← Chapters

အခန်း ၁၅၇၀

Vol. 110 Ch. 1570

အခန်း ၁၅၇၀

Vol. 110 Ch. 1570

အခန်း ( ၁၅၇၀ ) တာဝန် ပြီးဆုံးပြီ။

ထိုအခိုက်အတန့်တွင် အင်မော်တယ်နယ်မြေရှိ သက်ရှိသတ္တဝါအားလုံး၏ နှလုံးသားထဲ၌ ဖြစ်ပေါ်လာသော ခံစားချက်များကို စာဖွဲ့၍ပင် မရနိုင်တော့ချေ။

ထိုကဲ့သို့သော စိတ်အားထက်သန်မှုများက သူတို့၏ သွေးသွား ဆူပွက်လွန်း၍ အငွေ့ပျံတော့မည့်အလား ခံစားရစေသည်။

"အဆုံးမဲ့ဧကရာဇ်က အနိုင်မယူနိုင်တာမရှိဘူး... သူက ခေတ်အဆက်ဆက်မှာ ပြိုင်ဘက်ကင်းတယ်..."

မရေတွက်နိုင်သော သက်ရှိသတ္တဝါများက ကြွေးကြော်လိုက်ကြသည်။

ကလေးငယ်လေးများပင်လျှင် မပီကလာ ပီကလာဖြင့် 'ဧကရာဇ်အရှင်က ပြိုင်ဘက်ကင်းတယ်'ဟု အော်ဟစ်နေကြတော့သည်။

၎င်းက သက်ရှိအားလုံး၏ ယုံကြည်ကိုးကွယ်မှု ဖြစ်သည်။

၎င်းသည် သက်ရှိအားလုံး၏ မျှော်လင့်ချက်ပင် ဖြစ်တော့သည်။

"ဒါက အသက်လုပြီး ရုန်းကန်တိုက်ခိုက်တော့မှာလား"

အချိန်အဆုံးသတ်အရှင်သခင်၏ အကြည့်များက အေးစက်နေခဲ့သည်။

သူသည် အရှိန်အဝါများ တဟုန်ထိုး တက်လာကာ ကောင်းကင်ဘုံကို တုန်ခါစေနိုင်သည့် စွမ်းအားများ ရှိနေသော အဆုံးမဲ့ဧကရာဇ်ကို စူးစိုက်ကြည့်လိုက်၏။

ဤအရာက သူ၏ ငယ်ရွယ်စဉ်ကာလက အဆုံးမဲ့ဖြစ်ပြီး လောကဓံ တရားများကို မခံစားရသေးခင်အချိန်မျိုး ဖြစ်သည်။

ယင်းက အနောက်ဘက်မှမယ်တော်ဘုရင်မ မကြွေလွင့်ခင် အချိန်ကာလဆီသို့ အချိန်နောက်ပြန်ဆုတ်သွားခဲ့သည့်အလား ခံစားရစေပေသည်။

ထိုအချိန်က အဆုံးမဲ့၏ မျက်ဝန်းထဲတွင် အလင်းရောင်များ ရှိနေခဲ့သည်။

အနောက်ဘက်မှမယ်တော်ဘုရင်မ ကြွေလွင့်သွားခဲ့ပြီးနောက်တွင်မူ အဆုံးမဲ့၏ မျက်ဝန်းထဲ၌ အလင်းရောင် အရိပ်အယောင်မျှပင် မရှိတော့ချေ။

သို့သော်လည်း ယခုအခါတွင်မူ သက်ရှိအားလုံးအတွက်၊ ဝိညာဉ်အပေါင်းအတွက်...

သူ၏ မျက်ဝန်းများတွင် မကြုံစဖူး တောက်ပသော အလင်းရောင်များဖြင့် ထပ်မံ၍ လင်းလက်လာခဲ့ပြီ ဖြစ်သည်။

ဤအရာက အမှန်တကယ် အံ့ဩတုန်လှုပ်ဖွယ်ကောင်းပေသည်။

၎င်းက နတ်ဆိုးများနှင့် နတ်ဘုရားများကိုပင် ငိုကြွေးသွားစေရန် လုံလောက်လှသည်။

၎င်းက သက်ရှိအားလုံးအတွက် မျှော်လင့်ချက် အလင်းရောင်ပင် ဖြစ်တော့သည်။

"အန်းတိ... မင်း တိုက်ရဲလား..."

ကျယ်လောင်သော အသံက ဟိန်းထွက်လာခဲ့သည်။

အဆုံးမဲ့ဧကရာဇ်က အချိန်အဆုံးသတ်၏အရှင်သခင်ကို တစ်ကိုယ်တော် တိုက်ခိုက်တော့မည်။

"ဟမ့်... မင်းကို သေခြင်းတရား ပေးသနားရတာ ဘာဆန်းလို့လဲ..."

အချိန်အဆုံးသတ်၏အရှင်သခင်က နှာခေါင်းရှုံ့ကာ လှောင်ပြောင်လိုက်၏။

အဆုံးမဲ့ဧကရာဇ်က သူ၏ နောက်ဆုံးထွက်သက် အခြေအနေသို့ ရောက်ရှိနေပြီဖြစ်ကြောင်း သူ အလွယ်တကူ မြင်တွေ့နိုင်သည်။

၎င်းက နောက်ဆုံးစွမ်းအားဖြင့် လောင်ကျွမ်းခြင်းဖြစ်၍ သူ၏ သေဆုံးမှုကို ပိုမိုမြန်ဆန်စေရုံသာ ဖြစ်လိမ့်မည်။

သို့သော်လည်း အဆုံးမဲ့ဧကရာဇ်၏ မျက်ဝန်းထဲတွင်မူ ဝမ်းနည်းမှု၊ ပျော်ရွှင်မှုများ မရှိခဲ့သလို သေခြင်းတရားကို ကြောက်ရွံ့ခြင်းလည်း မရှိခဲ့ချေ။

ရှိနေသည်မှာ ပြတ်သားမှု သက်သက်သာ ဖြစ်သည်။

သက်ရှိအားလုံးအတွက်... သူသည် အချိန်အဆုံးသတ်၏အရှင်သခင်ကို ဆန့်ကျင်တိုက်ခိုက်ရန် ပြတ်သားစွာ ဆုံးဖြတ်ထားပြီး ဖြစ်သည်။

"လောကကြီးက ပြန်လည်ဝင်စားခြင်း သံသရာတစ်ခုပဲ... အစလည်းမရှိဘူး အဆုံးလည်းမရှိဘူး..."

"ဒါပေမဲ့ ငါက ပြန်လည်ဝင်စားခြင်း သံသရာကို ဖြတ်တောက်ခဲ့ပြီးပြီ... ပြီးတော့ ငါ ကောင်းကင်ဘုံကို ဆန့်ကျင်တယ်..."

အဆုံးမဲ့ဧကရာဇ်က အဆုံးမဲ့ခေါင်းလောင်းကို လက်တွင်ကိုင်စွဲလျက် အခိုင်အမာ ရပ်လိုက်သည်။

သူက ရှင်သည်ဖြစ်စေ သေသည်ဖြစ်စေ... နောက်ဆုံးအချိန်အထိ တိုက်ခိုက်သွားတော့မည်။

"ဝုန်း"

ပြင်းထန်သော နိယာမစွမ်းအားနှင့်အတူ အဆုံးမဲ့ဧကရာဇ်၏ ခန္ဓာကိုယ်မှ ဒဏ္ဍာရီလာဧကရာဇ် စွမ်းအားများ ပေါက်ကွဲထွက်လာခဲ့သည်။

မရေမတွက်နိုင်သော ကြယ်တာရာများက သူ့နောက်သို့ လိုက်ပါရန် ဆန္ဒရှိနေကြပုံရ၏။

နေနှင့်လတို့၏ အလင်းရောင်သည်ပင် သူ့ကြောင့် တဖြည်းဖြည်း မှေးမှိန်သွားခဲ့ရသည်။

အဆုံးမဲ့ဧကရာဇ်က အဆုံးမဲ့ခေါင်းလောင်းကို လှုံ့ဆော်လိုက်သည်။

သူ၏ ပထမဆုံး လှုပ်ရှားမှုသည်ပင် အချိန်အဆုံးသတ်၏အရှင်သခင်ကို နောက်သို့ လွင့်ထွက်သွားစေခဲ့၏။

ကြောက်မက်ဖွယ်ကောင်းသော ခေါင်းလောင်းအသံလှိုင်းက ကောင်းကင်ကို မှောက်လှန်ပစ်လိုက်သည်။

အဆုံးမဲ့ဧကရာဇ်က ကောင်းကင်ကို တုန်ခါစေနိုင်သည့် အစွမ်းထက်သော အရှိန်အဝါဖြင့် အချိန်အဆုံးသတ်၏အရှင်သခင်၏ ဦးခေါင်းကို ခြေဖြင့် နင်းခြေပစ်ရန် အောက်သို့ နင်းလျှောက်လာတော့သည်။

"မင်း သေချင်နေတာပဲ... ဘယ်သူက ငါ့ရဲ့အထက်မှာ ရပ်တည်ရဲလို့လဲ..."

အချိန်အဆုံးသတ်၏အရှင်သခင်သည်လည်း ဟိန်းဟောက်လိုက်သည်။

သူက သူ့လက်ကိုမြှောက်ကာ အဆုံးမဲ့ သွေးယဇ်ပူဇော်ခြင်း စွမ်းအားကို ထုတ်ဖော်လိုက်၏။

၎င်းက ဖျက်ဆီးခြင်း သွေးနီရောင် မြစ်ကြီးတစ်စင်းအဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီး အဆုံးမဲ့ဧကရာဇ်ထံသို့ တဟုန်ထိုး စီးဆင်းသွားတော့သည်။

မကြုံစဖူး ကြောက်မက်ဖွယ်ကောင်းသော တိုက်ပွဲကြီးတစ်ခု ပေါက်ကွဲထွက်လာခဲ့သည်။

သူတို့နှစ်ဦးက ကွေ့ရှအပျက်အယွင်း၏ နက်ရှိုင်းရာအရပ်အထိ တိုက်ခိုက်သွားခဲ့ကြကာ အင်မော်တယ်တံခါးဆီသို့ပင် ရောက်ရှိလုနီးပါး ဖြစ်သွားခဲ့၏။

"ဆရာကြီး အဆုံးမဲ့..."

ဤမြင်ကွင်းကို မြင်နေရသော ကျွင်းရှောင်ယောက်၏ ရင်ထဲမှာ ခံစားချက်မျိုးစုံ ရောပြွမ်းသွားခဲ့ရပြီး ဝမ်းနည်းကြေကွဲမှု အနည်းငယ်ကိုပင် ခံစားလိုက်ရသည်။

အဆုံးမဲ့ဧကရာဇ်သည် သေခြင်း ရှင်ခြင်းကို အမှန်တကယ် ဘေးချိတ်ထားခဲ့ပြီး မည်သည့်အရာကိုမျှ ဂရုမစိုက်တော့ကြောင်း သူ သိရှိထားသည်။

သို့မဟုတ်ပါက... အနောက်ဘက်မှမယ်တော်ဘုရင်မ သူ၏အတွက် ကြွေလွင့်သွားခဲ့ရသည့် အခိုက်အတန့်ကတည်းကပင်... အဆုံးမဲ့ဧကရာဇ်သည် လိုက်ပါ သေဆုံးသွားခဲ့ပြီ။

သူ ဆက်လက်၍ ရှင်သန်နေရသည့် အကြောင်းရင်းမှာ ဤလောကတွင် ကြီးမားသောအမှောင်ထုနှင့် ကြီးမားသော ကသောင်းကနင်းဖြစ်ခြင်းများ ရှိနေသေးသောကြောင့် ဖြစ်သည်။

သူသည် အနောက်ဘက်မှမယ်တော်ဘုရင်မထံသို့ အေးချမ်းစွာဖြင့် လိုက်မသွားနိုင်ခင်မှာ လောကသားတို့အတွက် သူ့ကိုယ်သူ လုံးဝ လောင်ကျွမ်းပစ်ရန် ဆန္ဒရှိခဲ့ပေသည်။

အဆုံးမဲ့ဧကရာဇ်သည် နေမကောင်းဖြစ်နေခဲ့ကြောင်း ယခင်ကတည်းက ထင်ရှားနေခဲ့ပြီး ဖြစ်သည်။

သူသည် နယ်နိမိတ်ပင်လယ်အတွင်း၌ လျှို့ဝှက်နက်နဲသော အရာတစ်ခုခုကို ကြုံတွေ့ခဲ့ရပုံရှိ၏။

သို့သော်လည်း သူ ပြန်လာခဲ့သည့်အချိန်တွင် အဆုံးမဲ့ဧကရာဇ်က သေဆုံးခြင်းအတွက် အသင့်ပြင်ဆင်ထားခဲ့ပြီး ဖြစ်သည်။

အဆုံးမဲ့ဧကရာဇ်နှင့် အချိန်အဆုံးသတ်၏အရှင်သခင်တို့က ကွေ့ရှအပျက်အယွင်း၏ ဟင်းလင်းပြင် ဆူပွက်လာသည်အထိ တိုက်ခိုက်ခဲ့ကြသည်။

အရပ်မျက်နှာအားလုံးရှိ နိယာမ နတ်သံကြိုးများ ကြေမွပျက်စီးသွားခဲ့ရ၏။

နောက်ဆုံးတွင် အဆုံးမဲ့ဧကရာဇ်သည် ကောင်းကင်ဘုံကို ဖောက်ထွင်းနိုင်သည့် အသံမျိုးဖြင့် ဟိန်းဟောက်မာန်သွင်းလိုက်ရင်း အဆုံးမဲ့ခေါင်းလောင်းကို အသုံးပြုကာ အချိန်အဆုံးသတ်၏အရှင်သခင်ကို အင်မော်တယ်တံခါးအတွင်းသို့ တိုက်ရိုက် အတင်းအဓမ္မ တွန်းထုတ်လိုက်တော့သည်။

"ဝုန်း... ဝုန်း"

အင်မော်တယ်တံခါးအတွင်း၌ ခန့်မှန်းရခက်သော စွမ်းအင်လှိုင်းများ ရုတ်တရက် ပေါက်ကွဲထွက်လာခဲ့သည်။

၎င်းက စစ်နတ်ဘုရားတစ်ပါးနှင့် နတ်ဆိုးနတ်ဘုရားတစ်ပါးတို့ တိုက်ပွဲအတွင်း၌ ပိတ်မိနေကြသည့်အလား ဖြစ်၏။

၎င်းမှ ထွက်ပေါ်လာသော အရှိန်အဝါသက်သက်ဖြင့်ပင် ဟင်းလင်းပြင်ကို ဖျက်ဆီးပစ်နိုင်သည်။

ထိုအခိုက်အတန့်တွင် လူတိုင်း၏ နှလုံးသားက တင်းကျပ်သွားခဲ့ရသည်။

"အောင်မြင်သွားပြီ... အဆုံးမဲ့ဧကရာဇ်က အချိန်အဆုံးသတ်ရဲ့အရှင်သခင်ကို အင်မော်တယ်တံခါးအတွင်းထဲမှာ ပိတ်လှောင်ထားနိုင်ခဲ့ပြီ... ဒါက အဲဒီတုန်းက ပျက်စီးခြင်းဧကရာဇ် လုပ်ခဲ့သလိုမျိုးပဲ..."

"ဧကရာဇ်အရှင် အောင်မြင်သွားခဲ့ပြီလား..."

မရေတွက်နိုင်သော လူများက စိတ်လှုပ်ရှားစွာဖြင့် စောင့်ဆိုင်းနေခဲ့ကြသည်။

"ဟမ်"

ဤအခိုက်အတန့်တွင် သက်ရှည်ခြင်းဧကရာဇ်က မျက်မှောင်ကြုတ်လိုက်သည်။

အချိန်အဆုံးသတ်၏အရှင်သခင်သည် အလွန်အမင်း အစွမ်းထက်ကြောင်း သူ သိရှိထား၏။

သူကိုယ်တိုင်ပင်လျှင် ၎င်းကို အလွန် သတိထားရသည်။

သို့သော်လည်း ယခုလေးတင် ထွက်ပေါ်လာခဲ့သည့် အဆုံးမဲ့ဧကရာဇ်၏ အရှိန်အဝါက အလွန်အမင်း အစွမ်းထက်လွန်းနေခဲ့ပေသည်။

အကယ်၍ ထိုနေရာတွင် သူသာဆိုပါက...

အဆုံးမဲ့ဧကရာဇ်၏ ဆွဲခေါ်ခြင်းကို ခံလိုက်ရနိုင်ပြီး နှစ်ဦးစလုံး အတူတူ ပျက်စီးသွားကြသည့် ရလဒ်မျိုး ဖြစ်ပေါ်လာနိုင်သည်။

သို့သော်...

ဤအချိန်တွင် အချိန်အဆုံးသတ်၏အရှင်သခင် တစ်ခုခု ဖြစ်သွားခဲ့မည်ဆိုပါက သူ၏ ဤဘဝတွင် အင်မော်တယ်ဖြစ်လာရန် အိပ်မက်သည်လည်း အချည်းနှီး ဖြစ်သွားရလိမ့်မည်။

သက်ရှည်ခြင်းဧကရာဇ်က အခြေအနေကို စူးစမ်းရန်အတွက် ရှေ့သို့ လှမ်းတက်လိုက်ရန် ပြင်လိုက်သည်။

သို့ရာတွင်... ကျွင်းရှောင်ယောက်၊ ခွန်းလွန်းကောင်းကင်အရှင်၊ တုကူးဓားနတ်ဘုရား၊ ဝူဟူနှင့် အခြားသူများကလည်း ရှေ့သို့ လှမ်းတက်လာခဲ့ကြ၏။

သူတို့က သက်ရှည်ခြင်းဧကရာဇ်ကို ဝင်ရောက်စွက်ဖက်ခွင့် ပေးမည့်အစား အသေခံတိုက်ခိုက်ရန်သာ ရွေးချယ်ကြလိမ့်မည်။

သက်ရှည်ခြင်းဧကရာဇ်၏ မျက်ဝန်းများက အနည်းငယ် ကျုံ့သွားခဲ့သည်။

သူသည် ယခင်က ရရှိခဲ့သော ဒဏ်ရာများမှ ပြန်လည်သက်သာလာခြင်း မရှိသေးသဖြင့် ယခုအခါတွင် လှုပ်ရှားမှုပြုလုပ်ရန် အမှန်တကယ်ပင် မသင့်တော်သေးချေ။

ထို့ကြောင့် သူသည် ထပ်မံ၍ မလှုပ်ရှားတော့ပါ။

"အချိန်အဆုံးသတ်ရဲ့အရှင်သခင်... တကယ်လို့ သေလုနီးပါး ဖြစ်နေတဲ့ အဆုံးမဲ့ဧကရာဇ်‌ကတောင် မင်းကိုပါ သူနဲ့အတူ ဆွဲခေါ်သွားနိုင်ခဲ့မယ်ဆိုရင်... မင်းက ကမ္ဘာပျက်ကပ် နတ်ဘုရားလေးပါးထဲက တစ်ဦးဆိုတဲ့ မင်းရဲ့ ဂုဏ်ပုဒ်နဲ့ ထိုက်တန်မှာ မဟုတ်တော့ဘူး..."

သက်ရှည်ခြင်းဧကရာဇ်က ခပ်တိုးတိုးလေး ရေရွတ်လိုက်သည်။

အချိန်များ တရွေ့ရွေ့ ကုန်ဆုံးသွားခဲ့ပြီ။

မိနစ်တိုင်း စက္ကန့်တိုင်းက လူတိုင်းအတွက် ထာဝရခေတ်ကာလတစ်ခုကဲ့သို့ ခံစားရစေသည်။

သူတို့အနေဖြင့် ဤမျှနာကျင်စွာဖြင့် မည်သည့်အခါကမျှ စောင့်ဆိုင်းခဲ့ဖူးခြင်း မရှိချေ။

အင်မော်တယ်တံခါးအတွင်းမှ အဆုံးမဲ့သော စွမ်းအင်လှိုင်းများ ထွက်ပေါ်နေဆဲ ဖြစ်သည်။

၎င်းအတွင်း၌ ကမ္ဘာဖျက်ဆီးခြင်း တိုက်ပွဲကြီးတစ်ခု ဖြစ်ပွားနေသည့်အလား ခံစားရစေ၏။

အချိန်မည်မျှ ကုန်ဆုံးသွားခဲ့သည် မသိ...

နောက်ဆုံးတွင်မူ အင်မော်တယ်တံခါးက တဖြည်းဖြည်းချင်း ငြိမ်သက်လာခဲ့သည်။ တိုက်ပွဲကြီး၏ တင်းမာမှုများသည်လည်း တဖြည်းဖြည်း လျော့ပါးသွားခဲ့ပြီ။

လောကကြီးတစ်ခုလုံးက အပ်ကျသံပင် ကြားရလောက်အောင် တိတ်ဆိတ်ငြိမ်သက်သွားခဲ့သည်။

"ပြီးသွားပြီလား..."

အင်မော်တယ်နယ်မြေမှ ကျင့်ကြံသူတစ်ဦးက ရေရွတ်လိုက်သည်။

အင်မော်တယ်တံခါးတွင်းရှိ တုန်ခါမှုများက ရပ်တန့်သွားခဲ့ပြီ။

တိုက်ပွဲကြီးက တကယ်ပဲ ပြီးဆုံးသွားခဲ့ပြီလား။

လူတိုင်းက တိတ်ဆိတ်စွာ စောင့်ဆိုင်းနေခဲ့ကြသည်။

လူတိုင်းက မိမိတို့၏နှလုံးခုန်သံကို အတိုင်းသား ကြားနေကြရပေသည်။

ထိုအခိုက်အတန့်မှာပင်...

"ဝုန်း... ဝုန်း..."

ပေါက်ကွဲသံများ ထွက်ပေါ်လာခဲ့သည်။

ထို့နောက် သန်းပေါင်းများစွာသော သက်ရှိသတ္တဝါများ၏ စောင့်ကြည့်နေသည့် မျက်ဝန်းများအောက်တွင်...

အက်ကြောင်းများဖြင့် ဖုံးလွှမ်းနေသော အဆုံးမဲ့ခေါင်းလောင်းက အင်မော်တယ်တံခါးအတွင်းမှ အပြင်သို့ လွင့်ထွက်လာခဲ့၏။

အဆုံးမဲ့ခေါင်းလောင်းက အက်ကြောင်းများဖြင့် ဖုံးလွှမ်းနေခဲ့ပြီး ပျက်စီးနေသော အစိတ်အပိုင်းများစွာပင် ရှိနေခဲ့ကာ ၎င်း၏ မူလပုံသဏ္ဌာန်ကို မနည်း ထိန်းသိမ်းထားရပုံရသည်။

"ဒေါင်..."

ခေါင်းလောင်းသံတစ်ခု ထွက်ပေါ်လာခဲ့သည်။

သို့သော်၊ ကျယ်လောင်ခြင်းမရှိဘဲ အသံအက်ကွဲနေခဲ့၏။

၎င်းက ငိုကြွေးမြည်တမ်းနေသကဲ့သို့ ဖြစ်နေပြီး တစ်စုံတစ်ယောက်က ငိုကြွေးနေသည့်အလား ခံစားရစေသည်။

အဆုံးမဲ့ခေါင်းလောင်းက အမှန်တကယ် ငိုကြွေးနေခဲ့ပြီ။

ထိုအခိုက်အတန့်တွင် ဆိုးရွားသော ခံစားချက်တစ်ခုက လူတိုင်း၏ နှလုံးသားကို လွှမ်းမိုးသွားခဲ့သည်။

ကျွင်းရှောင်ယောက်၏ နှလုံးသားမှာလည်း လေးလံသွားခဲ့ရ၏။

ဤအခိုက်အတန့်တွင် အင်မော်တယ်တံခါးအတွင်းမှ အလင်းတန်းတစ်ခု ထွက်ပေါ်လာခဲ့သည်။

အလွန် ခန့်ညားထည်ဝါသော ပုံရိပ်သွင်တစ်ခုက အလင်းတန်းများကြားမှ တဖြည်းဖြည်းချင်း လှမ်းထွက်လာခဲ့၏။

၎င်းက အခြားသူမဟုတ်ဘဲ အဆုံးမဲ့ဧကရာဇ်ကိုယ်တိုင်ပင်။

"ဧကရာဇ်အရှင်..."

မရေတွက်နိုင်သော လူများက အံ့ဩဝမ်းသာ ဖြစ်သွားခဲ့ကြသည်။

သို့သော်လည်း နောက်တစ်ခဏတွင်မူ ကျွင်းရှောင်ယောက်နှင့် အခြားသူများက သူတို့၏ နှလုံးသားများ နစ်မွန်းသွားသလို ခံစားလိုက်ရတော့သည်။

အဆုံးမဲ့ဧကရာဇ်၏ ပုံရိပ်သွင်က အလွန်အမင်း ဝေဝါးနေခဲ့သည်။

သူ့ကို မရေတွက်နိုင်သော အလင်းစက်များဖြင့် ဖွဲ့စည်းထားပုံရ၏။

သူ၏ မျက်နှာထက်တွင်မူ အကူအညီမဲ့မှု၊ ခါးသီးမှုနှင့် စိတ်သက်သာရာရမှုများ ပြည့်နေခဲ့လေသည်။

"ဆရာကြီးအဆုံးမဲ့..."

ကျွင်းရှောင်ယောက်က တစ်ခုခုပြောရန် ပြင်လိုက်သော်လည်း ရပ်တန့်သွားခဲ့ရသည်။

"ဧကရာဇ်အရှင်... ဧကရာဇ်အရှင် ဘာဖြစ်တာလဲ..."

ဤအခိုက်အတန့်တွင် အင်မော်တယ်နယ်မြေရှိ သက်ရှိသတ္တဝါအားလုံး၏ နှလုံးသားများလည်း တင်းကျပ်လာသည်။

သူတို့၏နှလုံးသားကို အပ်ဖြင့် အထိုးခံလိုက်ရသည့်အလား နာကျင်နေခဲ့ကြရ၏။

နောက်ဆုံးတွင် အဆုံးမဲ့ဧကရာဇ်ထံမှ စကားသံ ထွက်ပေါ်လာခဲ့သည်။

"တကယ်တော့... သူမ သေဆုံးသွားခဲ့တဲ့ အချိန်ကတည်းက ငါလည်း သေဆုံးခဲ့သင့်တာပါ..."

"ဒါပေမဲ့ ငါဟာ လူသားအားလုံးအပေါ်မှာ ရှိနေတဲ့ ငါ့ရဲ့ စွဲလမ်းမှုကို လက်မလွှတ်နိုင်ခဲ့ဘူး..."

"လူသားအားလုံးအပေါ်မှာကော... ငါ့ရဲ့ ချစ်ရသူအပေါ်မှာပါ... နှစ်ဦးစလုံးအပေါ်မှာ သစ္စာရှိနိုင်မယ့် နည်းလမ်းမျိုးကို ဘယ်လိုလုပ်မှ ရှာဖွေနိုင်မှာလဲ ငါမသိဘူးလေ..."

"ပြီးတော့ အခုအခါမှာတော့... ငါ တတ်နိုင်သမျှ အားလုံးကို လုပ်ဆောင်ခဲ့ပြီးပြီ... ငါ့ရဲ့ တာဝန်ကလည်း ပြီးဆုံးသွားခဲ့ပါပြီ"

အဆုံးမဲ့ဧကရာဇ်က တိုးတိတ်စွာ ပြောလိုက်လေသည်။

သူ့အနီးတွင် ရေခဲခေါင်းတလားတစ်ခု ပေါ်ထွက်လာခဲ့သည်။

၎င်း၏အတွင်း၌ ငြိမ်သက်စွာ လဲလျောင်းနေသည်မှာ လောကတွင် တုယှဉ်ဖက်ကင်းလှသော အလှပိုင်ရှင် အမျိုးသမီးတစ်ဦး ဖြစ်၏။

ရေခဲခေါင်းတလားအတွင်းရှိ သူမ၏ မျက်နှာသွင်ပြင်က ပြောင်းလဲခြင်းမရှိဘဲ သူတို့ ပထမဆုံး ဆုံတွေ့ခဲ့ကြစဉ်ကအတိုင်း ဖြစ်နေခဲ့သည်။

အဆုံးမဲ့ဧကရာဇ်...

ဤအနှိုင်းမဲ့စွာ စွမ်းအားကြီး‌မားသော အမျိုးသားက ယခုအခါတွင် ရေခဲခေါင်းတလားအတွင်းရှိ လှပသော အမျိုးသမီးကို အဆုံးမဲ့လှသော သံယောဇဉ် မျက်ဝန်းများဖြင့် စိုက်ကြည့်နေခဲ့လေသည်။

"ရှင်သန်ခြင်းနဲ့ သေဆုံးခြင်းကြားမှာ နှစ်မျိုးစလုံးကို ရရှိနိုင်ဖို့ ခက်ခဲလှပေမဲ့... သေဆုံးခြင်းမှာတော့ ထာဝရ အတူတူ ရှိနေနိုင်ပါပြီ"

"မင်းကို အကြာကြီး စောင့်ဆိုင်းစေခဲ့မိတဲ့အတွက် တောင်းပန်ပါတယ်..."

All Chapters