← Chapters

အခန်း ၄၀၀

Vol. 40 Ch. 400

အခန်း ၄၀၀

Vol. 40 Ch. 400

အခန်း (၄၀၀) - ကံကြမ္မာ၏ စွမ်းအား

​လီချင်းချိုးသည် ရွှေရောင်အလင်းတန်းများဖြင့် ဝန်းရံခံနေရစဉ် လူသားဧကရာဇ် ခေါင်းလောင်း၏ အလိုဆန္ဒကို တဖြည်းဖြည်းချင်း အာရုံခံမိလိုက်သည်။ ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ လေထဲတွင်ရှိနေသည့် ယန်တောက်ကျုံးက ကျေနပ်သည့်အပြုံးဖြင့် ပြုံးလိုက်သည်။ သူသည် လူသားဧကရာဇ် ခေါင်းလောင်းအကြောင်းကို သေချာ မသိသော်လည်း ၎င်းမှာ လောကတွင် ရှားပါးသော ရတနာတစ်ပါး ဖြစ်ကြောင်း ဖန်းဇီကျုံး၏ စကားအရ သိထားသည်။ ထိုမျှ ရှားပါးသော ရတနာတစ်ပါးသည် မည်သူ့ကိုမျှ အလွယ်တကူ ခိုင်းစေနိုင်မည်မဟုတ်ဘဲ မိမိပိုင်ရှင်ကို သူတို့ဘာသာ ရွေးချယ်တတ်သည်မှာ သဘာဝပင်။ သူ ဝမ်းသာနေသော်လည်း ဖန်းဇီကျုံးကတော့ အလွန်စိတ်အနှောင့်အယှက် ဖြစ်နေသည်။

​ယန်တောက်ကျုံး၏ အပြုံးကို မြင်ရသောအခါ ဖန်းဇီကျုံး ပို၍ ဒေါသထွက်သွားသည်။

"သူ့ခေတ် သူ့အခါက မသေမျိုးတွေဟာ အလွန်မာနကြီးပြီး တစ်ဖက်လူကို ဂရုမစိုက်တတ်ကြသူတွေ… ဒီကောင်လေးက ဘာလို့ လီချင်းချိုးဆီမှာပဲ အသက်စွန့်နေရတာလဲ… အဲဒီခေတ်က မသေမျိုးတွေအတွက် အရှက်ရစရာပဲ!" ဟု စိတ်ထဲကနေ ဆဲရေးလိုက်သည်။

ထို့နောက် စိတ်ကို ပြန်ထိန်းကာ လီချင်းချိုးကို ကြည့်လိုက်သည်။ ရွှေရောင်အလင်းတန်းများအကြားတွင် လီချင်းချိုးက စစ်နတ်ဘုရားတစ်ပါး၏ အရည်အချင်းအချို့ကို ပိုင်ဆိုင်နေကြောင်း သူ ဝန်ခံရတော့မည်။ လီချင်းချိုး တစ်ယောက်တည်းဖြင့် ထောင်ပေါင်းများစွာကို ရင်ဆိုင်ခဲ့သည့် ပုံရိပ်ကို ပြန်တွေးမိရင်း ဖန်းဇီကျုံး စစ်နတ်ဘုရားကို ပြန်သတိရသွားသည်။

"ဒီကောင်လေးကို လူမိုက်တစ်ယောက်လို ပိုပြီး ရက်စက်အောင် သင်ပေးဖို့ လိုသေးတယ်" ဟုလည်း တွေးလိုက်သည်။

​ရွှေရောင်အလင်းတန်းများ လီချင်းချိုးကို ဝန်းရံနေစဉ် ကောင်းကင်ယံ ပုံပျက်သွားပြီး ထူးဆန်းသော မြင်ကွင်းများ တစ်ခုပြီးတစ်ခု ပေါ်လာသည်။ ကျင့်ကြံသူများ ပျံသန်းနေပုံ၊ တောရိုင်းတိရစ္ဆာန်များ တိုက်ခိုက်နေပုံနှင့် အိုမင်းသော ကျင့်ကြံသူများ အတိဒုက္ခကို ရင်ဆိုင်နေရပုံများ ဖြစ်သည်။

လီချင်းချိုး မျက်လုံးများကို မှိတ်ထားပြီး စိတ်အာရုံထဲတွင် ဝေဝါးသော ပုံရိပ်တစ်ခုက လူသားဧကရာဇ် ခေါင်းလောင်းကို ကိုင်ထားသည်ကို မြင်လိုက်ရသည်။ ထို့နောက် သူ မျက်လုံးဖွင့်လိုက်တော့ အသိစိတ်က အခြားနေရာတစ်ခုသို့ ရောက်ရှိသွားသည်။

ထိုနေရာတွင် ခေါင်းလောင်းအတွင်းရှိ အစီအရင်ပေါင်းများစွာကို သူ မြင်တွေ့နေရပြီး အလွန် ရှုပ်ထွေးလှပေသည်။

​ရွှေရောင်နန်းတော် အတွင်း၌….

​ကျန်းဟုန်းမင်နှင့် ထျန်းချင်း မသေမျိုးဂိုဏ်းမှ တပည့်များက လူသားဧကရာဇ် ခေါင်းလောင်းကို ကာကွယ်ထားပြီး ရှေ့မှ ကျူထျန်းဂိုဏ်းမှ အစွမ်းထက် ကျင့်ကြံသူများကို စူးစိုက်ကြည့်နေကြသည်။ ဖန်းပိုကျဲ့နှင့် ဖန်းပိုရှဲ့တို့ကလည်း အဝတ်အစားများ ဖရိုဖရဲ ဖြစ်နေပြီး မျက်နှာပေါ်ရှိ သွေးများကိုပင် သေချာ မသုတ်ရသေးပေ။ သူတို့သာမက ဒဏ်ရာရနေသော ကျူထျန်းဂိုဏ်းသားများကလည်း ထျန်းချင်း မသေမျိုးဂိုဏ်းကို အငြိုးအတေးများဖြင့် ကြည့်နေကြသည်။

ထို​အုပ်စုကို ဦးဆောင်နေသူမှာ ကျားခေါင်းပုံသဏ္ဍာန် သံတုတ်ကို ကိုင်ဆောင်ထားသော အနက်ရောင်ဝတ်ရုံနှင့် ခါးကုန်း အဘိုးအိုတစ်ဦး ဖြစ်သည်။ ထိုသံတုတ်၏ ကျားမျက်လုံးနေရာတွင် သွေးနီရောင် ကျောက်မျက်ရတနာများ တပ်ဆင်ထားသည်။ အဘိုးအို၏ မျက်နှာထားက လေးနက်လျက်ရှိပြီး ကျန်းဟုန်းမင်ကို ကြည့်ကာ….

"ကျန်းဟုန်းမင်၊ မင်းတို့ ထျန်းချင်း မသေမျိုးဂိုဏ်းက အဲဒီမိစ္ဆာအတွက် ဝင်ကာကွယ်ပေးဖို့ စဉ်းစားထားတာလား.. မင်းတို့လည်း အကြီးအကျယ် ဒဏ်ရာရနေတာပဲ.. ဘာလို့ ဒီလို ရွေးချယ်ရတာလဲ…တစ်ခုခုများ သဘောတူညီမှု ရထားတာလား"

"အဖိုးတန် ရတနာကို လုယူတဲ့အခါ တိုက်ပွဲတွေက ရှောင်လွှဲလို့ မရဘူး… လီပိုင်က ဘယ်သူ့ကိုမှ မသတ်ဖြတ်ဘဲ အများကြီး လျှော့ပေးထားပြီးသားပါ… အားလုံးက ဘာလို့ ဒီလောက်တောင် ရက်စက်ကြတာလဲ"

​အဘိုးအိုက မထီမဲ့မြင်ပြုကာ….

"ငါတို့ဂိုဏ်းက တပည့်တွေ အများကြီး ဒဏ်ရာရသွားပြီး ရွှမ်ရှားနတ်ဓားတောင် ကျိုးသွားခဲ့ရတယ်..ဒီမှာတင် ရပ်လိုက်ရမယ်လို့ မင်း ထင်နေတာလား… ဒါက အာဏာရှင်ဆန်လွန်းမနေဘူးလား"

ကျန်းဟုန်းမင်က ဘာမှဆက်မပြောတော့ဘဲ လက်ျာလက်ကို မြှောက်လိုက်ပြီး စွမ်းအင်များကို စုစည်းလိုက်ရာ ဝတ်ရုံများမှာ လေထဲတွင် ပြင်းထန်စွာ လွင့်ပျံသွားသည်။ ထျန်းချင်း မသေမျိုးဂိုဏ်း တပည့်များလည်း ဓားများကို ဆွဲထုတ်လိုက်ကြသည်။ အချို့က သူ့ရဲ့ ဆုံးဖြတ်ချက်ကို နားမလည်ကြသော်လည်း အမိန့်ကို မလွန်ဆန်ရဲကြပေ။

​ယွမ်လီ၊ ယင်ကျင်းရှင်း၊ ကျိုးလင်ဟွမ်းနှင့် ဖန်းပိုမိုတို့က နောက်မှ စောင့်ကြည့်နေပြီး ပိုမို များပြားသော ကျင့်ကြံသူများ ရောက်ရှိလာနေသဖြင့် စိုးရိမ်နေကြသည်။

​ဖန်းပိုကျဲ့က ဖန်းပိုမိုကို ကြည့်ပြီး …

"ဟိုကောင်စုတ်! အခုချက်ချင်း ငါ့ဆီ လာခဲ့စမ်း" ဟု အော်လေသည်။

ထိုစကားကို ကြားသောအခါ ဖန်းပိုမို တုန်လှုပ်သွားသော်လည်း လီချင်းချိုးကို ပြန်သတိရလိုက်သောအခါ ရဲတင်းလာသည်။

"ဖန်းပိုကျဲ့၊ ဒီနေ့ကစပြီး ငါ ကျူထျန်းဂိုဏ်းနဲ့ အဆက်အသွယ် ဖြတ်လိုက်ပြီ… နောက်ဆို ငါ့ကို လေးလေးစားစားဆက်ဆံ!" ဟု အသံကျယ်ကျယ်ဖြင့် အော်လိုက်သည်။

​ထိုစကားကြောင့် ဖန်းပိုကျဲ့ မျက်မှောင်ကြုတ်သွားပြီး မျက်လုံးများတွင် အေးစက်သော အရောင်အဝါများ ထွက်ပေါ်လာသည်။ အနီးတွင် ရှိနေသော ဖန်းပိုရှဲ့မှာလည်း ဒေါသထွက်ကာ ဖန်းပိုမိုကို ဆဲဆိုခြိမ်းခြောက်တော့သည်။ ဖန်းပိုမိုက ဖန်းပိုကျဲ့ကို ကြောက်သော်လည်း တတိယအစ်ကို ဖြစ်သူ ဖန်းပိုရှဲ့ကို မကြောက်ပေ။ သူတို့ နှစ်ဦး အဝေးမှနေ၍ ဆဲဆိုနေကြသဖြင့် ဘေးရှိ ကျင့်ကြံသူများ၏ အမူအရာမှာ ထူးဆန်းသွားသည်။

​ထိုစဉ်…

​ဝုန်းးးးးး

​မြေပြင် တုန်ခါသွားသဖြင့် ကျန်းဟုန်းမင်နှင့် အခြားသူများ နောက်သို့ လှည့်ကြည့်လိုက်ကြသည်။

တောင်တစ်လုံးကဲ့သို့ ဧရာမ ခေါင်းလောင်းကြီး တုန်ခါနေပြီး ရွှေရောင်နန်းတော် တစ်ခုလုံး တုန်ခါသွားသည်။ ခေါင်းလောင်းထံမှ အဆုံးမရှိသော အရှိန်အဝါများ ထွက်ပေါ်လာပြီး အဖြူရောင်အငွေ့များက လှိုင်းလုံးများပမာ ပျံ့နှံ့သွားကာ ဂိုဏ်းနှစ်ခုလုံးမှ ကျင့်ကြံသူများ၏ ဘေးမှ ဖြတ်ကျော်သွားတော့သည်။

​"ခေါင်းလောင်းကို ယူကြ!"

​အနက်ရောင်ဝတ်ရုံနှင့် အဘိုးအိုက အော်ဟစ်လိုက်ပြီးနောက် လေထဲသို့ ခုန်တက်ကာ ကျန်းဟုန်းမင်ကို ဦးစွာ တိုက်ခိုက်လိုက်သည်။ သူ့နောက်တွင် ကျူထျန်းဂိုဏ်းမှ ကျင့်ကြံသူ ရာနှင့်ချီ၍ လိုက်ပါလာကြသည်။ တိုက်ပွဲကြီးတစ်ခု စတင်တော့မည်….

​ခေါင်းလောင်းအတွင်းရှိ ကမ္ဘာ၌…

​လေထဲတွင် ပျံဝဲနေသော ယန်တောက်ကျုံးက ခေါင်းလောင်းအပြင်ဘက်က ရှုပ်ထွေးလှသော တိုက်ပွဲကို မြင်တွေ့လိုက်ရသည်။ သူ့ အကြည့်များမှာ ယွမ်လီနှင့် ယင်ကျင်းရှင်းတို့ထံသို့ ချက်ချင်း ရောက်သွားသည်။ နှစ်ဦးစလုံး မျက်နှာဖုံးများ တပ်ဆင်ထားသော်လည်း သူတို့၏ ပုံစံနှင့် အရှိန်အဝါတို့ကြောင့် ယန်တောက်ကျုံး တစ်ခဏချင်းပင် မှတ်မိသွားသည်။

​ဝမ်ယင်ဂိုဏ်းနှင့် စစ်ပွဲပြီးဆုံးပြီး နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီဖြစ်ရာ ယွမ်လီ ပို၍ သန်မာလာသည်ကို သူ မြင်လိုက်ရသည်။ သို့သော် သူ အံ့ဩရသည်မှာ ယင်ကျင်းရှင်းပင် ဖြစ်သည်။

"ဒီကောင်လေးက ဘယ်လောက်တောင် အရွယ်ရောက်နေပြီလဲ"

​ယန်တောက်ကျုံး စိတ်ထဲတွင် လေးစားမိသည်။ ဂိုဏ်းချုပ် နှစ်ပေါင်းများစွာ အပင်ပန်းခံ၍ ပြန်ခေါ်လာခဲ့သော ပါရမီရှင် တပည့်ဆိုသည်မှာ မမှားပေ။ ယင်ကျင်းရှင်းသည် ချင်းရှောင်ဂိုဏ်း၏ အစွမ်းထက်ဆုံး ပါရမီရှင်အဖြစ် အသိအမှတ်ပြုခံထားရသည်။

သူသည် ရွှေရောင်အလင်းတန်းများထဲတွင် ရှိနေသော လီချင်းချိုးကို ကြည့်ကာ စကားပြောရန် တွန့်ဆုတ်နေသည်။ ကျူထျန်းဂိုဏ်း၏ ကျင့်ကြံသူများက ဝမ်ယင်ဂိုဏ်းထက် ပို၍ သန်မာသည်။ အနက်ရောင်ဝတ်ရုံနှင့် အကြီးအကဲနှင့် ကျန်းဟုန်းမင်တို့၏ တိုက်ပွဲက သူ့ကို ထိတ်လန့်စေသည်။ သူတို့နှစ်ဦးနှင့် ယှဉ်လျှင် အခြား ကျင့်ကြံသူများက အလွန်သေးငယ်နေပြီး မည်သည့်အချိန်မဆို သူတို့၏ စွမ်းအင်လှိုင်းများအောက်တွင် ပျက်စီးသွားနိုင်သကဲ့သို့ပင်။

​ဖန်းဇီကျုံးက သူ့ရဲ့ စိုးရိမ်မှုကို ရိပ်မိဟန်ဖြင့်….

"စိတ်မပူပါနဲ့၊ သူတို့ အဆင်ပြေပါလိမ့်မယ်… မင်းရဲ့ ဂိုဏ်းချုပ်က နိုးထလာပြီ၊ ဘယ်အချိန်မဆို ထွက်သွားနိုင်တယ်" ဟု ဆိုသည်။

ထိုစကားကို ကြားသောအခါ ယန်တောက်ကျုံး စိတ်အေးသွားသည်။ လီချင်းချိုး မျက်လုံးများ မှိတ်ထားဆဲ ဖြစ်သဖြင့် အမွေအနှစ်ကို ဆက်လက် ရယူနေသည်ဟုသာ ထင်လိုက်သည်။

အနက်ရောင်ဝတ်ရုံနှင့် အကြီးအကဲ၏ စွမ်းအားများက ကြောက်စရာကောင်းသော်လည်း လီချင်းချိုး ရှိနေသရွေ့ အားလုံးကို ဖြေရှင်းနိုင်မည်ဟု သူ ယုံကြည်နေသည်။

​လီချင်းချိုး တကယ်ပင် နိုးထနေပြီ ဖြစ်သည်။ ဥပဒေသတသောင်း ဝိညာဉ်မျက်လုံးကို အသုံးပြု၍ မျက်လုံးများကို မှိတ်ထားသော်လည်း အပြင်ဘက် တိုက်ပွဲကို မြင်တွေ့နေရသည်။သူသည် အပြင်ဘက် တိုက်ပွဲကို ကြည့်ရှုရင်း လူသားဧကရာဇ် ခေါင်းလောင်း၏ စွမ်းအားကို အာရုံခံနေသည်။ ဤခေါင်းလောင်း၏ စွမ်းအားများက သူ ထိတွေ့ဖူးသမျှ လက်နက်များနှင့် မတူညီဘဲ ထူးခြားလှသည်။

​၎င်းမှာ ကံကြမ္မာ၏ စွမ်းအားပင် ဖြစ်သည်။

​ဤစွမ်းအားမှတစ်ဆင့် အတိတ်က လူသားဧကရာဇ် ခေါင်းလောင်း၏ ဆက်ခံသူများ တိုက်ခိုက်ခဲ့သော မြင်ကွင်းများ၊ လူသားမျိုးနွယ်တို့၏ ရွှေ့ပြောင်းခြင်းနှင့် ကောင်းကင်ကို ဆန့်ကျင်တိုက်ခိုက်ခဲ့သော မြင်ကွင်းများကို မြင်တွေ့လိုက်ရသည်။ ဤမြင်ကွင်းများက လီချင်းချိုးကို လူသားဧကရာဇ်နှင့် စစ်နတ်ဘုရားတို့အကြောင်း ပိုမို နားလည်စေသည်။ လက်ရှိ ကျင့်ကြံရေးလောကတွင် လူအချင်းချင်းသာ တိုက်ခိုက်နေကြပြီး လူသားမျိုးနွယ်ဟူသော အယူအဆပင် ပျောက်ကွယ်နေပြီ ဖြစ်သည်။

လီချင်းချိုးက ရှေးဟောင်း ဘိုးဘေးတို့၏ ဆန္ဒကို ခံစားမိလိုက်ရပြီး လူသားမျိုးနွယ်အပေါ် ထားရှိသော သဘောထားကို လက်မလျှော့တော့ပေ။

သူသည် ကျူထျန်းဂိုဏ်းကို သတ်ဖြတ်ရန်ပင် စိတ်ကူးပေါက်လာသည်။ ချင်းရှောင်ဂိုဏ်းက သေးငယ်သဖြင့် ပြဿနာများကို ရှောင်ရှားချင်သော်လည်း တစ်ဖက်လူက အတင်းလိုက်ကပ်နေပါက ပြန်လည် တုံ့ပြန်ရန် ဝန်လေးမည် မဟုတ်ပေ။

​ကျူထျန်းဂိုဏ်းကို ဦးဆောင်လာသော အနက်ရောင်ဝတ်ရုံနှင့် အကြီးအကဲက အလွန် အစွမ်းထက်ပြီး ဝိညာဉ်သုံးပါးပင်လယ်နယ်ပယ်၏ အထွတ်အထိပ်သို့ ရောက်ရှိနေပြီ ဖြစ်သည်။

ကျန်းဟုန်းမင် ဒဏ်ရာရနေသဖြင့် သူနှင့် ယှဉ်တိုက်ရန် မလွယ်ကူပေ။ ဖန်းပိုမိုနှင့် ကျိုးလင်ဟွမ်းတို့လည်း ယွမ်လီနှင့် ယင်ကျင်းရှင်းတို့ ဘေးတွင် တိုက်ခိုက်နေကြသည်။ အဆင့်မြင့် ကျင့်ကြံသူများ တိုးလာတိုင်း သူတို့နှစ်ယောက် ဝင်ရောက် တားဆီးပေးနေသဖြင့် ယွမ်လီတို့မှာ အဆင့်နိမ့် ကျင့်ကြံသူများကိုသာ တိုက်ခိုက်နိုင်မည့် အခွင့်အရေး ရရှိသည်။

​ ဖန်းပိုမို၏ အပြုအမူကို လီချင်းချိုး ကျေနပ်နေသည်။ ထိုသူသည် အရေခြုံပြီး ပရိယာယ် မဆင်ခဲ့ပေ။

လီချင်းချိုး ဖြည်းညှင်းစွာ မျက်လုံးဖွင့်လိုက်ပြီး လက်ျာလက်ကို မြှောက်လိုက်တော့ ရွှေရောင်အလင်းများ စုစည်းလာပြီး လူသားဧကရာဇ် ခေါင်းလောင်းပုံစံနှင့် တူညီသော ရွှေရောင်အရိပ်တစ်ခု ပေါ်လာသည်။ ခေါင်းလောင်းကိုအသုံးပြုဖို့ အပြည့်အဝ မကျွမ်းကျင်သေးသော်လည်း ၎င်း၏ သဘောထားကို ခံစားမိနေပြီး အခြေခံအားဖြင့် ထိန်းချုပ်နိုင်နေပြီ ဖြစ်သည်။

လီချင်းချိုးက ဖန်းဇီကျုံးကို လှည့်ကြည့်၍…

"မင်း မထွက်သွားသေးဘူးလား..ငါကပဲ အပြင်ကို ဆွဲထုတ်ပေးရမလို့လား"

​ဖန်းဇီကျုံး အံ့ဩသွားသည်။ သူ အလွယ်တကူ ထွက်သွားလိုက်မည်ဟု မထင်မှတ်ထားခဲ့ပေ။ သို့သော်လည်း ဒေါသတကြီးနှင့် လက်ကို ဝှေ့ယမ်းကာ ခြံဝင်းအတွင်းမှ ပျောက်ကွယ်သွားသည်။

လီချင်းချိုးက ယန်တောက်ကျုံးကို ကြည့်၍…

"မင်းရဲ့ ကျင့်ကြံခြင်းကို ဆက်လုပ်ပါ၊ ရပ်မထားနဲ့..အပြင်ဘက်က ကိစ္စတွေကို စိတ်မပူနဲ့"

"ခန်းမသခင်ယန်တို့ကရော..."

​"သူတို့ မကြာခင် ရောက်လာလိမ့်မယ်"

​လီချင်းချိုး စကားပြောပြီးသည်နှင့် လေဟာနယ်ထဲတွင် ပျောက်ကွယ်သွားသည်။ ယန်တောက်ကျုံးလည်း ကောင်းကင်ယံကို ကြည့်ကာ အပြင်ဘက်မှ တိုက်ပွဲကို ဆက်လက် ကြည့်ရှုနေတော့သည်။

​တစ်ချိန်တည်းမှာပင်….

​လီချင်းချိုးက တောင်ထိပ်တစ်ခုပေါ်တွင် ရပ်နေသကဲ့သို့ လူသားဧကရာဇ် ခေါင်းလောင်းထိပ်ပေါ်တွင် ပေါ်လာပြီး ရှေ့မှ တိုက်ပွဲကို အပေါ်စီးမှ ကြည့်ရှုနေသည်။

​ထျန်းချင်း မသေမျိုးဂိုဏ်းမှာ လူဦးရေ နည်းပါးသော်လည်း ပျမ်းမျှ စွမ်းအားပိုင်းတွင် ကျူထျန်းဂိုဏ်းထက် သာလွန်သည်။ သို့သော် ကျန်းဟုန်းမင် ဒဏ်ရာရနေသဖြင့် ကျူထျန်းဂိုဏ်းထက် နိမ့်ကျနေသည်။

အနက်ရောင်ဝတ်ရုံနှင့် အကြီးအကဲက လေထဲတွင် ဝဲပျံနေပြီး သံတုတ်ကို ကိုင်ဆောင်ကာ လေဆင်နှာမောင်းတစ်ခုကို ဖန်တီးလိုက်သည်။ အဆုံးမရှိသော လေဓားများက ကျန်းဟုန်းမင်ကို လိုက်လံတိုက်ခိုက်နေပြီး ဧရာမ အပြာရောင် နဂါးများအဖြစ် ပုံဖော်နေသည်။ ကျန်းဟုန်းမင်ကလည်း သူ၏ ဂိုဏ်းသားများ ထိခိုက်မည်ကို စိုးရိမ်သဖြင့် လေထဲတွင် ရှောင်တိမ်းနေရသည်။

​အပြာရောင် လေဓားများက လျှပ်စီးကဲ့သို့ မြန်ဆန်လွန်းသဖြင့် သူ မလွတ်မြောက်နိုင်ဘဲ ဓားဖြင့် ခုခံနေရသည်။ သို့သော်လည်း လေဓားများ၏ အရှိန်အဝါကို မတားဆီးနိုင်ပေ။ ကျန်းဟုန်းမင်မှာ အပြာရောင် နဂါးတစ်ကောင် ကိုက်ခဲခံလိုက်ရသကဲ့သို့ ခံစားလိုက်ရပြီး ဝတ်ရုံများမှာ အစုတ်စုတ်အပြတ်ပြတ် ဖြစ်ကာ သွေးများ စီးကျလာသည်။

"ခွေးမသား..."

​ကျန်းဟုန်းမင်က နာကျင်မှုကို အံကြိတ်ခံရင်း ဘက်ပေါင်းစုံမှ လာသော လေဓားများကို ခုခံရန် အတွင်းစွမ်းအားများကို အသုံးပြုလိုက်ရသည်။

​ဝူးးးး

ထိုစဉ် ​လေထဲမှ အသံတစ်ခု ထွက်ပေါ်လာသည်။ ကျန်းဟုန်းမင်တယောက် ပြင်းထန်သော ဓားအရှိန်အဝါ တစ်ခု ရောက်လာသည်ကို ခံစားလိုက်ရသည်။ သူ မတုံ့ပြန်နိုင်မီမှာပင် ဓားအလင်းတန်းတစ်ခု ကျရောက်လာပြီး သူ့ပတ်ဝန်းကျင်ရှိ လေဓားများကို ဖျက်ဆီးပစ်လိုက်သည်။ သူ လှည့်ကြည့်လိုက်သောအခါ ဖန်းပိုကျဲ့၏ ရွှမ်ရှားနတ်ဓား အပျက်အစီးများကြားတွင် စိုက်ဝင်နေသည်ကို မြင်လိုက်ရသည်။

​ဒဏ်ရာကို ကုသနေသော ဖန်းပိုကျဲ့ ရုတ်တရက် မျက်လုံးဖွင့်လိုက်သည်။ သူသည် မိုင်ပေါင်းများစွာ အကွာအဝေးကို ကြည့်လိုက်ပြီး သူ့ရဲ့ နတ်ဓားကို မြင်လိုက်ရသဖြင့် မျက်လုံးများ တောက်ပသွားပြီး လေပွေတစ်ခုကဲ့သို့ အမြန် လှုပ်ရှားလိုက်လေသည်။

​မျက်တောင်တစ်ခတ်အတွင်းမှာပင် ဖန်းပိုကျဲ့တယောက် နတ်ဓားရှေ့သို့ ရောက်သွားပြီး ဓားရိုးကို ကိုင်ရန် လက်ဆန့်လိုက်သည်။

​ဖပ်….

ထိုစဉ် ​လက်တစ်ဖက်က သူ့ လက်ကောက်ဝတ်ကို ဆုပ်ကိုင်လိုက်သဖြင်ြ သူ့ လက်ချောင်းများ ဓားရိုးရှေ့တွင် ရပ်တန့်သွားပြီး မျက်လုံးများ ပြူးကျယ်သွားသည်။ လှည့်ကြည့်လိုက်သောအခါ သူ့လက်ကို ဆုပ်ကိုင်ထားသူက လီချင်းချိုး ဖြစ်နေသည်။

​ယခင်က ကြုံတွေ့ခဲ့ရသော နာကျင်စရာ အတွေ့အကြုံများကြောင့် လီချင်းချိုးကို မြင်လိုက်ရသည်နှင့် ဖန်းပိုကျဲ့၏ မျက်ခွံများ တုန်ရီလာပြီး ကျောချမ်းသွားသည်။ လီချင်းချိုးက ဖန်းပိုကျဲ့ကို အေးစက်စက် ကြည့်ကာ…

"ငါ့ဓားကို ယူဖို့ မင်းကို ဘယ်သူ ခွင့်ပြုလို့လဲ" ဟု မေးလိုက်သည်။

​လီချင်းချိုး၏ စကားကို ကြားသောအခါ ဖန်းပိုကျဲ့ အလွန် အရှက်ရသွားပြီး ကြောက်စိတ်များ ပျောက်ကွယ်ကာ ဒေါသများ တိုးပွားလာသည်။

​"မောက်မာလိုက်တာ!"

All Chapters