အခန်း ၁၀၂
Vol. 11 Ch. 102
အခန်း (၁၀၂) လူပုံလယ်တွင် ပျောက်ကွယ်သွားခြင်း
“လီကျစ်...လီကျစ်... ” ချန်ရှင်းက ထိတ်လန့်တကြား အော်ဟစ်လိုက်၏။
သူ၏ အော်ဟစ်သံက အင်တာနက်ကဖေး တစ်ခုလုံး၏ အာရုံကို ချက်ချင်း ဆွဲဆောင်သွားလေသည်။
အနီးနားရှိ ကစားသမား အချို့က နားကြပ်များကို ချွတ်ကာ မျက်မှောင်ကြုတ်လျက် လှမ်းကြည့်လာခဲ့ကြသည်။ ထိုအထဲမှ တစ်ယောက်က စိတ်မရှည်စွာဖြင့် ဆဲဆိုလိုက်၏။ “မင်းက ဘာတွေ အော်နေတာလဲကွ... ငါတို့ ဂိမ်းဆော့နေတယ်လေ”
ချန်ရှင်း၏ မျက်နှာမှာ သွေးဆုတ်ဖြူရော်နေပြီး လီကျစ်၏ အလွတ်ဖြစ်နေသော ဂိမ်းကုလားထိုင်ကို လက်ညှိုးထိုးပြလိုက်၏။ “ငါ့ အတန်းဖော်က ဒီမှာ ထိုင်နေတာ... အဖြူရောင် အလင်းတန်း တစ်ချက်လက်သွားပြီးတော့... သူ ပျောက်သွားပြီ”
ဘေးနားရှိ လူများမှာ ခဏတာ အံ့အားသင့်သွားကြပြီးနောက် ရုတ်တရက် ဝိုင်းရယ်ကြတော့သည်။
“ဟားဟားဟား.... မင်းတို့က ဗီဒီယိုဂိမ်းတွေ အရူးအမူး ဆော့လွန်းနေပြီ မဟုတ်လား” ပါးစပ်တွင် စီးကရက် ခဲထားသော ဆံပင်အဝါရောင် ဆိုးထားသည့် ကောင်လေးတစ်ယောက်က လှောင်ပြောင်လိုက်သည်။ “အဖြူရောင်အလင်းတန်းတဲ့လား... ဒါကို သိပ္ပံစိတ်ကူးယဉ် ရုပ်ရှင်လို့ ထင်နေတာလား”
“ဟုတ်ပါ့” အနီးနားရှိ လူတစ်ယောက်က ဝင်ပြောလေသည်။ “သူ ရှုံးလွန်းလို့ ထင်ယောင်ထင်မှား ဖြစ်နေတာလား...”
ဝမ်ဟောက်သည် အလွန်တရာ စိုးရိမ်ပူပန်နေခဲ့သည်။ သူတို့က သရော်စာများ ပြောနေဆဲဖြစ်သည်ကို မြင်သောအခါ သူ၏ ဒေါသများ ထောင်းခနဲ ထွက်လာရသည်။ “ချီးပဲ... ငါတို့ကိုယ်တိုင် မျက်စိနဲ့တပ်အပ် မြင်လိုက်ရတာကွ။ မင်းတို့ မယုံရင် ကောင်တာကို သွားပြီး ကွန်ရက်စီမံခန့်ခွဲသူကို လုံခြုံရေးကင်မရာ မှတ်တမ်းတွေ စစ်ခိုင်းကြည့်လိုက်...”
ချန်ရှင်းက ကွန်ရက်စီမံခန့်ခွဲသူကို ကြည့်ကာ ပြောလိုက်၏။ “လုံခြုံရေးကင်မရာ မှတ်တမ်းတွေကို စစ်ကြည့်ပေးပါ။ ကျွန်တော့် အတန်းဖော် ဒီမှာတင် ပျောက်သွားလို့ပါ...”
ကွန်ရက်စီမံခန့်ခွဲသူသည် အစပိုင်းတွင် ဝင်မပါချင်သော်လည်း သူတို့၏ လှုပ်ရှားနေသော အခြေအနေနှင့် ဘေးနားရှိ လူအုပ်ကြီးကို မြင်သောအခါ သူက မတတ်သာဘဲ လက်ဝှေ့ယမ်းပြကာ ပြောလိုက်၏။ “ကောင်းပြီ ကောင်းပြီ... ကြည့်ချင်ရင်လည်း ကြည့်ကြ... ပြဿနာတော့ မရှာကြနဲ့”
သူက လီကျစ် ရှိနေသော နေရာ၏ လုံခြုံရေးကင်မရာ မှတ်တမ်းကို ကျွမ်းကျင်စွာ ဆွဲထုတ်လိုက်ပြီး အချိန်ကို လွန်ခဲ့သော နှစ်မိနစ်ခန့်က ပြန်ရစ်လိုက်၏။
နောက်ခဏ၌ စခရင်ပေါ်တွင် ရှင်းလင်းစွာ ပေါ်လာလေသည်။
၂၂:၃၀:၁၂ တွင် လီကျစ်သည် ဖုန်းကို ကိုင်ထားလျက် စိတ်လှုပ်ရှားစွာ မတ်တတ်ရပ်လာခဲ့သည်။
၂၂:၃၀:၁၃ တွင် မျက်စိကျိန်းမတတ် အဖြူရောင် အလင်းတန်းတစ်ခုက အပေါ်မှ ကျဆင်းလာလေသည်။
၂၂:၃၀:၁၄ တွင် အဖြူရောင် အလင်းတန်းထဲ၌ လီကျစ်၏ ပုံရိပ်က တဖြည်းဖြည်း ပွင့်လင်းမြင်သာလာပြီး နောက်ဆုံးတွင် လုံးဝ ပျောက်ကွယ်သွားချေသည်။
အင်တာနက်ကဖေး တစ်ခုလုံး လုံးဝ တိတ်ဆိတ်သွား၏။
“လခွီးပဲ...” ဆံပင်အဝါရောင်နှင့် ကောင်လေး၏ ပါးစပ်ထဲမှ စီးကရက်က မြေပြင်ပေါ်သို့ ပြုတ်ကျသွားခဲ့သည်။
မျက်မှန်တပ်ထားသော ကောင်လေးတစ်ယောက်က အာမေဍိတ်သံဖြင့် ပြောလိုက်၏။ “အဲဒီ အဖြူရောင် အလင်းတန်းကို ငါလည်း မြင်လိုက်တယ်။ စခရင်ကနေ ရောင်ပြန်ဟပ်တာပဲလို့ ထင်နေတာ”
“ငါ... ငါလည်း မြင်လိုက်တယ်” အခြား ထောင့်တစ်နေရာမှ တုန်ယင်နေသော အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။ “ငါက မျက်စိမှားတာလို့ ထင်နေတာ...”
မျက်စိတစ်မှိတ်အတွင်းမှာပင် အင်တာနက်ကဖေး တစ်ခုလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားပေသည်။
အချို့လူများက အရူးအမူး ဓာတ်ပုံရိုက်ကြပြီး အချို့က ဗီဒီယို မှတ်တမ်းတင်ကြကာ အများစုကတော့ ရှေ့ဆုံးရှိ ကောင်တာသို့ စုရုံးသွားကြပြီး လုံခြုံရေးကင်မရာ မှတ်တမ်းကို ပြန်ဖွင့်ပြရန် တောင်းဆိုကြတော့သည်။
အင်တာနက်ကဖေးထဲတွင် ကင်မရာ ဖလက်ရှ်မီးများက တစ်ခုပြီးတစ်ခု တဖျတ်ဖျတ် လင်းလက်နေခဲ့သည်။
လူတစ်ယောက်က အဆိုပါ ဗီဒီယိုကို တိုရင်သို့ တင်လိုက်ပြီး ခေါင်းစဉ်ကို [အစစ်အမှန် မှတ်တမ်း။ တက္ကသိုလ်ကျောင်းသား တစ်ယောက် အင်တာနက်ကဖေးမှာ လေထဲ ပျောက်ကွယ်သွားခြင်း။ အချိန်ခရီးသွားတာ အတည်ပြုနိုင်ပြီ။] ဟု ရေးသားထားခဲ့သည်။
ငါးမိနစ်အတွင်းမှာပင် ဟက်ရှ်တက် ကြယ်စင်ကောင်းကင်အင်တာနက်ကဖေး_ခရီးသွားဖြစ်စဉ် သည် ဒေသတွင်း ရေပန်းစားသော ရှာဖွေမှု စာရင်းတွင် ထိပ်ဆုံးမှ ရောက်ရှိလာခဲ့သည်။
သို့သော် ထိုအကြောင်းက နောက်မှ ပြောရမည့် ဇာတ်လမ်းတစ်ပုဒ်ပင်။
ပင်နင်ဆူလာ ဟိုတယ်ခန်းမကြီး.....
ဖန်သား မီးဆိုင်းကြီးအောက်တွင် ရှန်ပိန် ဖန်ခွက်များ ထိခတ်သံများက ကြည်လင်စွာ ထွက်ပေါ်နေချေသည်။
စုမင်သည် သူမ၏ ဝိုင်ခွက်ကို ညင်သာစွာ ဝှေ့ယမ်းရင်း သူမ၏ ဖုန်းစခရင်ကို မျက်လုံးထောင့်မှနေ၍ တစ်ချက် ကြည့်လိုက်၏။ ၎င်းမှာ သူမ၏ အစ်မဖြစ်သူထံမှ စာတစ်စောင်ပင်။
[စုရှောင်ရှောင်] : အရောင်းက နောက် ၁၀ မိနစ်နေရင် စတော့မယ်... လက်မလွတ်စေနဲ့။
သူမက မျက်ခုံးကို အနည်းငယ် ပင့်လိုက်ပြီး ဝိုင်ခွက်ကို အေးဆေးစွာ ချထားလိုက်ကာ ရီယဲ့ခရီးသွားအေဂျင်စီ၏ တိုရင်စာမျက်နှာကို ဖွင့်ရန် စခရင်ကို လက်ထိပ်လေးဖြင့် နှိပ်လိုက်၏။
မလှမ်းမကမ်းတွင် ရွှီကျောက်သည်လည်း ထိုစာကို လက်ခံရရှိခဲ့လေသည်။ သူက လူအုပ်နှင့် ခွာလိုက်ပြီး ရောမ တိုင်ကြီးတစ်တိုင်ကို မှီကာ သူ၏ဖုန်းကို စူးစိုက်ကြည့်နေခဲ့သည်။
“ဘာတွေကို ဒီလောက်တောင် စူးစူးစိုက်စိုက် ကြည့်နေတာလဲ” ငွေရောင် ငါးမြီးပုံဂါဝန်ကို ဝတ်ဆင်ထားသော လူကုံထံ အသိုင်းအဝိုင်းမှ အမျိုးသမီးတစ်ဦးက ချဉ်းကပ်လာပြီး သူမ၏ နှုတ်ခမ်းနီနီလေးက အနည်းငယ် တွန့်ကွေးနေခဲ့သည်။ “ဒီညမှာ ချောမောလှပတဲ့ အမျိုးသား၊ အမျိုးသမီးတွေ အများကြီး ရှိနေတာကို နင်တို့ နှစ်ယောက်က ဒီမှာပုန်းပြီး ဖုန်းသုံးနေကြတာလား...”
စုမင်က ခေါင်းပင်မမော့ဘဲ ပြောလိုက်၏။ “ခရီးသွားအဖွဲ့ထဲ နေရာတစ်ခု လုမလို့ပါ”
“ခရီးသွားအဖွဲ့....” ထိုအမျိုးသမီးက ပါးစပ်ကို အုပ်ကာ ရယ်မောလိုက်၏။ “ဘယ်လို ဇိမ်ခံခရီးစဉ်မျိုးကများ မမလေးစုကို ဒီလောက်တောင် စိတ်ဝင်စားသွားစေရတာလဲ....”
ရွှီကျောက်က ပေါ့ပေါ့ပါးပါးပင် ပြန်ဖြေလိုက်လေသည်။ “မင်မင်းဆက် နှောင်းပိုင်းကာလ မြို့တော် နှစ်ရက်တာ ခရီးစဉ်လေ...”
အနီးအနားတွင် ဖန်ခွက်များကို မြှောက်ကာ စကားပြောဆိုနေကြသော ဧည့်သည်အချို့က ဤစကားကို ကြားသောအခါ သူ့ကို လှည့်ကြည့်လာကြသည်။
“ဖွီး... ” တစ်ယောက်ယောက်က အသံထွက် ရယ်မောလိုက်မိသည်။ “သခင်လေးရွှီ... ခင်ဗျားက အွန်လိုင်းပေါ်က ကောလာဟလတွေကို တကယ်ကြီး ယုံနေတာတော့ မဟုတ်ပါဘူးနော်”
ဝိုင်ခွက်ကို ဝှေ့ယမ်းနေသော နောက်ထပ် လူငယ်တစ်ယောက်က နောက်ပြောင်လိုက်၏။ “ဒီလို သတင်းမျိုးက အတုမှန်း သိသာကြီးကို ခင်ဗျားတို့က ဘယ်လိုလုပ်ပြီး တကယ်ယုံသွားရတာလဲ...”
စုမင်က ရှင်းပြရမည်ကို ပျင်းရိနေပြီး ရေတွက်မှုကိုသာ စူးစိုက်ကြည့်နေလိုက်လေသည်။
ရွှီကျောက်က သဘောကောင်းစွာ ပြုံးလိုက်၏။ “စမ်းကြည့်ရုံပါပဲ... ပျော်ပွဲဝင်နွှဲတဲ့ သဘောပေါ့”
“ဟား...” အော်ဒါချုပ် ဝတ်စုံကို ဝတ်ဆင်ထားသော လူငယ်တစ်ယောက်က လျှောက်လာပြီး ရွှီကျောက်၏ ပခုံးကို ပုတ်ကာ လေးနက်စွာ သတိပေးလိုက်လေသည်။ “ဒီလို ကျပန်း လင့်ခ်တွေက ဗိုင်းရပ်စ် တစ်ခုခု ဖြစ်နိုင်တယ်။ ခင်ဗျား ကတ်ထဲက ပိုက်ဆံတွေ အခိုးမခံရအောင် သတိထားဦး”
စုမင်သည် နောက်ဆုံးတွင် ခေါင်းကို မော့ကာ ထိုလူကို ကြည့်လိုက်၏။ “ဒါက ကျွန်မ အစ်မရဲ့ အမိန့်မို့လို့ မလွန်ဆန်ရဲတာပါ...”
ပတ်ဝန်းကျင်ရှိ လူများက ထိုစကားကို ကြားသောအခါ အနည်းငယ် အံ့အားသင့်သွားကြပြီး နောက်ထပ် မေးခွန်းများ မေးရန် ပြင်လိုက်စဉ်မှာပင် ရေတွက်မှုသည် သုညသို့ ရောက်ရှိသွားလေသည်။
လင့်ခ်ကို ပြန်လည်စတင်လိုက်သောအခါ သူတို့နှစ်ယောက်စလုံးက လက်ကျန် ၁၀ ဟု မြင်လိုက်ရပြီး သူတို့၏ လက်ချောင်းများက တစ်ပြိုင်နက်တည်း ကျဆင်းသွားခဲ့ကြသည်။
[၁၆၃၀ ခုနှစ် မြို့တော် နှစ်ရက်တာ ခရီးစဉ်တွင် ပါဝင်ရန် ဆန္ဒရှိပါသလား...]
တုံ့ဆိုင်းနေခြင်း မရှိဘဲ နှစ်ယောက်စလုံးက Yes ကို နှိပ်လိုက်၏။
“ရပြီ” စုမင်က တိုးညှင်းစွာ ပြောလိုက်သည်။
ရွှီကျောက်သည်လည်း ပြုံးလိုက်ရုံသာ ရှိသေး... ရုတ်တရက် သူ၏ ခေါင်းအထက်တွင် မျက်စိကျိန်းမတတ် အလင်းရောင်တစ်ခုကို ခံစားလိုက်ရ၏။
“ရွှီကျောက်... ”
ပတ်ဝန်းကျင်ရှိ ဧည့်သည်များ၏ အံ့အားသင့်နေသော အကြည့်များကြားတွင် ရွှီကျောက်နှင့် စုမင်တို့ဟာ အဖြူရောင် အလင်းတန်းထဲတွင် လွှမ်းခြုံခံလိုက်ရပြီး သူတို့၏ ခမ်းနားထည်ဝါသော ဝတ်စုံများက အလင်းရောင်ထဲတွင် တဖြည်းဖြည်း ဝေဝါးသွားခဲ့သည်။
“ခွမ်း... ”
ရှန်ပိန် ဖန်ခွက်တစ်ခွက်က စကျင်ကျောက် ကြမ်းပြင်ပေါ်သို့ ပြုတ်ကျ ကွဲအက်သွားပြီး ဖန်ကွဲစများ အနှံ့အပြား လွင့်စင်သွားလေသည်။
ကျကွဲသွားသော အသံက ညစာစားပွဲ၏ တင့်တယ်သော လေထုကို မိုးကြိုးပစ်ချလိုက်သကဲ့သို့ ဖျက်ဆီးပစ်လိုက်၏။
“ရွှီကျောက်.... စုမင်...”
ငွေရောင် ငါးမြီးပုံဂါဝန်နှင့် အမျိုးသမီး၏ အော်ဟစ်သံက လူတိုင်း၏ အာရုံကို ချက်ချင်း ဆွဲဆောင်သွားခဲ့သည်။
သူမက ထိတ်လန့်တကြား စိုက်ကြည့်နေပြီး သူမ၏ တုန်ယင်နေသော လက်ညှိုးက ထိုနှစ်ယောက် ခုနလေးတင် ရပ်နေခဲ့သည့် နေရာကို ထိုးပြနေသော်လည်း ထိုနေရာတွင် ဘာမှ မရှိတော့ချေ။
ခန်းမဆောင် တစ်ခုလုံး တိတ်ဆိတ်သွားချေသည်။
နောက်တစ်စက္ကန့်တွင် ဆူညံသံများ ပေါက်ကွဲထွက်လာခဲ့သည်။
“ဘာ.... ဘာတွေ ဖြစ်ကုန်တာလဲ”
“သူတို့ ဘယ်ရောက်သွားတာလဲ..”
“ငါ့ မျက်စိနဲ့ တပ်အပ် မြင်လိုက်ရတာ။ အလင်းတန်း တစ်ချက်လက်သွားပြီးတော့ လူတွေ ပျောက်သွားတာပဲ...”
အနီးအနားတွင် ရှိနေသော ဧည့်သည်အချို့မှာ လန့်ဖျပ်သွားပြီး နောက်သို့ ဆုတ်သွားကြသည်။ လူတစ်ယောက်က စားပွဲထိုးတစ်ယောက်၏ လက်ထဲရှိ လင်ဗန်းကို မတော်တဆ တိုက်မိသွားသဖြင့် သပ်ရပ်လှပသော မုန့်များ ကြမ်းပြင်ပေါ်သို့ အနှံ့အပြား ပြန့်ကျဲသွားလေသည်။
မကြာမီမှာပင် လူများက အွန်လိုင်းတွင် ပျံ့နှံ့နေသော ကောလာဟလများနှင့် ဆက်စပ်တွေးတောမိသွားကြ၏။
အချိန်ခရီးသွားခြင်း.....
“အချိန်ခရီးသွားတာက တကယ်ကြီးလား”
“ဒါ တကယ်ဖြစ်ရမယ်....” ထိုအမျိုးသမီး၏ မျက်နှာအမူအရာက တုန်လှုပ်မှုမှနေ၍ သေချာမှုအဖြစ်သို့ တဖြည်းဖြည်း ပြောင်းလဲသွားလေသည်။ “ခုနလေးတင် သူတို့နှစ်ယောက်က မင်မင်းဆက် နှောင်းပိုင်းကာလ မြို့တော် နှစ်ရက်တာ ခရီးစဉ် အကြောင်း ပြောဆိုနေကြတာ...”
“ဟုတ်တယ် ဟုတ်တယ်... ငါက သူတို့ လိမ်ခံရတော့မယ်လို့ ထင်နေခဲ့တာ”
...
ဆွေးနွေးသံများက ပို၍ပို၍ ကျယ်လောင်လာပေသည်။
လူများစွာက သူတို့၏ ဖုန်းများကို ထုတ်ကာ အချိန်ခရီးသွားခြင်းနှင့် ပတ်သက်သည့် သတင်းအချက်အလက်များနှင့် ရီယဲ့ခရီးသွားအေဂျင်စီ၏ ဆိုရှယ်မီဒီယာအကောင့်များကို စတင် ရှာဖွေနေကြပြီ ဖြစ်သည်။
ဒီညက ဆိပ်ကမ်းမြို့တော်တွင် ငြိမ်းချမ်းနေမည် မဟုတ်ကြောင်း ကံကြမ္မာက သတ်မှတ်ထားသကဲ့သို့ပင်။
စစ်ဘက်ဆိုင်ရာ ဒေသ ဆက်သွယ်ရေးဌာန....
တပ်ရင်းအသီးသီးမှ စစ်သားများက ကိုယ်ပိုင်ဖုန်းများကို ကိုင်ဆောင်ထားကြပြီး ဖုန်းများပေါ်ရှိ စခရင်များမှာ သိသိသာသာ တူညီနေကာ ရီယဲ့ခရီးသွားအေဂျင်စီ၏ အွန်လိုင်းစျေးဝယ် စာမျက်နှာကို ပြသထားခဲ့သည်။
အလယ်ဗဟိုတွင် ဧရာမရေတွက်မှု နာရီကြီးတစ်ခုကို ထားရှိထားပြီး စက္ကန့်များ ကုန်ဆုံးသွားသည်နှင့်အမျှ သုံးဆယ်မိနစ် ပြည့်ခါနီးဖြစ်၍ လူတိုင်းက အသက်ရှူ အောင့်ထားကြလေသည်။
နာရီက ၃၀ သို့ ရောက်ရှိသွားသောအခါ လူတိုင်းက တစ်ပြိုင်နက်တည်း ဝယ်ယူရန် နှိပ်လိုက်ကြ၏။
သို့သော်လည်း မျက်နှာပြင်၏ ၉၉% ကျော်တွင် [ရောင်းကုန်သွားပါပြီ] ဆိုသည့် စာသားကို ပြသနေခဲ့သည်။
“ဝိုး... အံ့ဩစရာကောင်းတဲ့ လက်အမြန်နှုန်းပဲ” တစ်ယောက်ယောက်က တီးတိုး ရေရွတ်လိုက်၏။
နှစ်စက္ကန့်တောင် မကြာဘူး... မဟုတ်ဘူး... တစ်စက္ကန့်တောင် မကြာဘူး... လုံးဝ ရောင်းကုန်သွားတာပဲ။
လူအများစုက နေရာလုနိုင်ခဲ့သူများ၏ အမြန်နှုန်းကို အံ့ဩနေကြစဉ်မှာပင် တတိယ၊ ပဉ္စမ၊ ဆဋ္ဌမနှင့် သတ္တမတပ်ရင်းများမှ အဖြူရောင် အလင်းတန်း တစ်ခုစီ ထွက်ပေါ်လာခဲ့ကြသည်။
အဖြူရောင် အလင်းတန်းထဲတွင် လွှမ်းခြုံခံရသော စစ်သားများက နောက်တစ်စက္ကန့်တွင် သူတို့၏ ရဲဘော်ရဲဘက်များရှေ့၌ ပျောက်ကွယ်သွားကြသည်။
တတိယ တပ်ရင်းမှ လူများက ယခင်က တစ်ကြိမ် ကြုံတွေ့ဖူးပြီးဖြစ်ရာ ပထမအကြိမ်ကလောက် မအံ့ဩကြတော့ချေ။
ပဉ္စမ၊ ဆဋ္ဌမနှင့် သတ္တမ တပ်ရင်းများအတွက်မူ စစ်သားအများစုကို ကြိုတင် အသိပေးထားသော်လည်း အချို့မှာ နေရာတွင်ပင် ပျောက်ကွယ်သွားခြင်း ဖြစ်နိုင်လေသည်။
သို့သော် သူတို့ ကိုယ်တိုင် မျက်စိဖြင့် တပ်အပ် မြင်လိုက်ရသောအခါ အလွန်အမင်း တုန်လှုပ်သွားကြဆဲပင်။
အခန်း ၁၀၂ပြီး၏။