အခန်း ၃၉၂
Vol. 40 Ch. 392
အခန်း (၃၉၂)သူရဲကောင်းများ စုဝေးခြင်း….
တုကူးကျွမ့်တင်း၏ ပြင်းထန်သော ဒဏ်ရာများကို မြင်တွေ့လိုက်ရချိန်တွင် ကျိုးလင်ဟွမ်း၊ ယွမ်လီ၊ ယင်ကျင်းရှင်းနှင့် ဖန်းပိုမိုတို့အားလုံး အသက်ရှူနှုန်းများ မြန်ဆန်လာကြသည်။
လီချင်းချိုးကို အပြည့်အဝ ယုံကြည်သူများ ဖြစ်သော ယွမ်လီနှင့် ယင်ကျင်းရှင်းတို့ ပင်လျှင် ထိတ်လန့်နေကြသည်။
တုကူးကျွမ့်တင်း ဝင်ရောက်လာသည့် အရှိန်အဝါက သူတို့၏ စွမ်းအားအပေါ် နားလည်မှုကိုပင် ပြောင်းပြန်လှန်ပစ်လိုက်သလို ဖြစ်ခဲ့သည်။
ထိုမျှ အစွမ်းထက်သော ပုဂ္ဂိုလ်ကြီးပင်လျှင် ဆရာဖြစ်သူနှင့် ရင်ဆိုင်တိုက်ခိုက်ရာတွင် အသက်ရှူကြိမ် အနည်းငယ်အတွင်း၌ ပြင်းထန်စွာ ဒဏ်ရာရသွားပြီး ဆရာဖြစ်သူကတော့ တည်ငြိမ်နေကာ ထိခိုက်မှု တစ်စုံတစ်ရာ မရှိပေ။
သူတို့၏ ဆရာ မည်မျှအထိ အစွမ်းထက်သနည်း။
ကျန်းဟုန်းမင် တစ်ချက်တည်းဖြင့် ရှုံးနိမ့်သွားခြင်းမှာ မတော်တဆ ဖြစ်ရပ် မဟုတ်ကြောင်း ကျိုးလင်ဟွမ်း ယခုအခါတွင် သေချာသွားပြီ ဖြစ်သည်။
ဖြစ်နိုင်သည်မှာ လီပိုင်က သူမကို လေးစားသဖြင့် ကျန်းဟုန်းမင်ကို အသက်ချမ်းသာပေးခဲ့ခြင်း ဖြစ်ပေလိမ့်မည်။
ဤသို့ တွေးမိသောအခါ သူမ၏ ရင်ထဲတွင် ချိုမြိန်သော နွေးထွေးမှုတစ်ခု ဖြစ်ပေါ်လာသည်။
ဖန်းပိုမိုကတော့ အလွန် စိတ်လှုပ်ရှားနေသည်။ ဤမျှ စွမ်းဆောင်နိုင်ရည်မျိုး ရှိနေသဖြင့် သူ့ ညီအစ်ကိုများကို ကိုင်တွယ်ဖြေရှင်းခြင်းက အလွယ်ကူဆုံး ကိစ္စတစ်ခု ဖြစ်လာပေလိမ့်မည်။
သူသည် သူ့အစ်ကိုကြီး လီချင်းချိုး၏ ခြေထောက်အောက်တွင် သနားခံနေရသည်ကို မြင်ယောင်ရင်း ပျော်ရွှင်နေမိသည်ယ
တုကူးကျွမ့်တင်းခင်မျာ ခန္ဓာကိုယ်အတွင်းရှိ ဒဏ်ရာများကို တောင့်ခံထားရသည်။ သူ့ အသားအရေများမှာ ဆွဲဖြဲခံရသကဲ့သို့ ခံစားနေရပြီး အတွင်းအင်္ဂါများလည်း ကွဲအက်တော့မည့်အလား ဖြစ်နေသည်။ အစွမ်းထက်သော နတ်ဘုရား ပညာရပ်များသာ မရှိပါက လီချင်းချိုး၏ လက်သီးချက်များနှင့် ခြေကန်ချက်များကြောင့် ကြေမွသွားလောက်ပြီ ဖြစ်သည်။ သူ့ရဲ့ ဝိညာဉ်သုံးပါး ပင်လျှင် နာကျင်မှုကို ခံစားနေရသည်။
အစစ်အမှန် စွမ်းအားပိုင်းတွင် ပြိုင်ဘက်က သူ့ထက်အဆပေါင်းများစွာ သာလွန်နေသည်။
သူ့ရဲ့ စွမ်းအားက နတ်ဘုရား စွမ်းအားများဖြင့် မြှင့်တင်ထားခြင်း ဖြစ်သော်လည်း လီချင်းချိုးကို စိုးရိမ်နေဆဲပင်။
"မင်းက ဘယ်သူလဲ..." ဟု တုကူးကျွမ့်တင်း က အသံနက်ကြီးဖြင့် မေးလိုက်သည်။
လီချင်းချိုးက တည်ငြိမ်စွာဖြင့် ..
"လေလွင့်ကျင့်ကြံသူ လီပိုင်ပါ..." ဟု ပြန်ဖြေလိုက်သည်။
လီပိုင်?
တုကူးကျွမ့်တင်း ဤနာမည်ကို တစ်နေရာရာတွင် ကြားဖူးသလို ခံစားလိုက်ရသည်။ သူသည် သားဖြစ်သူက ဓားမိစ္ဆာကို လီပိုင် အမည်ရှိ လေလွင့်ကျင့်ကြံသူက အနိုင်ယူခဲ့ကြောင်း ပြောပြခဲ့သည်ကို ချက်ချင်းပင် သတိရသွားသည်။
တုကူးကျွမ့်တင်းက အသက်ကို ပြင်းပြင်း ရှူလိုက်ပြီး …
"ငါက တုကူးကျွမ့်တင်းပါ... မိုးပြာနဂါးနယ်မြေမှာ နှစ်ပေါင်းများစွာ နေထိုင်ခဲ့ပေမဲ့ ဒီလောက်အထိ အစွမ်းထက်တဲ့ ရုပ်ပိုင်းဆိုင်ရာ ကျင့်ကြံသူနဲ့ တွေ့ဖူးတာ ဒါ ပထမဆုံးအကြိမ်ပဲ... ငါ မင်းကို လေးစားပါတယ်..."
သူသည် လီချင်းချိုး၏ ဒဏ်ရာပေးခြင်းကို ခံခဲ့ရသော်လည်း ဒေါသထွက်ခြင်း မရှိဘဲ ဆန့်ကျင်ဘက်အနေဖြင့် လေးစားမှုများ ဖြစ်ပေါ်နေသည်။
သူတို့ တိုက်ခိုက်စဉ်အတွင်း တိုက်ခိုက်မှု တစ်ခုမျှ လီချင်းချိုးကို မထိမှန်ခဲ့ခြင်းက သူတို့ကြားက စွမ်းအား ကွာဟချက် အလွန် ကြီးမားကြောင်း သက်သေပြနေသည်။
သူ အသက်ရှင်ကျန်ရစ်ခြင်းမှာ တစ်ဖက်လူက ရက်စက်သူ မဟုတ်ကြောင်း ပြသနေခြင်းပင်။
တဖက်လူ၏ အရှိန်အဝါများက ကောင်းကင်နေမင်းနယ်ပယ်တွင် ရှိနေသည်ဟု ထင်မြင်ရသော်လည်း ၎င်းမှာ လီချင်းချိုးက ပြဿနာ မတက်စေရန် ဝတ်ဆင်ထားသည့် မျက်နှာဖုံးလိုသာ ဖြစ်ကြောင်း သူ ယုံကြည်လိုက်သည်။
လီချင်းချိုးကလည်း တုကူးကျွမ့်တင်း၏ စွမ်းအားကို လေးစားနေမိသည်။ ယခင် တိုက်ပွဲတွင် သူ အစွမ်းကုန် တိုက်ခိုက်ခဲ့ရပြီး စိတ်နေစိတ်ထား အလွန် တည်ငြိမ်နေခဲ့သည်။ သူ့ကို ဤအဆင့်ထိ ရောက်အောင် တွန်းပို့နိုင်သူ အနည်းငယ်သာ ရှိသည်။
"ဒီလောက်ပါပဲ... ငါ လူသားဧကရာဇ် ခေါင်းလောင်းကို လိုချင်တယ်..."
လီချင်းချိုး၏ လေသံမှာ အငြင်းပွားစရာ မလိုတော့သော လေသံမျိုး ဖြစ်နေသည်။
တုကူးကျွမ့်တင်းက အသက်ကို ပြင်းပြင်းရှူ၍ လီချင်းချိုးကို အရိုအသေပေးကာ အတွင်းစွမ်းအားများကို ပြန်လည် ဖြည့်တင်းရန် တရားမှတ်လိုက်သည်။
လီချင်းချိုးက ကျိုးလင်ဟွမ်းနှင့် အခြားသူများကို လှည့်ကြည့်၍…
"မင်းတို့ ဒီနေရာမှာ ခဏ အနားယူနေလိုက်ကြဦး..." ဟု ဆိုလိုက်သည်။
ထိုအခါ ဖန်းပိုမိုက အံ့ဩစွာဖြင့် …
"အတွင်းမှာ လူတွေ ရှိနေတာလေ... ဘာလို့ မဝင်ရမှာလဲ... သူတို့ လူသားဧကရာဇ် ခေါင်းလောင်းကို ပိုင်ဆိုင်သွားမှာ မကြောက်ဘူးလား..." ဟု မေးလိုက်သည်။
လီချင်းချိုးက အနီးအနားရှိ ဧရာမ ကျောက်တုံးကြီးတစ်ခုဆီသို့ လျှောက်သွားပြီး….
"သူတို့ မရနိုင်ပါဘူး... သူတို့ မကြာခင်မှာပဲ ရှုံးနိမ့်သွားလိမ့်မယ်..." ဟု ဖြည်းညင်းစွာ ပြန်ဖြေလိုက်သည်။
သူသည် ဤနေရာတွင် စွမ်းအားများ စုစည်းနေသည်ကို အာရုံခံမိသည်။ လူသားဧကရာဇ် ခေါင်းလောင်းက အသက်ဝင်ရန် အချိန်ယူရမည်ဟု သူ ထင်မြင်ထားပြီး အနှောင့်အယှက် ဖြစ်မည်ကို စိုးရိမ်သဖြင့် ဤနေရာတွင် စောင့်ဆိုင်း၍ ပြိုင်ဘက်များကို အရင်ဆုံး ရှင်းပစ်လိုက်ရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။
ရှုံးနိမ့်သွားလိမ့်မယ်?
ဖန်းပိုမို တစ်ခဏမျှ မှင်တက်သွားပြီး လီချင်းချိုးက အစွမ်းထက်ရုံသာမက လုပ်ဆောင်ချက်များမှာလည်း ခန့်မှန်းရခက်ကြောင်း ရုတ်တရက် ခံစားလိုက်ရသည်။
ယွမ်လီနှင့် ယင်ကျင်းရှင်းတို့လည်း ချက်ချင်းပင် တရားမှတ်ရန် ထိုင်လိုက်ကြပြီး သိုလှောင်အိတ်ထဲမှ ဆေးလုံးများကို ထုတ်ယူကာ စွမ်းအားများ ပြန်လည် ဖြည့်တင်းနေကြသည်။
ထို့နောက် လီချင်းချိုး၏ ဘေးသို့ ကျိုးလင်ဟွမ်း ရောက်ရှိလာပြီး ကျောက်တုံးများကို မှီ၍ လီချင်းချိုး တရားမှတ်နေသည်ကို ကြည့်ကာ…
"မင်းက ဂိုဏ်းတစ်ခုခုမှာ ရှိနေတာလား... ဒါပေမဲ့ ပြောပြဖို့ အဆင်မပြေလို့ လေလွင့်ကျင့်ကြံသူအဖြစ် ဟန်ဆောင်နေတာလား..." ဟု စိတ်လှုပ်ရှားစွာဖြင့် မေးလိုက်သည်။
ဖန်းပိုမိုက အာရုံစိုက် နားထောင်နေပြီး ဂရုမစိုက်ဟန်ဆောင်ကာ တရားမှတ်နေသော်လည်း အာရုံများကတော့ လီချင်းချိုးအပေါ်တွင်သာ ရှိနေသည်။
"ငါ ခဏလောက် အနားယူချင်တယ်..."
လီချင်းချိုးက ပေါ့ပေါ့ပါးပါးပင် ဖြေကြားလိုက်ပြီး ကျိုးလင်ဟွမ်း နှင့် စကားများစွာ ပြောဆိုရန် အချိန်မရှိချေ။
ဤစကားကို ကြားသောအခါ ကျိုးလင်ဟွမ်းက သူ့ကို အနှောင့်အယှက် မပေးရဲတော့ဘဲ အလျင်အမြန် ဘေးသို့ ထွက်သွားတော့သည်။
ဤပျက်စီးယိုယွင်းနေသော မြေအောက် လိုဏ်ခေါင်းက တိတ်ဆိတ်နေပြီး အခါအားလျော်စွာ ကြွေကျနေသော ကျောက်စရစ်ခဲများကလွဲ၍ အခြား အသံများ မရှိချေ။
လီချင်းချိုးမှလွဲ၍ ကျန်သူများက လီချင်းချိုးနှင့် တုကူးကျွမ့်တင်းတို့၏ တိုက်ပွဲကို ပြန်လည် တွေးတောနေကြသည်။
ယွမ်လီကတော့ အားလုံးထက်ပိုသည်။ သူသည် လီချင်းချိုးနှင့် တုကူးကျွမ့်တင်း တို့၏ တိုက်ပွဲကို စိတ်ထဲတွင် အကြိမ်ကြိမ် ပြန်လည် ပုံဖော်နေသည်။ အကြိမ်ကြိမ် ပြန်လည် ကြည့်ရှုပြီးနောက် သူတို့၏ လှုပ်ရှားမှုများ နောက်ဆုံးတွင် နှေးကွေးသွားပြီး ရှင်းလင်းစွာ မြင်တွေ့နိုင်ခဲ့သည်။
အချိန်များ လျင်မြန်စွာ ကုန်လွန်သွားခဲ့ပြီး အမွှေးတိုင် တစ်တိုင်စာ အချိန်ကုန်လွန်သွားပြီးနောက် အစွမ်းထက် ကျင့်ကြံသူများစွာ ရောက်ရှိလာကြသည်။ သူတို့ မြင်ကွင်းကို မြင်လိုက်ရချိန်တွင် သူတို့၏ လှုပ်ရှားမှုများ နှေးကွေးသွားကြတော့သည်။
မြေပြင် ကွဲအက်သွားပြီး ဝိညာဉ်ရေများ စီးဆင်းနေကာ လေးမျက်နှာမှ တောင်နံရံများနှင့် မျက်နှာကျက်များ ကွဲအက်နေသဖြင့် မည်မျှ ကြောက်မက်ဖွယ်ကောင်းသော တိုက်ပွဲ ဖြစ်ပွားခဲ့သည်ကို စိတ်ကူးကြည့်ရန်ပင် ခက်ခဲလှသည်။
ထိုအခါ သူတို့၏ အကြည့်များ တုကူးကျွမ့်တင်း ထံသို့ အလိုလို ရောက်ရှိသွားသည်။
တုကူးကျွမ့်တင်းကို ရှင်းလင်းစွာ မြင်လိုက်ရချိန်တွင် သူတို့၏ အမူအရာများ အကြီးအကျယ် ပြောင်းလဲသွားတော့သည်။
တုကူးကျွမ့်တင်းဆိုသူက နာမည်ကြီးသူ ဖြစ်ပြီး ကောင်းကင်နေမင်းနယ်ပယ်ရှိ ကျင့်ကြံသူများအတွက် ဒဏ္ဍာရီလာ ပုဂ္ဂိုလ် ဖြစ်သည်။
ထိုမျှ အစွမ်းထက်သူနှင့် လူသားဧကရာဇ် ခေါင်းလောင်းအတွက် ယှဉ်ပြိုင်ခြင်းမှာ သေခြင်းတရားသို့ ဦးတည်ခြင်းနှင့် အတူတူပင် ဖြစ်သည်။
သို့သော်လည်း တည်ငြိမ်သွားပြီးနောက် အားလုံး စိတ်ရှုပ်ထွေးသွားကြသည်။
တုကူးကျွမ့်တင်း ဒဏ်ရာရနေတာလား?
သူ့ကို ဘယ်သူ ဒဏ်ရာရအောင် လုပ်လိုက်တာလဲ?
အစွမ်းထက်သော ကျင့်ကြံသူ အားလုံးက လီချင်းချိုးတို့အဖွဲ့ကို စိုက်ကြည့်လိုက်ကြသည်။
အဲဒီအဖွဲ့ကြောင့်လား?
သူတို့တွေ မဆင်မခြင် ရှေ့သို့ မတိုးရဲကြသဖြင့် နေရာတစ်ခုရှာ၍ အခြေအနေကို စောင့်ကြည့်နေကြတော့သည်။
ထိုနောက်တွင် ကျင့်ကြံသူများ ဆက်လက် ရောက်ရှိလာကြပြီး ထိုမြင်ကွင်းကို မြင်လိုက်ရချိန်တွင် အံ့ဩသွားကြကာ နေရာတစ်ခုစီကို ရယူလိုက်ကြသည်။
တုကူးကျွမ့်တင်းကို ပြင်းထန်စွာ ဒဏ်ရာရစေခဲ့သည့်က လီချင်းချိုး ဖြစ်ကြောင်း သိရှိလိုက်ရချိန်တွင် သူတို့တွေ လျှို့ဝှက်စွာ အံ့ဩနေကြသည်။
ပထမဆုံး ကျန်းဟုန်းမင်၊ ပြီးတော့ တုကူးကျွမ့်တင်း…
ဒီလူက ဘယ်သူလဲ? သူက အတော်လေးကို ကြောက်စရာကောင်းအောင် အစွမ်းထက်တာပဲ….
နောက်ပိုင်းတွင် ဝိညာဉ်အသိအာရုံအဆင့်ရှိ ကျင့်ကြံသူများလည်း ပျော်ပွဲစားထွက်လာသကဲ့သို့ ရောက်ရှိလာကြပြီး လူရာချီရှိသော အုပ်စုများဖြင့် နေရာတစ်ခုစီကို သိမ်းပိုက်ထားကြသည်။
လီချင်းချိုးတို့က ကြီးမားလှသော ကြေးနီတံခါးကြီး၏ ရှေ့တွင် ရပ်တန့်နေကြသည်။ လူများ ပိုမို ရောက်ရှိလာလေလေ၊ သူတို့အပေါ် ဖိအားများ ပိုမို ကြီးမားလာလေလေပင်။
ယင်ကျင်းရှင်း အဝေးသို့ ကြည့်လိုက်တော့ လူများ ပိုမို များပြားလာသည်ကို မြင်ရသဖြင့် အလွန် စိတ်လှုပ်ရှားနေသည်။
သူ ရောက်လာချိန်ကတည်းက တကယ့် တိုက်ပွဲကောင်းတစ်ခုကို မကြုံတွေ့ရသေးပေ။
ယွမ်လီလည်း စိတ်လှုပ်ရှားနေ၏။ ဆရာဖြစ်သူ တိုက်ခိုက်သည်ကို ဘေးမှနေ၍ ကြည့်ရှုနေမည့်အစား ဆရာနှင့်အတူ ဘေးချင်းယှဉ် တိုက်ခိုက်လိုပြီး ရှုပ်ထွေးလေလေ ပိုကောင်းလေလေ ဖြစ်သည်။ ကျန်းဟုန်းမင်နှင့် ဖန်းရွှမ်တို့လည်း ရောက်ရှိလာကြပြီး ကျန်းဟုန်းမင်၏အခြေနေက အခုထိ မကောင်းသေးပေ။ သို့သော်လည်း တုကူးကျွမ့်တင်းကို မြင်လိုက်ရချိန်တွင် အမူအရာ ပျော့ပြောင်းသွားလေသည်။
ဖန်းရွှမ် ထပ်မံ၍ အံ့ဩသွားပြန်သည်။
လီပိုင်က ကျန်းဟုန်းမင်ကို ပြင်းထန်စွာ ဒဏ်ရာရစေရုံမကဘဲ တုကူးကျွမ့်တင်း ကိုပါ အနိုင်ယူနိုင်ခဲ့တာလား?
မြေအောက် လိုဏ်ခေါင်း၏ မှောင်မိုက်နေသော နေရာတစ်ခုတွင် တုကူးကျွမ့်တင်း တစ်ဦးတည်းသာ နေရာတစ်ခုလုံးကို နှစ်ပိုင်း ခွဲခြားထားသကဲ့သို့ ဖြစ်နေသည်။ တစ်ပိုင်းမှာ ဂိုဏ်းစုံမှ ကျင့်ကြံသူ ထောင်ချီ ရှိနေပြီး အခြားတစ်ပိုင်းမှာမူ လီချင်းချိုးတို့ ငါးဦးသာ ရှိနေသော နေရာ ဖြစ်သည်။
အနက်ရောင် မိစ္ဆာသခင်က ဖန်းပိုမို လီချင်းချိုးနှင့် အတူရှိနေသည်ကို မြင်သောအခါ အံကြိတ်၍ သူတို့ကို သစ္စာဖောက်များဟု ဆဲရေးလိုက်သည်။
အထွတ်အထိပ် မသေမျိုးဂိုဏ်းမှ ချောင်လင်ရှောင်းလည်း ရောက်ရှိလာသည်။ မိုးပြာနဂါး အဆင့်သတ်မှတ်ချက်တွင် တတိယမြောက် ပုဂ္ဂိုလ်ဖြစ်သည့် သူက တုကူးကျွမ့်တင်းကို မြင်လိုက်ရချိန်တွင် မျက်မှောင် ကြုတ်လိုက်မိသည်။ သူလည်း မဆင်မခြင် မလုပ်ဆောင်ဘဲ ကိုယ်ပိုင် နေရာတစ်ခုကို ရယူလိုက်သည်။
ဝေကျင်းက ဝေ့ရုံကို ခေါ်ဆောင်၍ ဝင်ရောက်လာပြွး အံ့ဩသွားတော့သည်။ သူ့မျက်နှာထား မှောင်မိုက်သွားပြီး အမြန်ဆုံး ရပ်တန့်နိုင်မည့် နေရာကို ရှာဖွေလိုက်သည်။ ဝေ့ရုံက အဝေးသို့ ကြည့်လိုက်သော်လည်း သူ့ရဲ့ အမြင်အာရုံဖြင့် လီချင်းချိုးကို မြင်တွေ့နိုင်ခြင်း မရှိပေ။ သို့သော်လည်း ကျင့်ကြံသူ များစွာ စုရုံးနေကြသည်ကို မြင်လိုက်ရသဖြင့် သူမ ကြောက်ရွံ့သွားတော့သည်။
ဘာလို့ လူတွေ ဒီလောက် များနေရတာလဲ?
ယင်ကျင်းရှင်းက မနေနိုင်ဘဲ မေးလိုက်တော့ ယွမ်လီက မျက်လုံးများကို မှိတ်ထားရင်း….
"အနောက်ဘက်မှာ စွမ်းအားတွေ ပိုမို ကြီးမားလာနေလို့ အဲဒီလူတွေကို ဆွဲဆောင်နေတာပဲ... မင်းက ငယ်သေးတော့ မသိသေးဘူး..." ဟု ပြန်ဖြေလိုက်သည်။
သူ ပြောဆိုသော စွမ်းအားမှာ အနောက်ဘက်က ကြေးနီတံခါးကြီး၏ အနောက်ဘက်မှ လာနေခြင်း ဖြစ်သည်။
ထိုစဉ် ရင်ခုန်သွားစေနိုင်သော အစွမ်းထက် အင်အားတစ်ခုကို ယွမ်လီ ခံစားလိုက်ရသည်။ ဤစွမ်းအားမှာ ဖော်ပြ၍မရနိုင်လောက်အောင် ပြင်းထန်ပြီး မူလ စွမ်းအင်များနှင့် မတူချေ။ ၎င်းမှာ အဆုံးအစမရှိသော ပင်လယ်ကြီးကဲ့သို့ ဖြစ်ပြီး ဧရာမ ကြေးနီတံခါးကြီး၏ အနောက်ဘက်တွင်ပေါက်ကွဲထွက်တော့မည့်အလား တည်ရှိနေသည်။
လီချင်းချိုးလည်း စောင့်ကြည့်နေသည်။ သူသည် ဝိညာဉ်ပင်လယ်သုံးပါးနယ်မြေအဆင့်ရှိသောသူအချို့ ချဉ်းကပ်လာနေသည်ကို သတိပြုမိသွားသည်။ ထိုသူတို့သည် စစ်နတ်ဘုရား နန်းတော်ထဲသို့ အခုမှ ဝင်ရောက်လာခြင်း ဖြစ်သလော သို့မဟုတ် သူ့ရဲ့ အာရုံခံနိုင်စွမ်းထက် ဝေးကွာသော နေရာများတွင် ပုန်းကွယ်နေခြင်း ဖြစ်သလော ဆိုသည်ကို မသိရှိပေ။
လူသားဧကရာဇ် ခေါင်းလောင်းကို ရရှိရန်မှာ သူ ထင်ထားသည်ထက် ပို၍ ခက်ခဲနေလိမ့်မည် ဖြစ်သည်။
မှန်ပေသည်၊ ဤကဲ့သို့ အခြေအနေမျိုးနှင့် ကြုံတွေ့ရသော်လည်း သူ့မှာယုံကြည်မှု ရှိနေဆဲ ဖြစ်ပြီး ဆက်လက် စောင့်ဆိုင်းရန် အသင့်ရှိနေသည်။
သူသည် ပြိုင်ဘက် အားလုံး၏ သတ္တိကို ချေဖျက်ပစ်မည်!
နောက်ထပ် လူပုံရိပ်တစ်ခု မြေအောက် အာကာသထဲသို့ ပျံသန်းဝင်ရောက်လာရာ ထိုသူမှာ အခြားသူ မဟုတ်ဘဲ ကောင်းကင်ဓားဂိုဏ်းမှ စုန့်ချန်ရှန်းပင်
စုန့်ချန်ရှန်း၏ အကြည့်များမှာ လီချင်းချိုးထံသို့ ချက်ချင်းပင် ရောက်ရှိသွားသော်လည်း အံ့ဩခြင်း မရှိပေ၊ အကြောင်းမှာ လီချင်းချိုး ရောက်ရှိနေကြောင်း သူမ အာရုံခံမိပြီးသား ဖြစ်သောကြောင့်ပင်။
ထိုအချိန်တွင် သူမ အလွန် ဝမ်းမြောက်နေမိပြီး လီချင်းချိုးနှင့် ဤမျှ လျင်မြန်စွာ ပြန်တွေ့ရလိမ့်မည်ဟု မထင်မှတ်ထားခဲ့ချေ။
ရှေ့တွင် အစွမ်းထက် ပုဂ္ဂိုလ်များစွာ ပိတ်ဆို့နေသည်ကို မြင်ရချိန်တွင် သူမသည်လည်း တုကူးကျွမ့်တင်းကို မကျော်ဖြတ်ဝံ့ပေ။ သူမ၏အကြည့်များက ဝေကျင်းကို ကြည့်လိုက်ချိန်တွင် အနည်းငယ် လှုပ်ရှားသွားသည်။
"မင်း ရောက်လာပြီပဲ…."
ဝေကျင်းက စုန့်ချန်ရှန်ကို မြင်လိုက်ရချိန်တွင် ဖြူဖျော့နေသော မျက်နှာပေါ်တွင် နောက်ဆုံးတော့ သွေးရောင် ပြန်လည် ထွက်ပေါ်လာသည်။
လီချင်းချိုးကို ရှေ့တွင် မြင်လိုက်ရချိန်တွင် သူ ဒေါသထွက်မိသလို ကြောက်ရွံ့လည်း ကြောက်ရွံ့မိပြီး လှည့်၍ ထွက်ခွာသွားရန်ပင် စိတ်ကူးမိသေးသော်လည်း ယခုအခါတွင်မူ အံကြိတ်၍ ဆက်ရှိနေခဲ့သည်။ သူသည် လီချင်းချိုးထံမှ လက်သီးချက်ကို နောက်တစ်ကြိမ် မခံစားလိုတော့ပေ။
စုန့်ချန်ရှန်း ရောက်လာခြင်းက သူ့ရဲ့ ဖိအားများကို သက်သာသွားစေသည်။
သူ့စိတ်ထဲတွင် စုန့်ချန်ရှန်းက အလွန် အစွမ်းထက်ပြီး သူနှင့် ရင်ဆိုင်ရလျှင်ပင် ရှုံးနိမ့်မည် မဟုတ်ဟု ထင်မြင်ထားသည်။
ဝေ့ရုံကလည်း စုန့်ချန်ရှန်းကို ကြည့်နေပြီး သူမ၏ ရင်ထဲတွင် ရှုပ်ထွေးနေသည်။စုန့်ချန်ရှန်းက သူမအပေါ် နက်ရှိုင်းသော အမှတ်တရများ ချန်ထားခဲ့သူပင်။
လျှို့ဝှက်ဆန်းကြယ်ပြီး အစွမ်းထက်ကာ မောက်မာသောသူ…
စုန့်ချန်ရှန်းက အကြည့်ကို ရုပ်သိမ်း၍ ဝေကျင်းကို ကြည့်ကာ ….
"မင်း ဘာလို့ ဒီလောက်တောင် ဒဏ်ရာ ရလာတာလဲ..."
ဝေကျင်းက လက်ညှိုးထိုး၍ အံကြိတ်ကာ..
"အဲဒီ လူလုပ်တာ..."
ဤစကားကို ကြားသောအခါ စုန့်ချန်ရှန်း ခေါင်းလှည့်ကြည့်လိုက်တော့ တင်းကျပ်စွာ ကြုတ်ထားသော မျက်ခုံးများမှာ ပြေလျော့သွားသည်။
"သူ ဘယ်သူလဲဆိုတာ မသိပေမဲ့ သူက တကယ်ကို အစွမ်းထက်ပြီး မောက်မာတဲ့ ပုံစံနဲ့ ပြုမူနေတာ..." ဟု ဝေကျင်းက မကျေမနပ်ဖြင့် ဆိုလိုက်သည်။
စစ်နတ်ဘုရား မြေအောက်နန်းတော်ထဲသို့ ရောက်ရှိပြီးနောက် စွမ်းအားကို အပြည့်အဝ မထုတ်သုံးရသေးခင်မှာပင် ဒဏ်ရာရခဲ့ပြီး သမီးဖြစ်သူ၏ ရှေ့တွင် အရှက်ရခဲ့ရသည်။ ဤအချက်က လီချင်းချိုးကို အလွန် မုန်းတီးသွားစေသည်။
စုန့်ချန်ရှန်းက လီချင်းချိုးကို အဝေးမှနေ၍ ကြည့်လိုက်ပြီး …
"သူ နင့်ကို မသတ်ခဲ့တာကိုက အတော်သက်ညှာပေးထားတာပဲ…လက်တုံ့ပြန်ဖို့စိတ်တောင်မကူးနဲ့…ငါတောင် သူ့ပြိုင်ဘက်မဖြစ်နိုင်ဘူး…”
ဤစကားကို ကြားသောအခါ ဝေကျင်း၏ မျက်လုံးများ ပြူးကျယ်သွားပြီး ဖရိုဖရဲ ဖြစ်နေသော ဆံပင်များက ထိတ်လန့်မှုကို မဖုံးကွယ်နိုင်တော့ချေ။
စုန့်ချန်ရှန်း မည်မျှ ထောင်လွှားမောက်မာသည်ကို သူအသိဆုံးပင်။ အဆင့်မြင့်သည့် အကျော်အမော်များနှင့် ရင်ဆိုင်ရသည့်တိုင် ဦးညွှတ်ခြင်းမရှိခဲ့ပေ။
"မင်း ဘယ်လိုလုပ်ပြီး အဲဒီလူကို အဲဒီလိုစကားမျိုး ပြောရတာလဲ…"
ဘေးတွင် ရပ်နေသည့် ဝေ့ရုံက စုန့်ချန်ရှန်းကို ကြည့်ရင်း စိတ်ထဲတွင် ဝေခွဲမရဖြစ်နေသည်။
စုန့်ချန်ရှန်းက…
"ငါ မှားမတွက်ဘူးဆိုရင် သူ့ကို ဒုက္ခပေးခဲ့တာ မင်းပဲဖြစ်မယ်… ငါ မင်းကိုပေးထားတဲ့ ဓားစွမ်းအင်ကို သူခံစားမိလို့သာ နင့်ကို မသတ်ခဲ့တာ…”