အခန်း ၁၀၁
Vol. 11 Ch. 101
အခန်း (၁၀၁) အလုအယက် ဝယ်ယူခြင်း
ကျန်းမြို့ရှိ တိုက်ခန်းတစ်ခန်းတွင်......
စွန်းချီသည် ဆိုဖာပေါ်တွင် တင်ပျဉ်ခွေထိုင်နေပြီး ဖုန်းစခရင်မှ အလင်းရောင်က သူမ၏ အနည်းငယ် စိုးရိမ်နေသော မျက်နှာပေါ်သို့ ဟပ်နေခဲ့သည်။
ဖုန်းစခရင်တွင် ရီယဲ့ခရီးသွားအေဂျင်စီ၏ တိုရင်အကောင့်သို့ ဝင်ထားလေသည်။
“ဝူတန်တောင်က တာအိုဘုန်းကြီး ဟောထားတာ မှန်ပါစေလို့ မျှော်လင့်ရတာပဲ” စွန်းချီ တီးတိုးရေရွတ်လိုက်၏။
ကလေးဘဝမှ အရွယ်ရောက်သည်အထိ သူမဟာ ဘယ်တုန်းကမှ ကံမကောင်းခဲ့ချေ။ မဲနှိုက်လျှင် အမြဲရှုံးပြီး တစ်ခုဝယ် တစ်ခုလက်ဆောင်ဆုကိုပင် တစ်ခါမှ မပေါက်ဖူးချေ။
ပြီးခဲ့သည့်လက သူမ၏ သူငယ်ချင်းအချစ်ဆုံးက သူမကို ဝူတန်တောင်သို့ ဗေဒင်မေးရန် အတင်းဆွဲခေါ်သွားခဲ့သည်။ တာအိုဘုန်းကြီးက သူမဟာ ယခုနှစ်တွင် ကံကြမ္မာ အချိုးအကွေ့တစ်ခုနှင့် ကြုံတွေ့ရမည်ဟု ဟောခဲ့ပေသည်။
ယခုတော့ ထိုတာအိုဘုန်းကြီးက လိမ်လည်လှည့်စားသူ မဟုတ်ပါစေနှင့်ဟုသာ သူမ မျှော်လင့်နေမိလေသည်။
တကယ်လို့ သူမ ကံကြမ္မာပြောင်းလဲပြီး နေရာတစ်နေရာကို လုယူနိုင်ခဲ့မယ်ဆိုရင် လေးစားရတဲ့ ကောရှန် နဲ့ တွေ့ဆုံပြီး မျက်နှာချင်းဆိုင် ကျေးဇူးတင်ပါတယ်လို့ ပြောခွင့်ရပေမည်။
အခြားလူတွေက သူ့ရဲ့ စွမ်းရည်၊ ရုပ်ရည် ဒါမှမဟုတ် မိသားစု နောက်ခံတွေကြောင့် သူ့ကို လေးစားချီးကျူးကြပေမည်။
သို့သော် သူမကတော့ သူက သူမ၏ ကျေးဇူးရှင်ဖြစ်သောကြောင့်သာ သူ့ကို လေးစားခြင်း ဖြစ်၏။
ထိုစဉ်က သူ့ရဲ့ ငွေကြေးထောက်ပံ့မှုသာ မရှိခဲ့လျှင် သူမဟာ ပညာသင်ယူမှု ပြီးဆုံးနိုင်မည် မဟုတ်ဘဲ ယခုလို ဘဝမျိုးကိုလည်း ပိုင်ဆိုင်နိုင်မည် မဟုတ်ချေ။
“ငါတို့ ဒါကို မဖြစ်မနေ ရအောင် ယူရမယ်..”
စွန်းချီ လက်အုပ်ချီကာ ဆုတောင်းစကားများကို တီးတိုးရွတ်ဆိုနေချေသည်။
အချိန် ၂၂:၂၉ ...
စွန်းချီ၏ တစ်ကိုယ်လုံး တင်းမာသွားပြီး သူမ၏ မျက်လုံးများက စခရင်ပေါ်တွင် စူးစိုက်နေခဲ့သည်။
နောက်ခဏ၌ ချုံကျန်းဧကရာဇ် နန်းသက် သုံးနှစ်မြောက် မြို့တော်သို့ နှစ်ရက်တာ ခရီးစဉ်လင့်ခ် ကျလာပြီး လက်မှတ် ၁၀ စောင် ကျန်ရှိသေးသည်ဟု ပြသလိုက်သောအခါ သူမ၏ လက်ချောင်းက ဦးနှောက်က စဉ်းစားနိုင်သည်ထက် ပိုမြန်စွာ နှိပ်လိုက်မိပေသည်။
ထို့နောက် စာတစ်ကြောင်း ပေါ်လာ၏။
[၁၆၃၀ ခုနှစ် မြို့တော် နှစ်ရက်တာ ခရီးစဉ်တွင် ပါဝင်ရန် ဆန္ဒရှိပါသလား...]
[Yes] နှင့် [No] ရွေးချယ်စရာ ပေါ်လာသောအခါ သူမက စခရင်ပေါ်ရှိ စာကိုပင် မဖတ်ဘဲ [Yes] ကို နှိပ်လိုက်လေသည်။
ပြီးစီးသည်ကို နှိပ်ပြီးနောက်။
နောက်ထပ် စာတစ်ကြောင်း ပေါ်လာပြန်သည်။
[မင်မင်းဆက် နှောင်းပိုင်းကာလ မြို့တော် နှစ်ရက်တာ ခရီးစဉ်အတွက် နေရာတစ်နေရာကို အောင်မြင်စွာ ရယူနိုင်ခဲ့သည့်အတွက် ဂုဏ်ယူပါသည်]
စွန်းချီသည် ထိုစာကြောင်းကို မြင်သောအခါ အံ့အားသင့်စွာဖြင့် မျက်လုံးပြူးသွားရသည်။
“ငါ... ငါ တကယ်ကြီး လုနိုင်ခဲ့ပြီ...”
သူမ ထိုစကားကို အဆုံးထိ မပြောနိုင်ခင်မှာပင် အပေါ်မှ အဖြူရောင် အလင်းတန်းတစ်ခု ကျဆင်းလာပြီး သူမ၏ တစ်ကိုယ်လုံးကို လွှမ်းခြုံသွားလေသည်။
နောက်တစ်စက္ကန့်တွင် စွန်းချီဟာ သူမ၏ ဖုန်းနှင့်အတူ တိုက်ခန်းထဲမှ ပျောက်ကွယ်သွားခဲ့သည်။
ဟိုင်မြို့ရှိ ဇိမ်ခံတိုက်ခန်းကြီးထဲတွင်......
လင်းယုန်သည် သူ၏ ဂိမ်းကစားရာ ကုလားထိုင်ပေါ်တွင် တင်ပျဉ်ခွေထိုင်နေပြီး သူ၏လက်ထဲရှိ ဖုန်းမျက်နှာပြင်တွင် ရီယဲ့ခရီးသွားအေဂျင်စီ၏ ဆိုင်စာမျက်နှာကို ပြသထားချေသည်။
‘သခင်လေး ငါ့ကို လိမ်မပြောထားဘူးလို့ မျှော်လင့်ရတာပဲ....’
‘ဒီလိုမှမဟုတ်ရင် စခရင်ရှေ့မှာ ငေးကြောင်ပြီး ကြည့်နေတဲ့ ငါ့ရဲ့ အခုပုံစံက အရူးတစ်ယောက်နဲ့ တူနေလိမ့်မယ်...’
သူ လည်ပင်းကို လှည့်လိုက်ပြီး နံရံပေါ်ရှိ နာရီက ၂၂:၂၉ ကို ပြသနေသည်ကို မြင်လိုက်ရသည်။
တစ်ချိန်တည်းမှာပင် ဖုန်းစခရင်ပေါ်တွင် ရေတွက်မှု သတိပေးချက်တစ်ခု ပေါ်လာလေသည်။
သူ၏ ပရော်ဖက်ရှင်နယ် အသိစိတ်က သူ့ကို ချက်ချင်းပင် အာရုံစူးစိုက်မှု အပြည့်ရှိသွားစေပြီး သူ၏ သွယ်လျသော လက်ချောင်းများက စခရင်အထက်တွင် ဝဲပျံနေကာ ကြွက်သားမှတ်ဉာဏ်က အတွေးထက်ပင် ပိုမိုမြန်ဆန်စွာ လှုပ်ရှားနေခဲ့သည်။
၂၂:၃၀:၀၀
[လက်ကျန် - ၁၀]
ဂဏန်းများ ပေါ်လာသည်နှင့် တစ်ပြိုင်နက် သူ၏ လက်မက နှိပ်ပြီးသွားပြီ ဖြစ်၏။
ဖုန်းစခရင်ပေါ်တွင် စာတစ်ကြောင်း ပေါ်လာလေသည်။
[၁၆၃၀ ခုနှစ် မြို့တော် နှစ်ရက်တာ ခရီးစဉ်တွင် ပါဝင်ရန် ဆန္ဒရှိပါသလား...]
[Yes] နှင့် [No] နှစ်ခုစလုံး တစ်ပြိုင်နက် ပေါ်လာခဲ့သည်။
ပရော်ဖက်ရှင်နယ် အသိစိတ်ကြောင့် အခြားဘာကိုမှ မစဉ်းစားဘဲ သူ၏လက်က [Yes] ကို တိုက်ရိုက် နှိပ်လိုက်၏။
နောက်တစ်စက္ကန့်တွင် စာတစ်ကြောင်း ပေါ်လာပြန်သည်။
[မင်မင်းဆက် နှောင်းပိုင်းကာလ မြို့တော် နှစ်ရက်တာ ခရီးစဉ်အတွက် နေရာတစ်နေရာကို အောင်မြင်စွာ ရယူနိုင်ခဲ့သည့်အတွက် ဂုဏ်ယူပါသည်]
“ရပြီဟေ့....”
လင်းယုန်က မျက်ခုံးပင့်လိုက်၏။
‘ကောရွှိုက် ပြောတဲ့စကားက အမှန်ဖြစ်ပါစေလို့ မျှော်လင့်ရတာပဲ...’
ထိုအတွေး ဝင်လာသည့် အခိုက်အတန့်မှာပင် မျက်နှာကြက်ပေါ်မှ အဖြူရောင် အလင်းတန်းတစ်ခုက သတိပေးချက်မရှိဘဲ ရုတ်တရက် ကျဆင်းလာလေသည်။
လင်းယုန်က ရုတ်တရက် မော့ကြည့်လိုက်ပြီး မတုံ့ပြန်နိုင်မီမှာပင် အဖြူရောင်အလင်းတန်းက သူ၏ မြင်ကွင်းတစ်ခုလုံးကို လွှမ်းခြုံသွားခဲ့ပြီ ဖြစ်သည်။
“သောက်ကျိုးနည်း...”
ထိုစကားကို အဆုံးထိ မပြောနိုင်ခင်မှာပင် ဂိမ်းကစားရာ ကုလားထိုင်က အလွတ်ဖြစ်သွားပြီး ကွန်ပျူတာ မော်နီတာမှ အလင်းရောင်များ တဖျတ်ဖျတ် လင်းနေသည်သာ ကျန်ရစ်တော့ပေသည်။
........
ဟိုင်မြို့ရှိ အီးစပေါ့ကလပ် လေ့ကျင့်ရေးအခန်းထဲတွင်....
D သည် ပါးစပ်ထဲတွင် စွမ်းအင်ဖြည့် ဘားတစ်ခုကို ကိုက်ထားလျက် သူ၏ ဂိမ်းကုလားထိုင်တွင် နောက်သို့ မှီထိုင်နေပြီး စားပွဲပေါ်တွင် လက်ချောင်းများကို ဖွဖွလေး ခေါက်နေကာ သူ၏ မျက်လုံးများသည် ဖုန်းစခရင်ပေါ်တွင် ကပ်နေခဲ့သည်။
လေ့ကျင့်ရေးအခန်းရှိ နာရီက ၂၂:၂၉ သို့ ညွှန်ပြနေပြီး လေအေးပေးစက် အပေါက်များမှ ထွက်ပေါ်လာသော အသံများက သူ့ကို အိပ်ချင်မူးတူး ဖြစ်စေလေသည်။
ထိုအချိန်တွင် အသင်းဖော် အားဖေးက တံခါးကို တွန်းဖွင့်ကာ ဝင်လာပြီး သူ၏လက်ထဲတွင် ကိုကာကိုလာ ဘူးတစ်ဘူး ကိုင်ထားခဲ့သည်။
သူက D၏ ဖုန်းပေါ်ရှိ မျက်နှာပြင်ကို တစ်ချက်ကြည့်လိုက်ပြီး ချက်ချင်းပင် ရယ်မောလိုက်၏။
“မင်း ဒါကို တကယ်ယုံနေတာလား” အားဖေးက သရော်လိုက်ပြီး ဘူးကို ဖွင့်ကာ တစ်ငုံသောက်လိုက်လေသည်။ “ကောရွှိုက်က ဟာသသဘော ပြောလိုက်တဲ့ စကားကို မင်းက အတည်ယူနေတာလား”
D က ပခုံးတွန့်လိုက်ပြီး ပေါ့ပေါ့ပါးပါးပင် ပြောလိုက်၏။ “ဘာလို့ မစမ်းကြည့်ရမှာလဲ... ဘယ်လိုပဲဖြစ်ဖြစ် ယွမ်ထောင်ဂဏန်းလောက်ပဲလေ။ အလိမ်ခံရရင်လည်း ခံရပါစေပေါ့...”
အားဖေးက ခေါင်းယမ်းလိုက်ပြီး လှောင်ပြောင်သည့် မျက်နှာထားဖြင့် “ကောင်းပြီလေ... ဒါဆိုရင် မင်း အချိန်ယူပြီး လုလိုက်ဦး။ ငါတော့ သွားလေ့ကျင့်တော့မယ်”
D က လက်ဝှေ့ယမ်းပြလိုက်၏။ “သွား သွား.. ငါ လက်မှတ်လုနေတုန်း လာမရှုပ်နဲ့”
၂၂:၃၀:၀၀.....
D၏ မျက်လုံးများ ရုတ်တရက် စူးရှသွားပြီး သူ၏ လက်ချောင်းများက စခရင်ကို မျက်စိတစ်မှိတ်အတွင်း သုံးကြိမ်တိုင်တိုင် နှိပ်လိုက်၏။
[လက်ကျန် - ၁၀]
[၁၆၃၀ ခုနှစ် မြို့တော် နှစ်ရက်တာ ခရီးစဉ်တွင် ပါဝင်ရန် ဆန္ဒရှိပါသလား...]
သူသည် စာကိုပင် မဖတ်တော့ဘဲ [Yes] ကို တိုက်ရိုက် နှိပ်လိုက်လေသည်။
[မင်မင်းဆက် နှောင်းပိုင်းကာလ မြို့တော် နှစ်ရက်တာ ခရီးစဉ်အတွက် နေရာတစ်နေရာကို အောင်မြင်စွာ ရယူနိုင်ခဲ့သည့်အတွက် ဂုဏ်ယူပါသည်]
“ဟား... ငါရပြီကွ...” D က ပြုံးဖြဲဖြဲလုပ်ကာ အားဖေးကို မော့ကြည့်လိုက်၏။ “ဘယ်လိုလဲ... ငါ့ရဲ့ အမြန်နှုန်းက...”
သူ စကားမဆုံးမီမှာပင် မျက်စိကျိန်းမတတ် အဖြူရောင် အလင်းတန်းတစ်ခု ရုတ်တရက် အပေါ်မှ ကျဆင်းလာခဲ့သည်။
D၏ အပြုံးက မျက်နှာပေါ်တွင် အေးခဲသွားလေသည်။
အသံကြား၍ အားဖေး လှည့်ကြည့်လိုက်သောအခါ ထိုကဲ့သို့ တုန်လှုပ်ဖွယ် ကောင်းသော မြင်ကွင်းကို တွေ့လိုက်ရ၏။
သူ၏ သူငယ်အိမ်များ ပြင်းထန်စွာ ကျုံ့သွားပြီး သူ၏လက်ထဲရှိ ကိုကာကိုလာဘူးက မြေပြင်ပေါ်သို့ ခွမ်းခနဲ ပြုတ်ကျသွားကာ ကာဗွန်နိတ် အချိုရည်များ ပန်းထွက်သွားခဲ့သည်။
“D... မင်း...”
အဖြူရောင် အလင်းတန်းထဲတွင် D၏ ပုံရိပ်က လျင်မြန်စွာ ဝေဝါးသွားပြီး နောက်ဆုံးတွင် လုံးဝ ပျောက်ကွယ်သွားသည်ကို သူ ဘာမှမတတ်နိုင်ဘဲ ကြည့်နေခဲ့ရသည်။
အခန်းက သေမတတ် တိတ်ဆိတ်သွားရသည်။
အားဖေးသည် နေရာတွင်ပင် အေးခဲနေပြီး သူ၏ နှုတ်ခမ်းများက တုန်ယင်နေလေသည်။
စက္ကန့်အနည်းငယ် အကြာတွင် သူက ဖုန်းကို ယူကာ နည်းပြ၏ နံပါတ်ကို အသည်းအသန် ခေါ်ဆိုလိုက်ပြီး သူ၏ အသံမှာ အက်ကွဲလုနီးပါး ဖြစ်နေလေသည်။
“နည်းပြ... ပြဿနာကြီး တက်ပြီ.... D... D... သူ ပျောက်သွားပြီဗျ....”
........
ချန်တူး ကြယ်စင်ကောင်းကင် အင်တာနက်ကဖေး.....
၂၂:၂၈ တွင် လီကျစ်၏ ကွန်ပျူတာစခရင်က ပြင်းထန်သော အသင်းလိုက် တိုက်ပွဲတစ်ခုကို ပြသနေပြီး သူ၏ နားကြပ်ထဲမှတစ်ဆင့် အသင်းဖော်များ၏ အော်ဟစ်သံများကို ကြားနေခဲ့ရသည်။
“ခဏစောင့်ဦး....” သူက ရုတ်တရက် နားကြပ်ကို ချွတ်လိုက်ပြီး ဖုန်းကို ယူကာ “ငါ နေရာအရင် လုလိုက်ဦးမယ်” ဟု ပြောလိုက်သည်။
သူ့ဘေးရှိ အခန်းဖော် ဝမ်ဟောက် က မျက်လုံးလှန်ပြလိုက်၏။ “မင်းက အဲဒီ အချိန်ခရီးသွားတာကို တကယ်ယုံနေတာလား။ အွန်လိုင်းမှာ လူတိုင်းက ဒါ လိမ်လည်မှုလို့ ပြောနေကြတာကိုကွာ... ”
အခြားတစ်ဖက်မှ ချန်ရှင်းကလည်း ကီးဘုတ်ကို ရိုက်ရင်း လှောင်ပြောင်လိုက်၏။ “ကောရှန်.... Dတို့ဆိုတာ မားကတ်တင်း အကောင့်တွေကနေ လုပ်ကြံဖန်တီးထားတာ ဖြစ်နိုင်တယ်။ မင်းက တကယ် ယုံသွားတာလား....”
လီကျစ်က သူတို့၏ စနောက်မှုများကို လျစ်လျူရှုကာ ရီယဲ့ခရီးသွားအေဂျင်စီအကောင့်၏ ပင်မစာမျက်နှာသို့ ဝင်ရန် တိုရင်ကို အမြန်ဖွင့်လိုက်သည်။
“ဘယ်လိုပဲဖြစ်ဖြစ် စမ်းကြည့်လို့ ဆုံးရှုံးစရာမှ မရှိတာကွာ” သူက ပခုံးတွန့်လိုက်၏။ “တကယ်လို့ အချိန်ခရီးသွားလို့ ရမယ်ဆိုရင်တော့ ငါ ထီပေါက်တာပဲလေ.. ”
“အိုကေ အိုကေ... မြန်မြန်လုပ်ပြီး အမြန်ပြီးအောင်လုပ်.... ငါတို့ ဆက်ကစားကြမယ်” ဝမ်ဟောက်က စိတ်မရှည်စွာဖြင့် လက်ဝှေ့ယမ်းပြလိုက်၏။
၂၂:၃၀:၀၀
လီကျစ်က အသက်ရှူ အနည်းငယ် အောင့်ထားလိုက်ပြီး သူ၏ လက်ချောင်းများက စခရင်အထက်တွင် ဝဲပျံနေကာ သူ၏ မျက်လုံးများက ရေတွက်မှု သုညသို့ ရောက်ရှိသွားသည့် အခိုက်အတန့်တွင် စူးစိုက်နေခဲ့သည်။
[လက်ကျန် - ၁၀]
တစ်ပြိုင်နက် သူဟာ အလိုအလျောက် နီးပါး ဝယ်ယူရန် နှိပ်လိုက်ပြီး လုပ်ငန်းစဉ်က စက္ကန့်ဝက်ပင် မကြာဘဲ ပြီးဆုံးသွားခဲ့သည်။
[၁၆၃၀ ခုနှစ် မြို့တော် နှစ်ရက်တာ ခရီးစဉ်တွင် ပါဝင်ရန် ဆန္ဒရှိပါသလား...]
သူသည် စာကို သေချာပင် မဖတ်တော့ဘဲ [Yes] ကိုသာ နှိပ်လိုက်သည်။
နောက်တစ်စက္ကန့်တွင်....
[မင်မင်းဆက် နှောင်းပိုင်းကာလ မြို့တော် နှစ်ရက်တာ ခရီးစဉ်အတွက် နေရာတစ်နေရာကို အောင်မြင်စွာ ရယူနိုင်ခဲ့သည့်အတွက် ဂုဏ်ယူပါသည်]
“လခွီး... ငါရပြီကွ...” လီကျစ်က ခုန်ထကာ ဖုန်းကို စိတ်လှုပ်ရှားစွာ ဝှေ့ယမ်းပြလိုက်၏။ “ဟေ့ကောင်တွေ... ငါရပြီဟေ့”
ဝမ်ဟောက်နှင့် ချန်ရှင်းတို့က အသံကြားသောအခါ လှည့်ကြည့်လိုက်ပြီး နောက်ပြောင်ရန် ပြင်လိုက်စဉ်မှာပင် ရုတ်တရက် မျက်လုံးများ ပြူးကျယ်သွားကြရသည်။
မျက်စိကျိန်းမတတ် အဖြူရောင် အလင်းတန်းတစ်ခုက မျက်နှာကြက်မှ ရေတံခွန်ကဲ့သို့ ကျဆင်းလာပြီး လီကျစ်ကို လွှမ်းခြုံသွားခဲ့သည်။
“လီကျစ်.... ” ဝမ်ဟောက် ရုတ်တရက် မတ်တတ်ရပ်လိုက်ရာ သူ၏ ကုလားထိုင် မြေပြင်ပေါ်သို့ လဲကျသွားလေသည်။
ချန်ရှင်း၏ အသံမှာ တုန်ယင်နေခဲ့သည်။ “မင်း... မင်း...”
လီကျစ် မတုံ့ပြန်နိုင်မီမှာပင် တဖြည်းဖြည်း ပွင့်လင်းမြင်သာ ဖြစ်လာသော သူ၏ လက်များကို ငုံ့ကြည့်လိုက်ရာ သူ၏ မျက်နှာအမူအရာမှာ အလွန်အမင်း ဝမ်းသာပျော်ရွှင်မှုမှ တုန်လှုပ်မှုအဖြစ်သို့ ပြောင်းလဲသွားရသည်။
“နေ... နေဦး... ငါ...”
သူ၏ အသံ ရုတ်တရက် ရပ်တန့်သွားချေသည်။
ရုတ်တရက် အဖြူရောင် အလင်းတန်း ပေါက်ကွဲထွက်လာပြီး အခန်းဖော်ဖြစ်သူ၏ ကြောက်လန့်တကြား အကြည့်များအောက်တွင် လီကျစ်၏ ပုံရိပ်က မြူခိုးများကဲ့သို့ လေထဲတွင် ပျောက်ကွယ်သွားခဲ့သည်။
အင်တာနက်ကဖေးမှ ဆူညံသံများက ချက်ချင်း ပျောက်ကွယ်သွားသကဲ့သို့ ဖြစ်သွားလေသည်။
ဝမ်ဟောက်သည် နေရာတွင်ပင် အေးခဲနေပြီး သူ၏ နှုတ်ခမ်းများက တုန်ယင်နေ၏။ “ပျောက်... ပျောက်သွားပြီ...”
အခန်း ၁၀၁ပြီး၏။