အခန်း ၃၉၄
Vol. 40 Ch. 394
အခန်း (၃၉၄) - စစ်နတ်ဘုရား
လီချင်းချိုးလည်း ဖန်းပိုကျဲ့၏ ပြင်းထန်သော ဓားစွမ်းအင်ကို အာရုံခံမိပြီး စွမ်းအားကို အကဲဖြတ်လိုက်သည်။
ဤသူ၏ စွမ်းအားများက တုကူးကျွမ့်တင်းထက် မလျော့နည်းပေ။ လက်ထဲတွင် ရွှမ်းရှားနတ်ဓားကို ကိုင်ဆောင်ထားသဖြင့် သူသည် စစ်နတ်ဘုရား နန်းတော်တွင် အစွမ်းထက်ဆုံးသူ ဖြစ်ပေလိမ့်မည်။ သို့သော် ထိုသူ၏ ကံမကောင်းသည့်အချက်မှာ လီချင်းချိုးနှင့် တွေ့ဆုံခြင်းပင်ဖြစ်ပြီး ၎င်းမှာ ရှုံးနိမ့်ခြင်းဆီသို့ ဦးတည်နေခြင်းဖြစ်သည်။
လီချင်းချိုးလည်း ဓားစွမ်းအင်ကို အစွမ်းကုန် ထုတ်လွှတ်လိုက်သည်။အကြိမ်တရာသန့်စင်သော မိစ္ဆာခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသူ ဖြစ်သည့်အားလျော်စွာ သူ့ရဲ့ ဓားစွမ်းအင်များက အဆင့်တူ ကျင့်ကြံသူများထက် အဆတစ်ရာ ပိုမိုပြင်းထန်သည်။ စုန့်ချန်ရှန်းလောက် မသန်မာသေးသော်လည်း ဖန်းပိုကျဲ့နှင့်တော့ ယှဉ်ပြိုင်နိုင်သည်။
လီချင်းချိုး၏ ပြင်းထန်သော ဓားစွမ်းအင်က ဖန်းပိုကျဲ့ကို နောက်သို့ ဆုတ်ခွာသွားစေသဖြင့် ဖန်းပိုကျဲ့ အံ့ဩသွားသည်။
လီချင်းချိုးကမူ အတွင်းစိတ်တွင် သက်ပြင်းချလိုက်မိသည်။ စုန့်ချန်ရှန်းတယောက် အဘယ်ကြောင့် ခေတ်အဆက်ဆက်၏ ဧကရီ ဖြစ်လာသနည်းဆိုသည်ကို သူ နားလည်သွားသည်။ သူမတွင်လည်း မိမိထက် ကျော်လွန်၍ တိုက်ခိုက်နိုင်စွမ်း ရှိခဲ့ပြီး လီချင်းချိုးကသာ သူမကို အနိုင်ယူခဲ့ခြင်းဖြစ်သည်။
လီချင်းချိုးက အစ်ကိုဖြစ်သူကို အနိုင်ယူလိုက်သည်ကို မြင်ရသောအခါ ဖန်းပိုမို၏ မျက်နှာပေါ်တွင် ဝမ်းသာမှုများပေါ်လွင်လာပြီး စိုးရိမ်စိတ်များလည်း လျော့ပါးသွားသည်။ သူ ရွေးချယ်လိုက်သူက အမှန်တကယ်ပင် မှန်ကန်ကြောင်း သိလိုက်ရသည်။
ဖန်းပိုကျဲ့နှင့် လီချင်းချိုးတို့ တိုက်ခိုက်နေစဉ်အတွင်း အခြားဂိုဏ်းများမှ ကျင့်ကြံသူများက လီချင်းချိုးကို ကျော်ဖြတ်၍ လူသားဧကရာဇ် ခေါင်းလောင်းကို လုယူရန် ကြိုးစားကြသည်။ အင်အားရာပေါင်းများစွာ၏ အရှိန်အဝါကို ရင်ဆိုင်ရစဉ် ကျိုးလင်ဟွမ်း၊ ဖန်းပိုမို၊ ယွမ်လီနှင့် ယင်ကျင်းရှင်းတို့ အလွန် ကြောက်လန့်နေကြသည်။ ယွမ်လီနှင့် ယင်ကျင်းရှင်းတို့က ရှေးဟောင်း သန့်စင်သော ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသော်လည်း သူတို့၏ သွေးနှင့် ချီစွမ်းအားများ ဖိနှိပ်ခံလိုက်ရသည်။ထို့ကြောင့် လီချင်းချိုး၏ ဓားကိုယ်ပွားအနားသို့ အလိုလို တိုးကပ်သွားကြသည်။
လီချင်းချိုးက သူတို့ကို လုပ်ချင်သလို လုပ်ခွင့်မပေးနိုင်ပေ။ ကျင့်ကြံသူ ရာနှင့်ချီ၍ တိုက်ခိုက်လာသော်လည်း လီချင်းချိုးကတော့ ထိတ်လန့်ခြင်း မရှိပေ။ သူသည် လက်ျာလက်ဖြင့် ချင်းရှောင်ဓားကို ဓားအိမ်ထဲပြန်ထည့်လိုက်ပြီးနောက် လက်ဝါးနှစ်ဖက်ဖြင့် ထိုးနှက်လိုက်သည်။
ထိုအခါ ပထမဆုံးအကြိမ်အဖြစ် အဆုံးမရှိသော မူလစွမ်းအင်များ ပေါက်ကွဲထွက်လာသည်။ သူ့နောက်မှ နဂါးပေါင်းထောင်ချီ ပေါ်ထွက်လာသကဲ့သို့ စွမ်းအင်လှိုင်းများက ကျင့်ကြံသူ ရာနှင့်ချီကို တိုက်ခိုက်လိုက်ရာ အားလုံး လွင့်စင်သွားကြသည်။ လီချင်းချိုး၏ ပုံရိပ်က လူတစ်သောင်းကို တစ်ယောက်တည်း ရင်ဆိုင်နိုင်သူကဲ့သို့ ဝတ်ရုံများ လေထဲတွင် လွင့်ပျံနေပြီး အလွန်အာဏာရှင်ဆန်နေလေသည်။
ဖန်းပိုကျဲ့ပင်လျှင် ထိုဖိအားကြောင့် ရှေ့သို့ မတိုးနိုင်တော့ဘဲ လီချင်းချိုး၏ စွမ်းအင်ကြောင့် အံ့ဩသွားသည်။ လမ်းတွင် ရောက်လာသည့် တုကူးကျွမ့်တင်းလည်း အံ့ဩသွားသည်။ သူက လီချင်းချိုးကို ရုပ်ပိုင်းဆိုင်ရာ ကျင့်ကြံသူဟု ထင်ခဲ့သော်လည်း ယခုအခါတွင်မူ ဓားစွမ်းအင်ရော၊ အသက်စွမ်းအင်ပါ ပြင်းထန်နေသည်ကို မြင်လိုက်ရသည်။ ဤသည်မှာ လီချင်းချိုး၏ ကျင့်ကြံမှုအဆင့် အလွန်မြင့်မားကြောင်း သက်သေပင်။
တုကူးကျွမ့်တင်းသာမက ချောင်လင်ရှောင်း၊ စုန့်ချန်ရှန်း၊ ကျန်းဟုန်းမင်နှင့် ဟေးရှ မိစ္ဆာသခင်တို့အားလုံး လီချင်းချိုး၏ မူလစွမ်းအင်ကို မြင်ပြီး ကြောက်ရွံ့သွားကြသည်။ သို့သော် သူတို့သည် လူသားဧကရာဇ် ခေါင်းလောင်းကို ရရှိရန် စိတ်ပိုင်းဖြတ်ထားကြသည်။
လီချင်းချိုးက ကြေးဝါတံခါးကြီးကို ကျောပေးလျက် လေထဲတွင် ရပ်တည်ကါ ကိုးကောင်းကင် နတ်ဘုရားလက်ဝါးကို ထုတ်သုံးလိုက်သည်။ သူ့ရဲ့ လက်ဝါးချက်များက နဂါးတစ်ကောင်ကဲ့သို့ ပြင်းထန်ပြီး တိုက်ခိုက်လာသမျှ ကျင့်ကြံသူများကို လှိုင်းလုံးများပမာ ရိုက်ချလိုက်သည်။ အားနည်းသော ကျင့်ကြံသူများမှာ သွေးအလိမ်းလိမ်း ဖြစ်ကုန်ပြီး အချို့မှာ သတိမေ့မြောသွားကြသည်။
ကောင်းကင်နေမင်းအဆင့်ရှိ အစွမ်းထက် ကျင့်ကြံသူများက သူတို့၏ နတ်ဘုရား ပညာရပ်များကို ထုတ်သုံးကြသည်။ အချို့က အပြာရောင်အလင်းတန်းအဖြစ် ပြောင်းလဲကာ လျှပ်စီးကဲ့သို့ ပျောက်ကွယ်သွားကြပြီး၊ အချို့မှာ လေထဲသို့ ပေါင်းစပ်သွားကာ၊ အချို့မှာ မြေကြီးထဲသို့ တိုးဝင်သွားကြသည်။
လီချင်းချိုး၏ ဥပဒေသတသောင်း ဝိညာဉ်မျက်လုံးကို မည်သူမျှ မလှည့်စားနိုင်ပေ။ သူသည် မြေပြင်ကို အားဖြင့် နင်းချလိုက်ရာ မြေအောက်သို့ တိုးဝင်နေသူများအားလုံး ပြန်ထွက်လာကြရသည်။ထို့နောက် လက်ဝါးချက်များကို မရပ်တန့်ဘဲ သင်ယူထားသမျှ ပညာရပ်များကို ဆက်တိုက် ထုတ်သုံးလေတော့သည်။
သူသည် ဝိဉာဉ်နှုတ်ဓားပျံ၊ တောင်သခင် နတ်ဘုရားမန္တာန် ၊ကိုးကောင်းကင် နတ်ဘုရားလက်ဝါး၊ မိစ္ဆာသတ် ရွှေလက်ဝါးစသည်တို့ကို ထုတ်သုံးကာ ကျင့်ကြံသူအားလုံးကို တားဆီးထားနိုင်သည်။
ဖန်းပိုကျဲ့က ဓားဖြင့် အားကုန် ခုတ်ချလိုက်တာ့ သတ်ဖြတ်လိုသော အရှိန်အဝါများ၊ မိစ္ဆာပုံရိပ်များ ပေါ်ထွက်လာသည်။ လီချင်းချိုးကလည်း ဓားရိပ်များကို ပုံဖော်လိုက်ပြီး ဖန်းပိုကျဲ့၏ အရှိန်အဝါကို ဖျက်ဆီးကာ သူ့ရှေ့သို့ ရောက်ရှိသွားသည်။
"ဝါး... အရမ်းမြန်တာပဲ!"
ဖန်းပိုကျဲ့က လီချင်းချိုးကို ဓားကျင့်ကြံသူဟုသာ ထင်ခဲ့သော်လည်း ရုပ်ပိုင်းဆိုင်ရာ ကျင့်ကြံမှုတွင်ပါ ထိုမျှ ကျွမ်းကျင်လိမ့်မည်ဟု မထင်ထားခဲ့ပေ။ ဒီတစ်ခါတွင်မူ ဓားစွမ်းအင်လည်း မပါ၊ အစီအရင်လည်း မပါဘဲ လီချင်းချိုးက ခွန်အားအပြည့်ဖြင့် လက်သီးတစ်ချက် ထိုးလိုက်သည်။
"ဘုန်း!"
ဖန်းပိုကျဲ့က ဓားဖြင့် ခုခံသော်လည်း သူတစ်ခါမျှ မခံစားဖူးသည့် ကြောက်မက်ဖွယ် ခွန်အားကြောင့် နောက်သို့ လွင့်စင်သွားသည်။ သူ့စိတ်အာရုံမှာ တစ်ခဏမျှ အဖြူရောင် ဖြစ်သွားသည်။ ကြည့်နေသူများအတွက်မူ လီချင်းချိုးက သူ့ကို လက်သီးဖြင့် ထိုးကာ မြေပြင်ထဲသို့ မြုပ်ဝင်သွားစေသည်။
လီချင်းချိုးက လုံးဝ အလျှော့မပေးတော့ဘဲ အစွန်းရောက်ရွေ့လျားမှုပညာရပ်ကို သုံးကာ ကျင့်ကြံသူတိုင်းကို လက်သီးဖြင့် ဆက်တိုက် ထိုးနှက်နေသည်။
"ဘုန်း! ဘုန်း! ဘုန်း..."
ကျင့်ကြံသူ တစ်ဦးပြီး တစ်ဦး မြေပြင်ပေါ်သို့ ပြိုကျသွားကြသည်။ လီချင်းချိုးက ခွန်အားကို တိကျစွာ ထိန်းချုပ်ထားသဖြင့် အားလုံး ပြင်းထန်စွာ ဒဏ်ရာရပြီး သတိမေ့သွားကြသော်လည်း အသက်မဆုံးရှုံးကြပေ။
ဖန်းပိုမိုနှင့် ကျိုးလင်ဟွမ်းတို့ခင်မျာ ထိုမြင်ကွင်းကို ပါးစပ်အဟောင်းသားနှင့် ကြည့်နေမိသည်။ သူတို့အရှေ့တွင် ရှိနေသူများက သာမန်လူများ မဟုတ်ဘဲ ဝိညာဉ်အာရုံခံအဆင့်နှင့် ကောင်းကင်နေမင်းအဆင့်ရှိ အစွမ်းထက် ကျင့်ကြံသူများ ဖြစ်ကြသည်။
မြေပြင် တုန်ခါနေပြီး နေရာအနှံ့တွင် ကျင်းကြီးများ ဖြစ်ပေါ်လာကာ လီချင်းချိုး၏ အရှိန်က အရိပ်များသာ မြင်နေရလောက်အောင် မြန်ဆန်နေသည်။
ကျန်းဟုန်းမင်သည်လည်း ဤမြင်ကွင်းကို မြင်ပြီးနောက် ဂိုဏ်းသားများကို အမြန်တားလိုက်ရသည်။ လီချင်းချိုး၏ စွမ်းအားများက သူတို့၏ တိုက်ခိုက်လိုစိတ်ကို လုံးဝ ဖျက်ဆီးပစ်လိုက်သည်။
တုကူးကျွမ့်တင်းက အခြားကျင့်ကြံသူများကို ကျော်ဖြတ်၍ ကြေးဝါတံခါးကို ထိုးရန် ပြင်လိုက်စဉ် သူ့ခြေသလုံးကို တစ်စုံတစ်ယောက် ဆုပ်ကိုင်လိုက်သည်ကို ခံစားလိုက်ရသည်။ လှည့်ကြည့်လိုက်သောအခါ လီချင်းချိုး ဖြစ်နေသည်။ လီချင်းချိုး၏ မျက်နှာဖုံး ကွဲအက်သွားသော်လည်း အေးစက်သော မျက်ဝန်းများဖြင့် သူ့ကို ကြည့်နေသည်။ လီချင်းချိုးက သူ့ကို တံမြက်စည်းလှည်းလိုက်သလို လွှဲပစ်လိုက်သဖြင့် တုကူးကျွမ့်တင်းခင်မျာ မိုင်ပေါင်းများစွာ လွင့်စင်သွားပြီး တောင်နံရံကို တိုက်မိကာ ဖုန်မှုန့်များအကြား ပျောက်ကွယ်သွားသည်။
ထို့နောက် ဟေးရှ မိစ္ဆာသခင်ကို ခြေထောက်ဖြင့် နင်းလိုက်တော့ သတိမေ့သွားပြီး မြေပြင်အောက်သို့ ပြုတ်ကျသွားသည်။
ထိုစဉ် ရုတ်တရက် လီချင်းချိုး၏ ပတ်ဝန်းကျင် ပြောင်းလဲသွားပြီး မိစ္ဆာနယ်မြေတစ်ခုအတွင်းသို့ ဆွဲခေါ်ခံလိုက်ရသည်။ ကြီးမားလှသော ပုံရိပ်ကြီးတစ်ခုက သူ့ကို ဖမ်းဆုပ်ရန် ကြိုးစားနေသည်။ထို့ကြောင့် ဖြောင့်မတ်သောချီစွမ်းအားများကို ထုတ်လွှတ်လိုက်ရာ ထိုနယ်မြေတစ်ခုလုံး ပြိုကွဲသွားပြီး အပြင်သို့ ပြန်ရောက်လာသည်။
အဝေးတွင် အဘိုးအိုတစ်ဦး သွေးအန်ပြီး လဲကျလုနီးပါး ဖြစ်နေသည်။
လီချင်းချိုးက တိုက်ပွဲကို ဆက်တိုက်နေပြီး မိစ္ဆာနယ်မြေများကို ဖျက်ဆီးနေသည်။ ဝေကျင်း၏ ရင်ခွင်ထဲတွင် ရှိနေသော ဝေရုံမှာ ဤမြင်ကွင်းကို ကြည့်ပြီး အမည်တစ်ခုကို သတိရသွားသည်။
"စစ်နတ်ဘုရား!"
ဤစစ်နတ်ဘုရား နန်းတော်တွင် အမှန်တကယ်ပင် စစ်နတ်ဘုရား တစ်ပါး ရှိနေခြင်းပင်။
စုန့်ချန်ရှန်းလည်း အံ့ဩနေသည်။ လီချင်းချိုးက သူတို့ တိုက်ခိုက်စဉ်က အစွမ်းကုန် မတိုက်ခိုက်ခဲ့ကြောင်း သူမ သိနေသည်။
ရုတ်တရက် အနက်ရောင် အလင်းတန်းတစ်ခု ဖြတ်သန်းလာပြန်သည်။
ဖန်းပိုကျဲ့တယောက် ဆံပင်များ ရှုပ်ပွပြီး သွေးများဖြင့် ပြန်ရောက်လာခြင်းပင်။ သူသည် ဓားဖြင့် လီချင်းချိုးကို ခုတ်လိုက်သော်လည်း လီချင်းချိုး၏ ဖြောင့်မတ်သောချီစွမ်းအားများက ဓားချက်ကို ပိတ်ဆို့ထားသဖြင့် ဓားပေါ်မှ မိစ္ဆာစွမ်းအားများ ပေါ်ထွက်လာသည်။
ဝေရုံ မကြည့်လိုက်မီမှာပင် အေးစက်သော အလင်းတန်းတစ်ခုက လီချင်းချိုးဆီသို့ ရောက်လာပြန်သည်။ လီချင်းချိုးက စွမ်းအားများဖြင့် ခုခံသော်လည်း ထိုအလင်းတန်းမှာ စွမ်းအားအလွှာကို ဖောက်ထွက်သွားပြီး မျက်နှာဖုံးလည်း အစိတ်စိတ်အမွှာမွှာ ကွဲအက်သွားသည်။
ထိုအရာမှာ ဖန်းထျန်းလှံရှည်ပင် ဖြစ်သည်။ ဤလက်နက်ပိုင်ရှင်ကလည်း သာမန်လူမဟုတ်ပေ။ လီချင်းချိုး လှည့်ကြည့်လိုက်တော့ မိုးပြာ နဂါးစာရင်းတွင် အဆင့် ၃ ရှိသော ချောင်လင်ရှောင်း ဖြစ်နေသည်။
ချောင်လင်ရှောင်းက လက်ျာလက်တွင် နဂါးစွမ်းအင်များ စုစည်းကာ ထိုးလိုက်သည့်အခါ လီချင်းချိုးကလည်း မျက်နှာအစစ်ကို ပြသလိုက်ပြီးနောက် လက်သီးနှစ်ဖက်ဖြင့် တစ်ပြိုင်နက် ထိုးလိုက်သည်။ ဖန်းပိုကျဲ့နှင့် ချောင်လင်ရှောင်းတို့ နှစ်ဦးစလုံး သွေးအန်ပြီး နောက်သို့ လွင့်စင်သွားကာ တောင်နံရံများဆီသို့ တိုက်မိသွားသည်။
ထိုအခါ လူတိုင်း၏ အကြည့်များ လီချင်းချိုးထံ ကျရောက်သွားသည်။ သူ့ရုပ်ရည်က အလွန်နုပျိုနေသဖြင့် လူတိုင်း အံ့ဩသွားကြသည်။ သူတို့သည် ဤသူသည် အသက်ရှည်ပညာရှင် တစ်ဦး ဖြစ်မည်ဟု ထင်မှတ်ခဲ့ကြသည်။
လီချင်းချိုးက မျက်နှာဖုံး ကွဲအက်သွားသော်လည်း ထိတ်လန့်ခြင်း မရှိပေ။
သူသည် လက်ကို ဆန့်ထုတ်လိုက်ပြီး ချောင်လင်ရှောင်း၏ လှံရှည်ကို ဆုပ်ကိုင်လိုက်သည်။
လှံရှည်က အလွန်လေးလံသော်လည်း လီချင်းချိုးအတွက်တော့ အလေးမရှိသကဲ့သို့ ဖြစ်နေသည်။
ထို့နောက် လှံရှည်ကို ကိုင်ဆောင်၍ ကျန်ရှိနေသော ကျင့်ကြံသူများကို ဆက်လက် တားဆီးနေသည်။
အဝေးတွင်မူ ချောင်လင်ရှောင်းတယောက် သွေးအလိမ်းလိမ်းဖြင့် တောင်နံရံမှ တွားသွား၍ ထွက်လာပြီး လီချင်းချိုး၏ လက်ထဲတွင် ရှိနေသော သူ့ရဲ့လှံရှည်ကို မြင်လိုက်ရပြီးနောက် မျက်နှာထားက အလွန် ကြောက်စရာ ကောင်းလာလေတော့သည်။