← Chapters

အခန်း ၃၉၃

Vol. 40 Ch. 393

အခန်း ၃၉၃

Vol. 40 Ch. 393

အခန်း (၃၉၃) - လျှို့ဝှက်ဆန်းကြယ်သော မိစ္ဆာဓား

​စုန့်ချန်ရှန်းက လီချင်းချိုးကို သိကျွမ်းနေသည်ကို မြင်သောအခါ ဝေကျင်း အံ့အားသင့်သွားသည်။ ထိတ်လန့်သွားသော်လည်း လီချင်းချိုးအပေါ် ထားရှိသည့် မကျေနပ်ချက်များလည်း ထိုအချက်ကို သိလိုက်ရချိန်တွင် များစွာ လျော့ပါးသွားခဲ့သည်။

"သူကလည်း မင်းရဲ့ ကြီးမားတဲ့ အစီအစဉ်ထဲမှာ ပါဝင်နေတာလား"

​ဝေကျင်း မတတ်သာဘဲ မေးလိုက်ရသည်။ သူ့လေသံထဲတွင် မျှော်လင့်ချက်များ ပြည့်နှက်နေသည်။ ထိုသို့သောသူမျိုးကို အပေါင်းအဖော်အဖြစ် ရရှိခြင်းမှာ အလွန်ကောင်းမွန်သော အရာတစ်ခုပင်။ ထိုအကြောင်းကို တွေးမိရုံနှင့်ပင် သူ စိတ်လှုပ်ရှားနေမိသည်။ လီချင်းချိုးအပေါ် ထားရှိသည့် အငြိုးအတေးများကိုတော့ ဘေးဖယ်ထားလိုက်ပြီ ဖြစ်သည်။

​စုန့်ချန်ရှန်းက ဘာမှပြန်မဖြေဘဲ ဘေးသို့ လျှောက်သွားကာ တရားထိုင်ရန် ထိုင်လိုက်ပြီး….

"အရင်ဆုံး ကိုယ့်ရဲ့ အခြေအနေကို ပြန်လည်ချိန်ညှိလိုက်ဉီး… နောက်ထပ် ကြည့်ကောင်းမယ့် ပွဲကြီးပွဲကောင်းတွေ ပေါ်လာတော့မှာမို့လို့"

​ထိုစကားကြောင့် နောက်တစ်ဆင့် ဘာဖြစ်လာမည်ကို ဝေကျင်း ခန့်မှန်းမိသည်။ သူသည် ခေါင်းကိုလှည့်၍ ကျင့်ကြံသူ ထောင်ပေါင်းများစွာကို တစ်ယောက်တည်း ရင်ဆိုင်နေသည့် လီချင်းချိုးကို ကြည့်လိုက်သည်။

သူ့မျက်လုံးများထဲတွင် မျှော်လင့်ချက်နှင့် စိတ်လှုပ်ရှားမှုများ ပြည့်နှက်နေသည်။ လီချင်းချိုးနှင့် ရင်ဆိုင်ရခြင်းက ကြောက်စရာကောင်းလှသော်လည်း လီချင်းချိုး အခြားသူများကို မည်သို့ ကိုင်တွယ်ဖြေရှင်းမည်ကို သူ အမှန်တကယ် မြင်တွေ့ချင်နေမိသည်။ အနည်းဆုံးတော့ သူ့သမီး သိသွားစေချင်သည်။ ဖခင်ဖြစ်သူက အသုံးမကျသောသူ မဟုတ်ဘဲ ပြိုင်ဘက်ကသာ အလွန်အစွမ်းထက်နေခြင်းကိုပင်။

​ဝေရုံကတော့ သူမ၏ ဖခင် ဘာကို တွေးတောနေသည်ကို နားမလည်သော်လည်း ထိုသူသည် နတ်သမီးအစ်မကြီး (စုန့်ချန်ရှန်း)၏ မိတ်ဆွေဖြစ်ဟန်ရှိသည်ကိုတော့နားလည်သွားသည်။ ထိုသူက သူ့ဖခင် ပြင်းထန်စွာ ဒဏ်ရာရနေချိန်တွင် အခွင့်ကောင်းယူ၍ မသတ်ဖြတ်ခဲ့သည်မှာ အံ့ဩစရာ မဟုတ်တော့ပေ။

သူမ သေချာစဉ်းစားကြည့်လိုက်သောအခါ တဖက်လူကို စတင်ရန်စခဲ့သူမှာ သူ့ဖခင်ပင် ဖြစ်ကြောင်း သဘောပေါက်သွားသည်။ ထိုအခါ လီချင်းချိုးအပေါ် သူမ၏ အမြင်များ ပိုမိုကောင်းမွန်လာပြီးနောက် လီချင်းချိုး သူမကို ပြောခဲ့သည့် စကားများကို ပြန်သတိရမိသည်။

သူမ၏ ဖခင်က သူမအပေါ် တကယ်ပဲ မစိုးရိမ်ခဲ့ဘူးလား… သူမကို ဤနေရာသို့ အခြားရည်ရွယ်ချက် တစ်ခုခုကြောင့် ခေါ်လာခဲ့ခြင်းလား။

ခရီးစဉ်တစ်လျှောက် ကြုံတွေ့ခဲ့ရသမျှက ဤနေရာက မည်မျှ အန္တရာယ်များကြောင်း သူမကို နားလည်စေခဲ့ပြီး သူမက ဖခင်ဖြစ်သူအတွက် ဝန်ထုပ်ဝန်ပိုးတစ်ခု ဖြစ်နေကြောင်းကိုလည်း သိရှိလိုက်သည်။ စီနီယာလင်းနောက်သို့ လိုက်ပါသွားခြင်းကသာ ပို၍ လုံခြုံလိမ့်မည်ဟု သူမ ခံစားရသည်။

​မြေအောက်လိုဏ်ဂူအတွင်းသို့ ဝင်ရောက်လာသော ကျင့်ကြံသူအရေအတွက်က တိုးပွားလာနေသည်မှာ စစ်နတ်ဘုရား နန်းတော်အတွင်း စွန့်စားနေကြသော ကျင့်ကြံသူအားလုံး ဤနေရာတွင် စုဝေးနေကြသကဲ့သို့ပင်။

ယင်ကျင်းရှင်းသည်လည်း ဧရာမ ကြေးဝါတံခါးကြီး၏ နောက်ကွယ်မှ စွမ်းအားအရှိန်အဝါကို တဖြည်းဖြည်းချင်း စတင်ခံစားမိလာသည်။ ထိုအရှိန်အဝါက သူ့ကို ကြောက်ရွံ့မှုနှင့်အတူ ပိုင်ဆိုင်ချင်စိတ်ကို ဖြစ်ပေါ်စေသည်။

"လီပိုင်... ဒါ တကယ်ပဲ အဆင်ပြေပါ့မလား" ဟု ကျိုးလင်ဟွမ်းက လီချင်းချိုးကို မေးမြန်းလိုက်သည်။

သူမ လီချင်းချိုးကို တကယ်ပင် နားမလည်နိုင်ပေ။ ယခင် အတူရှိခဲ့စဉ်အခါက လီချင်းချိုးကို နှိမ့်ချတတ်သူဟု ထင်ခဲ့သော်လည်း ယခုတော့ အလွန်အမင်း မောက်မာနေသည်ဟု သူမ ယူဆသည်။

လီချင်းချိုးက အဖြေမပေးဘဲ မျက်လုံးများကိုမှိတ်ကာ စွမ်းအားစုစည်းနေသည်။ တကယ်တော့ တုကူးကျွမ့်တင်းနှင့် တိုက်ခိုက်စဉ်ကပင် သူ စွမ်းအားအပြည့် မသုံးခဲ့ခြင်းဖြစ်သည်။ တိုက်ပွဲစတင်သည်နှင့် သူ နောက်ထပ် အလျှော့ပေးတော့မည် မဟုတ်ပေ။

​ထိုစဉ်မှာပင် ဖန်းပိုမို၏ မျက်နှာထား တင်းမာသွားပြီး ကျိုးလင်ဟွမ်းလည်း အဝေးသို့ လှမ်းကြည့်လိုက်သည်။ အားကောင်းလှသော အရှိန်အဝါတစ်ခု နီးကပ်လာသဖြင့် အားလုံး ထိတ်လန့်သွားကြသည်။

ထိုစဉ် "ဖန်းပိုကျဲ့ ရောက်လာပြီ!" ဟု တစ်စုံတစ်ယောက်က ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။ အမှောင်ထုထဲမှ မည်းနက်သော မီးခိုးငွေ့များ လှိမ့်တက်လာပြီး အနက်ရောင်ဝတ်စုံ ဝတ်ဆင်ထားသော ကျင့်ကြံသူအများအပြား ပျံသန်းထွက်ပေါ်လာသည်။ သူတို့၏ တည်ငြိမ်လှသော အရှိန်အဝါများက မည်သည့်ဂိုဏ်းနှင့်မျှ မတူပေ။

တုကူးကျွမ့်တင်းက ဒေါသတကြီးနှာမှုတ်လိုက်ပြီး အမှောင်ထုထဲသို့ အေးစက်စွာစိုက်ကြည့်နေသည်။ထိုအပြုအမူအရဆို နောက်ထပ်ရောက်လာသူကို မကြိုဆိုသည့်သဘောပင်။

အထွတ်အထိပ် မသေမျိုးဂိုဏ်းမှ ချောင်လင်ရှောင်းကလည်း မထီမဲ့မြင်ပြုသည့် အမူအရာကို ပြသလိုက်ပြီး သူ၏ဘေးတွင် စိုက်ထားသော လှံရှည်မှ အေးစက်သော အရောင်အဝါကို ဖြာထွက်နေသည်။​အမှောင်ထုထဲမှ ပုံရိပ်တစ်ခု ထွက်ပေါ်လာပြီး လေပေါ်တွင် လမ်းလျှောက်လာသည်။ ကျူထျန်းဂိုဏ်းမှ ကျင့်ကြံသူများ ဝန်းရံထားသော ထိုသူ၏ အရှိန်အဝါက တုကူးကျွမ့်တင်းထက် မလျော့နည်းပေ။ သူသည် ဖန်းပိုမို၏ အစ်ကိုဖြစ်သူ ဖန်းပိုကျဲ့ ဖြစ်သည်။ ခရမ်းရောင် ပုံစံများပါသော အနက်ရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး သူ့ကျောပြင်တွင် နဂါးနှစ်ကောင် တိုက်ခိုက်နေသကဲ့သို့ ပုံဖော်ထားသည်။ ဆံပင်များက မီးခိုးရောင်နှင့် အဖြူရောင် ရောနှောနေပြီး မျက်ခုံးနှစ်ခုကြားတွင် မျက်လုံးတစ်လုံးကဲ့သို့ ထင်မှတ်ရသော ဒေါင်လိုက်လိုင်းတစ်ခု ရှိနေသည်။သူ့နောက်တွင် ညီငယ်ဖြစ်သူ ဖန်းပိုရှဲ့ လိုက်ပါလာသည်။

တုကူးကျွမ့်တင်းက အာဏာရှင်ဆန်ပြီး တည်ကြည်ခန့်ညားသော်လည်း ထိုသူက သတ္တဝါအပေါင်းတို့၏ သေခြင်းရှင်ခြင်းကို လက်တစ်ဖက်တည်းဖြင့် ထိန်းချုပ်ထားသော အရှင်သခင်ကဲ့သို့ စွမ်းအားကြီးမားလှသည်။

"အချစ်ဆုံး ...ငါနဲ့ အစ်ကိုကြီ မင်းကို ရှာဖို့ ဘယ်လောက်တောင် ပင်ပန်းခဲ့ရလဲဆိုတာ သိလား" ဟု ဖန်းပိုရှဲ့က ရယ်မောပြောဆိုလိုက်သည်။

သူ့ရယ်သံများက မြေအောက်လိုဏ်ဂူအတွင်းသို့ ပဲ့တင်ထပ်သွားသည်။

​ဂိုဏ်းအသီးသီးမှ ကျင့်ကြံသူများက ကျူထျန်းဂိုဏ်းမှ ဖန်းမိသားစု၏ ပဋိပက္ခအကြောင်း ကြားဖူးကြသော်လည်း ထိုဇာတ်လမ်းကို စိတ်ဝင်တစား ကြည့်ရှုနေရန် စိတ်မပါကြပေ။ သူတို့၏ အကြည့်များက ဖန်းပိုကျဲ့ထံ၌သာ စူးစိုက်နေကြသည်။

​ဤလူသည် လူသားဧကရာဇ် ခေါင်းလောင်းကို ရရှိရန် အလားအလာ အရှိဆုံးသူ ဖြစ်မည်ကို လူတိုင်း သိရှိထားကြသည်။

​"ဖန်းပိုကျဲ့… ကျူထျန်းဂိုဏ်းရဲ့ လူငယ်ပါရမီရှင်… သူက ဂိုဏ်းရဲ့ ဂုဏ်ထူးဆောင် အကြီးအကဲနဲ့ ဂိုဏ်းချုပ်ရဲ့ သားကြီးလည်း ဖြစ်တယ်… မိုးပြာနဂါးစာရင်းမှာ အဆင့် ၅ မှာ ရှိတာမို့ သူရဲ့ ကျင့်ကြံမှုအဆင့်က အလွန်မြင့်မားတယ်…နောက်နှစ်အနည်းငယ်အတွင်းမှာ သူ မိုးပြာနဂါးစာရင်းကနေ ထွက်သွားတော့မှာ… သူရဲ့ ပါရမီက ကျန်းဟုန်းမင်လောက် မကောင်းနိုင်ပေမဲ့ လက်ရှိ စွမ်းအားအရဆိုရင် ကျန်းဟုန်းမင်ထက် ပိုသာတယ်"

​ကျိုးလင်ဟွမ်းက လျင်မြန်စွာ ပြောလိုက်သည်။ တစ်စုံတစ်ယောက်ကို ဤမျှအထိ သတိထားမိခြင်းမှာ သူမအတွက် ပထမဆုံးအကြိမ်ပင်။

ဖန်းပိုမိုကတော့ ပို၍ပင် စိုးရိမ်ထိတ်လန့်လာသည်။ ယွမ်လီနှင့် ယင်ကျင်းရှင်းတို့လည်း မိစ္ဆာသခင်တစ်ဦးနှင့် ဆင်တူသော ဖန်းပိုကျဲ့ကို ကြည့်ကာ ကြီးမားသော ဖိအားကို ခံစားလိုက်ရသည်။

ဖန်းပိုကျဲ့ကို ဝန်းရံထားသော မည်းနက်သောစွမ်းအားများက ငရဲပြည်မှ မိစ္ဆာတစ်ကောင်သဖွယ် ကောင်းကင်နှင့် မြေကြီးကိုပင် ဝါးမြိုပစ်တော့မည့်ပုံ။

ရှေးဟောင်း သန့်စင်သော ခန္ဓာကိုယ်ပိုင်ရှင်များက အန္တရာယ်ကို ပို၍ အာရုံခံနိုင်ကြသဖြင့် ဖန်းပိုကျဲ့ မည်မျှ ကြောက်စရာကောင်းကြောင်းကို သူတို့ ပို၍ သိရှိနေကြသည်။ ဤသူသည် တုကူးကျွမ့်တင်းထက် မည်သို့မျှ အားမနည်းပေ။

​ဖန်းပိုကျဲ့က အောက်က ကျင့်ကြံသူများကို လုံးဝ ဂရုမစိုက်ဘဲ တည်ငြိမ်နေသည်။ သူ့အကြည့်များက တုကူးကျွမ့်တင်းထံ ရောက်သွားပြီး ဒဏ်ရာရနေသည်ကို မြင်ရသော်လည်း အမူအရာ ပြောင်းလဲသွားခြင်း မရှိပေ။ မကြာမီပင် လီချင်းချိုးထံသို့ အကြည့်ကို ရွှေ့လိုက်သည်။ သူ့အကြည့်က လေဟာနယ်ကို ဖြတ်ကျော်လာသည့် ထက်မြက်သော ဓားတစ်လက်လိုစူးရှသဖြင့် လီချင်းချိုးကို မျက်လုံးဖွင့်လိုက်စေသည်။

လီချင်းချိုးက မျက်နှာဖုံး တပ်ဆင်ထားသော်လည်း သူ့မျက်လုံးများက ဖန်းပိုကျဲ့၏ အကြည့်ကို အနည်းငယ် ပြောင်းလဲသွားစေသည်။

"ပြိုင်ဘက် အစစ်အမှန်ပဲ!" ဟု နှစ်ဦးစလုံး တစ်ဦးကိုတစ်ဦး သတ်မှတ်လိုက်ကြသည်။

​ဖန်းပိုကျဲ့က အခြားသူများကဲ့သို့ ရပ်တန့်မနေဘဲ လီချင်းချိုးတို့အဖွဲ့ဆီသို့ တိုက်ရိုက် လျှောက်လာခဲ့သည်။ ကျူထျန်းဂိုဏ်းမှ ကျင့်ကြံသူ ရာနှင့်ချီ၍လည်း နောက်မှ ပါလာကြသည်။ လူအနည်းငယ်သာ ရှိသော်လည်း သူတို့၏ ချီတက်မှုက တပ်မတော်ကြီးတစ်ခုနှင့် တူညီနေသည်။

လီချင်းချိုးသည် ကျူထျန်းဂိုဏ်းမှ ကျင့်ကြံသူအားလုံး ဝိညာဉ်အာရုံခံအဆင့် အဆင့် ၉ တွင် ရှိနေကြသည်ကို သိလိုက်သည်။ ဝိညာဉ်အာရုံခံအဆင့် ၉ ရှိသူ ရာနှင့်ချီခြင်းမှာ မည်မျှ အင်အားကြီးမားသော အခြေခံအုတ်မြစ်နည်း။

ဤသည်မှာပင် ကျူထျန်းဂိုဏ်း၏ အပြည့်အဝ အင်အား မဟုတ်သေးပေ။ တစ်ချိန်တည်းမှာပင် ဝိညာဉ်အာရုံခံအဆင့် ၉ နှင့် ကောင်းကင်နေမင်းနယ်ပယ်၏ ကွာဟချက်က သူထင်ထားသည်ထက် ပိုမိုကြီးမားကြောင်း နားလည်သွားသည်။

ကျင့်ကြံရေးလမ်းစဉ်တွင် ပါရမီသည် နောက်ပိုင်းအဆင့်များ၌ အလွန်အရေးပါလာပြီး အခွင့်အရေးဆိုသည်မှာ ပါရမီထက်ပင် ပို၍ တန်ဖိုးရှိလှသည်။

​လီချင်းချိုး ထရပ်လိုက်သည်နှင့် ယွမ်လီ၊ ယင်ကျင်းရှင်း၊ ကျိုးလင်ဟွမ်းနှင့် ဖန်းပိုမိုတို့အားလုံးလည်း ထရပ်လိုက်ကြသည်။

လီချင်းချိုး၏ ခန္ဓာကိုယ်မှ ဓားစွမ်းအင်အနည်းငယ် ထွက်ပေါ်လာပြီး သူ့ပုံစံနှင့် တထပ်တည်းတူသည့် ဓားဆန္ဒအဖြစ် ပေါင်းစပ်သွားသည်။

"အဝေးကို မသွားနဲ့" ဟု လီချင်းချိုး အမိန့်ပေးလိုက်တော့ လေးဦးစလုံးသည် သူ့အနီးသို့ စုရုံးလာကြသည်။

ဖန်းပိုမိုကတော့ ထိုဓားဆန္ဒကို စိတ်ဝင်တစား ကြည့်နေမိသည်။

ဒီလူက တကယ်ပဲ ဓားကျင့်ကြံသူတစ်ဦးလား….

​ဖန်းပိုကျဲ့တေယောက် ကျူထျန်းဂိုဏ်းဝင်များကို ဦးဆောင်ကာ ဧရာမ ကြေးဝါတံခါးကြီးဆီသို့ ချီတက်လာသည်ကို မြင်သောအခါ အခြားဂိုဏ်းများမှ ကျင့်ကြံသူများလည်း ထရပ်လိုက်ကြသည်။

ဧကရာဇ်ခေါင်းလောင်းက တံခါးနောက်ကွယ်တွင် ရှိနေမည်ဟု သူတို့ အာရုံခံမိကြသည်။ ဖန်းပိုကျဲ့က အလွန်သန်မာသော်လည်း သူ့ကို ယှဉ်နိုင်မည့်သူများလည်း ရှိနေသည်။ ရှုပ်ထွေးနေသော တိုက်ပွဲကြားတွင် မည်သူ အောင်မြင်မည်ကို မည်သူမျှ မသိနိုင်ပေ။

ဧကရာဇ်ခေါင်းလောင်းကဲ့သို့သော ရှေးဟောင်းရတနာများတွင် ဝိညာဉ်ရှိပြီး ပိုင်ရှင်ကို သူတို့ဘာသာ ရွေးချယ်တတ်သည်။ ထို့ကြောင့်ပင် ဝိညာဉ်အာရုံခံအဆင့် ကျင့်ကြံသူများက နောက်တစ်ယောက်ပြီး တစ်ယောက် လိုက်ပါလာရဲကြခြင်းဖြစ်သည်။

​ကျင့်ကြံသူ နှစ်ထောင်နီးပါး ထရပ်လိုက်ပြီး သူတို့ဆီသို့ အကြည့်များ ပို့လိုက်ကြရာ ဖန်းပိုမိုပင် ကြက်သီးမွေးညှင်းများ ထသွားသည်။ သူတို့ထဲတွင် သူအကြောက်ဆုံးဖြစ်သည့် အစ်ကိုကြီးလည်း ပါဝင်နေသည်။တော်ရုံ အကြောက်အလန့်မရှိသည့် ယွမ်လီနှင့် ယင်ကျင်းရှင်းတို့ပင် အနည်းငယ် တင်းမာနေကြသည်။

ကျင့်ကြံသူပေါင်းများစွာ လက်နက်ကိုယ်စီကိုင်စွဲ၍ တိုက်ခိုက်ကြတော့မည့် အနေအထားက တကယ့်ကို ကောင်းကင်ကြီးပြိုကျလာတော့မည့်အလားပင်။

ကျိုးလင်ဟွမ်းလည်း အလွန်ထိတ်လန့်နေပြီး လီချင်းချိုး၏ ဓားဆန္ဒအနီးသို့ ပိုမိုတိုးကပ်သွားကာ..

" ရူးနေတာလား…ဒီလောက်များတဲ့ လူတွေကို တစ်ယောက်တည်း ရင်ဆိုင်ဖို့ ကြိုးစားနေတာလား" ဟု တွေးလိုက်သည်။

ဖန်းရွှမ်သည် ထိုမြင်ကွင်းကို မျက်မှောင်ကြုတ်လျက် ကြည့်နေသည်။

ကျန်းဟုန်းမင်က "သူ အတော်လေး ယုံကြည်မှု ရှိပုံရတယ်… ငါတို့ အဲ့ဒီနားကို သွားပြီး ရှုပ်ထွေးနေတဲ့ တိုက်ပွဲကြားထဲမှာ စွမ်းအားလက်စွပ်ကို ကာကွယ်ရမယ်" ဟု ဆိုလိုက်တော့ ဖန်းရွှမ်ကလည်း ခေါင်းညိတ်လိုက်သည်။

တုကူးကျွမ့်တင်းသည်လည်း အသက်ပြင်းပြင်းရှူ၍ ထရပ်ကာ လီချင်းချိုးကို ရင်ဆိုင်ရန် ကြည့်လိုက်သည်။

ဝေကျင်းကတော့ လီချင်းချိုးကို မိမိလူဟု သတ်မှတ်ပြီးဖြစ်၍ "သူ့ကို သွားကူရမလား" ဟု တိုးတိုးလေး မေးလိုက်သည်။

"ဘယ်လို ကူရမှာလဲ… ငါတို့ရဲ့ ပန်းတိုင်က ဧကရာဇ်ခေါင်းလောင်းပဲ" ဟု စုန့်ချန်ရှန်းက တည်ငြိမ်စွာ ဖြေကြားလိုက်သည်။

​ချောင်လင်ရှောင်းက လှံရှည်ကို တင်းကျပ်စွာ ကိုင်ထားပြီး ကြေးဝါတံခါးကြီးဆီသို့ ပျံသန်းသွားရင်း အောက်ကိုငုံ့ကြည့်လိုက်တော့ လီချင်းချိုးက ရှေ့သို့ အနည်းငယ် တိုးလိုက်ကာ ခါးမှ ဓားကို ဆွဲထုတ်လိုက်သည်ကို မြင်လိုက်ရသည်။

"စိတ်ဝင်စားစရာပဲ" ဟု ချောင်လင်ရှောင်းက ရေရွတ်လိုက်သည်။

ယခုဆို ဖန်းပိုကျဲ့က ကျင့်ကြံသူများ၏ခေါင်းဆောင်သဖွယ်ဖြစ်နေသည်။ဖန်းပိုကျဲ့ လက်ျာလက်ကို မြှောက်လိုက်တော့ လေဟာနယ်ထဲမှ အနက်ရောင်ဓားရှည်တစ်လက် ပေါ်ထွက်လာသည်။ထိုဓားက အတော်လေးရှည်လျားပြီး မည်းနက်တောက်ပနေသည်။ပုံသဏ္ဍန်ကလည်း အတော်ထူးဆန်းသည်။ အသွားနှစ်ဖက်တွင် ငမန်းစွယ်လို ဓားသွားများပါရှိပြိီး ဓားဉီးပိုင်းကတော့ ငါးမျှားချိတ်နှစ်ခုသဖွယ် ခရင်းခွပုံစံဖြစ်နေသည်။ထိုဓားကို ဆွဲထုတ်လိုက်သည်နှင့် ကောင်းကင်ပြိုလောက်သော သတ်ဖြတ်လိုစိတ်များ ပေါ်ထွက်လာသည်။

လီချင်းချိုးပင် မျက်နှာဖုံးအောက်မှ မျက်ခုံးကို ပင့်လိုက်မိသည်။

"အဲ့ဒီဓားက နာမည်ကျော် ဓားစံအိမ်က ထုလုပ်ထားတဲ့ နတ်ဘုရားဓားကိုးလက်ထဲက တစ်လက်ဖြစ်တဲ့ ရွမ်ရှား နတ်ဓားပဲ… တစ်ခါမိသွားရင် ရှင့်ရဲ့ အတွင်းအားတွေ ပြိုကွဲသွားလိမ့်မယ်" ဟု ကျိုးလင်ဟွမ်းက သတိပေးလိုက်သည်။

​ထိုစဉ် ဖန်းပိုကျဲ့၏ ပုံရိပ်က ရုတ်တရက် အရှိန်မြှင့်တင်လိုက်ပြီး လီချင်းချိုးထံသို့ ဝင်ရောက်လာသည်။ထိုအခါ လီချင်းချိုးလည်း လှုပ်ရှားလိုက်သည်။

​ချွမ်……

​ဓားနှစ်လက် ထိခိုက်မိသံက မြေအောက်လိုဏ်ဂူအတွင်းရှိ အခြားအသံအားလုံးကို ဖုံးလွှမ်းသွားသည်။ လီချင်းချိုးက ဖန်းပိုကျဲ့၏ဓားချက်ကို ဓားစွမ်းအင်ဖြင့် ဖုံးအုပ်ထားသော သာမန် ချင်းရှောင်ဓားဖြင့် ခုခံလိုက်သည်။

ထိုအခါ ဖန်းပိုကျဲ့၏ ရွှမ်ရှားနတ်ဓားမှ မည်းနက်သော မိစ္ဆာစွမ်းအားများ လူးလာတက်လာကာ လီချင်းချိုးကို ဝါးမြိုရန် ကြိုးစားနေတော့သည်။

​

All Chapters