← Chapters

အခန်း ၁၀၁

Vol. 11 Ch. 101

အခန်း ၁၀၁

Vol. 11 Ch. 101

အခန်း (၁၀၁) အလုအယက် ဝယ်ယူခြင်း

​ကျန်းမြို့ရှိ တိုက်ခန်းတစ်ခန်းတွင်......

​စွန်းချီသည် ဆိုဖာပေါ်တွင် တင်ပျဉ်ခွေထိုင်နေပြီး ဖုန်းစခရင်မှ အလင်းရောင်က သူမ၏ အနည်းငယ် စိုးရိမ်နေသော မျက်နှာပေါ်သို့ ဟပ်နေခဲ့သည်။

​ဖုန်းစခရင်တွင် ရီယဲ့ခရီးသွားအေဂျင်စီ၏ တိုရင်အကောင့်သို့ ဝင်ထားလေသည်။

​“ဝူတန်တောင်က တာအိုဘုန်းကြီး ဟောထားတာ မှန်ပါစေလို့ မျှော်လင့်ရတာပဲ” စွန်းချီ တီးတိုးရေရွတ်လိုက်၏။

​ကလေးဘဝမှ အရွယ်ရောက်သည်အထိ သူမဟာ ဘယ်တုန်းကမှ ကံမကောင်းခဲ့ချေ။ မဲနှိုက်လျှင် အမြဲရှုံးပြီး တစ်ခုဝယ် တစ်ခုလက်ဆောင်ဆုကိုပင် တစ်ခါမှ မပေါက်ဖူးချေ။

​ပြီးခဲ့သည့်လက သူမ၏ သူငယ်ချင်းအချစ်ဆုံးက သူမကို ဝူတန်တောင်သို့ ဗေဒင်မေးရန် အတင်းဆွဲခေါ်သွားခဲ့သည်။ တာအိုဘုန်းကြီးက သူမဟာ ယခုနှစ်တွင် ကံကြမ္မာ အချိုးအကွေ့တစ်ခုနှင့် ကြုံတွေ့ရမည်ဟု ဟောခဲ့ပေသည်။

​ယခုတော့ ထိုတာအိုဘုန်းကြီးက လိမ်လည်လှည့်စားသူ မဟုတ်ပါစေနှင့်ဟုသာ သူမ မျှော်လင့်နေမိလေသည်။

​တကယ်လို့ သူမ ကံကြမ္မာပြောင်းလဲပြီး နေရာတစ်နေရာကို လုယူနိုင်ခဲ့မယ်ဆိုရင် လေးစားရတဲ့ ကောရှန် နဲ့ တွေ့ဆုံပြီး မျက်နှာချင်းဆိုင် ကျေးဇူးတင်ပါတယ်လို့ ပြောခွင့်ရပေမည်။

​အခြားလူတွေက သူ့ရဲ့ စွမ်းရည်၊ ရုပ်ရည် ဒါမှမဟုတ် မိသားစု နောက်ခံတွေကြောင့် သူ့ကို လေးစားချီးကျူးကြပေမည်။

​သို့သော် သူမကတော့ သူက သူမ၏ ကျေးဇူးရှင်ဖြစ်သောကြောင့်သာ သူ့ကို လေးစားခြင်း ဖြစ်၏။

​ထိုစဉ်က သူ့ရဲ့ ငွေကြေးထောက်ပံ့မှုသာ မရှိခဲ့လျှင် သူမဟာ ပညာသင်ယူမှု ပြီးဆုံးနိုင်မည် မဟုတ်ဘဲ ယခုလို ဘဝမျိုးကိုလည်း ပိုင်ဆိုင်နိုင်မည် မဟုတ်ချေ။

​“ငါတို့ ဒါကို မဖြစ်မနေ ရအောင် ယူရမယ်..”

​စွန်းချီ လက်အုပ်ချီကာ ဆုတောင်းစကားများကို တီးတိုးရွတ်ဆိုနေချေသည်။

​အချိန် ၂၂:၂၉ ...

​စွန်းချီ၏ တစ်ကိုယ်လုံး တင်းမာသွားပြီး သူမ၏ မျက်လုံးများက စခရင်ပေါ်တွင် စူးစိုက်နေခဲ့သည်။

​နောက်ခဏ၌ ချုံကျန်းဧကရာဇ် နန်းသက် သုံးနှစ်မြောက် မြို့တော်သို့ နှစ်ရက်တာ ခရီးစဉ်လင့်ခ် ကျလာပြီး လက်မှတ် ၁၀ စောင် ကျန်ရှိသေးသည်ဟု ပြသလိုက်သောအခါ သူမ၏ လက်ချောင်းက ဦးနှောက်က စဉ်းစားနိုင်သည်ထက် ပိုမြန်စွာ နှိပ်လိုက်မိပေသည်။

​ထို့နောက် စာတစ်ကြောင်း ပေါ်လာ၏။

​[၁၆၃၀ ခုနှစ် မြို့တော် နှစ်ရက်တာ ခရီးစဉ်တွင် ပါဝင်ရန် ဆန္ဒရှိပါသလား...]

​[Yes] နှင့် [No] ရွေးချယ်စရာ ပေါ်လာသောအခါ သူမက စခရင်ပေါ်ရှိ စာကိုပင် မဖတ်ဘဲ [Yes] ကို နှိပ်လိုက်လေသည်။

​ပြီးစီးသည်ကို နှိပ်ပြီးနောက်။

​နောက်ထပ် စာတစ်ကြောင်း ပေါ်လာပြန်သည်။

​[မင်မင်းဆက် နှောင်းပိုင်းကာလ မြို့တော် နှစ်ရက်တာ ခရီးစဉ်အတွက် နေရာတစ်နေရာကို အောင်မြင်စွာ ရယူနိုင်ခဲ့သည့်အတွက် ဂုဏ်ယူပါသည်]

​စွန်းချီသည် ထိုစာကြောင်းကို မြင်သောအခါ အံ့အားသင့်စွာဖြင့် မျက်လုံးပြူးသွားရသည်။

​“ငါ... ငါ တကယ်ကြီး လုနိုင်ခဲ့ပြီ...”

​သူမ ထိုစကားကို အဆုံးထိ မပြောနိုင်ခင်မှာပင် အပေါ်မှ အဖြူရောင် အလင်းတန်းတစ်ခု ကျဆင်းလာပြီး သူမ၏ တစ်ကိုယ်လုံးကို လွှမ်းခြုံသွားလေသည်။

​နောက်တစ်စက္ကန့်တွင် စွန်းချီဟာ သူမ၏ ဖုန်းနှင့်အတူ တိုက်ခန်းထဲမှ ပျောက်ကွယ်သွားခဲ့သည်။

​

​ဟိုင်မြို့ရှိ ဇိမ်ခံတိုက်ခန်းကြီးထဲတွင်......

လင်းယုန်သည် သူ၏ ဂိမ်းကစားရာ ကုလားထိုင်ပေါ်တွင် တင်ပျဉ်ခွေထိုင်နေပြီး သူ၏လက်ထဲရှိ ဖုန်းမျက်နှာပြင်တွင် ရီယဲ့ခရီးသွားအေဂျင်စီ၏ ဆိုင်စာမျက်နှာကို ပြသထားချေသည်။

​‘သခင်လေး ငါ့ကို လိမ်မပြောထားဘူးလို့ မျှော်လင့်ရတာပဲ....’

​‘ဒီလိုမှမဟုတ်ရင် စခရင်ရှေ့မှာ ငေးကြောင်ပြီး ကြည့်နေတဲ့ ငါ့ရဲ့ အခုပုံစံက အရူးတစ်ယောက်နဲ့ တူနေလိမ့်မယ်...’

​သူ လည်ပင်းကို လှည့်လိုက်ပြီး နံရံပေါ်ရှိ နာရီက ၂၂:၂၉ ကို ပြသနေသည်ကို မြင်လိုက်ရသည်။

​တစ်ချိန်တည်းမှာပင် ဖုန်းစခရင်ပေါ်တွင် ရေတွက်မှု သတိပေးချက်တစ်ခု ပေါ်လာလေသည်။

​သူ၏ ပရော်ဖက်ရှင်နယ် အသိစိတ်က သူ့ကို ချက်ချင်းပင် အာရုံစူးစိုက်မှု အပြည့်ရှိသွားစေပြီး သူ၏ သွယ်လျသော လက်ချောင်းများက စခရင်အထက်တွင် ဝဲပျံနေကာ ကြွက်သားမှတ်ဉာဏ်က အတွေးထက်ပင် ပိုမိုမြန်ဆန်စွာ လှုပ်ရှားနေခဲ့သည်။

​၂၂:၃၀:၀၀

​[လက်ကျန် - ၁၀]

​ဂဏန်းများ ပေါ်လာသည်နှင့် တစ်ပြိုင်နက် သူ၏ လက်မက နှိပ်ပြီးသွားပြီ ဖြစ်၏။

​ဖုန်းစခရင်ပေါ်တွင် စာတစ်ကြောင်း ပေါ်လာလေသည်။

​[၁၆၃၀ ခုနှစ် မြို့တော် နှစ်ရက်တာ ခရီးစဉ်တွင် ပါဝင်ရန် ဆန္ဒရှိပါသလား...]

​[Yes] နှင့် [No] နှစ်ခုစလုံး တစ်ပြိုင်နက် ပေါ်လာခဲ့သည်။

​ပရော်ဖက်ရှင်နယ် အသိစိတ်ကြောင့် အခြားဘာကိုမှ မစဉ်းစားဘဲ သူ၏လက်က [Yes] ကို တိုက်ရိုက် နှိပ်လိုက်၏။

​နောက်တစ်စက္ကန့်တွင် စာတစ်ကြောင်း ပေါ်လာပြန်သည်။

​[မင်မင်းဆက် နှောင်းပိုင်းကာလ မြို့တော် နှစ်ရက်တာ ခရီးစဉ်အတွက် နေရာတစ်နေရာကို အောင်မြင်စွာ ရယူနိုင်ခဲ့သည့်အတွက် ဂုဏ်ယူပါသည်]

​“ရပြီဟေ့....”

​လင်းယုန်က မျက်ခုံးပင့်လိုက်၏။

​‘ကောရွှိုက် ပြောတဲ့စကားက အမှန်ဖြစ်ပါစေလို့ မျှော်လင့်ရတာပဲ...’

​ထိုအတွေး ဝင်လာသည့် အခိုက်အတန့်မှာပင် မျက်နှာကြက်ပေါ်မှ အဖြူရောင် အလင်းတန်းတစ်ခုက သတိပေးချက်မရှိဘဲ ရုတ်တရက် ကျဆင်းလာလေသည်။

​လင်းယုန်က ရုတ်တရက် မော့ကြည့်လိုက်ပြီး မတုံ့ပြန်နိုင်မီမှာပင် အဖြူရောင်အလင်းတန်းက သူ၏ မြင်ကွင်းတစ်ခုလုံးကို လွှမ်းခြုံသွားခဲ့ပြီ ဖြစ်သည်။

​“သောက်ကျိုးနည်း...”

​ထိုစကားကို အဆုံးထိ မပြောနိုင်ခင်မှာပင် ဂိမ်းကစားရာ ကုလားထိုင်က အလွတ်ဖြစ်သွားပြီး ကွန်ပျူတာ မော်နီတာမှ အလင်းရောင်များ တဖျတ်ဖျတ် လင်းနေသည်သာ ကျန်ရစ်တော့ပေသည်။

​........

​ဟိုင်မြို့ရှိ အီးစပေါ့ကလပ် လေ့ကျင့်ရေးအခန်းထဲတွင်....

​D သည် ပါးစပ်ထဲတွင် စွမ်းအင်ဖြည့် ဘားတစ်ခုကို ကိုက်ထားလျက် သူ၏ ဂိမ်းကုလားထိုင်တွင် နောက်သို့ မှီထိုင်နေပြီး စားပွဲပေါ်တွင် လက်ချောင်းများကို ဖွဖွလေး ခေါက်နေကာ သူ၏ မျက်လုံးများသည် ဖုန်းစခရင်ပေါ်တွင် ကပ်နေခဲ့သည်။

​လေ့ကျင့်ရေးအခန်းရှိ နာရီက ၂၂:၂၉ သို့ ညွှန်ပြနေပြီး လေအေးပေးစက် အပေါက်များမှ ထွက်ပေါ်လာသော အသံများက သူ့ကို အိပ်ချင်မူးတူး ဖြစ်စေလေသည်။

​ထိုအချိန်တွင် အသင်းဖော် အားဖေးက တံခါးကို တွန်းဖွင့်ကာ ဝင်လာပြီး သူ၏လက်ထဲတွင် ကိုကာကိုလာ ဘူးတစ်ဘူး ကိုင်ထားခဲ့သည်။

​သူက D၏ ဖုန်းပေါ်ရှိ မျက်နှာပြင်ကို တစ်ချက်ကြည့်လိုက်ပြီး ချက်ချင်းပင် ရယ်မောလိုက်၏။

​“မင်း ဒါကို တကယ်ယုံနေတာလား” အားဖေးက သရော်လိုက်ပြီး ဘူးကို ဖွင့်ကာ တစ်ငုံသောက်လိုက်လေသည်။ “ကောရွှိုက်က ဟာသသဘော ပြောလိုက်တဲ့ စကားကို မင်းက အတည်ယူနေတာလား”

​D က ပခုံးတွန့်လိုက်ပြီး ပေါ့ပေါ့ပါးပါးပင် ပြောလိုက်၏။ “ဘာလို့ မစမ်းကြည့်ရမှာလဲ... ဘယ်လိုပဲဖြစ်ဖြစ် ယွမ်ထောင်ဂဏန်းလောက်ပဲလေ။ အလိမ်ခံရရင်လည်း ခံရပါစေပေါ့...”

​အားဖေးက ခေါင်းယမ်းလိုက်ပြီး လှောင်ပြောင်သည့် မျက်နှာထားဖြင့် “ကောင်းပြီလေ... ဒါဆိုရင် မင်း အချိန်ယူပြီး လုလိုက်ဦး။ ငါတော့ သွားလေ့ကျင့်တော့မယ်”

​D က လက်ဝှေ့ယမ်းပြလိုက်၏။ “သွား သွား.. ငါ လက်မှတ်လုနေတုန်း လာမရှုပ်နဲ့”

​၂၂:၃၀:၀၀.....

​D၏ မျက်လုံးများ ရုတ်တရက် စူးရှသွားပြီး သူ၏ လက်ချောင်းများက စခရင်ကို မျက်စိတစ်မှိတ်အတွင်း သုံးကြိမ်တိုင်တိုင် နှိပ်လိုက်၏။

​[လက်ကျန် - ၁၀]

​[၁၆၃၀ ခုနှစ် မြို့တော် နှစ်ရက်တာ ခရီးစဉ်တွင် ပါဝင်ရန် ဆန္ဒရှိပါသလား...]

​သူသည် စာကိုပင် မဖတ်တော့ဘဲ [Yes] ကို တိုက်ရိုက် နှိပ်လိုက်လေသည်။

​[မင်မင်းဆက် နှောင်းပိုင်းကာလ မြို့တော် နှစ်ရက်တာ ခရီးစဉ်အတွက် နေရာတစ်နေရာကို အောင်မြင်စွာ ရယူနိုင်ခဲ့သည့်အတွက် ဂုဏ်ယူပါသည်]

​“ဟား... ငါရပြီကွ...” D က ပြုံးဖြဲဖြဲလုပ်ကာ အားဖေးကို မော့ကြည့်လိုက်၏။ “ဘယ်လိုလဲ... ငါ့ရဲ့ အမြန်နှုန်းက...”

​သူ စကားမဆုံးမီမှာပင် မျက်စိကျိန်းမတတ် အဖြူရောင် အလင်းတန်းတစ်ခု ရုတ်တရက် အပေါ်မှ ကျဆင်းလာခဲ့သည်။

​D၏ အပြုံးက မျက်နှာပေါ်တွင် အေးခဲသွားလေသည်။

​အသံကြား၍ အားဖေး လှည့်ကြည့်လိုက်သောအခါ ထိုကဲ့သို့ တုန်လှုပ်ဖွယ် ကောင်းသော မြင်ကွင်းကို တွေ့လိုက်ရ၏။

​သူ၏ သူငယ်အိမ်များ ပြင်းထန်စွာ ကျုံ့သွားပြီး သူ၏လက်ထဲရှိ ကိုကာကိုလာဘူးက မြေပြင်ပေါ်သို့ ခွမ်းခနဲ ပြုတ်ကျသွားကာ ကာဗွန်နိတ် အချိုရည်များ ပန်းထွက်သွားခဲ့သည်။

​“D... မင်း...”

​အဖြူရောင် အလင်းတန်းထဲတွင် D၏ ပုံရိပ်က လျင်မြန်စွာ ဝေဝါးသွားပြီး နောက်ဆုံးတွင် လုံးဝ ပျောက်ကွယ်သွားသည်ကို သူ ဘာမှမတတ်နိုင်ဘဲ ကြည့်နေခဲ့ရသည်။

​အခန်းက သေမတတ် တိတ်ဆိတ်သွားရသည်။

​အားဖေးသည် နေရာတွင်ပင် အေးခဲနေပြီး သူ၏ နှုတ်ခမ်းများက တုန်ယင်နေလေသည်။

​စက္ကန့်အနည်းငယ် အကြာတွင် သူက ဖုန်းကို ယူကာ နည်းပြ၏ နံပါတ်ကို အသည်းအသန် ခေါ်ဆိုလိုက်ပြီး သူ၏ အသံမှာ အက်ကွဲလုနီးပါး ဖြစ်နေလေသည်။

​“နည်းပြ... ပြဿနာကြီး တက်ပြီ.... D... D... သူ ပျောက်သွားပြီဗျ....”

​........

​ချန်တူး ကြယ်စင်ကောင်းကင် အင်တာနက်ကဖေး.....

​၂၂:၂၈ တွင် လီကျစ်၏ ကွန်ပျူတာစခရင်က ပြင်းထန်သော အသင်းလိုက် တိုက်ပွဲတစ်ခုကို ပြသနေပြီး သူ၏ နားကြပ်ထဲမှတစ်ဆင့် အသင်းဖော်များ၏ အော်ဟစ်သံများကို ကြားနေခဲ့ရသည်။

​“ခဏစောင့်ဦး....” သူက ရုတ်တရက် နားကြပ်ကို ချွတ်လိုက်ပြီး ဖုန်းကို ယူကာ “ငါ နေရာအရင် လုလိုက်ဦးမယ်” ဟု ပြောလိုက်သည်။

​သူ့ဘေးရှိ အခန်းဖော် ဝမ်ဟောက် က မျက်လုံးလှန်ပြလိုက်၏။ “မင်းက အဲဒီ အချိန်ခရီးသွားတာကို တကယ်ယုံနေတာလား။ အွန်လိုင်းမှာ လူတိုင်းက ဒါ လိမ်လည်မှုလို့ ပြောနေကြတာကိုကွာ... ”

​အခြားတစ်ဖက်မှ ချန်ရှင်းကလည်း ကီးဘုတ်ကို ရိုက်ရင်း လှောင်ပြောင်လိုက်၏။ “ကောရှန်.... Dတို့ဆိုတာ မားကတ်တင်း အကောင့်တွေကနေ လုပ်ကြံဖန်တီးထားတာ ဖြစ်နိုင်တယ်။ မင်းက တကယ် ယုံသွားတာလား....”

​လီကျစ်က သူတို့၏ စနောက်မှုများကို လျစ်လျူရှုကာ ရီယဲ့ခရီးသွားအေဂျင်စီအကောင့်၏ ပင်မစာမျက်နှာသို့ ဝင်ရန် တိုရင်ကို အမြန်ဖွင့်လိုက်သည်။

​“ဘယ်လိုပဲဖြစ်ဖြစ် စမ်းကြည့်လို့ ဆုံးရှုံးစရာမှ မရှိတာကွာ” သူက ပခုံးတွန့်လိုက်၏။ “တကယ်လို့ အချိန်ခရီးသွားလို့ ရမယ်ဆိုရင်တော့ ငါ ထီပေါက်တာပဲလေ.. ”

​“အိုကေ အိုကေ... မြန်မြန်လုပ်ပြီး အမြန်ပြီးအောင်လုပ်.... ငါတို့ ဆက်ကစားကြမယ်” ဝမ်ဟောက်က စိတ်မရှည်စွာဖြင့် လက်ဝှေ့ယမ်းပြလိုက်၏။

​၂၂:၃၀:၀၀

​လီကျစ်က အသက်ရှူ အနည်းငယ် အောင့်ထားလိုက်ပြီး သူ၏ လက်ချောင်းများက စခရင်အထက်တွင် ဝဲပျံနေကာ သူ၏ မျက်လုံးများက ရေတွက်မှု သုညသို့ ရောက်ရှိသွားသည့် အခိုက်အတန့်တွင် စူးစိုက်နေခဲ့သည်။

​[လက်ကျန် - ၁၀]

​တစ်ပြိုင်နက် သူဟာ အလိုအလျောက် နီးပါး ဝယ်ယူရန် နှိပ်လိုက်ပြီး လုပ်ငန်းစဉ်က စက္ကန့်ဝက်ပင် မကြာဘဲ ပြီးဆုံးသွားခဲ့သည်။

​[၁၆၃၀ ခုနှစ် မြို့တော် နှစ်ရက်တာ ခရီးစဉ်တွင် ပါဝင်ရန် ဆန္ဒရှိပါသလား...]

​သူသည် စာကို သေချာပင် မဖတ်တော့ဘဲ [Yes] ကိုသာ နှိပ်လိုက်သည်။

​နောက်တစ်စက္ကန့်တွင်....

​[မင်မင်းဆက် နှောင်းပိုင်းကာလ မြို့တော် နှစ်ရက်တာ ခရီးစဉ်အတွက် နေရာတစ်နေရာကို အောင်မြင်စွာ ရယူနိုင်ခဲ့သည့်အတွက် ဂုဏ်ယူပါသည်]

​“လခွီး... ငါရပြီကွ...” လီကျစ်က ခုန်ထကာ ဖုန်းကို စိတ်လှုပ်ရှားစွာ ဝှေ့ယမ်းပြလိုက်၏။ “ဟေ့ကောင်တွေ... ငါရပြီဟေ့”

​ဝမ်ဟောက်နှင့် ချန်ရှင်းတို့က အသံကြားသောအခါ လှည့်ကြည့်လိုက်ပြီး နောက်ပြောင်ရန် ပြင်လိုက်စဉ်မှာပင် ရုတ်တရက် မျက်လုံးများ ပြူးကျယ်သွားကြရသည်။

​မျက်စိကျိန်းမတတ် အဖြူရောင် အလင်းတန်းတစ်ခုက မျက်နှာကြက်မှ ရေတံခွန်ကဲ့သို့ ကျဆင်းလာပြီး လီကျစ်ကို လွှမ်းခြုံသွားခဲ့သည်။

​“လီကျစ်.... ” ဝမ်ဟောက် ရုတ်တရက် မတ်တတ်ရပ်လိုက်ရာ သူ၏ ကုလားထိုင် မြေပြင်ပေါ်သို့ လဲကျသွားလေသည်။

​ချန်ရှင်း၏ အသံမှာ တုန်ယင်နေခဲ့သည်။ “မင်း... မင်း...”

​လီကျစ် မတုံ့ပြန်နိုင်မီမှာပင် တဖြည်းဖြည်း ပွင့်လင်းမြင်သာ ဖြစ်လာသော သူ၏ လက်များကို ငုံ့ကြည့်လိုက်ရာ သူ၏ မျက်နှာအမူအရာမှာ အလွန်အမင်း ဝမ်းသာပျော်ရွှင်မှုမှ တုန်လှုပ်မှုအဖြစ်သို့ ပြောင်းလဲသွားရသည်။

​“နေ... နေဦး... ငါ...”

​သူ၏ အသံ ရုတ်တရက် ရပ်တန့်သွားချေသည်။

​ရုတ်တရက် အဖြူရောင် အလင်းတန်း ပေါက်ကွဲထွက်လာပြီး အခန်းဖော်ဖြစ်သူ၏ ကြောက်လန့်တကြား အကြည့်များအောက်တွင် လီကျစ်၏ ပုံရိပ်က မြူခိုးများကဲ့သို့ လေထဲတွင် ပျောက်ကွယ်သွားခဲ့သည်။

​အင်တာနက်ကဖေးမှ ဆူညံသံများက ချက်ချင်း ပျောက်ကွယ်သွားသကဲ့သို့ ဖြစ်သွားလေသည်။

​ဝမ်ဟောက်သည် နေရာတွင်ပင် အေးခဲနေပြီး သူ၏ နှုတ်ခမ်းများက တုန်ယင်နေ၏။ “ပျောက်... ပျောက်သွားပြီ...”

အခန်း ၁၀၁ပြီး၏။

All Chapters