ်ဖက်လူကို မမှိတ်မသုန် စိုက်ကြည့်နေခဲ့သည်။

"အရှင်..."

အင်မော်တယ်နယ်မြေဘက်ရှိ ရေတွက်၍မရနိုင်သော သက်ရှိများမှာ ဝမ်းသာအားရဖြင့် အော်ဟစ်လိုက်ကြသည်။

သူတို့မှာ ဝမ်းမြောက်မှုကြောင့် မျက်ရည်များပင် ဝဲလာခဲ့ကြ၏။

ကျင့်ကြံသူအများအပြားမှာလည်း စိတ်လှုပ်ရှားမှုနှင့် စိတ်ဓာတ်တက်ကြွမှုများ ပြည့်နှက်နေကြတော့သည်။

မည်သူမျှ မဟာဧကရာဇ် အဆုံးမဲ့ကို လဲပြိုအောင် မလုပ်နိုင်ချေ။

သူဟာ ခေတ်အဆက်ဆက်တွင် အနိုင်မယူနိုင်သော တည်ရှိမှုတစ်ခု ဖြစ်သည်။

သို့သော်၊ မည်သူမျှ သတိမပြုမိသောအချက်မှာ...

မဟာဧကရာဇ် အဆုံးမဲ့၏ မူလက မီးခိုးဖြူရောင်သန်းနေသော ဆံပင်များမှာ ပိုမို၍ပင် ဖြူဆွတ်သွားခဲ့ရပြီ ဖြစ်သည်။

တစ်ချိန်တည်းမှာပင် ကျွင်းရှောင်ယောက်သည်လည်း ရိုက်ခတ်မှုကို ခံခဲ့ရသည်။

သို့ရာတွင်၊ သူ ခံစားလိုက်ရသည့် ရိုက်ခတ်မှုမှာ ထိုမျှမကြီးမားခဲ့ချေ။

အကြောင်းပြချက်က ရိုးရှင်းသည်။

သူ၏ ရှေ့မှောက်တွင် လှပပြီး သိမ်မွေ့လှသော ပုံရိပ်တစ်ခုက အခိုင်အမာ ကာကွယ်ရပ်တည်ပေးထားသောကြောင့်ပင်။

သူက အမှန်တကယ်ပင် အိပ်မက်ဧကရာဇ် ဖြစ်ခဲ့သည်။

သို့သော်လည်း အိပ်မက်ဧကရာဇ်၏ သွယ်လျသော လက်ချောင်းထိပ်များမှ သွေးများ စီးကျနေသည်ကို သူ မြင်လိုက်ရပေသည်။

"အကြီးအကဲ အိပ်မက်ဧကရာဇ်..."

ကျွင်းရှောင်ယောက်၏ မျက်ဝန်းများမှာ အနည်းငယ် တုန်လှုပ်သွားခဲ့သည်။

အကယ်၍ နတ်ဘုရားဓမ္မခန္ဓာသက်သက်ဆိုလျှင်လည်း သက်ရှည်ခြင်းဧကရာဇ်၏ ဤပြင်းထန်သော တိုက်ခိုက်မှုကို လုံးဝ တောင့်ခံနိုင်လိမ့်မည် ဖြစ်သည်။

သို့ရာတွင်...

၎င်းက လုံးဝ ပျက်စီးသွားလိမ့်မည် မဟုတ်သော်လည်း စွမ်းအားများစွာ ကျန်ရှိတော့မည် မဟုတ်ချေ။

ယခုတော့ အိပ်မက်ဧကရာဇ်က သူ့အတွက် ရိုက်ခတ်မှုများကို တောင့်ခံပေးခဲ့သဖြင့် သူ၏ နတ်ဘုရားဓမ္မခန္ဓာမှာ အင်အားအပြည့် ကျန်ရစ်နေခဲ့ခြင်း ဖြစ်သည်။

"ဘာမှ ပြောဖို့မလိုပါဘူး... ဒါက ငါ့ရဲ့ ကိုယ်ပိုင်ဆန္ဒပဲ"

အိပ်မက်ဧကရာဇ်က နောက်သို့ လှည့်မကြည့်ဘဲ တည်ငြိမ်စွာပင် ပြောလိုက်သည်။

"ဒါပေမဲ့... အကြီးအကဲ အိပ်မက်ဧကရာဇ်၊ ခင်ဗျားရဲ့ ဒဏ်ရာက..."

ကျွင်းရှောင်ယောက်က တစ်ခုခုပြောလိုသော်လည်း တုံ့ဆိုင်းသွားခဲ့သည်။

"ဘာမှမဖြစ်ပါဘူး"

အိပ်မက်ဧကရာဇ်က အရေးမစိုက်စွာ ပြောလိုက်ပြီး သူမ၏ ဒဏ်ရာများကို လုံးဝ ဂရုမစိုက်ခဲ့ချေ။

ဤခန္ဓာကိုယ်သည်ပင် သူမနှင့် လုံးဝမသက်ဆိုင်သကဲ့သို့ သဘောထားနေပုံရသည်။

တစ်ချိန်တည်းမှာပင် ဝူဟူသည်လည်း အကာအကွယ်အချို့ကို ရရှိခဲ့သည်။

သို့ရာတွင်၊ သူ့အခြေအနေက မကောင်းမွန်ဘဲ တစ်ကိုယ်လုံး သွေးချင်းချင်းနီနေတော့သည်။

ပျက်စီးခြင်းဧကရာဇ်၏ဓမ္မခန္ဓာပင်လျှင် ဒဏ္ဍာရီလာဧကရာဇ်၏ အတိုင်းအဆမဲ့လှသော စွမ်းအားကို လုံးဝ ပိတ်ဆို့ထားနိုင်ခြင်း မရှိချေ။

ဤအခိုက်အတန့်တွင် လောကကြီးတစ်ခုလုံးမှာ တိတ်ဆိတ်သွားခဲ့ရသည်။

မြင့်မြတ်ဝိညာဉ် ဘိုးဘေးနှင့် အခြားသူများပင်လျှင် သူတို့၏ တိုက်ပွဲကို ခေတ္တရပ်တန့်ထားခဲ့ကြ၏။

နောက်ဆုံးတွင်...

ဤတိုက်ပွဲတစ်ခုလုံး၏ စစ်မှန်သော အဆုံးအဖြတ်ရလဒ်က သက်ရှည်ခြင်းဧကရာဇ်နှင့် အခြားသူများကြားတွင် ပေါ်ပေါက်လာမည်ဖြစ်သောကြောင့်ပင်။

"ငါ ဧကရာဇ်က အမှန်တကယ် ဒဏ်ရာရသွားတာပဲ"

သက်ရှည်ခြင်းဧကရာဇ်က သွေးများစွန်းပေနေသော သူ၏ လက်ဖဝါးကို မြှောက်ကြည့်လိုက်သည်။

ထိုလက်များက ရှည်လျားသွယ်လျပြီး အပြစ်ဆိုဖွယ်မရှိသဖြင့် မည်သည့်အမျိုးသမီးကိုမဆို မနာလိုဖြစ်စေနိုင်လောက်ပေသည်။

သို့သော်လည်း ယခုအခါတွင်မူ သွေးများ စွန်းထင်းနေခဲ့ပြီ ဖြစ်သည်။

ခေတ်ပေါင်းဘယ်နှခု ကုန်လွန်ခဲ့ပြီနည်း။

သက်ရှည်ခြင်းဧကရာဇ်ကိုယ်တိုင်ပင် သူ နောက်ဆုံး ဒဏ်ရာရခဲ့သည့်အချိန်ကို မမှတ်မိတော့ပေ။

သို့သော်လည်း ယခုအခါ ရှည်ကြာသော ခေတ်ကာလများစွာ ကုန်လွန်ပြီးနောက် သူ ဒဏ်ရာရရှိသွားခဲ့ပြီ ဖြစ်သည်။

ဤအရာက သူ့ကို အနည်းငယ်ပင် သံသယဝင်သွားစေခဲ့ပေသည်။

"ဒါက သူ့ကို ဒဏ်ရာရရုံပဲ ရှိသေးတာလား"

သက်ရှည်ခြင်းဧကရာဇ်၏ အခြေအနေကို မြင်တွေ့ရသောအခါ ကျွင်းရှောင်ယောက်၏ မျက်ဝန်းထဲ၌ လေးနက်သော အမူအရာတို့ ပေါ်လာခဲ့သည်။

သူ့အနေဖြင့် ထိုလှုပ်ရှားမှုကို အသုံးပြုရန် ဆုံးဖြတ်ရတော့မည်လောဟု ကျွင်းရှောင်ယောက် စိတ်ထဲတွင် တွေးတောလိုက်မိ၏။

သူဟာ တစ်ခုခု မှားယွင်းနေသေးသည်ကို ဝေဝါးစွာ ခံစားနေရသည်။

ကျိုးကြောင်းဆီလျော်စွာ ပြောရလျှင် သက်ရှည်ခြင်းဧကရာဇ်သည် ကွယ်ရာမှ ကြိုးကိုင်နေသည့် အကြွင်းမဲ့ နောက်ဆုံးဆရာကြီး ဖြစ်သည်။

သို့သော်လည်း ထိုအတိုင်းဆိုလျှင် အကြောင်းအရာ အများစုမှာ ရှင်းလင်းမှုမရှိ ဖြစ်နေလိမ့်မည်။

သက်ရှည်ခြင်းဧကရာဇ်က အဘယ်ကြောင့် ရှေးဟောင်းမြင့်မြတ်ခန္ဓာ မျိုးနွယ်စုကို ပစ်မှတ်ထားခဲ့ရသနည်း။

ထိုအချက်က ရှင်းလင်းမှု မရှိသေးချေ။

ထို့ကြောင့် ကျွင်းရှောင်ယောက်က အရာအားလုံးကို အပြည့်အဝ နားမလည်သေးမီအထိ သူ၏ ဝှက်ဖဲအားလုံးကို မထုတ်ဖော်ချင်သေးချေ။

"အဟက်... ဟားဟားဟား..."

သက်ရှည်ခြင်းဧကရာဇ်က ရုတ်တရက် ရယ်မောလိုက်သည်။

"မင်းတို့တွေက ငါ့ကို အချိန်အတော်ကြာ ကွယ်ပျောက်နေခဲ့တဲ့ နာကျင်မှုကို ပြန်လည်ခံစားရအောင် လုပ်ပေးလိုက်တာပဲ"

"ဒါက... ငါ့ကို အရင်အချိန်တုန်းက လူသားတစ်ယောက် ဖြစ်ခဲ့ရတဲ့ ခံစားချက်ကို ပြန်လည်မြင်ယောင်ခွင့် ပေးလိုက်သလိုပဲ..."

သက်ရှည်ခြင်းဧကရာဇ်က အမှန်တကယ်ပင် လက်ကိုမြှောက်ကာ သူ၏ လက်ဖဝါးပေါ်မှ သွေးများကို လျှာဖြင့်လျက်လိုက်၏။

"ငါ လူသားတစ်ယောက်အဖြစ် ရှိနေသေးတုန်းကလည်း ငါ ဒဏ်ရာရခဲ့ဖူးပြီး အဲဒီလိုမျိုး စူးရှလှတဲ့ နာကျင်မှုကို သိခဲ့ရဖူးတယ်"

"ဒါပေမဲ့..."

သက်ရှည်ခြင်းဧကရာဇ်၏ မျက်ဝန်းထဲမှ စိတ်ခံစားမှုများမှာ ရုတ်ချည်း အေးစက်သွားခဲ့သည်။

"ငါ ဒဏ္ဍာရီလာအဆင့်ကို ရောက်ရှိပြီး စစ်မှန်တဲ့ နတ်ဘုရားတစ်ပါး ဖြစ်လာတဲ့အခါမှာ ငါ နားလည်သွားခဲ့တယ်။ နိမ့်ကျတဲ့ ပုရွက်ဆိတ်တွေပဲ နာကျင်မှုကို ခံစားရပြီး စစ်မှန်တဲ့ အင်မော်တယ်တွေက အထက်ဘုံကို တက်လှမ်းနိုင်လိမ့်မယ်"

"မင်းတို့တွေ ငါအရှင်ကို ဒီခံစားချက်မျိုး နောက်တစ်ကြိမ် ခံစားရအောင် လုပ်ခဲ့တဲ့အတွက်... ငါ မင်းတို့ကို သေခြင်းတရား ဆုလာဘ်ကို ပေးသနားမယ်"

သက်ရှည်ခြင်းဧကရာဇ်က ပြောဆိုပြီးသည်နှင့် တပြိုင်နက် အားကောင်းသော အရှိန်အဝါများက ပေါက်ကွဲထွက်လာတော့သည်။

လူတိုင်းက သူတို့၏ စိတ်နှလုံးထဲတွင် အေးစိမ့်မှုကို ခံစားလိုက်ရသည်။

သက်ရှည်ခြင်းဧကရာဇ်က အမှန်တကယ် အမျက်ဒေါသထွက်သွားပြီဖြစ်ကြောင်း သူတို့ သိရှိလိုက်ကြ၏။

ကျားတစ်ကောင်က ကြောက်စရာကောင်းသည်။

သို့ရာတွင် ဒဏ်ရာရရှိပြီး အမျက်ဒေါသထွက်နေသော ကျားတစ်ကောင်က ပို၍ပင် ကြောက်စရာကောင်းပေသည်။

"ကိုကို ရှောင်ယောက်..."

အင်မော်တယ်နယ်မြေ၊ ကျွင်းဧကရာဇ်ခုံရုံးဘက်တွင် ဂျန်းလော့လီ၏ နှလုံးသားမှာ ပြင်းပြင်းထန်ထန် ခုန်ပေါက်နေသည်။ သူမ၏ မျက်နှာလေးမှာလည်း ဖြူဖပ်ဖြူရော် ဖြစ်နေပြီ။

သူသည်လည်း ကျွင်းရှောင်ယောက်က အလွန်အမင်း အန္တရာယ်ရှိသော အခြေအနေသို့ ရောက်ရှိနေပြီဖြစ်ကြောင်း သဘောပေါက်လိုက်သည်။

"မမရှန်းယီ... ကိုကို ရှောင်ယောက် သူ..."

ကျန်းလော့လီက ခေါင်းကို လှည့်ကြည့်လိုက်သည်။

သို့သော်၊ ကျန်းစန်းယီကို မမြင်တွေ့ရတော့ချေ။

ကျန်းစန်းယီက ထိုနေရာတွင် မရှိတော့သည်မှာ ကြာပြီ ဖြစ်သည်။

သူမ၏ ရင်ထဲ၌ ထိတ်ခနဲ ဖြစ်သွားခဲ့တော့သည်။

အထက်ကောင်းကင်ကိုးပါးတွင်...

ကျွင်းရှောင်ယောက်၏ အမူအရာမှာ လေးနက်နေသည်။

အကယ်၍ ဤအတိုင်းဆက်သွားနေပါက သူ၏ ဝှက်ဖဲကို အသုံးပြုရန်မှတစ်ပါး အခြားရွေးချယ်စရာ မရှိတော့ချေ။

ထိုစဉ်၊ သိမ်မွေ့လှသော အော်ဟစ်သံတစ်ခု ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။

"ရှောင်ယောက်"

ကျွင်းရှောင်ယောက်၏ အမူအရာ ပြောင်းလဲသွားပြီး သူ ခေါင်းလှည့်ကြည့်လိုက်၏။

အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး နှင်းသားကဲ့သို့ အဖြူရောင်ဆံနွယ်ရှည်များဖြင့် ကျန်းစန်းယီက ဤနေရာသို့ အမှန်တကယ် ရောက်ရှိလာခဲ့သည်။

သူတို့ လက်ရှိ ရှိနေသော တိုက်ပွဲမြေပြင်မှာ အခြေခံအားဖြင့် သက်ရှိမှန်သမျှ ကွယ်ပျောက်ဖျက်ဆီးခံထားရသည့် နေရာတစ်ခု ဖြစ်ကြောင်း သိထားသင့်သည်။

ဧကရာဇ်တစ်ပါးပင်လျှင် ထိုနေရာသို့ အလွယ်တကူ မလာရဲချေ။

သို့သော်လည်း ကျန်းစန်းယီက ကျွင်းဧကရာဇ်ခုံရုံးမှ ထွက်ခွာပြီး ဤနေရာသို့ အမှန်တကယ် ဖြတ်ကျော်ရောက်ရှိလာခဲ့သည်။

"မမစန်းယီ... မင်း ဒီနေရာကို ဘာဖြစ်လို့ လာတာလဲ"

တစ်ခုခုကို ရုတ်တရက် တွေးတောမိလိုက်သကဲ့သို့ ကျွင်းရှောင်ယောက်၏ မျက်ခုံးများ တွန့်ချိုးသွားခဲ့သည်။ သူ အော်ဟစ်လိုက်၏။

သူဟာ ကျန်းစန်းယီအပေါ် အမြဲတမ်း ညင်သာစွာ စကားပြောဆိုလေ့ရှိသော်လည်း ဤအခိုက်အတန့်တွင်မူ သူ ပုံမှန်မဟုတ်ဘဲ အော်ပြောလိုက်မိသည်။

"ရှောင်ယောက်... အစ်မ ဘာလုပ်နေလဲဆိုတာ အစ်မသိပါတယ်"

ကျန်းစန်းယီက ပြုံးလိုက်ပြီး သူမ၏ ကိုယ်ပိုင်စွမ်းအားများကို စတင်လည်ပတ်စေလိုက်၏။

"ဟင်..."

မဟာဧကရာဇ် အဆုံးမဲ့သည်လည်း တစ်ချက်လှမ်းကြည့်လိုက်ပြီးနောက် မျက်မှောင်ကြုတ်သွားသည်။

ဤမြင်ကွင်းက မည်မျှဆင်တူပါသနည်း။

ဤအခြေအနေ... ဤပုံစံ...

၎င်းက ထပ်တူကျလှသော မြင်ကွင်းပင် ဖြစ်သည်။

သူ မျက်လုံးများကို ပြန်လည်ဖွင့်ကြည့်လိုက်သည့် အခိုက်အတန့်တွင် သူ အချစ်ဆုံးသော အမျိုးသမီးဖြစ်သည့် အနောက်ဘက်မှမယ်တော်ဘုရင်မမှာ မျက်လုံးများကို ထာဝရ မှိတ်သွားခဲ့ပြီ ဖြစ်သည်။

သူသည် လူသားအားလုံးကို ကယ်တင်နိုင်ခဲ့သော်လည်း ချစ်ရသူကိုတော့ ဆုံးရှုံးခဲ့ရပြီ။

ဖော်ပြရန်ခက်သော စိတ်ခံစားမှုတစ်ခုက မဟာဧကရာဇ် အဆုံးမဲ့၏ စိတ်နှလုံးထဲမှ ပေါက်ဖွားလာခဲ့သည်။

ဤအခိုက်အတန့်တွင် သူ၏ နောက်ကွယ်ရှိ ရေခဲခေါင်းတလားကြီးပင်လျှင် အနည်းငယ် တုန်ခါသွားခဲ့သည်။

၎င်းမှာ သူ အချစ်ရဆုံးဖြစ်သော အနောက်ဘက်မှမယ်တော်ဘုရင်မ၏ ရုပ်ကလာပ်ကို ထည့်သွင်းထားသော ခေါင်းတလားပင်။

"လောကကြီးဟာ ပြန်လည်ဝင်စားခြင်း သံသရာစက်ဝန်းတစ်ခုလိုပဲ... အစလည်းမရှိ အဆုံးလည်းမရှိ..."

မဟာဧကရာဇ် အဆုံးမဲ့၏ မျက်ဝန်းများမှာ ဝေဝါးသွားခဲ့သည်။

ဤလောကတွင် ထိုမျှဆင်တူသော ပြန်လည်ဝင်စားခြင်း သံသရာစက်ဝန်းတစ်ခု အမှန်တကယ် တည်ရှိနေသလော။

"စန်းယီ... မလုပ်ပါနဲ့"

အင်မော်တယ်နယ်မြေဖက်တွင် လူတစ်ဦးက ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

ထိုသူက ကျန်းစန်းယီ၏ ဆရာဖြစ်သူ ယွီချင်းနင်သည်ပင်။

ယောက်ချီ၏ အရှင်မသည်လည်း ထိုနေရာတွင် ရှိနေခဲ့သည်။ သူက မိန်းမောတွေဝေစွာ ကြည့်ရှုနေ၏။

ဤဝမ်းနည်းဖွယ် ကံကြမ္မာဆိုးမှ အမှန်တကယ်ပင် မလွတ်မြောက်နိုင်တော့ဘူးလား။

ယခင်က အနောက်ဘက်မှမယ်တော်ဘုရင်မ ဖြစ်ခဲ့ပြီး ယခုအခါတွင်မူ ကျန်းစန်းယီအလှည့် ရောက်လာပြီ။

တူညီသော အခန်းကဏ္ဍကို မတူညီသော လူတစ်ဦးက ကပြနေခြင်း ဖြစ်သည်။

"မမစန်းယီ... မင်း ဘာလုပ်နေလဲဆိုတာ တကယ်ပဲ သိရဲ့လား"

ကျွင်းရှောင်ယောက်က ကျန်းစန်းယီကို စူးစိုက်ကြည့်လိုက်သည်။

ကျန်းစန်းယီကမူ ပြုံးရုံသာ ပြုံးလိုက်‌လေသည်။

၎င်းက ကံကြမ္မာအရ ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည် ဖြစ်စေ သူမ ဂရုမစိုက်တော့ပါ။

သူက သူမ အချစ်ရဆုံးသော အမျိုးသားကို ငြိမ်းချမ်းပြီး ပျော်ရွှင်သော ဘဝတစ်ခုကိုသာ ပိုင်ဆိုင်စေချင်ခဲ့သည်။

All Chapters