အခန်း ၁၅၆၆
Vol. 110 Ch. 1566
အခန်း ( ၁၅၆၆ ) စွမ်းအားကြီးမားသော အချိန်အဆုံးသတ်၏အရှင်သခင်။
အစပိုင်းတွင် လူတိုင်းက သက်ရှည်ခြင်းဧကရာဇ်ကို နောက်ကွယ်မှ လက်မည်းကြီးနှင့် ကသောင်းကနင်း ဖြစ်ခြင်းများ၏ မြစ်ဖျားခံရာဖြစ်သည်ဟု ထင်မှတ်ခဲ့ကြသည်။
သူ့ကို အနိုင်ယူလိုက်ခြင်းဖြင့် အမှောင်ထုက လုံးဝ ချုပ်ငြိမ်းသွားမည်ဟု ယူဆခဲ့ကြ၏။
လူအများ၏ ခန့်မှန်းချက်များက မှန်ကန်သော်လည်း တစ်ဝက်သာမှန်ပြီး တစ်ဝက်မှားနေသည်။
သက်ရှည်ခြင်းဧကရာဇ်က ကြိုးကိုင်သူထဲမှ တစ်ဦးဖြစ်ခဲ့သည်မှာ အမှန်ပင်ဖြစ်သည်။
သို့သော်လည်း ဤအရာအားလုံး၏ နောက်ကွယ်မှ စစ်မှန်သော လက်မည်းကြီးမှာ လောကကြီး၏ အဆုံးစွန်သော ကြောက်ရွံ့ခြင်းနှင့် မျှော်လင့်ချက်မဲ့ခြင်း...
အင်မော်တယ်တံခါးအတွင်း၌ ချိတ်ပိတ်ခြင်းခံထားရသည့် ကမ္ဘာပျက်ကပ် နတ်ဘုရားလေးပါးထဲမှ တစ်ပါးဖြစ်သော အချိန်အဆုံးသတ်၏အရှင်သခင် အန်းတိပင်။
အချိန်အဆုံးသတ်၏အရှင်သခင်...
ယင်းက မည်မျှပင် ကြောက်မက်ဖွယ်ကောင်းသော ဘွဲ့အမည်မျိုး ဖြစ်သနည်း။
ထို့ပြင် အန်းတိ၏ စွမ်းအားက စိတ်ကူးကြည့်ရန်ပင် မလွယ်ပေ။
သူတို့က ထူထဲသော အနီရောင်မြူထုကိုပင် ဖောက်ထွင်းနိုင်ခြင်းမရှိသလို၊ အချိန်အဆုံးသတ်၏အရှင်သခင် အန်းတိ၏ စစ်မှန်သော ရုပ်အဆင်းကိုလည်း မမြင်တွေ့နိုင်ကြပါ။
ဤနေရာတွင် ကျွင်းရှောင်ယောက်၊ အဆုံးမဲ့ဧကရာဇ်၊ ဝူဟူနှင့် နောက်ပိုင်း ထပ်ရောက်လာသော တုန်ဟွဧကရာဇ်၏ အစစ်အမှန်ဝိညာဉ်၊ တုကူးဓားနတ်ဘုရား၊ နှင့် ခွန်းလွန်းကောင်းကင်အရှင်တို့ ရှိနေကြသည်။
အထွတ်အထိပ် တည်ရှိမှုခြောက်ခုကို အချိန်အဆုံးသတ်၏အရှင်သခင် အန်းတိက တစ်ဦးတည်းဖြင့် ရင်ဆိုင်နေသည်။
သက်ရှည်ခြင်းဧကရာဇ်၊ မြင့်မြတ်ဝိညာဉ် ဘိုးဘေးနှင့် အခြားသူများမှာမူ ယခင်ကပင် ပြင်းထန်သော ဒဏ်ရာများကို ရရှိထားခဲ့ကြသည်။
ထို့ကြောင့် လက်ရှိတွင် ဒဏ်ရာများကို ကုသရန်အတွက် ခေတ္တအနားယူနေကြ၏။
ထို့ပြင် အချိန်အဆုံးသတ်၏အရှင်သခင် အန်းတိကလည်း သူတို့၏ အကူအညီကို လုံးဝ မလိုအပ်ကြောင်း ပြောကြားခဲ့သည်။
၎င်းက အန်းတိ၏ အကြွင်းမဲ့ ယုံကြည်ချက်ပင်။
သူသည် ကမ္ဘာပျက်ကပ်၏ နတ်ဘုရားလေးပါးထဲမှ တစ်ပါးအနေဖြင့် လောကကြီး၏ ကြီးမားသော ပျက်စီးခြင်းဆိုင်ရာ မူလရင်းမြစ် လေးခုထဲမှ တစ်ခု ဖြစ်သည်။
ထို့ပြင် ဤသည်မှာ သူ ရေးသားခဲ့သည့် ကမ္ဘာပျက်သုဉ်းခြင်း ဇာတ်ညွှန်း ဖြစ်၏။
သူက အရာအားလုံးကို ဖျက်ဆီးပစ်ရန်နှင့် အတားအဆီးအားလုံးကို သူတစ်ဦးတည်း ရှင်းလင်းဖယ်ရှားပစ်ရန် စိတ်ကူးထားသည်။
"ဒါက မင်းတို့ရဲ့ အမြင့်မားဆုံး အင်အားလား။ ဒါက ငါ့အမြင်မှာတော့ ရယ်စရာကောင်းလောက်အောင် အားနည်းနေသေးတယ်။ ဟားဟားဟား"
အချိန်အဆုံးသတ်၏အရှင်သခင်က သူ့ရှေ့မှောက်ရှိ လူခြောက်ဦးကို ကြည့်ကာ လှောင်ပြောင်ရယ်မောလိုက်သည်။
"အန်းတိ... မင်းက ဒါကို မသိသေးတာ ဖြစ်နိုင်တယ်... ကမ္ဘာပျက်ကပ်ရဲ့ နတ်ဘုရားလေးပါးထဲမှ တစ်ခုဖြစ်တဲ့ အန္တိမကပ်ဘေးကြီးဟာ ငါ့လက်ထဲမှာ ပျက်စီးသွားခဲ့ရပြီးပြီ"
ကျွင်းရှောင်ယောက်က အေးစက်စွာ ပြောလိုက်၏။
"ဪ"
အချိန်အဆုံးသတ်၏အရှင်သခင် အန်းတိက အနည်းငယ် အံ့ဩဟန်ပြုလိုက်သည်။
အမှန်အတိုင်းဆိုရလျှင်၊ သူက ဤလူခြောက်ဦးထဲမှ မည်သူ့ကိုမျှ အထင်မကြီးခဲ့ပေ။
အကယ်၍ ၎င်းသည် အဆုံးမဲ့ဧကရာဇ်၏ အထွတ်အထိပ်ကာလ သို့မဟုတ် တုန်ဟွဧကရာဇ်၏ မူလခန္ဓာကိုယ်တိုင် ဆင်းသက်လာခြင်းမျိုး ဖြစ်ပါက အချိန်အဆုံးသတ်၏အရှင်သခင် အနေဖြင့် သတိထားကောင်း သတိထားမိလိမ့်မည်။
ကံမကောင်းစွာဖြင့် သူတို့က ယခုအခါ သူတို့၏ အထွတ်အထိပ်ကာလနှင့် ဝေးကွာလွန်းနေပြီ ဖြစ်သည်။
သို့သော်လည်း ကျွင်းရှောင်ယောက်က အန်းတိ၏ အာရုံစိုက်မှုကို အနည်းငယ် ဆွဲဆောင်နိုင်ခဲ့ပေသည်။
အကြောင်းက ရိုးရှင်းသည်။
သူဟာ ကျွင်းရှောင်ယောက်နှင့် ပတ်သက်၍ အကြောင်းအကျိုးများကို တွက်ချက်ဖော်ထုတ်နိုင်ခြင်း မရှိသောကြောင့်ပင်။
ဤအရာက တိဟောက်ထျန်း၏ ပြန်လည်မွေးဖွားခြင်းဆိုင်ရာ အမှတ်သညာများထဲတွင် ကျွင်းရှောင်ယောက် မပါဝင်ခဲ့ရသည့် အကြောင်းရင်းလည်း ဖြစ်သည်။
"မင်းက တကယ်ကို ပုံမှန်မဟုတ်တဲ့ ဖြစ်တည်မှုတစ်ခုပဲ... ၊ မဟုတ်မှလွဲ မင်းက အဲဒီလိုမျိုး ဖြစ်တည်မှုတွေထဲက တစ်ယောက် ဖြစ်နေတာလား..."
အန်းတိက တစ်စုံတစ်ခုကို စဉ်းစားမိသွားပုံရသည်။
"တကယ်လို့ ငါသာ မင်းကို ဝါးမျိုပြီး သန့်စင်နိုင်မယ်ဆိုရင်... ငါ့အတွက် အထွတ်အထိပ်အခြေအနေကို ရောက်ရှိဖို့ အခွင့်အရေး နည်းနည်း ရှိလာနိုင်တယ်..."
အန်းတိ၏ လေသံက အေးစက်သွားသည်။
ဤအရာကို ကြားရသောအခါ ကျန်းစန်းယီ၏ နှလုံးသားက ချက်ချင်းပင် တင်းကျပ်သွားခဲ့ရသည်။
မျှော်လင့်ထားသည့်အတိုင်းပင်၊ သမိုင်းတစ်လျှောက် ကြောက်မက်ဖွယ်အကောင်းဆုံးသော အချိန်အဆုံးသတ်၏အရှင်သခင်က ကျွင်းရှောင်ယောက်ကို ပစ်မှတ်ထားနေပြီ။
"မမစန်းယီ... မြန်မြန် နောက်ဆုတ်သွားလိုက်ပါ..."
ကျွင်းရှောင်ယောက်က ကျန်းစန်းယီ၏ လက်ကို လွှတ်လိုက်ပြီး သူမကို တွန်းထုတ်ကာ ဖယ်ရှားလိုက်သည်။
သူကိုယ်တိုင်ကမူ နတ်ဘုရားဓမ္မခန္ဓာအတွင်းသို့ ပေါင်းစပ်ဝင်ရောက်၍ အခက်ခဲဆုံးနှင့် အထူးခြားဆုံးသော တိုက်ပွဲကို ဆင်နွှဲရန် ပြင်ဆင်လိုက်၏။
"ရှောင်ယောက်..."
ကျွင်းရှောင်ယောက်၏ လက်ကို လွှတ်လိုက်သည့် ခဏ၌...
ကျန်းစန်းယီ၏ စိတ်ထဲတွင် ဖရိုဖရဲဖြစ်ကာ ရင်ထဲမှာလည်း ဟာလာဟင်းလင်း ဖြစ်သွားခဲ့ရသည်။
ကျွင်းရှောင်ယောက်သည် သူမကို ထာဝရ စွန့်ခွာသွားတော့မည့်အလား ခံစားလိုက်ရ၏။
ကျန်းစန်းယီ၏ ဝင်ပေါက်ဆယ့်နှစ်ခု အင်မော်တယ်နှလုံးသားက ဤအခိုက်အတန့်တွင် စူးရှပြီး အလွန်အမင်း နာကျင်မှုများဖြင့် ပြည့်နှက်လာတော့သည်။
"အပိုစကားတွေ ပြောမနေနဲ့တော့... ငါ မင်းကို နှိမ်နင်းပြီး လောကကြီးကို အေးချမ်းမှုပြန်ရအောင် လုပ်ပြမယ်..."
ကျွင်းရှောင်ယောက်က နတ်ဘုရားဓမ္မခန္ဓာကိုထိန်းချုပ်၍ လွမ်ကုပုဆိန်ကို လက်တစ်ဖက်ဖြင့် ကိုင်မြှောက်လိုက်သည်။
ထို့နောက် အခြားလက်တစ်ဖက်ဖြင့် ကမ္ဘာသန့်စင်ခြင်းမီးပြင်းဖိုကို ကိုင်စွဲလိုက်၏။
"ငါ့ကို နှိမ်နင်းမယ်တဲ့လား... ဟားဟားဟား...၊ ဒါက ငါကြားဖူးသမျှထဲမှာ အရယ်ရဆုံး ပြက်လုံးပဲ..."
အချိန်အဆုံးသတ်၏အရှင်သခင်က ရယ်မောပြီးနောက် စတင်လှုပ်ရှားလိုက်သည်။
အဆုံးမဲ့ သွေးယဇ်ပူဇော်ခြင်း စွမ်းအားများဖြင့် ဖုံးလွှမ်းနေသည့် သွေးနီရောင် လက်ဝါးကြီးတစ်ဖက် ပေါ်ထွက်လာခဲ့၏။
၎င်းက လက်ဝါးတစ်ချက်တည်းဖြင့် စကြာဝဠာတစ်ခုလုံးကို ဖျက်ဆီးပစ်နိုင်စွမ်း ရှိနေသကဲ့သို့ပင်။
စစ်ပွဲ နိမိတ်ပုံရိပ်အနေဖြင့် အချိန်အဆုံးသတ်အရှင်သခင်၏ စွမ်းအားမှာ သဘာဝအတိုင်း အလွန်ကြောက်စရာကောင်းသည်။
တစ်ချိန်တည်းမှာပင် ကျွင်းရှောင်ယောက်နှင့် အခြားသူများကလည်း စတင်လှုပ်ရှားလိုက်ကြသည်။
ကျွင်းရှောင်ယောက်၏ နတ်ဘုရားဓမ္မခန္ဓာက တုန်ယင်လာသည်။
မရေမတွက်နိုင်သော ယုံကြည်မှုစွမ်းအားများက ကောင်းကင်နှင့် မြေပြင်ကို လင်းလက်စေသည့် စူးရှတောက်ပသော နတ်ဘုရားအလင်းတန်းအဖြစ်သို့ ပြောင်းလဲသွားခဲ့၏။
လွမ်ကုပုဆိန်၏ အသွားက ကောင်းကင်ဘုံကို ဖြတ်တောက်လိုက်ပြီး ကမ္ဘာသန့်စင်ခြင်းမီးပြင်းဖိုက ကျယ်ပြောလှသော ခေတ်အဆက်ဆက်ကို နှိမ်နင်းကာ ကျဆင်းလာတော့သည်။
အဆုံးမဲ့ဧကရာဇ်ကလည်း အတိုင်းအဆမဲ့ စွမ်းအားတို့ကို ထုတ်လွှတ်လိုက်သည်။
သူ၏ မီးခိုးရောင်ဆံပင်များမှာ လျင်မြန်စွာပင် ဖြူဖွေးသွားခဲ့၏။
သူ၏လက်ထဲရှိ အဆုံးမဲ့ခေါင်းလောင်းက တုန်ခါသွားပြီး ဖျက်ဆီးခြင်း အသံလှိုင်းလုံးကြီးကို ထုတ်လွှတ်လိုက်တော့သည်။
တုန်ဟွဧကရာဇ်၏ အစစ်အမှန်ဝိညာဉ်သည်လည်း ထို့အတူပင် တောက်ပနေခဲ့သည်။
သူသည် ရှေးဟောင်းအင်မော်တယ်ခုံရုံး၏ နိယာမတရားများကို သူ့လက်ထဲတွင် ကိုင်ဆောင်ကာ ကောင်းကင်နှင့် မြေပြင်ကို စီရင်ချက်ချ၏။
ဝူဟူသည်လည်း ပိုမိုပြင်းထန်စွာ တိုက်ခိုက်ခဲ့သည်။
သူသည် ရှေးဟောင်းမြင့်မြတ်ခန္ဓာ မျိုးရိုး၏ အမုန်းတရားနှင့် ဒေါသများဖြင့် ပျက်စီးခြင်းဧကရာဇ်၏ဓမ္မခန္ဓာကို လှုံ့ဆော်ပေးလိုက်ပုံရ၏။
ဤအခိုက်အတန့်တွင် ပျက်စီးခြင်းဧကရာဇ်၏ ဓမ္မခန္ဓာက ပိုမိုကြောက်မက်ဖွယ်ကောင်းသော စွမ်းအားကို ထုတ်လွှတ်လာတော့သည်။
ဤအရာမှာ ဝူဟူက နှိုးဆွလိုက်သည့် စွမ်းအားသက်သက မဟုတ်ချေ။
ဆန့်ကျင်ဘက်အနေဖြင့် ၎င်းက ပျက်စီးခြင်းဧကရာဇ်၏ဓမ္မခန္ဓာမှ ဗီဇစိတ်တစ်ခု ဖြစ်သည်။
နောက်ဆုံးတွင်၊ အန်းတိက ပျက်စီးခြင်းဧကရာဇ်၏ ဘဝရန်သူ ဖြစ်နေခဲ့သည် မဟုတ်ပါလား။
တုကူးဓားနတ်ဘုရားကမူ အင်မော်တယ်လက်နက် ဖြစ်သော ကောင်းကင်ဓားကို ကိုင်စွဲထားသည်။
မရေမတွက်နိုင်သော ဓားစိတ်ဆန္ဒများက သူ့ခန္ဓာကိုယ်အတွင်း၌ စီးဆင်းနေပြီး ဓားအလင်းတစ်ခုကလည်း လောကကို ပိုင်းခြားနိုင်စွမ်းရှိပုံရ၏။
ခွန်းလွန်းကောင်းကင်အရှင်ကလည်း လုံးဝ အားမနည်းပေ။
ခွန်းလွန်းမျိုးနွယ်၏ ရှေးဟောင်းဘိုးဘေးတစ်ဦးအနေဖြင့် ရှေးဟောင်းခွန်းလွန်းဧကရာဇ် ချန်ထားခဲ့သည့် နတ်ဘုရားစွမ်းရည်များကို ထိန်းချုပ်ထားနိုင်သည်။
ဤအခိုက်အတန့်တွင် အထွတ်အထိပ် ကျွမ်းကျင်သူ ခြောက်ဦးထံမှ ထွက်ပေါ်လာသော နတ်ဘုရားစွမ်းအားက ကောင်းကင်ကိုးပါးနှင့် အင်မော်တယ်နယ်မြေတစ်ခုလုံးကို တုန်ခါသွားစေခဲ့ပေသည်။
အမျိုးမျိုးသော နတ်သံကြိုးများနှင့် တည်ရှိမှုအားလုံးနီးပါး အက်ကွဲပျက်စီးသွားခဲ့ရသည်။
ဤကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော အင်အားကို ခံစားလိုက်ရသောအခါ သက်ရှည်ခြင်းဧကရာဇ်ပင်လျှင် လေးနက်သော အမူအရာမျိုး ရှိခဲ့သည်။
အကယ်၍ သူကိုယ်တိုင်သာ ပြင်းထန်စွာ ဒဏ်ရာရရှိထားသည့် အခြေအနေတွင် ဤအစွမ်းထက်ဆုံး တိုက်ခိုက်မှု ခြောက်ခုထဲမှ တစ်ခုကို ခုခံရမည်ဆိုပါက...
လုံးဝ အမှုန့်ကြိတ်မခံရလျှင်ပင် အနည်းဆုံးတော့ စိတ်ကူး၍မရနိုင်သော ထိခိုက်နစ်နာမှုကို ခံစားရလိမ့်မည်။
သို့သော်လည်း ယခုအချိန်တွင် ဤတိုက်ခိုက်မှုအင်အား အားလုံးကို အချိန်အဆုံးသတ်၏အရှင်သခင် တစ်ဦးတည်းကသာ ခံယူတော့မည် ဖြစ်သည်။
"ဟားဟားဟား... လာကြစမ်း..."
"ထာဝရ ကသောင်းကနင်းဖြစ်ခြင်းနဲ့ ကပ်ဘေးကြီးတွေရဲ့ စွမ်းအား၊ သက်ရှိအပေါင်းကို သတ်ဖြတ်ခြင်း စွမ်းအားတွေ အားလုံးကို ငါ အချိန်အဆုံးသတ်ရဲ့ အရှင်သခင်၊ အန်းတိက ပိုင်ဆိုင်ထားသူဖြစ်တယ်"
"ငါက မင်းတို့ကို စီရင်ချက်ချမယ့် နတ်ဘုရားပဲ..."
အချိန်အဆုံးသတ်၏အရှင်သခင်က စိတ်လှုပ်ရှားဟန်ဖြင့် ရယ်မောလိုက်သည်။
အတိုင်းအဆမဲ့သော စွမ်းအားများက သူ့ကိုယ်အတွင်း၌ တဟုန်ထိုး ထွက်ပေါ်လာနေ၏။
အဆုံးမဲ့ သွေးယဇ်ပူဇော်ခြင်း စွမ်းအားများသည်လည်း ပေါက်ကွဲထွက်လာတော့သည်။
သန်းနှင့်ချီသော သက်ရှိသတ္တဝါများက သူ၏ခြေဖဝါးအောက်တွင် ရုန်းကန်ကာ ငိုကြွေးမြည်တမ်းနေကြပုံရသည်။
၎င်းတို့မှာ အကြိမ်ကြိမ် ဖြစ်ပွားခဲ့သော ကသောင်းကနင်းဖြစ်ခြင်းများ၏ စွမ်းအားများဖြစ်ပြီး၊ ၎င်းတို့အားလုံးကို အချိန်အဆုံးသတ်၏အရှင်သခင်ထံသို့ အပ်နှင်းထားခြင်း ဖြစ်သည်။
"ဒုန်း"
နှစ်ဖက် တိုက်ခိုက်မှုများက ထိပ်တိုက်တွေ့ဆုံသွားကြသည်။
ဤအခိုက်အတန့်တွင် ကွေ့ရှအပျက်အယွင်းအတွင်း၌ နေတစ်စင်း ပေါ်ထွက်လာသည့်အလား ဖြစ်သွား၏။
၎င်းက အလွန်အမင်း စူးရှတောက်ပသော နေတစ်စင်းဖြစ်ပြီး ၎င်း၏အတွင်းမှာတော့ အတိုင်းအဆမဲ့သော စွမ်းအင်များက တစ်ခုနှင့်တစ်ခု တိုက်စားကာ ချေမှုန်းဖျက်ဆီးရန် ကြိုးစားနေကြတော့သည်။
မရေတွက်နိုင်သော သက်ရှိလူသားတို့မှာ ကောင်းကင်ယံသို့ မော့ကြည့်ကာ ဆုတောင်းနေကြသည်။
ယခုအခါတွင် အင်မော်တယ်နယ်မြေရှိ သက်ရှိများကို မဆိုထားဘိ၊ တားမြစ်နယ်မြေရှိ အချို့သော သက်ရှိများသည်ပင်လျှင် ဤအခိုက်အတန့်တွင် စိတ်မသက်မသာ ဖြစ်နေကြရတော့သည်။
အချိန်အဆုံးသတ်၏ အန်းတိက အလွန်အမင်း ထူးဆန်းသည်။
အကယ်၍ သူသာ အရာအားလုံးကို အမှန်တကယ် ထိန်းချုပ်သွားနိုင်ပါက၊ ကောင်းကင်ကိုးပါး တားမြစ်နယ်မြေအတွက် အမှန်တကယ် ကောင်းသောနေ့ရက်များ ရှိလာနိုင်ပါဦးမည်လော။
သူတို့ကတော့ ထိုသို့ မထင်ချေ။
သက်ရှည်ခြင်းဧကရာဇ်၊ မြင့်မြတ်ဝိညာဉ်ဘိုးဘေးနှင့် အခြားသူများကမူ အေးတိအေးစက်သာ ရှိကြသည်။
သူတို့၏ မျက်ဝန်းထဲတွင် ကောင်းကင် ကိုးပါးနှင့် တားမြစ်နယ်မြေများက အသုံးချစရာ ကိရိယာသက်သက်မျှသာ ဖြစ်သည်။
အကယ်၍ အချိန်အဆုံးသတ်၏အရှင်သခင်က ကောင်းကင်ကိုးပါးကို တိုက်ခိုက်မည်ဆိုလျှင်ပင် သက်ရှည်ခြင်းဧကရာဇ်ကဲ့သို့သော ယဇ်ဆရာသခင်ကြီးများက သူ့ကို တားဆီးကြမည် မဟုတ်ချေ။
ထို့ကြောင့် ကောင်းကင်ကိုးပါးမှ သက်ရှိအချို့မှာ ကျွင်းရှောင်ယောက်နှင့် အခြားသူများ အနိုင်ရရှိစေရန် တိတ်ဆိတ်စွာ စတင်ဆုတောင်းလာကြတော့သည်။
စူးရှတောက်ပသော အလင်းတန်းက အရာအားလုံးကို ဝါးမျိုသွားခဲ့သည်။
အလွန်အမင်း ပြင်းထန်သော ထိပ်တိုက်တွေ့ဆုံမှုအပြီး၌ ပုံရိပ် ခြောက်ခုစလုံးက နောက်သို့ ဆုတ်သွားခဲ့ကြရ၏။
သူတို့အားလုံးက အနည်းနှင့်အများဆိုသလို ဒဏ်ရာများ ရရှိသွားကြတော့သည်။
အချိန်အဆုံးသတ်၏အရှင်သခင် အန်းတိက တစ်ဦးတည်းအင်အားဖြင့် ပြိုင်ဘက် ခြောက်ဦးကို ရင်ဆိုင်နေရသော်လည်း အသာစီးရခဲ့သည်။