← Chapters

အခန်း ၁၅၆၂

Vol. 110 Ch. 1562

အခန်း ၁၅၆၂

Vol. 110 Ch. 1562

အခန်း ( ၁၅၆၂ ) နောက်ကွယ်မှ တကယ့် လက်မည်းကြီး။

အပ်ကျသံပင် ကြားရလောက်အောင် တိတ်ဆိတ်သွားသည်။

ဤအခိုက်အတန့်တွင် ကောင်းကင်နှင့် မြေပြင်အကြားရှိ သက်ရှိအပေါင်းတို့အားလုံး ဝိညာဥ်နှုတ်ခံလိုက်ရသလို ငြိမ်သက်သွားကြ၏။

သူတို့အားလုံးသည် တိဟောက်ထျန်းက အင်မော်တယ်တံခါးထဲသို့ ဝင်ရောက်သွားပြီးနောက် မည်သည့်အပြောင်းအလဲများ ဖြစ်ပေါ်လာမလဲဟု သိလိုစိတ်ဖြင့် စောင့်ကြည့်နေကြခြင်း ဖြစ်သည်။

၎င်းက ဒဏ္ဍာရီထဲတွင် ပြောဆိုထားကြသကဲ့သို့ အထက်ဘုံသို့ အမှန်တကယ် တက်လှမ်းနိုင်စေမည်လော။

သို့တည်းမဟုတ် အင်မော်တယ်တံခါး၏ အဆုံးသတ်သို့ ရောက်ရှိသွားပြီး အခြားသော ကမ္ဘာသစ်တစ်ခုသို့ ရောက်ရှိသွားခြင်း ဖြစ်မည်လော။

သို့သော်လည်း... ဤအခြေအနေကိုတော့ မည်သူမျှ မျှော်လင့်မထားခဲ့ကြချေ။

တိဟောက်ထျန်းမှာ အပြင်ဘက်သို့ အမှန်တကယ်ပင် ရိုက်ထုတ်ခြင်း ခံလိုက်ရသည်။

"ဒါ... ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"

တိဟောက်ထျန်း၏ အဝတ်အစားများတွင် သွေးများ စွန်းထင်နေခဲ့သည်။

ထိုရိုက်ခတ်မှုကြောင့် သူ့ခန္ဓာကိုယ်တစ်ခုလုံးရှိ အရိုးများ ကျိုးကြေသွားခဲ့ရ၏။

သို့သော်လည်း သူဟာ လုံးဝ ဂရုမစိုက်နိုင်ဘဲ နာကျင်မှုကိုလည်း အနည်းငယ်မျှ မခံစားရတော့ချေ။

သူဟာ တွေဝေမိန်းမောလျက် ဘာလုပ်လို့ဘာကိုင်ရမှန်းမသိ ဖြစ်နေခဲ့သည်။

ဘာတွေဖြစ်နေပါသနည်း။

သေချာနေသော အထက်ဘုံသို့ တက်လှမ်းခြင်းက မည်သို့ဖြစ်ရပါသနည်း။

အင်မော်တယ်ဘုံသို့ တက်လှမ်းနိုင်မည်ဆိုသော ကတိစကားများလည်း မရှိတော့ဘူးလား။

တိဟောက်ထျန်း တစ်ဦးတည်းသာမက၊ အခြားသူအားလုံးသည်လည်း အနည်းငယ် ကြက်သေသေကာ ဘာလုပ်ရမှန်းမသိ ဖြစ်သွားခဲ့ကြသည်။

သက်ရှည်ခြင်းဧကရာဇ် တစ်ဦးတည်းသာလျှင် သူ၏ မျက်ဝန်းထဲ၌ ထူးခြားသော အရိပ်အယောင်တစ်ခု ရှိနေခဲ့ပေသည်။

"ဝုန်း... ဝုန်း... ဝုန်း"

ထိုအချိန်တွင် အင်မော်တယ်တံခါးက ပိုမိုပြင်းထန်စွာ တုန်ခါလာခဲ့သည်။

ယခင် တစ်ဝက်မျှသာ ပွင့်ဟနေခဲ့သော အင်မော်တယ်တံခါးကြီးက ယခုအခါ အပြည့်အဝ ပွင့်ဟသွားပြီ။

ကောင်းကင်ကို ဖုံးအုပ်လုနီးအထိ မြူခိုးများ ထွက်ပေါ်လာခဲ့သည်။

သို့သော် ဤမြူခိုးများမှာ ဝေဝါးသော သာမန်မြူခိုးမျိုး မဟုတ်ချေ။

ဆန့်ကျင်ဘက်အနေဖြင့် ၎င်းက နီစွေးနေသော သွေးမြူခိုးဖြစ်ပြီး အမှောင်ထု ကပ်ဘေးလှိုင်း သို့မဟုတ် အမှောင်ထု သုတ်သင်ရှင်းလင်းခြင်း၏ ယဇ်ပူဇော်ခြင်းစွမ်းအားများနှင့် အတိအကျ တူညီနေခဲ့သည်။

ထူထဲသော သွေးရောင်မြူခိုးများက အင်မော်တယ်တံခါးကြီးတစ်ခုလုံးကို လွှမ်းခြုံသွား၏။

ဤသည်က တစ်ချိန်လုံး ရှေးကျခြင်းနှင့် လျှို့ဝှက်ဆန်းကြယ်မှုများ ပြည့်နှက်နေသော အင်မော်တယ်တံခါးကို... ငရဲပြည်၏ တံခါးတစ်ခု ပွင့်လာသည့်အလား ထင်မှတ်ရစေသည်။

လူတိုင်းကို တုန်လှုပ်ချောက်ချားစေသော အအေးလှိုင်းတစ်ခုကိုပင် ပေးစွမ်းနေတော့သည်။

လူတိုင်းမှာ အင်မော်တယ်တံခါးအတွင်းမှ စိတ်ကူးကြည့်၍မရနိုင်လောက်အောင် ပြင်းထန်သော စွမ်းအားတစ်မျုး စီးဆင်းလာသည်ကို ခံစားလိုက်ကြရသည်။

အင်မော်တယ်တံခါးတစ်ခုလုံးကလည်း ပြင်းထန်စွာ တုန်ခါလျက်ရှိ၏။

ထို့နောက်...

"ဝုန်း"

အင်မော်တယ်ယဇ်ပလ္လင်သည်လည်း ထူးဆန်းစွာပင် ထပ်မံလှုပ်ရှားလာခဲ့ပြန်သည်။

အကန့်အသတ်မဲ့ပြီး ပြင်းထန်သော သွေးယဇ်ပူဇော်ခြင်းစွမ်းအားများ၊ သက်ရှိအပေါင်းတို့၏ အသက်ဓာတ်စွမ်းအားများ၊ အသက်ဝိညာဉ်အနှစ်သာရများနှင့် နာကျည်းမှုစွမ်းအားစသည်တို့မှာ မြစ်ကြီးတစ်စင်းကဲ့သို့ အင်မော်တယ်တံခါးအတွင်းသို့ တစ်ဟုန်ထိုး စီးဝင်သွားကြ၏။

၎င်းမှာ တစ်စုံတစ်ယောက်က သို့မဟုတ် အမည်မသိ တည်ရှိမှုတစ်ခုက ဤစွမ်းအားများကို ဝါးမြိုနေသကဲ့သို့ ဖြစ်နေတော့သည်။

"ဒါ... ဒါက တကယ်ပဲ ဘယ်လိုအခြေအ‌နေမျိုးလဲ"

အင်မော်တယ်နယ်မြေရှိ သက်ရှိအပေါင်းတို့ကို မဆိုထားဘိ...၊ မြင့်မြတ်ဝိညာဉ် ဘိုးဘေး အပါအဝင် ယဇ်ဆရာသခင်ကြီးများပင်လျှင် ယခုအခါ အနည်းငယ် မင်သက်သွားကြသည်။

အမြဲတမ်း သူတို့ကသာ ယဇ်ပူဇော်မှုများကို ပြုလုပ်ခဲ့ကြသူများ ဖြစ်သည်။

သို့သော်လည်း အဘယ်ကြောင့် ယခုအခါ အင်မော်တယ်တံခါးက ယဇ်ပူဇော်မှုစွမ်းအင်များကို မိမိဘာသာ ဝါးမျိုနေရသနည်း။

"သက်ရှည်ခြင်းဧကရာဇ်... ဘာတွေ ဖြစ်နေတာလဲ"

ဧကရာဇ်ကြွေလွင့်ကောင်းကင်အရှင်၏ အကြည့်က သက်ရှည်ခြင်းဧကရာဇ်ထံသို့ ရောက်ရှိသွားပြီး မေးမြန်းလိုက်သည်။

သူတို့အားလုံးသည် ယဇ်ဆရာသခင်များ ဖြစ်ကြသော်လည်း သူတို့ သုံးဦးစလုံးက နောက်ပိုင်းမှသာ ဤရာထူးကို ဆက်ခံခဲ့ကြသူများ ဖြစ်သည်။

သက်ရှည်ခြင်းဧကရာဇ် တစ်ဦးတည်းသာလျှင် အစအဦးကတည်းက ပထမဆုံး ယဇ်ဆရာသခင်အဖြစ် တည်ရှိနေခဲ့ခြင်း ဖြစ်ပေသည်။

ထို့ပြင် ဤနေရာက တစ်ခါမျှ ပြောင်းလဲမှု မရှိခဲ့ချေ။

သက်ရှည်ခြင်းဧကရာဇ်က ခပ်မဆိတ်သာနေပြီး အင်မော်တယ်တံခါးကိုသာ စူးစိုက်ကြည့်ရှုနေခဲ့သည်။

"နောက်ဆုံးတော့... ဖြစ်ပျက်ရမဲ့အရာက ဖြစ်ပျက်လာခဲ့ပြီပေါ့"

သက်ရှည်ခြင်းဧကရာဇ်က တိုးညှင်းစွာ ရေရွတ်လိုက်လေသည်။

သက်ရှည်ခြင်းဧကရာဇ်က ဤအခြေအနေကို ကြိုတင်သိရှိထားပုံရသည်။ လက်ရှိ ထူးဆန်းလွန်းသော အခြေအနေများအပေါ် အလွန်အမင်း အံ့ဩသွားခြင်း မရှိချေ။

လက်ရှိအချိန်တွင် အင်မော်တယ်တံခါး၏ လှုပ်ရှားမှုက အလွန်ထူးဆန်းသည်။

သွေးသွေးမြူခိုးများက လေထုထဲတွင် ပြည့်နှက်နေပြီး ဟင်းလင်းပြင်သည်ပင် တုန်ခါလျက်ရှိ၏။

ရှေးဟောင်း ကမ္ဘာဦး သားရဲကြီးများထက်ပင် ပိုမိုထိတ်လန့်ဖွယ်ကောင်းသော အငွေ့အသက်တစ်ခုကလည်း ပျံ့နှံ့လာတော့သည်။

"ဒါက တကယ်ပဲ ဘာတွေဖြစ်နေတာလဲ... ဆရာကြီး"

တိဟောက်ထျန်းက ကြက်သေသေနေသည်။ သူ၏ အတွေးများမှာ ရှုပ်ထွေးလျက်ရှိ၏။

သူက တိုးညှင်းစွာ ရေရွတ်ရင်း ဝူလောင်ကို လှမ်းခေါ်လိုက်သည်။

သို့သော် မည်သည့်တုံ့ပြန်မှုမျှ ရှိမလာခဲ့ချေ။

ဝူလောင်၏ နတ်ဘုရားစိတ်အာရုံသည် ကျောက်ချပ်ပြားပေါ်တွင် တွယ်ကပ်နေခဲ့ခြင်း ဖြစ်သည်။

ယခုမူ၊ တံခါး၏ သော့ချက်ဖြစ်သော ကျောက်ချပ်ပြားက တံခါး၏ အနက်ရှိုင်းဆုံးနေရာသို့ ကျရောက်သွားခဲ့ပြီ။

ထိုစဉ်... ခပ်ဟဟ ရယ်မောသံတစ်ခု ထွက်ပေါ်လာခဲ့သည်။

"အဟက်ဟက်...၊ ဝူလောင် ဟုတ်လား"

တိဟောက်ထျန်း၏ အမူအရာက ရုတ်တရက် ပြောင်းလဲသွားခဲ့သည်။

ထိုအသံက ဝူလောင်၏ အသံနှင့် တထပ်တည်းပင်။

ထို့ပြင် ၎င်းက အင်မော်တယ်တံခါးအတွင်းမှ ထွက်ပေါ်လာခဲ့ခြင်း ဖြစ်သည်။

"‌အဆုံးမဲ့ခေတ်တွေကို စောင့်ဆိုင်းပြီးတဲ့နောက် နောက်ဆုံးမှာတော့ ဒီနေ့ ရောက်ရှိလာခဲ့ပြီ"

"ငါ လောကထဲကို ပြန်လည်ထွက်ပေါ်လာတဲ့နေ့က သက်ရှိအရာအားလုံး အဆုံးသတ်မဲ့ ပျက်စီးခြင်းဆီ ရောက်ရမဲ့နေ့ပဲ"

ထိုအသံမှာ အက်ရှရှနိုင်ပြီး ရေတွက်၍မရနိုင်သော နတ်ဆိုးအသံများ ပဲ့တင်ထပ်နေသကဲ့သို့ပင်။

ထိုအသံကို လူတိုင်းက ရှင်းလင်းစွာ ကြားလိုက်ကြရသည်။

"ဒါ... ဒါက ဘာအသံလဲ"

"ဒါက အင်မော်တယ်တံခါးထဲကနေ ထွက်ပေါ်လာတာပဲ"

"ဘာ... အင်မော်တယ်တံခါးထဲမှာ သက်ရှိတစ်ဦး ရှိနေတာလား။ ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"

"သမိုင်းတစ်လျှောက်လုံးမှာ ဘယ်သူမှ အင်မော်တယ်တံခါးထဲကို မဝင်ရောက်နိုင်ခဲ့ကြဘူး။ အင်မော်တယ်တံခါးထဲမှာ သက်ရှိတစ်ဦး ဘယ်လိုလုပ် ရှိနေနိုင်မှာလဲ"

"ဒါက ဒဏ္ဍာရီလာ နတ်ဘုရားတစ်ပါးလား... ဒါမှမဟုတ် စစ်မှန်တဲ့ အင်မော်တယ်တစ်ပါးလား"

ဤအခိုက်အတန့်တွင် လူတိုင်းက ရုတ်ရုတ်သဲသဲ ဖြစ်သွားကြသည်။

အင်မော်တယ်နယ်မြေရှိ သက်ရှိများကို မဆိုထားဘိ၊ တားမြစ်နယ်မြေမှ သက်ရှိများပင်လျှင် ဤအခိုက်အတန့်တွင် ထိတ်လန့်တုန်လှုပ်မှုကို ခံစားလိုက်ရသည်။

ထိုအသံမှာ အလွန်ရှေးကျပြီး ထူးဆန်းသလို အလွန်လည်း စွမ်းအားကြီးပုံရပေသည်။

စကားတစ်ခွန်းတည်းဖြင့်တင် သက်ရှိအပေါင်းတို့၏ စိတ်ဓာတ်ကို ပြိုလဲသွားစေရန် လုံလောက်သည်။

ကျွင်းရှောင်ယောက်လည်း အသက်ကို ပြင်းပြင်းရှူသွင်းလိုက်မိသည်။

ဤအခိုက်တွင် သူက အရာအားလုံးကို နောက်ဆုံး၌ နားလည်သဘောပေါက်သွားခဲ့ပြီ။

သူသည် အရာအားလုံး၏ အရင်းအမြစ်၊ အရာအားလုံး၏ အကြောင်းအကျိုးများကို ချက်ချင်း သဘောပေါက်သွားခဲ့သည်။

"ဝုန်း... ဝုန်း... ဝုန်း"

အင်မော်တယ်တံခါးမှ တုန်ခါမှုများက ပိုမိုပြင်းထန်လာသည်။

၎င်းမှာ ဧရာမ သားရဲကြီးတစ်ကောင်က လှောင်အိမ်ထဲမှ ရုန်းထွက်ရန် ကြိုးစားနေသကဲ့သို့ပင်။

ထူထပ်သော သွေးမြူခိုးများက လေထုထဲတွင် ပြည့်နှက်သွားခဲ့သည်။

ထို့နောက် ဝေဝါးသော ပုံရိပ်တစ်ခုက ထိုလွင့်မျောနေသော သွေးမြူခိုးများထဲမှ ဖြည်းညှင်းစွာ ထွက်ပေါ်လာခဲ့၏။

လောကကြီးတစ်ခုလုံး တိတ်ဆိတ်သွားခဲ့ပြီး ကမ္ဘာမြေကြီးသည်လည်း နှုတ်ဆိတ်သွားခဲ့ရသည်။

ထိုဝေဝါးသော ပုံရိပ်ကြီးက ခြေလှမ်းတစ်လှမ်း လှမ်းလိုက်ရာ သူ၏ ခြေဖဝါးအောက်၌ ထူးဆန်းသော မြင်ကွင်းများ ထွက်ပေါ်လာခဲ့၏။

၎င်းမှာ အကြီးမားဆုံးသော ကပ်ဘေးလှိုင်းများ ဖြစ်ပွားခဲ့သည့် ခေတ်ကာလများမှ အင်မော်တယ်နယ်မြေရှိ ရေတွက်၍မရနိုင်သော သက်ရှိများ သွေးမြေကျခဲ့ရပုံ၊ ဧကရာဇ်များကြီးများ ဒေါသတကြီး ဟိန်းဟောက်ခဲ့ကြပြီး တားမြစ်နယ်မြေမှ အကျော်အမော်များနှင့် ထိပ်တိုက် ရင်ဆိုင်တိုက်ခိုက်ခဲ့ကြသည့် မြင်ကွင်းများ ဖြစ်သည်။

ထိုပုံရိပ်က နောက်ထပ် ခြေလှမ်းတစ်လှမ်း ထပ်မံလှမ်းလိုက်ပြန်သည်။

နောက်ထပ် သွေးချောင်းစီးခဲ့ရသော သုတ်သင်ရှင်းလင်းခြင်း မြင်ကွင်းတစ်ခုက သူ၏ ခြေဖဝါးအောက်၌ ထွက်ပေါ်လာခဲ့၏။

ဤပုံရိပ်ကြီးက ခြေလှမ်းတစ်လှမ်း လှမ်းလိုက်တိုင်းတွင် သုတ်သင်ရှင်းလင်းခြင်း ခေတ်ကာလတစ်ခုနှင့် ရေတွက်၍မရနိုင်သော သက်ရှိများ၏ သွေးမြေကျခဲ့ရမှု ပုံရိပ်များက ပြန်လည်ထွက်ပေါ်လာနေခြင်း ဖြစ်သည်။

ခြေလှမ်းဆယ်လှမ်း လှမ်းလိုက်ခြင်းက ခေတ်ဆယ်ခေတ်၏ ကပ်ဘေးလှိုင်း လှုပ်ရှားမှုများကို ဖော်ညွှန်းနေခဲ့ပေသည်။

ဤအရာက ကြောက်မက်ဖွယ်ရာ ကောင်းလွန်းသည်။

ခြေလှမ်းတစ်လှမ်းဖြင့် သုတ်သင်ရှင်းလင်းခြင်း ခေတ်ကာလတစ်ခုကို ဖော်ဆောင်နိုင်ခြင်းမှာ မည်မျှထိတ်လန့်ဖွယ်ရာ ကောင်းသနည်း။

ဤပုံရိပ်က အမှောင်ထု ကပ်ဘေးလှိုင်း၏ စစ်မှန်သော မြစ်ဖျားခံရာ... စိတ်ကူးကြည့်၍မရနိုင်လောက်သော တည်ရှိမှုကြီး ဖြစ်နေနိုင်မည်လော။

ဤအခိုက်အတန့်တွင် အင်မော်တယ်နယ်မြေရှိ သက်ရှိအပေါင်းတို့သာမက တားမြစ်နယ်မြေမှ သက်ရှိများပင်လျှင် ကြောက်ရွံ့မှုကြောင့် တုန်လှုပ်သွားကြသည်။

ဤပုံရိပ်ကြီးမှာ ဖြစ်သူဖြစ်သနည်း။

နောက်ဆုံးတွင် ထိုပုံရိပ်ကြီး ရပ်တန့်သွားခဲ့သည်။

သူ၏ ပုံရိပ်မှာမူ ဝေဝါးပြီး ဆန်းကြယ်သော သွေးမြူခိုးများထဲတွင် ဖုံးကွယ်နေသေးသည်။

သူက ရေတွက်မရနိုင်သော နတ်ဆိုးများ၏ အော်သံကဲ့သို့ အသံမျိုးဖြင့် ပြောလိုက်သည်။

"ငါက အစဦး... ငါက အဆုံးသတ်ပဲ၊ ငါက စတင်ခြင်းဖြစ်သလို ငါက နိဂုံးလည်း ဖြစ်တယ်။ ငါဟာ ဖျက်ဆီးခြင်းရဲ့ ဦးသျှောင်... ငါက သက်ရှိအရာအားလုံးရဲ့ အဆုံးစွန်သော နိဂုံးပဲ"

"ငါဟာ ကမ္ဘာပျက်ကပ်ရဲ့ နတ်ဘုရားလေးပါးအနက်က တစ်ပါး၊ ကမ္ဘာပျက်ကပ်ရဲ့အရှင်သခင်... အမှောင်ဧကရာဇ် အန်တိပဲ"

ကြောက်မက်ဖွယ်ကောင်းသော နတ်ဆိုးအသံကြီးက ကောင်ကင်နှင့် မြေပြင်တစ်ခုလုံးတွင် ပျံ့နှံ့သွား၏။

ဤပုံရိပ်ကြီးမှာ အခြားသူမဟုတ်ဘဲ ဒဏ္ဍာရီလာ ကမ္ဘာပျက်ကပ် နိမိတ်ပုံရိပ်လေးခုအနက်မှ တစ်ခုဖြစ်သော ကမ္ဘာပျက်ကပ်၏ အရှင်သခင်၊ အမှောင်ဧကရာဇ် အန်တိပင်။

ကြီးစွာသော တုန်လှုပ်မှုတစ်ခုက လူတိုင်း၏ နှလုံးသားထဲတွင် ရိုက်ခတ်သွားခဲ့သည်။

ကမ္ဘာပျက်ကပ်၏ နတ်ဘုရားလေးပါးဆိုသည်မှာ မည်ကဲ့သို့သော ဖြစ်တည်မှုမျိုး ဖြစ်သနည်း။

၎င်းတို့က လောကတွင်းရှိ အဆုံးစွန်သော မှောင်မိုက်ခြင်း တည်ရှိမှုလေးခု ဖြစ်ကြသည်။

၎င်းတို့သည် ဖျက်ဆီးခြင်း၏ အဓိက မြစ်ဖျားခံရာကြီး လေးခု ဖြစ်ကြ၏။

စစ်ပွဲ၊ ငတ်မွတ်ခေါင်းပါးမှု၊ ကပ်ရောဂါ၊ သေခြင်းတရား။

ဒဏ္ဍာရီများအရ လောကကြီး အဆုံးသတ်မည့်အချိန်တွင် ကမ္ဘာပျက်ကပ်၏ မြင်းစီးသူရဲလေးဦး ထွက်ပေါ်လာမည်ဖြစ်ပြီး လူသားမျိုးနွယ်ထံသို့ ကပ်ဘေးဆိုးများနှင့် မျှော်လင့်ချက်မဲ့မှုများကို ပျံ့နှံ့စေလိမ့်မည်ဟု ဆိုကြသည်။

ကျွင်းရှောင်ယောက်၏ အမူအရာမှာ ပိုမိုလေးနက်သွားခဲ့သည်။

ယခင်က သူသည် တိုင်းတစ်ပါးရှိ အန္တိမကပ်ဘေးကြီးကို မိမိကိုယ်တိုင် အဆုံးသတ်ပေးခဲ့ဖူးသည်။

ထိုအန္တိမကပ်ဘေးကြီးသည် ကမ္ဘာပျက်ကပ်၏ နတ်ဘုရားလေးပါးအနက် ကပ်ရောဂါ ဖြစ်၏။

သို့ဆိုလျှင် ယခုလက်ရှိ ဤအမှောင်ဧကရာဇ်မှာ...

သူခန့်မှန်းတာ မမှားပါက ကမ္ဘာပျက်ကပ်၏ အရှင်သခင်၊ အမှောင်ဧကရာဇ် အန်တိသည် ကမ္ဘာပျက်ကပ်နတ်ဘုရားလေးပါးအနက် စစ်ပွဲပင် ဖြစ်ပေလိမ့်မည်။

အမှောင်ထု ကပ်ဘေးလှိုင်းများမှာ စစ်ပွဲများ တစ်ခုပြီးတစ်ခု ဖြစ်ပွားခြင်းပင် မဟုတ်ပါလော။

ပျက်စီးခြင်းဧကရာဇ်အား တိုက်ခိုက်ခဲ့သည့် တိုက်ပွဲ၏ နောက်ကွယ်မှ တကယ့်လက်မည်းကြီးမှာ ယခု လူတိုင်း၏ရှေ့မှောက်တွင် ရှိနေသော ကမ္ဘာပျက်ကပ်၏ အရှင်သခင်၊ အမှောင်ဧကရာဇ် အန်တိပင် ဖြစ်သည်။

"ဒါ... ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ တကယ်ပဲ ဘာတွေဖြစ်သွားတာလဲ။ မင်းက... ဝူလောင် လား"

တိဟောက်ထျန်း၏ စိတ်ထဲတွင် ဟာလာဟင်းလင်း ဖြစ်သွားခဲ့ရသည်။

ဤအခိုက်အတန့်တွင် သူက သူ၏ ဝိညာဉ်ကိုပင် ဆုံးရှုံးလိုက်ရသကဲ့သို့ ဖြစ်နေတော့သည်။

"ဟားဟားဟား... မင်း ငါ့ကို ဝူလောင်လို့လည်း ခေါ်နိုင်ပါတယ်၊ ဒါပေမဲ့ အဲဒါက ငါ့ရဲ့ နတ်ဘုရားစိတ်အာရုံအမျှင်တစ်ခုထက်မပိုဘူး"

ကမ္ဘာပျက်ကပ်၏အရှင်သခင်၊ အမှောင်ဧကရာဇ် အန်တိက အေးစက်စွာ ရယ်မောလိုက်သည်။

သူ့စိတ်ထဲတွင် အကန့်အသတ်မဲ့ ယုတ်မာရက်စက်သော စီမံကိန်းကြီးများ ရှိနေခဲ့သကဲ့သို့ပင်။

အန္တိမကပ်ဘေးဆိုးကြီးနှင့် မတူညီသောအချက်မှာ...

ကမ္ဘာပျက်ကပ်၏ အရှင်သခင်၊ အမှောင်ဧကရာဇ် အန်တိသည် အကြွင်းမဲ့ဉာဏ်ပညာနှင့် လှည့်ကွက်များကို ပိုင်ဆိုင်ထားသူဖြစ်ပြီး အစီအစဉ်တစ်ခုကို နှစ်ပေါင်းများစွာတစ်လျှောက် ချမှတ်ခဲ့၏။

ထို့နောက် ဤနေ့ရက် ရောက်ရှိလာမည့်အချိန်ကို တိတ်ဆိတ်စွာ စောင့်ဆိုင်းနေခဲ့ခြင်း ဖြစ်တော့သည်။

All Chapters