အခန်း ၁၅၆၇
Vol. 110 Ch. 1567
အခန်း ( ၁၅၆၇ ) မျှော်လင့်ချက်မဲ့စေသည်။
ပြင်းထန်သော ရိုက်ခတ်မှုကြောင့် ကျွင်းရှောင်ယောက်၏ နတ်ဘုရားဓမ္မခန္ဓာပေါ်တွင် အက်ကြောင်းများ ပေါ်လာခဲ့သည်။
အားနည်းချက်များ ဖြစ်ပေါ်လာခဲ့ရ၏။
သူ၏ နတ်ဘုရားဓမ္မခန္ဓာသည် သန်းနှင့်ချီသော ယုံကြည်မှုစွမ်းအားများ စုစည်းမှုဖြင့် ဖန်တီးထားခြင်း ဖြစ်သည်။
သို့သော်လည်း ယခုအခါတွင် ၎င်းက ကြွေထည်ပစ္စည်းတစ်ခုကဲ့သို့ အက်ကြောင်းပေါ်လာခဲ့ရပြီ။
ထို့ပြင် ဝူဟူသည်လည်း ပြင်းထန်သော ရိုက်ခတ်မှုကို ခံလိုက်ရသည်။
တုကူးဓားနတ်ဘုရားလည်း ထိုနည်းတူစွာပင် ဖြစ်၏။
သူ၏ ယိုးယွင်းနေသော ခန္ဓာကိုယ်အတွင်း၌ ရှိနေသည့် ရဲ့ကူချန်မှာ သွေးများ အန်ထွက်လာတော့သည်။
သူတို့သုံးဦးစလုံးက အမျိုးမျိုးသော ပြင်ပအင်အားများကို အားကိုးခြင်းဖြင့်သာ ဤအဆင့် တိုက်ပွဲမြေပြင်သို့ ပါဝင်နိုင်ခဲ့ခြင်း ဖြစ်သည်။
ထို့ကြောင့် သူတို့က အပြင်းထန်ဆုံး ဒဏ်ရာရရှိသူများလည်း ဖြစ်လာခဲ့ကြရပေသည်။
ခွန်းလွန်းကောင်းကင်အရှင်သည်လည်း အခြေအနေမကောင်းပေ။
သူ၏ နှုတ်ခမ်းထောင့်မှ သွေးများ စီးကျနေခဲ့သည်။
တုန်ဟွဧကရာဇ်ကမူ အစစ်အမှန်ဝိညာဉ်ဖြင့် ဖွဲ့စည်းထားခြင်းဖြစ်သောကြောင့် သွေးအန်ခြင်းမရှိချေ။
သို့သော်လည်း တုန်ဟွဧကရာဇ်၏ အစစ်အမှန်ဝိညာဉ် ပုံရိပ်က အနည်းငယ် မှုန်ဝါးသွားခဲ့သည်။
၎င်းက စွမ်းအင်များ လျော့ပါးသွားခဲ့သည့် နိမိတ်ပုံရိပ်ပင်။
အဆုံးမဲ့ဧကရာဇ်မှာမူ... သူ၏ ပုံရိပ်က ကိုင်လှုပ်မရနိုင်သော နတ်ဘုရားတောင်တစ်လုံးကဲ့သို့ တည်ငြိမ်စွာ ရပ်တည်နေဆဲ ဖြစ်သည်။
သွေးတစ်စက်မျှပင် အန်ထုတ်ခဲ့ခြင်း မရှိချေ။
သို့သော်လည်း အမြင်အာရုံစူးရှသူတချို့က အဆုံးမဲ့ဧကရာဇ်၏ မီးခိုးရောင်ဆံပင်များမှာ လုံးဝ ဖြူဖွေးသွားခဲ့ပြီဖြစ်ကြောင်း သတိပြုမိလိုက်ကြသည်။
"စိတ်မကောင်းစရာပဲ၊ တကယ်လို့ အဆုံးမဲ့ဧကရာဇ်ရဲ့ အထွတ်အထိပ်ကာလသာ ဖြစ်မယ်ဆိုရင် သူက အချိန်အဆုံးသတ်ရဲ့ အရှင်သခင်ကို သေချာပေါက် တားဆီးနိုင်မှာ"
"ဧကရာဇ်ကြီးက အစကတည်းက သူ့ရဲ့ အထွတ်အထိပ်ကာလမှာ ရှိမနေခဲ့တာပါ...၊ ဒါပေမဲ့ ပထမဆုံးအနေနဲ့ သူက ဒဏ္ဍာရီလာ သက်ရှည်ခြင်းဧကရာဇ်နဲ့ တိုက်ခိုက်ခဲ့ရတယ်။ အခုလည်း အချိန်အဆုံးသတ်ရဲ့ အရှင်သခင်နဲ့ တိုက်ခိုက်နေရပြန်ပြီ"
"သူ တော်တော်လေး ထိခိုက်နေခဲ့ပြီ"
အင်မော်တယ်နယ်မြေမှ လူ အများအပြားသည် သက်ပြင်းအထပ်ထပ် ချလိုက်ကြသည်။
အဆုံးမဲ့ဧကရာဇ်သည် အင်မော်တယ်နယ်မြေအတွက် လုံလောက်စွာ လုပ်ဆောင်ပေးခဲ့ပြီးပြီ ဖြစ်သည်။
သူသည် များပြားလှသော ဝမ်းနည်းပူဆွေးမှုများနှင့် ကြေကွဲမှုများကိုလည်း မတန်တဆ ခံစားခဲ့ရ၏။
သူ အချစ်ရဆုံးသော အမျိုးသမီးပင်လျှင် သူ့အတွက် အသက်စတေးပေးခဲ့သည်။
ယခုအခါတွင် အဆုံးမဲ့ဧကရာဇ်သည် သူ၏ အကောင်းဆုံးအချိန်များ ကျော်လွန်သွားခဲ့ပြီ ဖြစ်သော်လည်း အင်မော်တယ်နယ်မြေအတွက် သူ၏ နောက်ဆုံး အလင်းရောင်နှင့် နွေးထွေးမှုများကို ဖြန့်ကြက်ပေးရန် ဆန္ဒရှိနေသေးသည်။
ဤကဲ့သို့သော ကြီးမြတ်မှုက အမှန်တကယ်ပင် စိတ်လှုပ်ရှားဖွယ်၊ ရင်နင့်ဖွယ် ကောင်းလှသည်။
"အို... မင်းတို့ ခြောက်ယောက် ပေါင်းလိုက်တာက ငါ့ရဲ့ လက်ဝါးတစ်ချက်ကို တောင့်ခံနိုင်တာပဲ... ငါ မင်းတို့ကို အထင်သေးမိသွားပုံရတယ်..."
အချိန်အဆုံးသတ်၏အရှင်သခင်က တည်ငြိမ်စွာ ပြောလိုက်သည်။
"တကယ်လို့ ငါတို့သာ အဲဒီနေ့ရက်တွေကို ပြန်သွားနိုင်မယ်ဆိုရင်... ငါတစ်ယောက်တည်းနဲ့တင် မင်းကို နှိမ်နင်းပြီး အင်မော်တယ်တံခါးဆီကို ပြန်ပို့ပေးနိုင်တယ်..."
အဆုံးမဲ့ဧကရာဇ်၏ အကြည့်များက အေးစက်သော ဓားတစ်စင်းကဲ့သို့ လေထုကို ဖောက်ထွင်းသွားခဲ့သည်။
သူ၏ အထွတ်အထိပ်ကာလတွင် အချိန်အဆုံးသတ်၏အရှင်သခင် ပေါ်မလာခဲ့ခြင်းကိုသာ သူ နောင်တရမိ၏။
သို့မဟုတ်ပါက မည်သူက နိုင်ပြီး မည်သူက ရှုံးမည်ကို ပြောရန် အမှန်တကယ် ခက်ခဲလိမ့်မည်။
အချိန်အဆုံးသတ်၏အရှင်သခင်က အဆုံးမဲ့ဧကရာဇ်ကို လေးလေးနက်နက် ကြည့်လိုက်သည်။
"မင်းက ရှေးဟောင်းမြင့်မြတ်ခန္ဓာ ဖြစ်ပြီး နောက်ပိုင်းမှာ မြင့်မြတ်ခန္ဓာ တာအိုသန္ဓေ အဖြစ် ပြောင်းလဲသွားတာပဲ... တကယ်လို့ မင်းကို အချိန်အလုံအလောက် ပေးခဲ့မယ်ဆိုရင် မင်းက တကယ်ပဲ ဒုတိယမြောက် ပျက်စီးခြင်းဧကရာဇ် ဖြစ်လာနိုင်တယ်"
"ကံမကောင်းချင်တော့... ငါ့မျက်လုံးထဲမှာတော့ မင်းတို့က ခြိမ်းခြောက်မှုတစ်ခု မဟုတ်တော့ဘူး..."
အချိန်အဆုံးသတ်၏အရှင်သခင်က ပြောဆိုပြီးသည်နှင့် တပြိုင်နက် ထပ်မံ လှုပ်ရှားလိုက်သည်။
သူ၏ လှုပ်ရှားမှုတိုင်းက ကသောင်းကနင်း ခေတ်ကာလတစ်ခု၏ စွမ်းအားများကို ထုတ်လွှတ်နေသကဲ့သို့ ရှိ၏။
မရေတွက်နိုင်သော သက်ရှိများမှာ ဝမ်းနည်းကြေကွဲမှုများနှင့် ပြည့်နှက်နေကြရသည်။
ထိုမကောင်းသော ညစ်ညမ်း စွမ်းအင်သက်သက်မျှကပင် အင်မော်တယ်နယ်မြေတစ်ခုလုံးကို သွေးကဲ့သို့ နီရဲသော အရောင်အသွေးဖြင့် ဖုံးလွှမ်းသွားစေခဲ့ပေသည်။
"ဒါက သက်ရှိအပေါင်း သွေးမြေကျခဲ့ရတဲ့ အတိတ်က ကသောင်းကနင်းဖြစ်မှု မြင်ကွင်းလား..."
"ငါတို့လည်း အဲဒီမြင်ကွင်းထဲက သက်ရှိတွေလိုပဲ မျှော်လင့်ချက်မဲ့စွာနဲ့ ပျက်စီးသွားရတော့မှာလား..."
"ဟင့်အင်း... မေမေ... သမီး မသေချာချင်ဘူး..."
ကလေးငယ်တစ်ဦးက သူ့မိဘများ၏ ရင်ခွင်ထဲတွင် ပုန်းအောင်းရင်း ပြောလိုက်သည်။
မျက်ဝန်းထောင့်တွင် မျက်ရည်စများဖြင့် ရှိနေသည့် အသက်ကြီးရင့်သော ကျင့်ကြံသူတစ်ဦးလည်း ရှိ၏။
ကြီးမားသော သုတ်သင်ရှင်းလင်းခြင်းများကို ခံယူခဲ့ရပြီးဖြစ်သည့် အင်မော်တယ်နယ်မြေမှာ အချိန်အဆုံးသတ်အရှင်သခင်၏ ထပ်မံနှိပ်စက်ခြင်းခံရမည်ဆိုပါက လုံးဝ ကုစားနိုင်တော့မည် မဟုတ်ပေ။
၎င်းက သက်ရှိအပေါင်းအတွက် စစ်မှန်သော ကမ္ဘာပျက်ကပ်တစ်ခု ဖြစ်လာလိမ့်မည်မှာ သေချာသည်။
"ဧကရာဇ်ကြီး... ကျေးဇူးပြုပြီး ကျုပ်တို့ရဲ့ အင်မော်တယ်နယ်မြေကို ကယ်တင်ပေးပါ..."
"ဧကရာဇ်အရှင်... ကျေးဇူးပြုပြီး အမှောင်ထုကို အနိုင်ယူပေးပါ..."
မရေတွက်နိုင်သော သက်ရှိများ၏ ဆုတောင်းသံများ...
မရေတွက်နိုင်သော သက်ရှိများ၏ ယုံကြည်အားထားမှုများ...
ဤကောင်းချီး အားလုံးက ကျွင်းရှောင်ယောက်၊ အဆုံးမဲ့ဧကရာဇ်နှင့် အခြားသူများထံသို့ ကျရောက်လာ၏။
ကျွင်းရှောင်ယောက်၏ နတ်ဘုရားဓမ္မခန္ဓာသည် အစပိုင်းတွင် အက်ကွဲနေသော ကြွေထည်ပစ္စည်းတစ်ခုကဲ့သို့ အက်ကြောင်းများဖြင့် ဖုံးလွှမ်းနေခဲ့သည်။
သို့သော်လည်း ယခုအခါတွင် ၎င်းက အမှန်တကယ်ပင် ပြန်လည်ကောင်းမွန်လာခဲ့ပြီ။
"သတ်"
ဤအခိုက်အတန့်တွင် ကျွင်းရှောင်ယောက်က ဘာကိုမှ ထပ်မံ မစဉ်းစားလိုတော့ချေ။
လောကကြီးကို ကယ်တင်သည့် သူရဲကောင်းတစ်ဦး မဖြစ်လိုကြောင်း ယခင်က သူ ပြောခဲ့ဖူးသည်။
သို့သော်လည်း ယခုအချိန်တွင် သူတို့သာ အချိန်အဆုံးသတ်၏အရှင်သခင်ကို အနိုင်မယူနိုင်ပါက...
အင်မော်တယ်နယ်မြေရှိ သက်ရှိများသာ ဒုက္ခရောက်ကြရမည် မဟုတ်ပေ။
ကျွင်းမိသားစု၊ ကျန်းမိသားစုနှင့် ကျွင်းဧကရာဇ်ခုံရုံးတို့အားလုံး ထိခိုက်ရလိမ့်မည် ဖြစ်သည်။
သက်ရှိအပေါင်းတို့အတွက် မဟုတ်ခဲ့လျှင်ပင် သူ၏ ဘေးပတ်ဝန်းကျင်ရှိ လူသားများအတွက် ကျွင်းရှောင်ယောက်ဟာ သေသည်အထိ တိုက်ခိုက်ရတော့မည်။
"ဝုန်း"
ကျွင်းရှောင်ယောက်က သူ့လက်ကို ဝှေ့ယမ်းလိုက်ပြီး နတ်ဘုရားများ၏အကျဉ်းထောင်ကို ထပ်မံထုတ်ဖော်လိုက်သည်။
သူသည် သက်ရှည်ခြင်းဧကရာဇ်ကို ဖိနှိပ်ခဲ့သည့်အတိုင်း နတ်ဘုရားများ၏အကျဉ်းထောင်၏ ကြီးမားလှသော အပြစ်တရားစွမ်းအားများကို အသုံးပြုကာ အချိန်အဆုံးသတ်၏အရှင်သခင်ထံမှ အပြစ်တရားများကို နှိုးဆွပေးလိုသည်။
ဤအရာက အချိန်အဆုံးသတ်အရှင်သခင်၏ စွမ်းအားကို ဖိနှိပ်နိုင်လိမ့်မည်။
အချိန်အဆုံးသတ်၏အရှင်သခင်က အမှောင်ထုနှင့် ကသောင်းကနင်းဖြစ်ခြင်း၏ စစ်မှန်သော မူလရင်းမြစ် ဖြစ်သည်။
သူ၏ အပြစ်တရားများက သက်ရှည်ခြင်းဧကရာဇ်ထက် များစွာ ပိုမိုကြီးမား၏။
မျှော်လင့်ထားသည့်အတိုင်းပင်...
အဆုံးမဲ့သော အပြစ်တရားစွမ်းအားများက အချိန်အဆုံးသတ်၏အရှင်သခင်၏ ခန္ဓာကိုယ်မှ ပေါက်ကွဲထွက်လာခဲ့သည်။
ထိုကြောက်မက်ဖွယ်ကောင်းသော အပြစ်တရား၊ နာကျည်းမှုများက ကောင်းကင်နှင့် မြေပြင်ကြားတွင် ထူးဆန်းသော ဖြစ်စဉ်များကိုပင် ဖြစ်ပေါ်စေခဲ့ပြီး ကောင်းကင်ယံကို သွေးကဲ့သို့ နီရဲသွားစေခဲ့၏။
လောကကြီးတစ်ခုလုံးက သွေးနီရောင် ကမ္ဘာတစ်ခုအဖြစ်သို့ ပြောင်းလဲသွားခဲ့ရတော့သည်။
သို့သော်...
ကျွင်းရှောင်ယောက်ကို အံ့ဩသွားစေသည့်အချက်မှာ အချိန်အဆုံးသတ်၏အရှင်သခင်က လုံးဝ သက်ရောက်မှုမရှိဘဲ ရှိနေခြင်း ဖြစ်သည်။
သူသည် အပြစ်တရားများ၏ တန်ပြန်ရိုက်ခတ်မှုကို ရင်ဆိုင်ရသည့်တိုင်အောင် လုံးဝ တုန်လှုပ်ခြင်းမရှိဘဲ ရှိနေနိုင်သေးသည်။
"မင်းမှာ အရည်အချင်း နည်းနည်းတော့ ရှိတာပဲ... ဒါပေမဲ့ ကံမကောင်းချင်တော့ အပြစ်တရားနဲ့ နာကျည်းမှုတွေက ငါ့ရဲ့ အာဟာရတွေပဲ ဖြစ်လိမ့်မယ်။ ဒီနည်းက ငါ့အပေါ်မှာ အသုံးဝင်လိမ့်မယ်လို့ မင်း ထင်နေတာလား..."
အချိန်အဆုံးသတ်အရှင်သခင်၏ အသံက အမျိုးသား၊ အမျိုးသမီး၊ လူငယ်၊ လူအို အားလုံးပါဝင်နေသော နတ်ဆိုးတစ်ကောင်၏ အသံမျိုးဖြစ်နေကာ အေးစက်ပြီး မျှော်လင့်ချက်မဲ့သော အငွေ့အသက်တို့ ခံစားရစေသည်။
ကျွင်းရှောင်ယောက်၏ အမူအရာ ပြောင်းသွားခဲ့သည်။
သက်ရှည်ခြင်းဧကရာဇ်၏ ခွန်အားကို သုံးပုံတစ်ပုံခန့် အားနည်းသွားစေနိုင်သည့် ဤနည်းလမ်းက အချိန်အဆုံးသတ်၏အရှင်သခင်အပေါ်တွင် မည်သည့်သက်ရောက်မှုမျှ မရှိခဲ့ချေ။
"မင်းတို့လို စမ်းသပ်ခံ သတ္တဝါတွေရဲ့ ရုန်းကန်မှုကို ငါ အတော်လေး သဘောကျမိတယ်..."
အချိန်အဆုံးသတ်၏အရှင်သခင်က လှောင်ပြောင်သရော်လိုက်သည်။
ထို့နောက် သူက လှုပ်ရှားလိုက်ရာ သွေးရောင်လှိုင်းလုံးကြီးတစ်ခု ထွက်ပေါ်လာပြီး ကောင်းကင်ကိုးပါးနှင့် အင်မော်တယ်နယ်မြေကို လွှမ်းမိုးသွားခဲ့၏။
အတိုင်းအဆမဲ့သော အပြစ်တရားများနှင့် နာကျည်းမှုများကလည်း သူ၏ ကိုယ်ပိုင်စွမ်းအားအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
ထိုကဲ့သို့သော ရိုက်ခတ်မှုအောက်တွင် ကျွင်းရှောင်ယောက်နှင့် အခြားသူများက နောက်ထပ်တစ်ကြိမ် နောက်သို့ ဆုတ်သွားခဲ့ကြရပြန်တော့သည်။
ဝူဟူနှင့် ရဲကူချန်တို့မှာ သွေးချင်းချင်းနီနေခဲ့ကြပြီ ဖြစ်သည်။
ပျက်စီးခြင်းဧကရာဇ်၏ဓမ္မခန္ဓာနှင့် တုကူးဓားနတ်ဘုရား၏ ကြွင်းကျန်ရစ်သော ခန္ဓာကိုယ်တို့က သူတို့အတွက် စွမ်းအားအများစုကို ချေဖျက်ပေးထားခဲ့သော်လည်း...
အချိန်အဆုံးသတ်အရှင်သခင်၏ စွမ်းအားက အလွန်အမင်း ကြီးမားသဖြင့် ပြင်းထန်သော ထိခိုက်မှုများကို ခံစားရပြီး သူတို့၏ အသိစိတ်များကိုပင် ဝေဝါးသွားစေခဲ့ပေသည်။
ကျွင်းရှောင်ယောက်က အင်မော်တယ် နတ်ဘုရားကျင့်စဉ်ကို ဆက်လက်၍ အသက်သွင်းလိုက်သည်။
သူ၏ ရုပ်ခန္ဓာက လောကတွင် အနှိုင်းမဲ့ဖြစ်သော်လည်း ဤအခိုက်အတန့်တွင် တုန်လှုပ်နေခဲ့ရ၏။
ယခုလေးတင်မှ ပြန်လည်ကောင်းမွန်လာခဲ့သည့် နတ်ဘုရားဓမ္မခန္ဓာသည်လည်း ထပ်မံ၍ အက်ကြောင်းထလာပြန်တော့သည်။
မျှော်လင့်ချက်မဲ့ခြင်း...
ဤမြင်ကွင်းကို မြင်လိုက်ရချိန်တွင် ကောင်းကင်ကိုးပါးမှ သက်ရှိများအပါအဝင် သက်ရှိသတ္တဝါအားလုံးက နက်ရှိုင်းသော မျှော်လင့်ချက်မဲ့မှုကို ခံစားလိုက်ကြရသည်။
အချိန်အဆုံးသတ်၏အရှင်သခင်က လက်ဝါးတစ်ချက်ကိုသာ ဆန့်ထုတ်လိုက်ခြင်းဖြစ်သော်လည်း အထွတ်အထိပ် ကျွမ်းကျင်သူ ခြောက်ဦးကို အလွယ်တကူပင် ဖိနှိပ်နိုင်ခဲ့၏။
မည်သူမျှ အချိန်အဆုံးသတ်၏အရှင်သခင်ကို မတားဆီးနိုင်တော့ချေ။
"ကမ္ဘာလောကကြီးရဲ့ အဆုံးသတ်က ငါ့ဆီကနေ စတင်မယ်"
အချိန်အဆုံးသတ်၏အရှင်သခင်က ထပ်မံတိုက်ခိုက်လိုက်သည်။
သူ့ကို ဗဟိုပြု၍ အနီရောင်မြူထုက ကောင်းကင်ကိုးပါးနှင့် အင်မော်တယ်နယ်မြေဆီသို့ စတင်ပျံ့နှံ့သွားခဲ့၏။
ထိုအခါ ပထမဆုံး ဒုက္ခရောက်ရသူများမှာ ကောင်းကင်ကိုးပါးရှိ သက်ရှိများ ဖြစ်ကြသည်။
အကြောင်းမူ၊ ကောင်းကင်ကိုးပါးက ကွေ့ရှအပျက်အယွင်းနှင့် အနီးဆုံးတွင် ရှိနေသောကြောင့်ပင်။
အနီရောင်မြူထုနှင့် ထိတွေ့မိသမျှ သက်ရှိအားလုံးက သူတို့၏ ခန္ဓာကိုယ်များနှင့် အသားအရေများမှာ စတင်အရည်ပျော်လာနေကြောင်း ထိတ်လန့်ဖွယ်ရာ သိလိုက်ကြရသည်။
လောင်ကျွမ်းနေသည့် ဖယောင်းတိုင်တစ်တိုင်ကဲ့သို့ပင် ၎င်းက တဖြည်းဖြည်းချင်း တိုက်စားခံရပြီး အရည်ပျော်ကျသွားခြင်း ဖြစ်၏။
"မဟုတ်ဘူး... ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ..."
"ငါ့ရဲ့ အသက်စွမ်းအားတွေက အမြန် ပျောက်ကွယ်နေပြီ..."
ကောင်းကင်ကိုးပါးမှ သက်ရှိများက ထိတ်လန့်တကြား အော်ဟစ်လိုက်ကြသည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် သိန်းပေါင်းများစွာသော သက်ရှိများက အနီရောင်မြူထုအတွင်း၌ အရည်ပျော်သွားကြတော့သည်။
သူတို့၏ အသက်အဆီအနှစ်အားလုံးနှင့် မကောင်းသော ခံစားချက်များ နာကျည်းမှုအားလုံးကို အချိန်အဆုံးသတ်၏အရှင်သခင်က စုပ်ယူဝါးမျိုသွားခဲ့သည်။
"မဟုတ်ဘူး... ဧကရာဇ်အရှင်တို့ ကယ်ပါဦး..."
အပြင်ဘက်ရှိ တားမြစ်မိသားစုအချို့မှ သက်ရှိများသည်ပင် သက်ရောက်မှု ခံလိုက်ရသည်။
သူတို့သည် သက်ရှည်ခြင်းဧကရာဇ်နှင့် အခြားသူများထံမှ အကူအညီကို အော်ဟစ်တောင်းခံလိုက်၏။
သို့သော်လည်း သက်ရှည်ခြင်းဧကရာဇ်နှင့် မြင့်မြတ်ဝိညာဉ်ဘိုးဘေးတို့မှာ ဘာကိုမှ မကြားရသကဲ့သို့ အေးစက်စွာရှိနေကြဆဲ ဖြစ်သည်။
တစ်ချိန်တည်းမှာပင် သက်ရှည်ကျွန်းကဲ့သို့သော တားမြစ်နယ်မြေများက အနီရောင်မြူထုကို သီးခြားခွဲထုတ်ရန်အတွက် သူတို့၏ ကိုယ်ပိုင် အစီရင်များကို အသက်သွင်းလိုက်ကြပေသည်။
ကောင်းကင်ကိုးပါးရှိ တားမြစ်နယ်မြေ ကိုးခုစလုံးတွင် ၎င်းတို့၏ ကိုယ်ပိုင်အကာအကွယ် အစီရင်များ ရှိကြသည်။
ဥပမာအားဖြင့် ဓားသင်္ချိုင်း၏ ဓားစွမ်းအင်ကြယ်မြစ်နှင့် ပြန်လည်ဝင်စားခြင်းပင်လယ်တို့ ဖြစ်၏။
ကံကောင်းထောက်မစွာဖြင့် ဤတားမြစ်နယ်မြေများ၏ အစီရင်များက အနီရောင်မြူထုကို ပိတ်ဆို့ထားနိုင်ခဲ့ကြသည်။
သို့သော်၊ ဤမြူထုက လျော့ပါးမသွားဘဲ အင်မော်တယ်နယ်မြေဆီသို့လည်း ဆက်လက်ပျံ့နှံ့လာတော့သည်။