← Chapters

အခန်း ၃၉၇

Vol. 40 Ch. 397

အခန်း ၃၉၇

Vol. 40 Ch. 397

အခန်း (၃၉၇) - လောကီနယ်မြေထဲမှ မသေမျိုးခန္ဓာကိုယ်

​"ကောင်းပြီလေ…."

​လီချင်းချိုးက ခဏမျှ စဉ်းစားဟန်ပြုကာ စိတ်မရှည်သလို ပြုမူလိုက်သော်လည်း အတွင်းစိတ်ထဲတွင်မူ ဝမ်းသာလွန်း၍ ရယ်မောနေမိသည်။ ဖန်းပိုမိုဆိုသူက သာမန်လူမဟုတ်ပေ။ သူသည် မိုးပြာ နဂါးစာရင်းဝင် ပါရမီရှင်တစ်ဦးဖြစ်ပြီး ကောင်းကင်နေမင်းနယ်ပယ် အစွမ်းထက် ကျင့်ကြံသူဖြစ်သည်။သူသည် မိုးပြာ နဂါးနယ်မြေတွင် အရေးမပါသော်လည်း နယ်မြေကိုးခုအတွက်မူ အလွန်အရေးပါသော အခန်းကဏ္ဍမှ ပါဝင်နိုင်သည်။

​"ကျေးဇူးတင်ပါတယ်၊ စီနီယာ!"

​ဖန်းပိုမိုက စိတ်လှုပ်ရှားစွာဖြင့် လီချင်းချိုးကို ဦးညွှတ်လိုက်သည်။ လီချင်းချိုး၏ စွမ်းအားများက အရိုအသေပေးမှုနှင့် ထိုက်တန်သည်ဟု ယူဆသောကြောင့် ရှက်ရွံ့ခြင်း လုံးဝ မရှိပေ။

​"ထတော့…."

​လီချင်းချိုးက ပြောလိုက်ပြီး ခေါင်းလောင်းအတွင်းရှိ ယန်တောက်ကျုံးနှင့် တပည့်များကို စူးစိုက်ကြည့်နေရင်း သူ့ မျက်လုံးများထဲတွင် မျှော်လင့်ချက်များ ပြည့်နှက်နေသည်။ ချင်းရှောင်ဂိုဏ်းတွင် ပါရမီရှင်များစွာ ရှိနှင့်ပြီးဖြစ်သော်လည်း နောက်ထပ် အနည်းငယ် ထပ်တိုးလာခြင်းကို သူ မငြင်းပယ်ပေ။

ချင်းရှောင်ဂိုဏ်း၏ အင်အား ကြီးထွားလာသည်နှင့်အမျှ လူအင်အား လိုအပ်ချက်ကလည်း ပိုမို များပြားလာသည်။ ယန်တောက်ကျုံးက သိုင်းဂိုဏ်းကို ကောင်းစွာ စီမံခန့်ခွဲနိုင်သည်။ အကယ်၍ သူတို့တွင် ထူးခြားသော ကျင့်ကြံရေး ပါရမီများ ရှိပါက လီချင်းချိုး၏ လက်အောက်တွင် အရေးပါသော ဗိုလ်ချုပ်များ ဖြစ်လာမည်မှာ သေချာသည်။

လီချင်းချိုးအနေနှင့် ချင်းရှောင်ဂိုဏ်း ရင်ဆိုင်ရမည့် အခြေအနေ ဆိုးရွားလာနိုင်သည်ကို ကြိုတင် ပြင်ဆင်ထားပြီးဖြစ်သည်။ ကျင့်ကြံရေးလောကတွင် အခြားဂိုဏ်းများနှင့် တိုက်ခိုက်ရသည့်အခါ တစ်ဦးချင်းစီတ်ုက်ခိုက်ရသည့် တိုက်ပွဲမျိုးသာ ဖြစ်လိမ့်မည်ဟု မည်သူမျှ အာမမခံနိုင်ပေ။

​ဖန်းပိုမို အလွယ်တကူ တပည့်ခံသွားသည်ကို မြင်သောအခါ ကျိုးလင်ဟွမ်း၏ မျက်လုံးများ တောက်ပလာပြီး လီချင်းချိုးထံ အမြန်လာကာ…

"လီပိုင်၊ ကျွန်မလည်း ရှင့်ဂိုဏ်းကို ဝင်ချင်တယ်" ဟု တောင်းဆိုလေသည်။

​"မရဘူး…"

​"ဘာဖြစ်လို့လဲ..”

​"မင်းရဲ့ နောက်ကြောင်းက အရမ်းထူးခြားနေလို့ပဲ… ငါ ပြဿနာတွေ မရှာချင်ဘူး…"

​"ရှင်က အရမ်းစွမ်းထက်တာပဲလေ.. ကျွန်မအဖေကို ဘာလို့ ကြောက်နေတာလဲ…"

​"အတိုချုပ်ပြောရရင် ဒီအကြောင်းကို မတွေးပါနဲ့တော့…မင်းရဲ့ ကျင့်ကြံမှုပေါ်မှာပဲ အာရုံစိုက်သင့်တယ်" ဟု လီချင်းချိုးက မျက်တောင်တစ်ချက် မခတ်ဘဲ ပြောလိုက်သည်။

သူသည် ကျိုးလင်ဟွမ်းကို တပည့်အဖြစ် လက်မခံချင်ပေ။ သူမက ဖခင်ဖြစ်သူကို ဆန့်ကျင်နေသည်ဟု ဆိုသော်လည်း သူ့အနေနှင့် ထိုကဲ့သို့သော ကံကြမ္မာ အရှုပ်အထွေးထဲသို့ မဝင်ရောက်လိုပေ။

​ကျိုးလင်ဟွမ်း ဒေါသထွက်သွားသော်လည်း လီချင်းချိုး၏ နောက်ဆုံးစကားကို ကြားလိုက်ရသောအခါ စိတ်အေးသွားသည်။ သူမ လီချင်းချိုးကို နှစ်သက်သည်မှာ မှန်သော်လည်း သူနှင့် ဝေးကွာနေရခြင်းကိုသာ မလိုလားခြင်း ဖြစ်သည်။ သူတို့၏ ကျင့်ကြံမှုအဆင့် ကွာခြားလွန်းလှသဖြင့် သူမသာ လီချင်းချိုး၏ ဂိုဏ်းကို ဝင်လိုက်လျှင် သူတို့ကြားက ကွာဟချက် ပိုမိုကြီးမားသွားမည် ဖြစ်သည်။

သူမသည် ဖခင်ကို မနှစ်သက်သော်လည်း ဖခင်၏ ပြုစုစောင့်ရှောက်မှုကြောင့်သာ ယနေ့အချိန်ထိ ရောက်လာခြင်း ဖြစ်ကြောင်း နားလည်ထားသည်။ထိုအခါ သူမ တိတ်ဆိတ်သွားပြီး လီချင်းချိုးကို အနှောင့်အယှက် မပေးတော့ဘဲ ဘေးသို့ ထွက်သွားလိုက်သည်။

​ယွမ်လီ၏ ဘေးတွင် ရပ်နေသော ယင်ကျင်းရှင်းက သိလိုစိတ်ဖြင့်…

"တတိယ အစ်ကိုကြီး၊ ဆရာက ဘယ်သူ့ကို သဘောကျနေတာလဲ" ဟု မေးလိုက်သည်။

သူသည် ငယ်ရွယ်သေးသော်လည်း ဂိုဏ်းတွင်းရှိ အမျိုးသမီး တပည့်များစွာက သူ့ဆရာကို စိတ်ဝင်စားနေကြသည်ကို ရိပ်မိနေသည်။

​ယွမ်လီက စိတ်တိုတိုဖြင့်… "ကောင်စုတ်လေး၊ မဟုတ်တာတွေ မတွေးနဲ့" ဟု ဆူငေါက်လိုက်သည်။

​"အစ်ကိုကြီးရော…အစ်ကိုကြီးမှာရော သဘောကျတဲ့သူ ရှိလား…"

​"ငါက မသေမျိုးလမ်းကြောင်းကိုပဲ အာရုံစိုက်တာ…အချစ်ရေးနဲ့ မသက်ဆိုင်ဘူး… မင်း ဘာလို့ ဒီလောက်တောင် စပ်စုနေတာလဲ..”

​"အစ်ကိုကြီးမှာ မရှိပေမဲ့ ကျွန်တော့်မှာတော့ ရှိတယ်"

​"ဘာ! မင်းမှာ ရှိတယ်…."

​ညီအစ်ကို နှစ်ဦးမှာ စကားပြောနေကြရင်း ယွမ်လီက ယင်ကျင်းရှင်းကို ဆုံးမရန် ကြိုးစားသော်လည်း စကားပြောရင်းနှင့်ပင် ယင်ကျင်းရှင်း၏ စကားကြောင့် သူ့အတွေးများ လမ်းကြောင်းလွဲသွားပြီး ထိုကောင်လေး ဘယ်သူ့ကို သဘောကျနေသည်ကိုပင် သိလိုစိတ် ဖြစ်လာသည်။

ခေါင်းလောင်းပြင်ပတွင် အနည်းငယ် ဆူညံနေသော်လည်း အတွင်းဘက်ရှိ ယန်တောက်ကျုံးကတော့ ဒုက္ခရောက်နေကြသည်။

ယန်တောက်ကျုံး၏ အသိစိတ်က စိတ်ကူးယဉ် အိပ်မက်ကဲ့သို့ ဖြစ်နေပြီး သူကိုယ်တိုင်ပင် မသိရှိကြပေ။

​ကောင်းကင်ယံရှိ မိုးခြိမ်းသံများနှင့်အတူ ချင်းရှောင်တောင်၏ တောင်လမ်းတစ်လျှောက်တွင် သွေးများ စီးဆင်းနေသည်။ မျက်စိတစ်ဆုံး မြင်ရသမျှ နေရာတိုင်း၌ ရုပ်အလောင်းများ ပြည့်နှက်နေပြီး မိစ္ဆာစစ်သည်တော်များက ကောင်းကင်ယံကို လွှမ်းမိုးထားသည်။ ထိုမိစ္ဆာစစ်သည်များက လူပုံသဏ္ဍာန် ရှိကြပြီး သံချပ်ကာများ ဝတ်ဆင်ကာ လက်နက်များကို ကိုင်ဆောင်ထားကြသည်။ သူတို့၏ မိစ္ဆာစွမ်းအင်များက နေရောင်ခြည်ကိုပင် ဖုံးကွယ်ထားပြီး တိမ်ပင်လယ်အတွင်း၌ နဂါးကဲ့သို့သော ဧရာမ မိစ္ဆာသတ္တဝါကြီးများ လူးလွန့်နေသည်။

​ယန်တောက်ကျုံးတယောက် သိုင်းဂိုဏ်း၏ လေ့ကျင့်ရေးကွင်းပြင်၌ ရပ်နေပြီး ပတ်ပတ်လည်တွင် သိုင်းဂိုဏ်း တပည့်များ၏ ရုပ်အလောင်းများဖြင့် ပြည့်နှက်နေသည်။

သူသည် သွေးအလိမ်းလိမ်းဖြင့် မြေပြင်ပေါ်၌ ဒူးထောက်လျက် ရှိနေပြီး ဘယ်ဘက်လက် ကျိုးပဲ့၍ တွဲလောင်းကျနေသည်။ သူ အားယူ၍ မော့ကြည့်လိုက်တော့ ၅ ပေခန့် မြင့်မားသော မိစ္ဆာတစ်ကောင်က ကျန်းကျောက်ရှားကို လည်ပင်းမှ ဆုပ်ကိုင်၍ လေထဲမြှောက်ထားသည်ကို မြင်လိုက်ရသည်။

​ထိုမိစ္ဆာ၏ သံချပ်ကာတွင် ချွန်ထက်သော အစွန်းများစွာ ပါရှိပြီး သွေးနီရောင် မျက်နှာဖုံးကို တပ်ဆင်ထားသည်။ သူ လေထဲတွင် ရပ်နေရုံဖြင့်ပင် ဖိနှိပ်မှု အရှိန်အဝါများ ပြည့်နှက်နေသည်။ အခြားလက်တစ်ဖက်တွင် ၅ ပေခန့် ကျယ်ဝန်းသော ဓားကြီးကို ကိုင်ဆောင်ထားသည်။

ယန်တောက်ကျုံး ထရပ်ရန် ကြိုးစားသော်လည်း မရပေ။ ဤသည်မှာ သူ့ဘဝတသက်တာတွင် ပထမဆုံးအကြိမ် နောင်တရခြင်း မဟုတ်ပေ။ မိမိ၏ စွမ်းအား မလုံလောက်၍ ပြဿနာများကို မဖြေရှင်းနိုင်သည့်အခါတိုင်း မိမိကိုယ်ကို မေးခွန်းထုတ်လေ့ ရှိသည်။

အကယ်၍သာ ကျင့်ကြံရေးလမ်းကြောင်းကို ရွေးချယ်ခဲ့ပါက မည်သို့ ဖြစ်မည်နည်း။

​သူသည် ချင်းရှောင်ဂိုဏ်းနှင့် ဝမ်ယင်ဂိုဏ်းတို့ကြားက စစ်ပွဲတွင် ပါဝင်ခဲ့စဉ်ကတည်းက အားမလိုအားမရ ဖြစ်ခဲ့ရသည်။ ယခုမူ သူ အကြောက်ဆုံး ဖြစ်ရပ်ကြီး အမှန်တကယ် ဖြစ်လာခဲ့ပြီ။ ဂိုဏ်းတခုလုံး ဘေးအန္တရာယ်နှင့် ကြုံတွေ့ရပြီး အသတ်ခံလိုက်ရသည်။ မည်သူ အသက်ရှင်ကျန်သေးသည်ကို သူ မသိသော်လည်း နောက်ဆုံးအသက်ရှင်သူ မဖြစ်ချင်ပေ။

သူသည် ကိုယ့်ကိုယ်ကို သတ်သေမည် မဟုတ်ဘဲ တိုက်ပွဲတွင်သာ သေဆုံးသွားမည် ဖြစ်သည်။

​ဂိုဏ်း၏ အလေးစားဆုံး ပုဂ္ဂိုလ်ဖြစ်သော ကျန်းကျောက်ရှားပင် တိုက်ခိုက်နိုင်စွမ်း မရှိတော့သည်ကို မြင်လိုက်ရသောအခါ ယန်တောက်ကျုံး စိတ်တိုကာ မျှော်လင့်ချက် ကင်းမဲ့သွားသည်။ သူသည် ဓားမိစ္ဆာ၊ ရှန်ယွဲ့၊ ယွင်ချိုင်၊ ရွှီနင်း၊ ယွမ်လီ၊ကျောက်ကျိိန်၊ ကျိယာနှင့် ကုချန်းဖိန် စသည့် ဂိုဏ်းအသီးသီးမှ အစွမ်းထက် ပုဂ္ဂိုလ်များ၏ သေဆုံးပုံကို မြင်တွေ့ခဲ့ရသည်။ ယခုမူ တိုက်ပွဲအပြီးတွင် အသက်ရှင်သူ တစ်ဦးမျှ မကျန်တော့ပေ။ ချင်းရှောင်ဂိုဏ်းဘက်က အခြေအနေကို ပြောင်းလဲနိုင်စွမ်း မရှိတော့ကြောင်း သူ နားလည်လိုက်သည်။

​သူ မြင်နေရသမျှက အိပ်မက်ဆိုးတစ်ခုကဲ့သို့ပင်။ သူ နိုးထချင်သော်လည်း ခန္ဓာကိုယ်မှ နာကျင်မှုများက ဤသည်မှာ လက်တွေ့ ဖြစ်ကြောင်း ဖော်ပြနေသည်။

သူ နောက်ထပ် တွေးမိသည်မှာ … အကယ်၍သာ သူ အစကတည်းက ကျင့်ကြံခဲ့ပါက ယွမ်လီနှင့် ဟူယန်တို့ထက် ပို၍ ထွန်းတောက်နိုင်မည်လော။ သူ တစ်စုံတစ်ခုကို မေ့လျော့နေသကဲ့သို့ ခံစားလိုက်ရသည်။

​"ခရက်"

​ကောင်းကင်မှ အရိုးကျိုးသံ တစ်ခု ထွက်ပေါ်လာပြီး ကျန်းကျောက်ရှား၏ ခန္ဓာကိုယ်မှာ သူ့ရှေ့သို့ ပြုတ်ကျလာသည်။

သူဘာလုပ်နေတာလဲ…ဒီအချိန်မျိုးမှာ ကိုယ့်ကိုယ်ကို သနားနေဖို့ လိုသလား…

ယန်တောက်ကျုံး၏ မျက်နှာထား ကြမ်းတမ်းသွားပြီး တုန်ရီနေသော ခန္ဓာကိုယ်ဖြင့် ထရပ်လိုက်သည်။

​ထိုအချိန်တွင် ဟွမ်ယွမ်ကျမ်းစာ၏ စိတ်စွမ်းအား ကျင့်စဉ်ကို သတိရလိုက်သည်။ သူသည် ကျင့်ကြံခြင်း မရှိသော်လည်း ထိုကျမ်း၏ ပထမအဆင့်ကို အမွေရထားခဲ့သည်။ သူ ယခင်က ကျင့်ကြံရန် ကြိုးစားခဲ့ဖူးပြီး အလွန် ချောမွေ့ခဲ့သော်လည်း ကောင်းကင်နှင့် မြေကြီး၏ စွမ်းအင်ကို အာရုံခံမိသောအခါ ကြောက်လန့်၍ ရပ်တန့်ခဲ့ဖူးသည်။ ဤသည်မှာ သူ့ဘဝအတွက် နောက်ဆုံးတိုက်ခိုက်မှု ဖြစ်ပြီး ကျင့်ကြံခြင်း၏ စွမ်းအားကို စမ်းသပ်ကြည့်ချင်သည်။

သူ အသက်ရှူလိုက်သည်နှင့် ခန္ဓာကိုယ်မှ လေနုအေးများ ထွက်ပေါ်လာကာ စွမ်းအင်များ စတင် စီးဆင်းလာသည်။ ထိုအခါ ကောင်းကင်ရှိ မိစ္ဆာများက သူ့ဘက်သို့ အကြည့်များ ရောက်လာပြီး မိစ္ဆာစစ်သည်များလည်း တိတ်ဆိတ်သွားတော့သည်။

သူသည် ကျန်းကျောက်ရှားကို သတ်ခဲ့သော မိစ္ဆာများကိုသာ အာရုံစိုက်နေမိသည်။

​တစ်ချိန်တည်းမှာပင်…..

​လက်တွေ့တွင် ရွှေရောင်ခေါင်းလောင်းအတွင်း၌ ယန်တောက်ကျုံး ခြံဝင်းတစ်ခုထဲတွင် တရားမှတ်နေသည်။ ထိုခြံဝင်းက မကြီးမားဘဲ သစ်ပင်များ၊ ငှက်သံများ၊ ပန်းရုံများဖြင့် ပြည့်နှက်နေသည်။ထိုစဉ် သူ့ ဘေးတွင် အရိပ်ပုံရိပ်တစ်ခု ပေါ်လာသည်။ ထိုပုံရိပ်မှာ ယပ်တောင် ကိုင်ဆောင်ထားသော သက်လက်ပိုင်းအရွယ် အမျိုးသားတစ်ဦး ဖြစ်သည်။ ထိုသူက ယန်တောက်ကျုံးကို အံ့ဩသည့် အမူအရာဖြင့် ကြည့်နေသည်။

​"နှစ်ပေါင်းများစွာ ကြာခဲ့ပြီ… လောကီနယ်မြေထဲမှာ မသေမျိုးခန္ဓာကိုယ် ရှိနေတာပဲ…"

​ထိုအမျိုးသားက တကိုယ်တည်း ရေရွတ်လိုက်ပြီး မျက်နှာတွင် အပြုံးတစ်ခု ပေါ်လာသည်။ သူသည် ယန်တောက်ကျုံးကို ပတ်ပတ်လည် လှည့်ပတ်ကြည့်ရှုနေပြီး ထိုသူကို ပို၍ ပို၍ နှစ်သက်သဘောကျလာသည်။

​ခဏအကြာတွင် သူ့မျက်လုံးများတွင် လောဘရမ္မက်များ ပြည့်နှက်နေပြီး မျက်နှာထားလည်း အေးစက်သွားသည်။

​"အရှင်မင်းကြီး…ကျွန်တော်မျိုး တောင်းပန်ပါတယ်…ကျွန်တော်မျိုး ပေးထားတဲ့ ကတိကို ဖျက်လိုက်ရတော့မယ်"

​ထိုအမျိုးသားက တီးတိုး ရေရွတ်လိုက်ပြီးနောက် လက်ျာလက်ကို မြှောက်ကာ ယန်တောက်ကျုံး၏ နဖူးဆီသို့ ဆန့်တန်းလိုက်သည်။

​သူ့လက်ချောင်းများ ယန်တောက်ကျုံး၏ နဖူးကို ထိကပ်ခါနီးအချိန်တွင် လက်တစ်ဖက်က ထိုအမျိုးသား၏ ပခုံးပေါ်သို့ ရုတ်တရက် ကျရောက်လာသည်။

​ဖပ်…

​ထိုအမျိုးသား ထိတ်လန့်သွားပြီး ဝိညာဉ်ပါ တုန်လှုပ်သွားကာ မျက်လုံးများ ပြူးကျယ်သွားသည်။ အလိုအလျောက် နောက်သို့ လှည့်ကြည့်လိုက်တော့ မိမိ၏ နောက်တွင် ရပ်နေသည့် ရုပ်ရည်ချောမောသော လူငယ်တစ်ဦးကို မြင်လိုက်ရသည်။

​သူ့ကို အံ့အားသင့်စေပြီး စွဲမှတ်သွားစေခဲ့သည့် ထိုလူငယ်ပင် ဖြစ်သည်။

​လီချင်းချိုး……

​သူသည် လီချင်းချိုးတယောက်တည်း ကျင့်ကြံသူ ထောင်ပေါင်းများစွာကို တစ်ယောက်တည်း ရင်ဆိုင်နေသည်ကို မြင်ခဲ့ရသော်လည်း လီချင်းချိုးထံ၌ လူသတ်လိုသော သွေးဆာစိတ် မရှိသည်ကို တွေ့လိုက်ရသဖြင့် သူ့ကို အမွေဆက်ခံသူအဖြစ် ရွေးချယ်ခြင်း မရှိခဲ့ပေ။ "စစ်နတ်ဘုရား" ဟူသော ဘွဲ့နာမမှာ သွေးမြေကျခြင်းဖြင့် ရရှိလာသော ဂုဏ်ပုဒ်ဖြစ်သည်။ လီချင်းချိုးက လူများစွာကို ပြင်းထန်စွာ ဒဏ်ရာရစေခဲ့သော်လည်း တစ်ယောက်ကိုမျှ အသက်မသတ်ခဲ့သည်ကို မြင်သောအခါ ခေါင်းခါ၍သာ အံ့ဩနေခဲ့ရသည်။

​"မင်း ဘယ်လိုလုပ်ပြီး ဝင်လာတာလဲ" ဟု ထိုအမျိုးသားက မျက်မှောင်ကြုတ်ကာ မေးတော့ ​လီချင်းချိုးက သူ့ကို အမူအရာမဲ့စွာ စိုက်ကြည့်လျက်… "မင်း ဘာလုပ်မလို့လဲ" ဟု ပြန်မေးလိုက်သည်။

​

All Chapters