← Chapters

အခန်း ၁၅၆၃

Vol. 110 Ch. 1563

အခန်း ၁၅၆၃

Vol. 110 Ch. 1563

အခန်း ( ၁၅၆၃ ) အမှန်တရား ပေါ်ပေါက်လာခြင်း။

"ဒါပေမဲ့ ဘာလို့လဲ... အင်မော်တယ်တံခါးက..."

တိဟောက်ထျန်းမှာ စိတ်မတည်မငြိမ် ဖြစ်နေသည်။ သူသည် စကားကိုပင် ကောင်းစွာမပြောနိုင်တော့ဘဲ အတွေးများမှာလည်း ဖရိုဖရဲ ဖြစ်နေ၏။

ကမ္ဘာပျက်ကပ်၏အရှင်၊ အမှောင်ဧကရာဇ် အန်းတိက အေးစက်စွာ ရယ်မောလိုက်သည်။

"မင်းရဲ့ သံသယတွေကို ငါ နားလည်ပါတယ်"

"ငါ မင်းကို ဘာဖြစ်လို့ ကူညီခဲ့လဲဆိုတာ မှတ်မိသေးလား။ ငါ့အတွက် မင်းကို ရုပ်ခန္ဓာတစ်ခု ရှာဖွေပေး‌ဖို့ ပြောခဲ့တာလေ"

"အခုတော့ မင်း အောင်မြင်သွားခဲ့ပြီ၊ ငါ့ကိုလည်း နောက်ဆုံးမှာ လွတ်မြောက်အောင် လုပ်ပေးနိုင်ခဲ့ပြီ"

"ဒီအတွက် ငါ မင်းကို ကျေးဇူးတင်သင့်တယ်"

ကမ္ဘာပျက်ကပ်အရှင်၏ စကားလုံးများမှာ ပြတ်သားသည်။

သူသည် လူသားတစ်ယောက်၏ စိတ်ဓာတ် ပျက်ပြားခြင်းနှင့် ပျက်စီးခြင်းများကို အရသာခံကြည့်ရှုနေသည့်အလား တိဟောက်ထျန်းကို ကြည့်ရှုနေ၏။

ထိုခံစားချက်မျိုးက သူ အနှစ်သက်ဆုံးအရာပင်။

တိဟောက်ထျန်းမှာ အံကိုတင်းတင်းကြိတ်ထားပြီး မေးရိုးများပင် ကျိုးလုနီးပါး ဖြစ်လာသည်။ သူ၏ မျက်နှာမှာမူ နာကျင်မှုကြောင့် မည်းမှောင်နေတော့သည်။

"မဟုတ်ဘူး... ငါက အမြင့်ဆုံးအဆင့်ကို တက်လှမ်းနိုင်ဖို့အတွက် ကျောက်ချပ်ပြားကို ရှာဖွေပြီး အင်မော်တယ်တံခါးကို ဖွင့်ခဲ့တာ... မင်းကို လွှတ်ပေးဖို့ မဟုတ်ဘူး"

"ဒါ့အပြင် ငါက ပြန်လည်မွေးဖွားလာသူတစ်ယောက်ပဲ၊ ဒီလိုမျိုး ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"

တိဟောက်ထျန်းက ဟိန်းဟောက်လိုက်သည်။

သူသည် ပြန်လည်မွေးဖွားလာသူ ဖြစ်၏။

မည်သူက သူ့ထက် ပို၍ ဉာဏ်ဆင်နိုင်ပါမည်နည်း။

"ပြန်လည်မွေးဖွားတာ... ဟုတ်လား၊ အဟက်... မင်းရဲ့ ပြန်လည်မွေးဖွားခြင်း မှတ်ဉာဏ်ဆိုတာ တကယ်တော့ ငါ မင်းကို ပေးခဲ့တဲ့ ခဏတာ အထင်မြင်မှားမှုတစ်ခုထက် မပိုပါဘူး"

"မင်း တစ်ခါက ရွှီထျန်းလောကကို ဝင်ရောက်တော့ ကျောက်ချပ်ပြားအပိုင်းအစတစ်ခုကို ရှာတွေ့ခဲ့တယ် မဟုတ်လား"

"ငါ့ရဲ့ နတ်ဘုရားစိတ်အာရုံ အပိုင်းအစတစ်ခုက အဲဒီကျောက်ချပ်ပြား အပိုင်းအစပေါ်မှာ တွယ်ကပ်နေခဲ့တာ"

"အဲဒီနောက် မင်းက ရွှေခေတ်မှာ နိုးထလာမယ့်အချိန်ကို စောင့်ဆိုင်းဖို့အတွက် အိပ်စက်ခြင်းထဲကို ဝင်ရောက်သွားခဲ့တယ်"

"အဲဒီအချိန်မှာ ငါက ငါ့ရဲ့ အထွတ်အထိပ်စွမ်းအားနဲ့ အနာဂတ်ရဲ့ အကြောင်းအကျိုးများစွာကို အစွမ်းကုန် တွက်ချက်ပြီး မင်းရဲ့ အိပ်ပျော်နေတဲ့ စိတ်အာရုံထဲကို တိတ်တဆိတ် ထည့်သွင်းပေးခဲ့တာ"

"ဒါက မင်းကို ဘဝတစ်ခုလုံး ဖြတ်သန်းခဲ့ပြီးပြီဖြစ်လို့ အရာအားလုံးကို သိနေတယ်ဆိုတဲ့ ခံစားချက်မျိုး ပေးစွမ်းခဲ့တယ်"

"ဒါကြောင့်ပဲ မင်း နိုးထလာတဲ့အခါ ဒီရွှေခေတ်မှာ ပြန်လည်မွေးဖွားလာခဲ့တာလို့ မင်း ထင်မှတ်နေခဲ့တာ"

"တကယ်တမ်းမှာတော့ မင်းက ခေတ်တစ်ခုစာလောက် အိပ်စက်ခဲ့ရုံသက်သက်ပဲ"

"ပြန်လည်မွေးဖွားခြင်းဆိုရင်တော့လား... ၊ ဒဏ္ဍာရီလာဧကရာဇ်တောင်မှ အချိန်ကို ပြောင်းပြန်လှန်ပစ်ဖို့ ခက်ခဲတာ... ပြန်လည်မွေးဖွားခြင်း ရွှေလက်ချောင်းက မင်းခေါင်းပေါ်ကို ဘယ်လိုလုပ် ကျရောက်လာနိုင်မှာလဲ"

"အစကတည်းက မင်းက ငါ့ရဲ့ ကစားပွဲထဲက ကျားစေ့တစ်စေ့ထက် မပိုခဲ့ပါဘူး"

"ငါ ကြိုတင်မတွက်ချက်နိုင်ခဲ့တဲ့ တစ်ခုတည်းသော ကိန်းရှင်က ဒီကောင်လေးပဲ"

ကမ္ဘာပျက်ကပ်၏အရှင်က သူ၏ အကြည့်ကို ကျွင်းရှောင်ယောက်ထံသို့ လွှဲပြောင်းလိုက်သည်။

အကြောင်းမှာ ကျွင်းရှောင်ယောက်က ကံကြမ္မာသတ်မှတ်ချက် မရှိသော တည်ရှိမှုတစ်ခု ဖြစ်သောကြောင့်ပင်။

ထို့ကြောင့် ကမ္ဘာပျက်ကပ် နတ်ဘုရားလေးပါးအနက် တစ်ပါးဖြစ်သည့် အချိန်အဆုံးသတ်၏အရှင်သခင်ပင်လျှင် သူ၏ အနာဂတ်ကို သိရှိနိုင်ရန် ကမ္မနိယာမကို အသုံးမပြုနိုင်ခဲ့ချေ။

ထို့ကြောင့် တိဟောက်ထျန်း၏ ပြန်လည်မွေးဖွားခြင်း အမှတ်သညာများထဲတွင် ကျွင်းရှောင်ယောက်က ပါဝင်မလာခဲ့ခြင်း ဖြစ်သည်။

"ငါက ကျားစေ့တစ်စေ့ ဟုတ်လား... ငါက ကျားစေ့သက်သက်ပဲလား"

တိဟောက်ထျန်း၏ ရင်ထဲတွင် ဒေါသ၊ နာကျင်မှု၊ နာကျည်းမှု၊ ဝမ်းနည်းမှုနှင့် မုန်းတီးမှုများ ပြည့်နှက်သွားခဲ့သည်။

အကန့်အသတ်မဲ့ အပျက်သဘောဆောင်သော စိတ်ခံစားချက်များက သူ့နှလုံးသားတွင် ပြည့်နှက်နေပြီး ပေါက်ကွဲလုနီး ဖြစ်ခဲ့၏။

သူသည် လူသားများကြားထဲက နဂါးတစ်ကောင် မဟုတ်သလို၊ မိုးနှင့်မြေ၏ အဓိကဇာတ်ဆောင်လည်း မဟုတ်ချေ။

ကျားစေ့တစ်စေ့မျှသာ ဖြစ်ခဲ့သည်။

သနားစရာကောင်းသလို ရယ်စရာလည်းကောင်းသော ကျားစေ့တစ်စေ့မျှသာ။

အမှောင်ထဲတွင် အမြဲရှိနေခဲ့ပြီး၊ ဘုရင်တစ်ပါးဖြစ်လာရန်နှင့် လောကကို အုပ်စိုးရန် အိပ်မက်မက်နေခဲ့သည့် ရယ်စရာကောင်းလှသော ကျားစေ့တစ်စေ့သာ ဖြစ်သည်။

"အဟား... ဟားဟားဟား...၊ ဒါတွေအားလုံးက မင်းကြောင့်ပဲ"

တိဟောက်ထျန်း၏ မျက်နှာမှာ အလွန်ပျက်ယွင်းနေပြီး ကြေကွဲဖွယ်ကောင်းသော ရယ်မောသံများနှင့်အတူ ရူးသွပ်စွာ ဟိန်းဟောက်လိုက်သည်။

သူ၏ ဧကရာဇ်ဖြစ်လာရန် အိပ်မက်၊ သက်ရှိအပေါင်းတို့၏ အထက်တွင် ရပ်တည်ရန် ရည်မှန်းချက်များ...

ဤအခိုက်အတန့်တွင် အရာအားလုံး ကွယ်ပျောက်ပျက်စီးသွားခဲ့ရပြီ ဖြစ်သည်။

"သေစမ်း"

တိဟောက်ထျန်းမှာ ဆင်ခြင်တုံတရား ဆုံးရှုံးသွားခဲ့ပြီး နဂါးဧကရာဇ်၏ ရွှေခန္ဓာကို အသက်သွင်းကာ ကမ္ဘာပျက်ကပ်၏အရှင်သခင်အား တိုက်ခိုက်လိုက်တော့သည်။

သူသည် သူ၏နိယာမများ၊ အသက်ဓာတ်စွမ်းအားများနှင့် နတ်ဘုရားစွမ်းအင် အရာအားလုံးနီးပါးကိုပင် လောင်ကျွမ်းစေခဲ့သည်။

သူ့အတွက် ထိုအရာများက အရေးမကြီးတော့ချေ။

ဤအခိုက်တွင်၊ သူ၏ ဂုဏ်သိက္ခာနှင့် မာန်မာနအတွက် ဤအမှောင်ထုထဲမှ လက်မည်းကြီးကို သတ်ဖြတ်ရန်သာ စိတ်ထဲရှိသည်။

"ဝှူး..."

ကမ္ဘာပျက်ကပ်၏အရှင်သခင်က လေတစ်ချက်ကို ညင်သာစွာ မှုတ်ထုတ်လိုက်သည်။

သွေးယဇ်ပူဇော်ခြင်းစွမ်းအားဖြင့် သွေးမုန်တိုင်းတစ်ခု ထွက်ပေါ်လာခဲ့၏။

နဂါးဧကရာဇ်၏ ရွှေခန္ဓာက ချက်ချင်းပင် ဖုန်မှုန့်များအဖြစ် ပြောင်းလဲသွားရတော့သည်။

တစ်ချိန်တည်းမှာပင် တိဟောက်ထျန်း၏ ပုံရိပ်သည်လည်း ထိုမုန်တိုင်းအတွင်း၌ တစ်လက်မချင်းစီ ပျက်စီးသွားခဲ့ရပြီး ပြာအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

နောက်ဆုံး၊ တိဟောက်ထျန်းက သူ၏ ဦးခေါင်းတစ်ခုတည်းသာ ကျန်ရှိတော့သည့် အချိန်တွင် ခေါင်းကို လှည့်ကြည့်လိုက်သည်။

ထိုငွေရောင်မျက်ဝန်းများသည် ကျွင်းရှောင်ယောက်နှင့် အကြည့်ချင်းဆုံသွားပြီး တိတ်ဆိတ်သွားကြ၏။

သူ ရှုံးနိမ့်သွားခဲ့ပြီ။

သို့သော်လည်း သူသည် ကျွင်းရှောင်ယောက်၏ လက်ချက်ဖြင့် ရှုံးနိမ့်ခဲ့ခြင်း မဟုတ်ချေ။

ဆန့်ကျင်ဘက်အနေဖြင့် သူဟာ ပြန်လည်နိုးထလာခဲ့သည့် အခိုက်အတန့်ကတည်းက ရှုံးနိမ့်နေခဲ့ပြီးသား ဖြစ်သည်။

"ကျွင်းရှောင်ယောက်... မင်း... သူ့ကို... အနိုင်ယူနိုင်လိမ့်မယ်လို့ ငါ မျှော်လင့်ပါတယ်..."

တိဟောက်ထျန်း၏ နှုတ်ခမ်းများ လှုပ်ရှားသွားခဲ့ပြီး နောက်ဆုံး စကားတစ်ခွန်းကို ပြောလိုက်၏။

ထို့နောက် သူ၏ ပုံရိပ်က ဖုန်မှုန့်များအဖြစ် ပြောင်းလဲသွားခဲ့ပြီး လောကကြီးထဲမှ ထာဝရ ပျောက်ကွယ်သွားတော့သည်။

ဤစကားကို ကြားလိုက်ရချိန်တွင် ကျွင်းရှောင်ယောက်လည်း စိတ်ထဲမှ ကြိတ်၍ သက်ပြင်းချလိုက်မိသည်။

"တိဟောက်ထျန်း... မင်းက သန်မာပေမဲ့ မောက်မာလွန်းခဲ့တယ်"

ဤအရာကပင် တိဟောက်ထျန်း၏ ကံကြမ္မာ ဖြစ်ပေလိမ့်မည်။

တိဟောက်ထျန်း၏ ပြန်လည်မွေးဖွားခြင်းသည်မှာပင် ရိုးရှင်းသောအရာတစ်ခု မဟုတ်ချေ။

နောက်ကွယ်တွင် ပိုမိုနက်ရှိုင်းသော ပူးပေါင်းကြံစည်မှုကြီး ရှိနေခဲ့ခြင်း ဖြစ်သည်။

ယခုမူ သူ ကြိုတင်ခန့်မှန်းခဲ့သည့်အတိုင်းပင် ဖြစ်လာခဲ့ပြီ။

သို့သော်လည်း ကျွင်းရှောင်ယောက်တွင် အတည်ပြုရန်အတွက် မေးခွန်းအချို့ ကျန်ရှိနေသေးသည်။

ထိုစဉ်၊ အသံတစ်ခု ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။

"ကမ္ဘာပျက်ကပ်ရဲ့အရှင်သခင်... ငါ ဒီတာဝန်ကို ပြီးမြောက်အောင် လုပ်ဆောင်ပေးခဲ့ပြီ။ မင်းလည်း မင်းရဲ့ ကတိအတိုင်း တည်လိမ့်မယ်လို့ ငါ မျှော်လင့်ပါတယ်"

သက်ရှည်ခြင်းဧကရာဇ်က လက်နှစ်ဖက်ကို နောက်သို့ယှက်လျက် တည်ငြိမ်စွာ ပြောဆိုလိုက်သည်။

"ဟားဟားဟား... ဒါက သဘာဝပါပဲ..."

အမှောင်ဧကရာဇ်အန်းတိက ပေါ့ပေါ့ပါးပါး ခေါင်းညိတ်လိုက်၏။

"သက်ရှည်ခြင်းဧကရာဇ်... တကယ်ပဲ ဘာတွေဖြစ်နေတာလဲ"

မြင့်မြတ်ဝိညာဉ်ဘိုးဘေး အပါအဝင် ယဇ်ဆရာသခင် သုံးဦးတို့မှာ အင်မော်တယ်နယ်မြေမှ ဆုတ်ခွာလာခဲ့ပြီး ကောင်းကင်ကိုးပါးထံသို့ ချက်ချင်း ရောက်ရှိလာခဲ့ကြသည်။

တုန်ဟွဧကရာဇ်၏ အစစ်အမှန်ဝိညာဉ်၊ တုကူးဓားနတ်ဘုရား၊ ခွန်းလွန်းကောင်းကင်အရှင်နှင့် အခြားသူများသည်လည်း ကျွင်းရှောင်ယောက်၏ ဘေးနားသို့ ရောက်ရှိလာခဲ့ကြ၏။

သက်ရှည်ခြင်းဧကရာဇ်၏ စကားအသွားအလာအရ၊ သူသည် အစကတည်းက အင်မော်တယ်တံခါးအတွင်း၌ အမှောင်ဧကရာဇ် အန်းတိ ရှိနေကြောင်းကို သိရှိထားခဲ့ပုံရသည်။

သို့သော်လည်း မည်သူ့ကိုမှ ထုတ်မပြောခဲ့သလို အခြားယဇ်ဆရာသခင် သုံးဦးသည်ပင် ဘာမျှမသိခဲ့ရပေ။

ယခုမူ အခြေအနေများက ဤသို့ ဖြစ်လာခဲ့ပြီ ဖြစ်သဖြင့် သက်ရှည်ခြင်းဧကရာဇ်သည်လည်း ဂရုမစိုက်တော့ဘဲ တည်ငြိမ်စွာ ပြောလိုက်သည်။

"တကယ်တော့... အဆုံးသတ်မဲ့ လည်ပတ်နေတဲ့ အမှောင်ထု သုတ်သင်ရှင်းလင်းမှုကြီးဆိုတာ ဒီဧကရာဇ်နဲ့ အန်းတိအကြားက သဘောတူညီချက်တစ်ခုထက် မပိုပါဘူး"

သက်ရှည်ခြင်းဧကရာဇ်က ပြောလိုက်ခြင်းဖြစ်၏။

ထိုစကားများ ထွက်ပေါ်လာသည်နှင့် တပြိုင်နက်...

လောကကြီးတစ်ခုလုံး လုံးဝ တိတ်ဆိတ်သွားခဲ့ရတော့သည်။

သက်ရှိအပေါင်းတို့၏ မျက်နှာထက်ရှိ အမူအရာများမှာ အေးခဲသွားကြရ၏။

ကျွင်းရှောင်ယောက်သည် သံသယအချို့ ရှိနေခဲ့သော်လည်း...

အခြေအနေမှန်ကို သိရသောအခါ သူသည်လည်း တုန်လှုပ်မှုကို ခံစားလိုက်ရသည်။

ခေတ်အဆက်ဆက်၏ ကပ်ဘေးလှိုင်းများကြောင့် ရေတွက်၍မရနိုင်သော ဧကရာဇ်များ ကြွေလွင့်ခဲ့ရပြီး ရေတွက်၍မရနိုင်သော သူရဲကောင်းများ ကျဆုံးခဲ့ရသည်။

သန်းနှင့်ချီသော သက်ရှိများ သေကြေပျက်စီးခဲ့ရ၏။

အင်မော်တယ်နယ်မြေကို မဆိုထားဘိ၊ ကောင်းကင်ကိုးပါး တားမြစ်နယ်မြေများပင်လျှင် ကြီးမားသော ပေးဆပ်မှုများကို ပြုလုပ်ခဲ့ရသည်။

သို့သော် ဤလှုပ်ရှားမှုအားလုံး၊ ဤဖျက်ဆီးခြင်းအားလုံးသည်... သက်ရှည်ခြင်းဧကရာဇ်နှင့် အန်းတိတို့အကြားမှ သဘောတူညီချက်တစ်ခုမျှသာ ဖြစ်နေခဲ့သည်။

ဤအရာက လုံးဝ အဓိပ္ပာယ်မရှိပေ။

ကမ္ဘာပျက်ကပ်အရှင်သခင်က ခပ်တိုးတိုး ရယ်မောလိုက်သည်။

သူသည် လူသားတို့၏ မျက်နှာထက်ရှိ တုန်လှုပ်မှုနှင့် မျှော်လင့်ချက်မဲ့မှုများကို အလွန်အမင်း သဘောကျပုံရ၏။

ထို့ကြောင့် သူဟာ အလွန် စိတ်ရှည်စွာဖြင့် စကားပြောဆိုလာခဲ့သည်။

"တကယ်လို့ မင်းတို့က တစ်စုံတစ်ယောက်ကို အပြစ်တင်ချင်တယ်ဆိုရင် ပျက်စီးခြင်းဧကရာဇ်ကိုသာ အပြစ်တင်လိုက်ကြပါ"

"သူသာ ငါ့ကို အင်မော်တယ်တံခါးထဲမှာ ချိတ်ပိတ်မထားခဲ့ဘူးဆိုရင် ငါလည်း ဒီလိုနည်းလမ်းမျိုးကို စိတ်ကူးမိမှာ မဟုတ်ဘူး"

ပျက်စီးခြင်းဧကရာဇ်၏ အမည်နာမကို ကြားလိုက်ရသည့် အချိန်တွင် ကျွင်းရှောင်ယောက်၊ ဝူဟူနှင့် မဟာဧကရာဇ် အဆုံးမဲ့တို့၏ မျက်ဝန်းများမှာ အရောင်လက်သွားခဲ့ကြသည်။

ပျက်စီးခြင်းဧကရာဇ်သည် သမိုင်းတစ်လျှောက်လုံးတွင် အားအကောင်းဆုံးသော ရှေးဟောင်းမြင့်မြတ်ခန္ဓာဖြစ်သလို ရှေးဟောင်းပျက်စီးခြင်း‌နန်းတော်ကို တည်ထောင်ခဲ့သူ ဖြစ်သည်။

ထို့နောက်တွင် အန်းတိက မည်သည့်အရာကိုမျှ ဖုံးကွယ်ထားရန် မကြိုးစားတော့ဘဲ အရာအားလုံး၏ အကြောင်းအရင်းများကို ရှင်းပြခဲ့ပေသည်။

ဤနည်းဖြင့် သူသည် သက်ရှိအပေါင်းတို့၏ မျက်နှာထက်ရှိ မျှော်လင့်ချက်မဲ့မှုများကို ပိုမိုအရသာခံ ကြည့်ရှုနိုင်လိမ့်မည်။

ထိုမျှော်လင့်ချက်မဲ့မှုများ၊ မုန်းတီးမှုများ၊ နာကျည်းမှုများနှင့် စွမ်းအားမဲ့စွာ ရုန်းကန်မှုများက သူ့ကို စိတ်လှုပ်ရှားစေသည်။

အန်းတိသည် ကမ္ဘာပျက်ကပ် ဖြစ်ရပ်လေးခုအနက် စစ်ပွဲ ဖြစ်သည်။

သူ၏ တည်ရှိမှုသည် စစ်ပွဲအားလုံး၏ မြစ်ဖျားခံရာ ဖြစ်၏။

အချိန်အဆုံးသတ်၏အရှင်သခင်၊ အမှောင်ဧကရာဇ် အန်းတိက သက်ရှိအပေါင်းတို့၏ မျှော်လင့်ချက်မဲ့မှုများကို ဝါးမျိုစားသုံးသည်။

သူသည် အမှောင်ထဲတွင် ပုန်းကွယ်နေခဲ့ပြီး ခေတ်ကာလများကို ခြယ်လှယ်ကာ၊ အင်အားစုအမျိုးမျိုးအကြား စစ်ပွဲများကို လှုံ့ဆော်ပေးခဲ့ပြီး အင်မော်တယ်နယ်မြေတွင် သွေးချောင်းစီးမှုများနှင့် စစ်ပွဲများကို အဆက်မပြတ် ဖြစ်ပွားစေခဲ့သည်။

ထိုအချိန်တွင် အလွန်အမင်း စွမ်းအားကြီးမားသော တည်ရှိမှုတစ်ခုက သဲလွန်စအချို့ကို ရှာဖွေတွေ့ရှိခဲ့၏။

သွေးချောင်းစီးခဲ့ရသော စစ်ပွဲများစွာ၏ နောက်ကွယ်တွင် အရာအားလုံးကို ထိန်းချုပ်နေသည့် လက်မည်းကြီးတစ်ဦး ရှိနေပုံရသည်။

ထိုလက်မည်းကြီးကိူ ရှာဖွေတွေ့ရှိခဲ့သူမှာ အခြားသူမဟုတ်ဘဲ ပျက်စီးခြင်းဧကရာဇ်ပင်။

သူသည် သဲလွန်စအမျိုးမျိုးကို လိုက်လံရှာဖွေရင်း အန်းတိထံသို့ ရောက်ရှိလာခဲ့သည်။

ထိုအခါ ကမ္ဘာမြေကို တုန်ခါစေနိုင်သည့် တိုက်ပွဲကြီးတစ်ခု ဖြစ်ပွားခဲ့တော့သည်။

ရွှီထျန်းလောကသည် ပျက်စီးခြင်းဧကရာဇ်နှင့် အန်းတိအကြားမှ တိုက်ပွဲကြီး၏ ကျန်ရစ်သော အစိတ်အပိုင်းတစ်ခုမျှသာ ဖြစ်သည်။

ပျက်စီးခြင်းဧကရာဇ်သည် သမိုင်းတစ်လျှောက်လုံးတွင် အားအကောင်းဆုံးသော ရှေးဟောင်းမြင့်မြတ်ခန္ဓာနှင့် အနှိုင်းမဲ့လှသော နတ်ဘုရားစွမ်းအားများကို ပိုင်ဆိုင်ထားပြီး ခေတ်ကာလများကို လွှမ်းမိုးထားနိုင်ခဲ့သော်လည်း...

ကမ္ဘာပျက်ကပ်၏အရှင်သခင် အန်းတိက ကမ္ဘာပျက်ကပ်လေးခုအနက် တစ်ပါးဖြစ်သည်။

သူသည် လောကတွင်းရှိ အဆုံးစွန်သော မျှော်လင့်ချက်မဲ့မှုများကို ကိုယ်စားပြုထားကာ သူ၏ စွမ်းအားက စိတ်ကူးကြည့်၍မရနိုင်လောက်အောင်ပင်။

ထို့ကြောင့် ပျက်စီးခြင်းဧကရာဇ်ကဲ့သို့ စွမ်းအားကြီးမားသော ပုဂ္ဂိုလ်ပင်လျှင် သူ့ကို တိုက်ခိုက်နိုင်စွမ်း ရှိသော်လည်း လုံးဝ ချေမှုန်းပစ်နိုင်ခြင်း မရှိခဲ့ပါ။

သို့သော် ထိုအချိန်၌ပင် အင်မော်တယ်တံခါးက ပေါ်ပေါက်လာခဲ့သည်။

All Chapters