← Chapters

လူစုခြင်း ( ၁ )

Vol. 2 Ch. 20

လူစုခြင်း ( ၁ )

Vol. 2 Ch. 20

အမှောင်ထုကြီးစိုးနေသော ညအခါသမယတွင် ရွှီချင်းသည် ကြောင်ကလေးတစ်ကောင်အလား သွက်သွက်လက်လက်ဖြင့် တိတ်ဆိတ်စွာ သွားနေသည်။

သူ့ပါးစပ်ကို သူ့လက်ဖြင့် ရံဖန်ရံခါ ပိတ်ဆို့ထားတတ်ပြီး ချောင်းဆိုးသံထွက်ပေါ်လာမည်ကို အတင်းအကြပ် တားဆီးထားသည်။

ပထမအကြိမ်အနည်းငယ်အတွင်း သူ သည်းခံထားနိုင်ပါသော်လည်း ဆက်လျှောက်လာသည်နှင့်အမျှ သူ့အဆုတ်နှစ်ဖက်သည် မီးစကြီး​ဖြင့် အထိုးခံနေရသည့်အလား ပူပြင်းလောင်မြိုက်လာသည်ဖြစ်၍ သူ့မျက်နှာ ဖြူဖပ်ဖြူရော်ဖြစ်လာသည်။

ကံကောင်းထောက်မ၍ ထိုနေရာသည် သူ့နေအိမ်နှင့် မဝေးလှပေ။ ယင်းအပြင် စခန်းသည်လည်း လွန်စွာ ကြီးမားလှသည်မဟုတ်ပေရာ မကြာခင်အတောအတွင်း ရွှီချင်းသည် ခေါင်းဆောင်လဲ့၏နေအိမ်ကို လှမ်းမြင်လိုက်ရသည်။

သူသည် တစ်ချိုးတည်း ပြေးမသွားဘဲ နေရာမှာပင် ရပ်၍ အသက်ကိုခက်ခက်ခဲရှူကာ သူ့ကိုယ်သူ ပုံမှန်ဖြစ်သွားစေရန် ကြိုးစားလိုက်သည်။ ထိုသို့ ပုံမှန်အနေအထားအတိုင်း ဖြစ်သွားသောအခါမှသာ သူသည် မနှေးမမြန်ဖြင့် ဆက်လျှောက်သွားလေသည်။

သူသည် ခြံဝင်းတံခါးကို တွန်းဖွင့်၍ ဘေးပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှုလိုက်ပြီးနောက် အိမ်လေးထဲ ဖြည်းညင်းစွာ ဝင်ရောက်သွားသည်။

ခြံဝင်းထဲ သူ ရောက်ရောက်ချင်း သူ ထိန်းမထားနိုင်တော့ဘဲ ချောင်းဆိုးလိုက်ရာ သွေးတစ်ပွက် အန်ထွက်လာသည်။ သွေးများသည် မည်းညစ်နေပြီး မြေပြင်ပေါ် ကျသွားရာ တရှဲရှဲမြည်သံများ လွင့်ပျံလာသည်။

သူသည် အဆိပ်သွေးတစ်ပွက်ကို အန်ထုတ်လိုက်သည်ဖြစ်၍ သူ၏မျက်နှာအမူအရာသည် အစောပိုင်းကအခြေအနေနှင့် နှိုင်းစာလျှင် ပို၍ ပုံမှန်ပြန်ဖြစ်လာသည်။ သူသည် ခဲခဲယဉ်းယဉ်း အသက်ရှူ၍ တင်ပျဉ်ခွေထိုင်ချလိုက်ပြီး ဝင်လေထွက်လေရှုမှတ်လိုက်သည်။

အချိန်အတော်ကြာသောအခါမှသာ သူ၏မျက်လုံးများ ပွင့်လာသည်။ ယခုအခါ သူ့မျက်နှာအရောင်အဆင်းသည် ပုံမှန်အတိုင်း ပြန်ဖြစ်လာခဲ့ပြီဖြစ်သည်။

“ ကြောက်စရာကောင်းလိုက်တဲ့ အဆိပ် ”

ရွှီချင်း တီးတိုးရေရွတ်လိုက်သည်။

တိုက်ပွဲအဆုံးသတ်တွင် ဖက်တီးရှန် ပစ်လွှတ်ခဲ့သော အဆိပ်မြူများသည် လွန်စွာ အဆိပ်ပြင်းလှသည်။

သို့ပေမည့် ထိုအခြေအနေ၌ ရွှီချင်းသာ ရှောင်တိမ်းခဲ့လျှင် ဖက်တီးရှန်သည် ချက်ချင်း ပျံပြေးသွားမည်ဖြစ်ကာ အကူအညီတောင်းပေလိမ့်မည်။ ထိုအခါ သူ့အတွက် ကိစ္စများက ဖြေရှင်းရခက်ခဲသွားမည်ဖြစ်သည်။

ယင်းအပြင် သူ့အနေဖြင့် ဒဏ်ရာအပြင်းအထန် ရသွားသည့်ဟန်ဆောင်လိုက်မည်ဆိုလျှင်တောင် ဥာဏ်နီဥာဏ်နက်များသော ဖက်တီးရှန်အား လိမ်လည်ရန် ခက်ခဲနိုင်သည်။

ဖက်တီးရှန်သည် နောက်ယောင်ခံ လိုက်ခံနေရကြောင်း အာရုံခံမိခဲ့စဉ်ကတည်းက ထိုသို့ သူ သိနေကြောင်းကို ဖုံးကွယ်ထားခဲ့သည်။ သူ အတွက်မှားသွားခဲ့သည်မှာ ရွှီချင်း၏ ခွန်အားကို လျော့တွက်မိခဲ့ခြင်းသာ ဖြစ်သည်။ သို့ဖြစ်၍ ထိုသေရေးရှင်ရေးအခြေအနေ၌ ရွှီချင်းသည် ခရမ်းရောင်သလင်းကျောက်၏ ပြန်လည်ကောင်းမွန်နိုင်စွမ်းကို တထစ်ချ ယုံကြည်ရန် ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။ သူသည် အဆိပ်မြူများကို ကြိတ်မှိတ်တောင့်ခံ၍ တဟုန်ထိုး တိုက်ခိုက်ရန် ဆုံးဖြတ်ခဲ့ပြီး ထိုနည်းအားဖြင့် သူ့ရန်သူ၏အသက်ကို တစ်ချက်တည်းဖြင့် ဇီဝိန်ခြွေနိုင်ခဲ့ပေသည်။

ယခုအခါ ပြန်တွေးကြည့်လျှင် သူ၏ေရွးချယ်မှု မမှားခဲ့ပေ။

ခရမ်းရောင်သလင်းကျောက်သည် အဆိပ်မြူများကို ခုခံနိုင်သော လွန်စွာ ကြောက်ခမန်းလိလိ ပြန်လည်ကောင်းမွန်နိုင်စွမ်းကို ပိုင်ဆိုင်ထားပေသည်။

လမ်းခရီးတစ်လျှောက် သူ၏အဆုတ်များထဲမှ မီးစထိုးနေသည့်အလား ခံစားချက်များနှင့် ချောင်းဆိုးချင်နေသော စိတ်ဆန္ဒပေါ်ပေါက်လာခြင်းသည် အမှန်စင်စစ် ပြန်လည်ကောင်းမွန်နိုင်စွမ်း၏ အကျိုးသက်ရောက်မှုကြောင့်ဖြစ်ပေသည်။

“ ရတနာမုဆိုးတွေက တကယ့်ကို ရိုးရှင်းတဲ့လူတွေမဟုတ်ဘူး။ ငါသာ မြင်းလေးကို နောက်ကျမှ တိုက်ခိုက်ပြီး သူ့ကို ခုခံကာကွယ်ဖို့ အချိန်ပေးလိုက်ရင် ကိုင်တွယ်ရခက်ခဲသွားမှာ သေချာတယ် ”

ရွှီချင်းသည် ငြိမ်သက်နေပြီး ယခင်တိုက်ပွဲနှစ်ပွဲမှ အားနည်းချက်များကို စေ့စေ့ငုံငုံ သုံးသပ်နေသည်။

အချိန်အတော်ကြာပြီးနောက် သူသည် အသက်ပြင်းပြင်းရှူထုတ်ကာ သားရေအိတ်ရှုံ့ကို ငုံ့ကြည့်လိုက်သည်။ သူ့မျက်ဝန်းများထဲတွင် လောဘရောင် တဖိတ်ဖိတ်လက်သွားသည်။

“ ဖက်တီးရှန် တစ်ယောက်တည်း လာခဲ့တာက မြင်းလေးရဲ့ ပစ္စည်းတစ်ခုကို လိုချင်လို့ပဲ။ အဲဒါကြောင့် သူက ငါ့ကို ပြန်အလစ်ချောင်းနေပြီးတော့ ငါ့ဆီက မြင်းလေးရဲ့ပစ္စည်းကို ယူဖို့ပြင်နေတာ ”

ရွှီချင်းသည် သားရေအိတ်ရှုံ့ကို ဖွင့်၍ ဝိညာဉ်ကြေးများအပါအဝင် မြင်းလေးပိုင်ဆိုင်သမျှအရာအားလုံးကို သွန်ချလိုက်သည်။ ထို့နောက် သူသည် ထိုပစ္စည်းများအား သူ့ရှေ့မှာပင် စီထားလိုက်သည်။

သူသည် ပစ္စည်းများကို ဝေ့ကြည့်၍ အသေးစိတ်စစ်ဆေးကြည့်လိုက်သည်။

ထိုပစ္စည်းများအားလုံး၏ ဖြစ်နိုင်စွမ်းကို သူ တွက်ချက်ကြည့်လိုက်ပြီး သံပြားကို ငေးကြည့်လိုက်သည်။ သူ မျက်မှောင်ကြုတ်သွားပြီး မရေရာသည့်အရိပ်အယောင်များ သူ့မျက်နှာပေါ် ထင်ဟပ်လာသည်။

အမှန်တကယ်တွင် မြင်းလေး၏ပစ္စည်းများအားလုံးသည် သာမန်သာဖြစ်သည်။ သို့ဖြစ်၍ ထိုသံပြားကိုသာ တခြားပစ္စည်းများနှင့်ယှဉ်ပါက အမျိုးအမည်မသိသော အရာဝတ္ထုတစ်ခုအဖြစ် ယူဆနိုင်သည်။

“ ဒီသံပြားလား။ ဒါပေမဲ့ ဒီသံပြားကြည့်ရတာ ဘာမှထူးထူးဆန်းဆန်းလဲ မရှိပါဘူး။ ဒါက အင်မတန် အဖိုးတန်တဲ့ ပါဝင်ပစ္စည်းတစ်မျိုးများ ဖြစ်နေမလား ”

ရွှီချင်းသည် တီးတိုးရေရွတ်ကာ ပစ္စည်းအား ဂရုတစိုက် သိမ်းလိုက်သည်။ နောင်တချိန်တွင် ထိုပစ္စည်း၏မူလဇစ်မြစ်ကို သူ ရှာဖွေရန် အခွင့်အရေးရှာရမည်။

ထို့နောက် သူသည် ဖက်တီးရှန်၏သားရေအိတ်ကို ထုတ်၍ စစ်ဆေးကြည့်လိုက်သည်။

အထဲတွင် အဖြူရောင်ဆေးလုံးများ မရှိပါသော်လည်း ဝိညာဉ်ကြေးပြား အမြောက်အများ ရှိသည်။ အဆိပ်ဆေးပုလင်းများစွာကိုလည်း ရွှီချင်း တွေ့လိုက်ရသည်။ သို့သော် ဆေးပညာကို ဘာတစ်ခုမှ မသိသောကြောင့် မဆင်မခြင် သူ မဖွင့်ရဲပေ။

နောက်ဆုံး၌ အက်ကွဲကြောင်းများ ထနေသော ပယင်းကို ထုတ်၍ ဖက်တီးသည် မသေခင် ၎င်းအား တင်းတင်းကြပ်ကြပ်ဖြင့် ဖျစ်ညှစ်ခဲ့သည်ကို သူ ပြန်လည်အမှတ်ရလိုက်သည်။

“ ဒီပစ္စည်းက ဘာကြီးတုံး … ဖက်တီးပုံစံကြည့်ရတာတော့ သူ မသေခင် ဒီပစ္စည်းကို ချိုးပစ်တော့မယ့်ပုံပဲ ”

ရွှီချင်း စဉ်းစားရကြပ်နေသည်။ သူသည် ထိုပစ္စည်းနှင့်ပတ်သက်၍ ဘာမှမသိသဖြင့် တွေးတောပြီးနောက် သိမ်းထားလိုက်တော့သည်။

ထို့နောက် သူသည် မျက်လုံးများမှိတ်ကာ ဆက်လက်ကျင့်ကြံလိုက်သည်။

ဤရက်များအတွင်း ရွှီချင်းသည် ချီစုစည်းခြင်းအဆင့်နှစ်ကို ရောက်ရှိလာပြီးနောက် ယခင်ကလောက် မအိပ်တော့သည်ကို သတိပြုမိလာသည်။ နှစ်နာရီခန့် အိပ်စက်လိုက်သည်နှင့် သူ အားအင်ပြန်ပြည့်လာသည်။ သို့ဖြစ်၍ သူ့အချိန်အများစုကို ကျင့်ကြံရာတွင် အသုံးချနေသည်။

ယနေ့ သူ နောက်မှလိုက်လံချောင်းမြောင်းရမည့် ပစ်မှတ်များ မရှိတော့သည်ဖြစ်ရာ ပို၍ပင် ကျင့်ကြံနေတော့သည်။ သူ တစ်နေ့ခင်းလုံး ကျင့်ကြံနေ၏။ သို့သော်လည်း အမှောင်ထု ဝင်ရောက်လာသောအခါ ရွှီချင်းသည် တစ်စုံတစ်ခုကို အာရုံခံမိလိုက်ပြီး မျက်လုံးများဖွင့်ကာ အိမ်အပြင်ဘက်ကို လှမ်းကြည့်လိုက်သည်။

သူ ကြည့်လိုက်သည့်အခိုက် လွင့်ပျံလာသော ခေါင်းဆောင်လဲ့၏အသံကို ကြားလိုက်ရသည်။

“ ကလေး၊ ခြံထဲကို ဆင်းလာခဲ့ပါဦးကွ ”

ထိုစကားကြောင့် ရွှီချင်းသည် မတ်တတ်ရပ်ကာ ခြံဝင်းထဲတွင် ရှိနေသော ခေါင်းဆောင်လဲ့ကို ကြည့်၍ တိတ်ဆိတ်စွာ လျှောက်သွားသည်။

ခြံဝင်းထဲရှိ စားပွဲရှည်ကြီးပေါ်တွင် အသားပန်းကန်ပြားအနည်းငယ်နှင့် သေရည်များရှိနေသည်။ စုစုပေါင်း ထိုင်ခုံခြောက်လုံး၊ တူခြောက်စုံနှင် ပန်းကန်ခြောက်လုံးရှိသည်။ ခေါင်းဆောင်လဲ့သည် ထိုနေရာတွင် ထိုင်နေပြီး ရွှီချင်းကို မြင်သောအခါ လက်ကိုဝှေ့ယမ်းပြလိုက်သည်။

ရွှီချင်းသည် စားပွဲရှည်ကြီးပေါ်တွင် ပြင်ဆင်ထားသည်များကို ဝေ့ကြည့်ကာ ရင်ထဲ အတွေးတစ်စ ပေါ်လာသည်။ ထို့နောက် သူသည် ခပ်သွက်သွက် လျှောက်သွားလိုက်ပြီး ခေါင်းဆောင်လဲ့ဘေးတွင် ဝင်ထိုင်လိုက်သည်။

“ ဒီရက်တွေထဲ စခန်းပတ်ဝန်းကျင်ကို မင်း ကောင်းကောင်းသိသွားပြီလား ”

ခေါင်းဆောင်လဲ့သည် ခြံဝင်းအပြင်ဘက်ကို လှမ်းကြည့်နေပြီး ရွှီချင်းကို သာမန်ကာလျှံကာ ပြောလိုက်သည်။

“ တော်တော်လေး သိသွားပါပြီ ”

ရွှီချင်းက ပြန်ဖြေသည်။ ထို့နောက် သူ့အကြည့်သည် စားပွဲပေါ်ရှိ အစားအစာများအပေါ် ကျရောက်သွားသည်။

သူ တစ်နေ့ခင်းလုံး ကျင့်ကြံနေခဲ့ရသည့်အတွက်ကြောင့်ပေလော၊ သို့မဟုတ် အစားအသောက်များ၏ သင်းပျံ့မွှေးကြိုင်သော ရနံ့က ဆွဲဆောင်လွန်းနေသည့်အတွက်ကြောင့်ပေလော၊ သူ့ဗိုက်ထဲမှ တဂွီဂွီမြည်သံများ လွင့်ပျံလာရာ ဘေးတွင် ထိုင်နေသော ခေါင်းဆောင်လဲ့သည် တဟားဟား ရယ်မောလိုက်သည်။

“ နေပါဦးကွ။ သူတို့ကို စောင့်ပါဦး ”

“ မိုးကြိုးအဖွဲ့ဝင်တွေကို ကျနော်တို့ စောင့်နေတာလား ”

ထိုအကြောင်းကို သူ အစောပိုင်းကတည်းက ခန့်မှန်းမိနေခဲ့ပြီး အလျဉ်းသင့်၍ မေးလိုက်ခြင်း ဖြစ်ပေသည်။

အဘိုးအိုသည် ခေါင်းညိတ်၍ ပြောမည်ပြုစဉ် တစ်စုံတစ်ခုကို အာရုံခံမိသွားဟန်တူပြီး ခြံဝန်းအပြင်ဘက်ကို လှည့်ကြည့်လိုက်သည်။ တချိန်တည်းမှာပင် ရွှီချင်းသည်လည်း ထပ်တူ ခံစားလိုက်ရပြီး လိုက်ကြည့်လိုက်၏။

ခြံဝင်းအပြင်ဘက်ရှိ လရောင်ဖျော့ဖျော့ကျနေသော လမ်းသွယ်လေးထက်တွင် လူထွားကြီးတစ်ယောက် ပေါ်လာသည်။ ထိုလူထွားကြီး၏ တုတ်ခိုင်တောင့်တင်းသောအသွင်အပြင်က ကျွဲရိုင်းကြီးထက်ပင် သာလွန်သည်။ သူ့တစ်ကိုယ်လုံးခြုံ၍ကြည့်လျှင် တောင်ပုလေးတစ်လုံးအလား ထင်မှတ်ရပြီး သူ့ခန္ဓာကိုယ် ကြွက်သားများသည်လည်း လွန်စွာ ဖုထစ်ကြွရွနေသည်ဖြစ်ရာ တစ်ခါကြည့်မိရုံဖြင့် မျက်စိလွှဲမသွားစေနိုင်မည့် အငွေ့အသက်တစ်ခု ထွက်နေသည်။ သူသည် ကျောတွင် သံမဏိဒိုင်းကာကြီးကို လွယ်ထားပြီး လက်ထဲတွင် ရွှီချင်းထက်ပင် ပို၍ ရှည်သော သံတင်းပုတ်ကြီးတစ်လက်ကို ကိုင်ဆွဲထားကာ ခြေလှမ်းကျဲကြီးများဖြင့် လျှောက်လာနေလေသည်။

All Chapters