← Chapters

အခန်း ၁၅၆၁

Vol. 110 Ch. 1561

အခန်း ၁၅၆၁

Vol. 110 Ch. 1561

ရှေးဟောင်းမြင့်မြတ်ခန္ဓာမှစတင်၍ (ကျွင်းရှောင်ယောက်)

မူရင်း စာစဉ်အမည် ; Scoring the Sacred Body of the Ancients from the Get-go

မူရင်း စာရေးသူ ; God j

ဘာသာပြန် ; နိုင်လင်းအောင်

အခန်း ( ၁၅၆၁ ) အင်မော်တယ်တံခါးသို့ ဝင်ရောက်ခြင်း။

အခြေအနေက ယခုကဲ့သို့ ပြောင်းလဲသွားလိမ့်မည်ဟု မည်သူမျှ မျှော်လင့်မထားခဲ့ကြချေ။

လူတိုင်း ဤသို့သာ တွေးတောထားခဲ့ကြသည်။

ဤခေတ်၏ ကပ်ဘေးလှိုင်းကြီးက အဆုံးမဲ့ဧကရာဇ်နှင့် သက်ရှည်ခြင်းဧကရာဇ်တို့အကြားတွင် အဆုံးသတ်သွားလိမ့်မည်ဟု ထင်မှတ်ခဲ့ကြခြင်း ဖြစ်၏။

သို့သော်လည်း မထင်မှတ်ဘဲ ပုံရိပ်တစ်ခုက တိုက်ပွဲမြေပြင်သို့ တိုးဝင်လာခဲ့သည်။

ထို့ပြင်၊ ၎င်းက အမှန်တကယ်ပင် တိဟောက်ထျန်း ဖြစ်နေတော့သည်။

"တိဟောက်ထျန်း... မင်း ဘာလုပ်ချင်နေတာလဲ"

ကျွင်းရှောင်ယောက်က အေးစက်စွာ ပြောလိုက်သည်။

"ဟားဟားဟား... ဗျိုင်းနဲ့ ကမာကောင် တိုက်ခိုက်တဲ့အခါ တံငါသည်က အကျိုးအမြတ်ရတာပဲ။ မင်းတို့တွေက အသည်းအသန် တိုက်ခိုက်လေလေ... ငါ ကြည့်ရတာ ပိုပြီး အရသာရှိလေလေပဲ"

"ပြီးတော့ နောက်ဆုံး အောင်နိုင်သူကတော့ သေချာပေါက် ငါပဲ ဖြစ်လိမ့်မယ်။ ဘာလို့လဲဆိုတာ မင်းတို့ သိရဲ့လား...၊ ဘာလို့လဲဆိုတော့ ငါက ပြန်လည်မွေးဖွားလာသူ... လောကတစ်ခွင်မှာ အနှိုင်းမဲ့တဲ့ ပြန်လည်မွေးဖွားလာသူ မို့လို့ပဲကွ"

"ငါက အခြေအနေ အရပ်ရပ်ရဲ့ အလှည့်အပြောင်းတွေ၊ ဖြစ်တည်မှုတွေ အကုန်လုံးကို သိထားတာ။ မင်းတို့အားလုံးက ဒီကစားပွဲထဲက အသုံးချခံ ကျားစေ့တွေသက်သက်ပဲ"

"အင်မော်တယ်နယ်မြေပဲဖြစ်ဖြစ်... တားမြစ်နယ်မြေပဲဖြစ်ဖြစ် မင်းတို့အားလုံးနဲ့ အဆုံးမဲ့မဟာဧကရာဇ်ရော သက်ရှည်ခြင်းဧကရာဇ်ပါမကျန် အားလုံးက ကျားစေ့တွေပဲ"

"ငါ တိဟောက်ထျန်း တစ်ယောက်တည်းသာ ကစားပွဲကို နားလည်ပြီး ကစားနေတဲ့သူ"

တိဟောက်ထျန်းက ရူးသွပ်စွာ ရယ်မောလိုက်သည်။

ယခင်က တိဟောက်ထျန်းသည် ကျွင်းရှောင်ယောက်ထံတွင် နောက်ဆုံးအကြိမ် ရှုံးနိမ့်ခဲ့ပြီးနောက် သူ၏ စိတ်အစဉ်က မတည်မငြိမ် ဖြစ်လာခဲ့ပြီး ရူးသွပ်ခြင်းသို့ ဦးတည်သွားခဲ့ခြင်း ဖြစ်သည်။

ယခုအခါတွင် သူက ရူးသွပ်နေသော လူတစ်ယောက်နှင့် ပို၍ပင် တူညီနေခဲ့ပြီ။

"တိဟောက်ထျန်း... မင်း တကယ်ကို ရူးသွပ်သွားခဲ့ပြီပဲ" ကျွင်းရှောင်ယောက်က ခေါင်းကို ခါယမ်းလိုက်သည်။

"ရူးသွပ်တာ ဟုတ်လား... ဟားဟားဟား၊ ကျွင်းရှောင်ယောက်... မင်း မှားသွားပြီ"

"ငါ အရင်က ပြောခဲ့ဖူးသလိုပဲ... မကြာခင်မှာ ငါတို့တွေက ကမ္ဘာတစ်ခုတည်းက လူတွေ ဖြစ်တော့မှာ မဟုတ်ဘူး"

"ငါက အင်မော်တယ်တံခါးကို ခြေလှမ်းလှမ်းပြီး အမြင့်ဆုံးအဆင့်ကို တက်လှမ်းတော့မှာဖြစ်ပြီး မင်းတို့တွေကတော့ သာမန်လူသားတွေကြားထဲက ပုရွက်ဆိတ်တွေအဖြစ်ပဲ ကျန်ရစ်ခဲ့ရတော့မှာ"

"မင်းက အင်မော်တယ်တံခါးကို တကယ်ပဲ ခြေလှမ်းနိုင်မှာလား"

ကျွင်းရှောင်ယောက်၏ မျက်ဝန်းထဲ၌ ဆန်းကြယ်သော အလင်းတန်းတစ်ခု ဖြတ်ပြေးသွားသည်။ သူက မသိနားမလည်ဟန်ဆောင်ကာ မေးလိုက်၏။

"ဟက်... တကယ်ပေါ့ကွ။ ဒါကြောင့်ပဲ မင်းတို့ကို မသိနားမလည်သူတွေလို့ ပြောရတာ"

တိဟောက်ထျန်းက ရှေးဟောင်းကျောက်ချပ်ပြားတစ်ခုကို ထုတ်ယူလိုက်သည်။

၎င်းထံမှ ရှေးကျသော အငွေ့အသက်များ ထွက်ပေါ်နေခဲ့၏။

ထိုကျောက်ချပ်ပြားကို မြင်တွေ့လိုက်ရသည့် အခိုက်အတန့်တွင်... သက်ရှည်ခြင်းဧကရာဇ်၏ မျက်ဝန်းထဲ၌ ဆန်းကြယ်သော အလင်းတစ်ခု ထွက်ပေါ်လာခဲ့သည်။

"အမှောင်ထု ကပ်ဘေးလှိုင်းကနေ စုဆောင်းရရှိတဲ့ သွေးယဇ်ပူဇော်မှုစွမ်းအားတွေဟာ အင်မော်တယ်တံခါးကို ပွင့်ရုံပဲ လုပ်ပေးနိုင်တယ်။ လူတွေကို အထဲဝင်ခွင့်မပေးနိုင်ဘူး"

"ဒါပေမဲ့ ဒီအရာ... အင်မော်တယ်တံခါးရဲ့ သော့ရှိမှပဲ အင်မော်တယ်တံခါးထဲကို အမှန်တကယ် ဝင်ရောက်နိုင်လိမ့်မယ်"

"မင်းတို့အားလုံး... ကောင်းကင်ကိုးပါး တားမြစ်နယ်မြေ က လူတွေတောင်မှ ဒါတွေအားလုံးကို ငါ တိဟောက်ထျန်း အတွက် လုပ်ပေးနေကြတယ်ဆိုတာ မသိကြဘူး"

တိဟောက်ထျန်းက မာနထောင်လွှားစွာ ပြောလိုက်သည်။

"ငါ့ကိုရှုံးနိမ့်ဖူးတဲ့ ပြိုင်ဘက်တစ်ယောက်က ဒီလောက် အဓိပ္ပာယ်မရှိတာတွေ ပြောနေရသေးတယ်လား"

ကျွင်းရှောင်ယောက်က နတ်ဘုရားဓမ္မခန္ဓာကို ထိန်းချုပ်လိုက်ပြီး တိဟောက်ထျန်းထံသို့ လက်ဝါးချက်တစ်ချက် ရိုက်ချလိုက်သည်။

"ဝုန်း"

သို့သော်လည်း နောက်တစ်ခဏ၌ အတိုင်းအဆမဲ့သော ရွှေရောင်အလင်းများ ပျံ့နှံ့သွားခဲ့သည်။

နဂါးအရှိန်အဝါများက ကောင်းကင်ယံတစ်ခုလုံးတွင် ပြည့်နှက်သွားကာ ဟင်းလင်းပြင်ကျယ်ကြီးကို လွှမ်းခြုံသွား၏။

ခေါင်းပေါ်တွင် နဂါးဦးချိုများ ရှိနေသည့် ခန့်ညားထည်ဝါလှသော ရွှေရောင်ပုံရိပ်ကြီးတစ်ခုက ထွက်ပေါ်လာတော့သည်။

"ဒါက... ဟောက်ထျန်းနဂါးဧကရာဇ်ပဲ"

ရှေးဟောင်းအင်မော်တယ်ခုံရုံးမှ အကျော်အမော်တစ်ဦးက မအောင့်နိုင်ဘဲ အော်ဟစ်လိုက်မိသည်။

ဟောက်ထျန်းနဂါးဧကရာဇ်ဟူသည်မှာ ရှေးဟောင်းအင်မော်တယ်ခုံရုံးရှိ အထူး ပုဂ္ဂိုလ်ကြီးတစ်ဦး ဖြစ်သည်။

"အလို... သူက ဟောက်ထျန်းနဂါးဧကရာဇ်ရဲ့ အမွေအနှစ်ကို အမှန်တကယ် ရရှိထားတာပဲ"

တုန်ဟွဧကရာဇ်၏ အစစ်အမှန်ဝိညာဉ်က အနည်းငယ် အံ့ဩသွားသည့် အမူအရာတို့ လှစ်ဟလာခဲ့သည်။

ဤပုံရိပ်ကြီးမှာ တိဟောက်ထျန်း ရှာဖွေတွေ့ရှိခဲ့သည့် ဟောက်ထျန်းနဂါးဧကရာဇ်၏ အတိုင်းအဆမဲ့ စွမ်းအားများ ကိန်းဝပ်နေသော နဂါးဧကရာဇ်၏ရွှေခန္ဓာပင်။

နဂါးဧကရာဇ်၏ရွှေခန္ဓာက လက်ဝါးချက်တစ်ချက် ရိုက်ချလိုက်ရာ အဆုံးမဲ့နဂါးစွမ်းအင်များ စီးဆင်းလာပြီး ကျွင်းရှောင်ယောက်၏ နတ်ဘုရားဓမ္မခန္ဓာနှင့် ထိပ်တိုက်တွေ့ဆုံသွားကြသည်။

ပြင်းထန်သော ပေါက်ကွဲမှုကြီးတစ်ခု ဖြစ်ပေါ်လာခဲ့၏။

နတ်ဘုရားဓမ္မခန္ဓာနှင့် နဂါးဧကရာဇ်၏ ရွှေခန္ဓာတို့မှာ ပြိုင်တူ နောက်သို့ ဆုတ်ခွာသွားရတော့သည်။

တစ်ချိန်တည်းမှာပင် တိဟောက်ထျန်းက အင်မော်တယ်တံခါးထံသို့ တိုက်ရိုက် ပြေးဝင်သွားခဲ့သည်။

ယခုအခါ အင်မော်တယ်တံခါးက တစ်ဝက်မျှ ပွင့်ဟနေခဲ့ပြီ ဖြစ်သည်။

တိဟောက်ထျန်းက ကျောက်ချပ်ပြားကို တင်းတင်း ကိုင်ဆောင်ထား၏။

သူ၏ မျက်နှာထက်တွင်မူ ရူးသွပ်သော စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေတော့သည်။

သူ အောင်မြင်တော့မည် ဖြစ်သည်။

သက်ရှည်ခြင်းဧကရာဇ်သည် အင်မော်တယ်တံခါးထဲသို့ ခြေလှမ်းနိုင်ရန် အမြဲတောင့်တနေခဲ့သော်လည်း နောက်ဆုံးမှာတော့ သူ တိဟောက်ထျန်းကသာ ၎င်းကို ရရှိသွားတော့မည်။

ဤအခိုက်အတန့်တွင် တိဟောက်ထျန်းက သူ့ကိုယ်သူ တလောကလုံးရှိ သက်ရှိအပေါင်းတို့ထက် မြင့်မားသော နေရာသို့ ရောက်ရှိသွားခဲ့ပြီဟု ခံစားလိုက်ရသည်။

ဒဏ္ဍာရီလာဧကရာဇ်ပင်လျှင် ဤစွမ်းဆောင်ချက်ကို မရရှိခဲ့သော်လည်း သူ တိဟောက်ထျန်းကမူ ၎င်းကို ပြီးမြောက်အောင် လုပ်ဆောင်နိုင်ခဲ့ပြီ။

"ငါက လူသားတွေကြားထဲက နဂါးတစ်ကောင်... ဒီလောကရဲ့ တစ်ဦးတည်းသော အုပ်စိုးသူပဲ... အကြီးအကဲ၊ ကျုပ်အောင်မြင်တော့မယ်"

တိဟောက်ထျန်းမှာ စိတ်လှုပ်ရှားလွန်းသဖြင့် ရူးသွပ်လုနီး ဖြစ်နေသည်။

'ဟုတ်တယ်၊ ငါ့ရဲ့ ဆန္ဒလည်း ပြည့်ဝတော့မှာပါ... အဟဲ

လျှို့ဝှက်ဆန်းကျယ်သော ဝူလောင်သည်လည်း ထူးဆန်းသော အငွေ့အသက်များဖြင့် နတ်ဘုရားစိတ်အာရုံတစ်ခုကို ထုတ်လွှတ်လိုက်၏။

တိဟောက်ထျန်းလည်း အင်မော်တယ်တံခါး၏ သော့ဖြစ်သော ကျောက်ချပ်ပြားကို သယ်ဆောင်လျက် အင်မော်တယ်တံခါးအတွင်းသို့ တိုးဝင်သွားတော့သည်။

ထိုအခိုက်တွင်...

ကောင်းကင်ကိုးပါးရော အင်မော်တယ်နယ်မြေပါ တိတ်ဆိတ်သွားခဲ့ရသည်။

မည်သူမျှ စကားမပြောနိုင်ကြတော့ချေ။

မြင့်မြတ်ဝိညာဉ်ဘိုးဘေး အပါအဝင် ယဇ်ဆရာသခင် သုံးဦးစလုံး၏ စိတ်ထဲတွင်ပင် ခေတ္တမျှ ဟာလာလင်းလင်း ဖြစ်သွားခဲ့ရသည်။

သူတို့သည် အင်မော်တယ်တံခါးကို ဖွင့်လှစ်ပြီး အထဲသို့ ဝင်ရောက်နိုင်ရန်အတွက် ခေတ်များတစ်လျှောက် ကပ်ဘေးလှိုင်းများကို ဖန်တီးခဲ့ကြရသည်။

သို့သော်လည်း နောက်ဆုံးတွင်မူ သူတို့၏ အမြင်၌ ပုရွက်ဆိတ်ကဲ့သို့ဖြစ်သော တည်ရှိတစ်ခုကသာ အထဲသို့ ဝင်ရောက်သွားခဲ့ပြီ။

ဤအရာက အမှန်တကယ်ပင် အဓိပ္ပာယ်မရှိလှပေ။

အင်မော်တယ်နယ်မြေနှင့် ကောင်းကင်ကိုးပါး တားမြစ်နယ်မြေတို့သည် အဆုံးမဲ့ ခေတ်ကာလများစွာတစ်လျှောက် တိုက်ပွဲအလီလီ ဖြစ်ခဲ့သည်။

ခေတ်အဆက်ဆက်မှ ကပ်ဘေးလှိုင်းများတွင် အင်မော်တယ်နယ်မြေ၏ ဧကရာဇ်များနှင့် တားမြစ်နယ်မြေ၏ ဧကရာဇ်များ ထိပ်တိုက်တွေ့ခဲ့ကြပြီး မြောက်များစွာသော အကျော်အမော်များ ကျဆုံးခဲ့ရ၏။

အင်မော်တယ်တံခါးကြောင့် ရေတွက်၍မရနိုင်သော သက်ရှိများလည်း သေကြေပျက်စီးခဲ့ရပေသည်။

သို့သော်လည်း ယခုအခါတွင်မူ ခေတ်အဆက်ဆက်၏ တိုက်ပွဲရလဒ်ကို သူတို့အမြင်၌ လုံးဝ အရေးမပါလှသော လူတစ်ဦးက ရရှိသွားခဲ့ပြီ ဖြစ်သည်။

ဤအရာက တားမြစ်နယ်မြေရှိ သက်ရှိအားလုံးကို မိန်းမှိုင်သွားစေခဲ့ပေသည်။

"အင်မော်တယ်ခုံရုံးရဲ့ ဧကရာဇ်ငယ်က အင်မော်တယ်တံခါးထဲကို ဝင်သွားပြီ"

အင်မော်တယ်နယ်မြေ၏ အင်အားစုများသည်လည်း ခေတ္တမျှ မှင်တက်သွားခဲ့ရသည်။

တားမြစ်နယ်မြေကြောင့် ဖြစ်ပွားခဲ့ရသော ကပ်ဘေးလှိုင်းကြီးများ...

သက်ရှည်ခြင်းဧကရာဇ် အပါအဝင် ယဇ်ဆရာသခင်များ၏ ကြီးမားလှသော စီမံကိန်းကြီးမှာ နောက်ဆုံးတွင် တိဟောက်ထျန်းကြောင့် ပျက်ပြားသွားခဲ့ရပြီ။

ဤအရာက လုံးဝ အဓိပ္ပာယ်မရှိပေ။

လူတိုင်းက လက်တွေ့မကျသလို ခံစားလိုက်ရသည်။

"ရှောင်ယောက်..."

ကျန်းစန်းယီက ကျွင်းရှောင်ယောက်၏ လက်ကို တင်းကြပ်စွာ ဆုပ်ကိုင်ထားခဲ့သည်။

တိဟောက်ထျန်းသည် ကျွင်းရှောင်ယောက်၏ ပြိုင်ဘက်ကြီးတစ်ဦး ဖြစ်၏။

သူသည် အင်မော်တယ်တံခါးထဲသို့ ဝင်ရောက်သွားပြီးပါက စိတ်ကူးကြည့်၍မရနိုင်လောက်သော အခွင့်အရေးများကို ရရှိသွားလိမ့်မည်။

သို့ဆိုလျှင် ကျွင်းရှောင်ယောက်အတွက် အန္တရာယ်အရှိဆုံး ဖြစ်လာတော့မည် မဟုတ်ပါလား။

"ဘာမှမဖြစ်ပါဘူး"

ကျွင်းရှောင်ယောက်က နှစ်သိမ့်မှုပေးလိုက်သည်။

သူ၏ အကြည့်မှာမူ အင်မော်တယ်တံခါးထံသို့ စူးစိုက်နေခဲ့၏။

ဘာရယ်ကြောင့်မှန်းမသိသော်လည်း အရာအားလုံးက ဤမျှမရိုးရှင်းနိုင်ကြောင်း ခံစားနေရသည်။

ကျွင်းရှောင်ယောက်သည် အင်မော်တယ်တံခါးနှင့် ပတ်သက်၍ အလွန်ထူးဆန်းသောအရာတစ်ခု ရှိနေကြောင်း အမြဲတမ်း ခံစားခဲ့ရပေသည်။

ထို့ကြောင့်ပင် သူက တိဟောက်ထျန်းအား ကျောက်ချပ်ပြားအပိုင်းအစများကို ရှာဖွေရန် ခွင့်ပြုခဲ့ခြင်း ဖြစ်သည်။

ကျွင်းရှောင်ယောက်၏ အမြင်အရ တိဟောက်ထျန်းသည် အင်မော်တယ်တံခါး၏ လျှို့ဝှက်ချက်များကို စမ်းသပ်စစ်ဆေးရန်အတွက် အသုံးပြုသည့် ကြွက်ဖြူတစ်ကောင်ထက် မပိုပေ။

ဤအခိုက်အတန့်တွင် တလောကလုံး တိတ်ဆိတ်သွားခဲ့ပြီး တိုက်ပွဲအားလုံးလည်း ခေတ္တမျှ ရပ်တန့်သွားခဲ့သည်။

လူတိုင်းက ရလဒ်တစ်ခုကို စောင့်ဆိုင်းနေကြခြင်း ဖြစ်၏။

အင်မော်တယ်တံခါးထဲသို့ ဝင်ရောက်ခြင်းက အမှန်တကယ်ပင် အထွတ်အထိပ်သို့ နိုင်ရန် ကူညီပေးနိုင်ပါသလော။

အင်မော်တယ်တံခါးအတွင်း၌...

ဆန်းကြယ်သော ရောင်စဉ်များဖြင့် ပြည့်နှက်နေသည်။

၎င်းက ထူးဆန်းသော အချိန်နှင့် နေရာတစ်ခုသို့ ခြေလှမ်းလှမ်းလိုက်ရသလို ခံစားချက်မျိုး ပေးစွမ်း၏။

အကန့်အသတ်မဲ့သော အင်မော်တယ်ဓာတ်စွမ်းအင်များက စီးဆင်းလာပြီး မြေပြင်တစ်ခုလုံးကို ဖုံးလွှမ်းထားခဲ့ပေသည်။

တိဟောက်ထျန်း၏ မျက်နှာထက်တွင် တစ်ခါမှမရှိဖူးသေးသော စိတ်လှုပ်ရှားမှုနှင့် ဝမ်းမြောက်မှုများ ထွက်ပေါ်လာခဲ့သည်။

ဤအခိုက်အတန့်တွင် သူ၏လက်ထဲမှ ကျောက်ချပ်ပြားက လေထဲသို့ ပျံတက်သွားခဲ့ပြီး အင်မော်တယ်တံခါး၏ အနက်ရှိုင်းဆုံးနေရာသို့ တိုက်ရိုက် ပျောက်ကွယ်သွားခဲ့၏။

ထို့နောက်တွင် အလွန်အမင်း တောက်ပသော အလင်းတန်းကြီးတစ်ခု ပေါက်ကွဲထွက်လာခဲ့ပြီး အနှိုင်းမဲ့ စွမ်းအားတစ်ခုလည်း စီးဆင်းလာတော့သည်။

"ငါ လုပ်နိုင်ခဲ့ပြီ... ငါ အောင်မြင်တော့မယ်"

တိဟောက်ထျန်း၏ မျက်ဝန်းထဲတွင် ပြင်းပြသော မျှော်လင့်ချက်များဖြင့် တောက်လောင်နေသည်။

သူ၏ သွေးများမှာလည်း ပွက်ပွက်ဆူလာခဲ့သကဲ့သို့ ခံစားလိုက်ရ၏။

သူ တစ်ကြိမ် ပြန်လည်မွေးဖွားလာခဲ့ရခြင်းက ဤအခိုက်အတန့်လေးအတွက်ပင် မဟုတ်လော။

သို့သော်...

"ဝုန်း"

အတိုင်းအဆမဲ့သော စွမ်းအားတစ်ခုက ပေါက်ကွဲထွက်လာခဲ့ပြီး တိဟောက်ထျန်းအား အင်မော်တယ်တံခါးထဲမှ အပြင်သို့ တိုက်ရိုက် ရိုက်ထုတ်လိုက်တော့သည်။

အင်မော်တယ်တံခါး၏ အပြင်ဘက်တွင်...

ကောင်းကင်ကိုးပါးနှင့် အင်မော်တယ်နယ်မြေရှိ ရေတွက်၍မရနိုင်သော သက်ရှိများက အင်မော်တယ်တံခါးကို စူးစိုက်ကြည့်ရှုနေကြသည်။

ထိုစဉ်၊ အင်မော်တယ်တံခါးက ရုတ်တရက် ပြင်းထန်စွာ တုန်ခါလာပြီး အကန့်အသတ်မဲ့ မြူခိုးများ ပေါက်ကွဲထွက်လာခဲ့၏။

ပုံရိပ်တစ်ခုသည်လည်း အင်မော်တယ်တံခါးထဲမှ အပြင်သို့ လွင့်စင်ထွက်လာခဲ့တော့သည်။

ထိုပုံရိပ်သွင်မှာ သွေးအလိမ်းလိမ်းပေကျံလျက် သနားစဖွယ် ဖြစ်ခဲ့သည်။

၎င်းက အမှန်တကယ်ပင် တိဟောက်ထျန်း ဖြစ်နေတော့သည်။

All Chapters