← Chapters

အခန်း ၁၀၂

Vol. 11 Ch. 102

အခန်း ၁၀၂

Vol. 11 Ch. 102

အခန်း (၁၀၂) လူပုံလယ်တွင် ပျောက်ကွယ်သွားခြင်း

​“လီကျစ်...လီကျစ်... ” ချန်ရှင်းက ထိတ်လန့်တကြား အော်ဟစ်လိုက်၏။

​သူ၏ အော်ဟစ်သံက အင်တာနက်ကဖေး တစ်ခုလုံး၏ အာရုံကို ချက်ချင်း ဆွဲဆောင်သွားလေသည်။

​အနီးနားရှိ ကစားသမား အချို့က နားကြပ်များကို ချွတ်ကာ မျက်မှောင်ကြုတ်လျက် လှမ်းကြည့်လာခဲ့ကြသည်။ ထိုအထဲမှ တစ်ယောက်က စိတ်မရှည်စွာဖြင့် ဆဲဆိုလိုက်၏။ “မင်းက ဘာတွေ အော်နေတာလဲကွ... ငါတို့ ဂိမ်းဆော့နေတယ်လေ”

​ချန်ရှင်း၏ မျက်နှာမှာ သွေးဆုတ်ဖြူရော်နေပြီး လီကျစ်၏ အလွတ်ဖြစ်နေသော ဂိမ်းကုလားထိုင်ကို လက်ညှိုးထိုးပြလိုက်၏။ “ငါ့ အတန်းဖော်က ဒီမှာ ထိုင်နေတာ... အဖြူရောင် အလင်းတန်း တစ်ချက်လက်သွားပြီးတော့... သူ ပျောက်သွားပြီ”

​ဘေးနားရှိ လူများမှာ ခဏတာ အံ့အားသင့်သွားကြပြီးနောက် ရုတ်တရက် ဝိုင်းရယ်ကြတော့သည်။

​“ဟားဟားဟား.... မင်းတို့က ဗီဒီယိုဂိမ်းတွေ အရူးအမူး ဆော့လွန်းနေပြီ မဟုတ်လား” ပါးစပ်တွင် စီးကရက် ခဲထားသော ဆံပင်အဝါရောင် ဆိုးထားသည့် ကောင်လေးတစ်ယောက်က လှောင်ပြောင်လိုက်သည်။ “အဖြူရောင်အလင်းတန်းတဲ့လား... ဒါကို သိပ္ပံစိတ်ကူးယဉ် ရုပ်ရှင်လို့ ထင်နေတာလား”

​“ဟုတ်ပါ့” အနီးနားရှိ လူတစ်ယောက်က ဝင်ပြောလေသည်။ “သူ ရှုံးလွန်းလို့ ထင်ယောင်ထင်မှား ဖြစ်နေတာလား...”

​ဝမ်ဟောက်သည် အလွန်တရာ စိုးရိမ်ပူပန်နေခဲ့သည်။ သူတို့က သရော်စာများ ပြောနေဆဲဖြစ်သည်ကို မြင်သောအခါ သူ၏ ဒေါသများ ထောင်းခနဲ ထွက်လာရသည်။ “ချီးပဲ... ငါတို့ကိုယ်တိုင် မျက်စိနဲ့တပ်အပ် မြင်လိုက်ရတာကွ။ မင်းတို့ မယုံရင် ကောင်တာကို သွားပြီး ကွန်ရက်စီမံခန့်ခွဲသူကို လုံခြုံရေးကင်မရာ မှတ်တမ်းတွေ စစ်ခိုင်းကြည့်လိုက်...”

​ချန်ရှင်းက ကွန်ရက်စီမံခန့်ခွဲသူကို ကြည့်ကာ ပြောလိုက်၏။ “လုံခြုံရေးကင်မရာ မှတ်တမ်းတွေကို စစ်ကြည့်ပေးပါ။ ကျွန်တော့် အတန်းဖော် ဒီမှာတင် ပျောက်သွားလို့ပါ...”

​ကွန်ရက်စီမံခန့်ခွဲသူသည် အစပိုင်းတွင် ဝင်မပါချင်သော်လည်း သူတို့၏ လှုပ်ရှားနေသော အခြေအနေနှင့် ဘေးနားရှိ လူအုပ်ကြီးကို မြင်သောအခါ သူက မတတ်သာဘဲ လက်ဝှေ့ယမ်းပြကာ ပြောလိုက်၏။ “ကောင်းပြီ ကောင်းပြီ... ကြည့်ချင်ရင်လည်း ကြည့်ကြ... ပြဿနာတော့ မရှာကြနဲ့”

​သူက လီကျစ် ရှိနေသော နေရာ၏ လုံခြုံရေးကင်မရာ မှတ်တမ်းကို ကျွမ်းကျင်စွာ ဆွဲထုတ်လိုက်ပြီး အချိန်ကို လွန်ခဲ့သော နှစ်မိနစ်ခန့်က ပြန်ရစ်လိုက်၏။

​နောက်ခဏ၌ စခရင်ပေါ်တွင် ရှင်းလင်းစွာ ပေါ်လာလေသည်။

​၂၂:၃၀:၁၂ တွင် လီကျစ်သည် ဖုန်းကို ကိုင်ထားလျက် စိတ်လှုပ်ရှားစွာ မတ်တတ်ရပ်လာခဲ့သည်။

​၂၂:၃၀:၁၃ တွင် မျက်စိကျိန်းမတတ် အဖြူရောင် အလင်းတန်းတစ်ခုက အပေါ်မှ ကျဆင်းလာလေသည်။

​၂၂:၃၀:၁၄ တွင် အဖြူရောင် အလင်းတန်းထဲ၌ လီကျစ်၏ ပုံရိပ်က တဖြည်းဖြည်း ပွင့်လင်းမြင်သာလာပြီး နောက်ဆုံးတွင် လုံးဝ ပျောက်ကွယ်သွားချေသည်။

​အင်တာနက်ကဖေး တစ်ခုလုံး လုံးဝ တိတ်ဆိတ်သွား၏။

​“လခွီးပဲ...” ဆံပင်အဝါရောင်နှင့် ကောင်လေး၏ ပါးစပ်ထဲမှ စီးကရက်က မြေပြင်ပေါ်သို့ ပြုတ်ကျသွားခဲ့သည်။

​မျက်မှန်တပ်ထားသော ကောင်လေးတစ်ယောက်က အာမေဍိတ်သံဖြင့် ပြောလိုက်၏။ “အဲဒီ အဖြူရောင် အလင်းတန်းကို ငါလည်း မြင်လိုက်တယ်။ စခရင်ကနေ ရောင်ပြန်ဟပ်တာပဲလို့ ထင်နေတာ”

​“ငါ... ငါလည်း မြင်လိုက်တယ်” အခြား ထောင့်တစ်နေရာမှ တုန်ယင်နေသော အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။ “ငါက မျက်စိမှားတာလို့ ထင်နေတာ...”

​မျက်စိတစ်မှိတ်အတွင်းမှာပင် အင်တာနက်ကဖေး တစ်ခုလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားပေသည်။

​အချို့လူများက အရူးအမူး ဓာတ်ပုံရိုက်ကြပြီး အချို့က ဗီဒီယို မှတ်တမ်းတင်ကြကာ အများစုကတော့ ရှေ့ဆုံးရှိ ကောင်တာသို့ စုရုံးသွားကြပြီး လုံခြုံရေးကင်မရာ မှတ်တမ်းကို ပြန်ဖွင့်ပြရန် တောင်းဆိုကြတော့သည်။

​အင်တာနက်ကဖေးထဲတွင် ကင်မရာ ဖလက်ရှ်မီးများက တစ်ခုပြီးတစ်ခု တဖျတ်ဖျတ် လင်းလက်နေခဲ့သည်။

​လူတစ်ယောက်က အဆိုပါ ဗီဒီယိုကို တိုရင်သို့ တင်လိုက်ပြီး ခေါင်းစဉ်ကို [အစစ်အမှန် မှတ်တမ်း။ တက္ကသိုလ်ကျောင်းသား တစ်ယောက် အင်တာနက်ကဖေးမှာ လေထဲ ပျောက်ကွယ်သွားခြင်း။ အချိန်ခရီးသွားတာ အတည်ပြုနိုင်ပြီ။] ဟု ရေးသားထားခဲ့သည်။

​ငါးမိနစ်အတွင်းမှာပင် ဟက်ရှ်တက် ကြယ်စင်ကောင်းကင်အင်တာနက်ကဖေး_ခရီးသွားဖြစ်စဉ် သည် ဒေသတွင်း ရေပန်းစားသော ရှာဖွေမှု စာရင်းတွင် ထိပ်ဆုံးမှ ရောက်ရှိလာခဲ့သည်။

​သို့သော် ထိုအကြောင်းက နောက်မှ ပြောရမည့် ဇာတ်လမ်းတစ်ပုဒ်ပင်။

​

​ပင်နင်ဆူလာ ဟိုတယ်ခန်းမကြီး.....

​ဖန်သား မီးဆိုင်းကြီးအောက်တွင် ရှန်ပိန် ဖန်ခွက်များ ထိခတ်သံများက ကြည်လင်စွာ ထွက်ပေါ်နေချေသည်။

​စုမင်သည် သူမ၏ ဝိုင်ခွက်ကို ညင်သာစွာ ဝှေ့ယမ်းရင်း သူမ၏ ဖုန်းစခရင်ကို မျက်လုံးထောင့်မှနေ၍ တစ်ချက် ကြည့်လိုက်၏။ ၎င်းမှာ သူမ၏ အစ်မဖြစ်သူထံမှ စာတစ်စောင်ပင်။

​[စုရှောင်ရှောင်] : အရောင်းက နောက် ၁၀ မိနစ်နေရင် စတော့မယ်... လက်မလွတ်စေနဲ့။

​သူမက မျက်ခုံးကို အနည်းငယ် ပင့်လိုက်ပြီး ဝိုင်ခွက်ကို အေးဆေးစွာ ချထားလိုက်ကာ ရီယဲ့ခရီးသွားအေဂျင်စီ၏ တိုရင်စာမျက်နှာကို ဖွင့်ရန် စခရင်ကို လက်ထိပ်လေးဖြင့် နှိပ်လိုက်၏။

​မလှမ်းမကမ်းတွင် ရွှီကျောက်သည်လည်း ထိုစာကို လက်ခံရရှိခဲ့လေသည်။ သူက လူအုပ်နှင့် ခွာလိုက်ပြီး ရောမ တိုင်ကြီးတစ်တိုင်ကို မှီကာ သူ၏ဖုန်းကို စူးစိုက်ကြည့်နေခဲ့သည်။

​“ဘာတွေကို ဒီလောက်တောင် စူးစူးစိုက်စိုက် ကြည့်နေတာလဲ” ငွေရောင် ငါးမြီးပုံဂါဝန်ကို ဝတ်ဆင်ထားသော လူကုံထံ အသိုင်းအဝိုင်းမှ အမျိုးသမီးတစ်ဦးက ချဉ်းကပ်လာပြီး သူမ၏ နှုတ်ခမ်းနီနီလေးက အနည်းငယ် တွန့်ကွေးနေခဲ့သည်။ “ဒီညမှာ ချောမောလှပတဲ့ အမျိုးသား၊ အမျိုးသမီးတွေ အများကြီး ရှိနေတာကို နင်တို့ နှစ်ယောက်က ဒီမှာပုန်းပြီး ဖုန်းသုံးနေကြတာလား...”

​စုမင်က ခေါင်းပင်မမော့ဘဲ ပြောလိုက်၏။ “ခရီးသွားအဖွဲ့ထဲ နေရာတစ်ခု လုမလို့ပါ”

​“ခရီးသွားအဖွဲ့....” ထိုအမျိုးသမီးက ပါးစပ်ကို အုပ်ကာ ရယ်မောလိုက်၏။ “ဘယ်လို ဇိမ်ခံခရီးစဉ်မျိုးကများ မမလေးစုကို ဒီလောက်တောင် စိတ်ဝင်စားသွားစေရတာလဲ....”

​ရွှီကျောက်က ပေါ့ပေါ့ပါးပါးပင် ပြန်ဖြေလိုက်လေသည်။ “မင်မင်းဆက် နှောင်းပိုင်းကာလ မြို့တော် နှစ်ရက်တာ ခရီးစဉ်လေ...”

​အနီးအနားတွင် ဖန်ခွက်များကို မြှောက်ကာ စကားပြောဆိုနေကြသော ဧည့်သည်အချို့က ဤစကားကို ကြားသောအခါ သူ့ကို လှည့်ကြည့်လာကြသည်။

​“ဖွီး... ” တစ်ယောက်ယောက်က အသံထွက် ရယ်မောလိုက်မိသည်။ “သခင်လေးရွှီ... ခင်ဗျားက အွန်လိုင်းပေါ်က ကောလာဟလတွေကို တကယ်ကြီး ယုံနေတာတော့ မဟုတ်ပါဘူးနော်”

​ဝိုင်ခွက်ကို ဝှေ့ယမ်းနေသော နောက်ထပ် လူငယ်တစ်ယောက်က နောက်ပြောင်လိုက်၏။ “ဒီလို သတင်းမျိုးက အတုမှန်း သိသာကြီးကို ခင်ဗျားတို့က ဘယ်လိုလုပ်ပြီး တကယ်ယုံသွားရတာလဲ...”

​စုမင်က ရှင်းပြရမည်ကို ပျင်းရိနေပြီး ရေတွက်မှုကိုသာ စူးစိုက်ကြည့်နေလိုက်လေသည်။

​ရွှီကျောက်က သဘောကောင်းစွာ ပြုံးလိုက်၏။ “စမ်းကြည့်ရုံပါပဲ... ပျော်ပွဲဝင်နွှဲတဲ့ သဘောပေါ့”

​“ဟား...” အော်ဒါချုပ် ဝတ်စုံကို ဝတ်ဆင်ထားသော လူငယ်တစ်ယောက်က လျှောက်လာပြီး ရွှီကျောက်၏ ပခုံးကို ပုတ်ကာ လေးနက်စွာ သတိပေးလိုက်လေသည်။ “ဒီလို ကျပန်း လင့်ခ်တွေက ဗိုင်းရပ်စ် တစ်ခုခု ဖြစ်နိုင်တယ်။ ခင်ဗျား ကတ်ထဲက ပိုက်ဆံတွေ အခိုးမခံရအောင် သတိထားဦး”

​စုမင်သည် နောက်ဆုံးတွင် ခေါင်းကို မော့ကာ ထိုလူကို ကြည့်လိုက်၏။ “ဒါက ကျွန်မ အစ်မရဲ့ အမိန့်မို့လို့ မလွန်ဆန်ရဲတာပါ...”

​ပတ်ဝန်းကျင်ရှိ လူများက ထိုစကားကို ကြားသောအခါ အနည်းငယ် အံ့အားသင့်သွားကြပြီး နောက်ထပ် မေးခွန်းများ မေးရန် ပြင်လိုက်စဉ်မှာပင် ရေတွက်မှုသည် သုညသို့ ရောက်ရှိသွားလေသည်။

​လင့်ခ်ကို ပြန်လည်စတင်လိုက်သောအခါ သူတို့နှစ်ယောက်စလုံးက လက်ကျန် ၁၀ ဟု မြင်လိုက်ရပြီး သူတို့၏ လက်ချောင်းများက တစ်ပြိုင်နက်တည်း ကျဆင်းသွားခဲ့ကြသည်။

​[၁၆၃၀ ခုနှစ် မြို့တော် နှစ်ရက်တာ ခရီးစဉ်တွင် ပါဝင်ရန် ဆန္ဒရှိပါသလား...]

​တုံ့ဆိုင်းနေခြင်း မရှိဘဲ နှစ်ယောက်စလုံးက Yes ကို နှိပ်လိုက်၏။

​“ရပြီ” စုမင်က တိုးညှင်းစွာ ပြောလိုက်သည်။

​ရွှီကျောက်သည်လည်း ပြုံးလိုက်ရုံသာ ရှိသေး... ရုတ်တရက် သူ၏ ခေါင်းအထက်တွင် မျက်စိကျိန်းမတတ် အလင်းရောင်တစ်ခုကို ခံစားလိုက်ရ၏။

​“ရွှီကျောက်... ”

​ပတ်ဝန်းကျင်ရှိ ဧည့်သည်များ၏ အံ့အားသင့်နေသော အကြည့်များကြားတွင် ရွှီကျောက်နှင့် စုမင်တို့ဟာ အဖြူရောင် အလင်းတန်းထဲတွင် လွှမ်းခြုံခံလိုက်ရပြီး သူတို့၏ ခမ်းနားထည်ဝါသော ဝတ်စုံများက အလင်းရောင်ထဲတွင် တဖြည်းဖြည်း ဝေဝါးသွားခဲ့သည်။

​“ခွမ်း... ”

​ရှန်ပိန် ဖန်ခွက်တစ်ခွက်က စကျင်ကျောက် ကြမ်းပြင်ပေါ်သို့ ပြုတ်ကျ ကွဲအက်သွားပြီး ဖန်ကွဲစများ အနှံ့အပြား လွင့်စင်သွားလေသည်။

​ကျကွဲသွားသော အသံက ညစာစားပွဲ၏ တင့်တယ်သော လေထုကို မိုးကြိုးပစ်ချလိုက်သကဲ့သို့ ဖျက်ဆီးပစ်လိုက်၏။

​“ရွှီကျောက်.... စုမင်...”

​ငွေရောင် ငါးမြီးပုံဂါဝန်နှင့် အမျိုးသမီး၏ အော်ဟစ်သံက လူတိုင်း၏ အာရုံကို ချက်ချင်း ဆွဲဆောင်သွားခဲ့သည်။

​သူမက ထိတ်လန့်တကြား စိုက်ကြည့်နေပြီး သူမ၏ တုန်ယင်နေသော လက်ညှိုးက ထိုနှစ်ယောက် ခုနလေးတင် ရပ်နေခဲ့သည့် နေရာကို ထိုးပြနေသော်လည်း ထိုနေရာတွင် ဘာမှ မရှိတော့ချေ။

​ခန်းမဆောင် တစ်ခုလုံး တိတ်ဆိတ်သွားချေသည်။

​နောက်တစ်စက္ကန့်တွင် ဆူညံသံများ ပေါက်ကွဲထွက်လာခဲ့သည်။

​“ဘာ.... ဘာတွေ ဖြစ်ကုန်တာလဲ”

​“သူတို့ ဘယ်ရောက်သွားတာလဲ..”

​“ငါ့ မျက်စိနဲ့ တပ်အပ် မြင်လိုက်ရတာ။ အလင်းတန်း တစ်ချက်လက်သွားပြီးတော့ လူတွေ ပျောက်သွားတာပဲ...”

​အနီးအနားတွင် ရှိနေသော ဧည့်သည်အချို့မှာ လန့်ဖျပ်သွားပြီး နောက်သို့ ဆုတ်သွားကြသည်။ လူတစ်ယောက်က စားပွဲထိုးတစ်ယောက်၏ လက်ထဲရှိ လင်ဗန်းကို မတော်တဆ တိုက်မိသွားသဖြင့် သပ်ရပ်လှပသော မုန့်များ ကြမ်းပြင်ပေါ်သို့ အနှံ့အပြား ပြန့်ကျဲသွားလေသည်။

​မကြာမီမှာပင် လူများက အွန်လိုင်းတွင် ပျံ့နှံ့နေသော ကောလာဟလများနှင့် ဆက်စပ်တွေးတောမိသွားကြ၏။

အချိန်ခရီးသွားခြင်း.....

​“အချိန်ခရီးသွားတာက တကယ်ကြီးလား”

​“ဒါ တကယ်ဖြစ်ရမယ်....” ထိုအမျိုးသမီး၏ မျက်နှာအမူအရာက တုန်လှုပ်မှုမှနေ၍ သေချာမှုအဖြစ်သို့ တဖြည်းဖြည်း ပြောင်းလဲသွားလေသည်။ “ခုနလေးတင် သူတို့နှစ်ယောက်က မင်မင်းဆက် နှောင်းပိုင်းကာလ မြို့တော် နှစ်ရက်တာ ခရီးစဉ် အကြောင်း ပြောဆိုနေကြတာ...”

​“ဟုတ်တယ် ဟုတ်တယ်... ငါက သူတို့ လိမ်ခံရတော့မယ်လို့ ထင်နေခဲ့တာ”

​...

​ဆွေးနွေးသံများက ပို၍ပို၍ ကျယ်လောင်လာပေသည်။

​လူများစွာက သူတို့၏ ဖုန်းများကို ထုတ်ကာ အချိန်ခရီးသွားခြင်းနှင့် ပတ်သက်သည့် သတင်းအချက်အလက်များနှင့် ရီယဲ့ခရီးသွားအေဂျင်စီ၏ ဆိုရှယ်မီဒီယာအကောင့်များကို စတင် ရှာဖွေနေကြပြီ ဖြစ်သည်။

​ဒီညက ဆိပ်ကမ်းမြို့တော်တွင် ငြိမ်းချမ်းနေမည် မဟုတ်ကြောင်း ကံကြမ္မာက သတ်မှတ်ထားသကဲ့သို့ပင်။

​

​စစ်ဘက်ဆိုင်ရာ ဒေသ ဆက်သွယ်ရေးဌာန....

​တပ်ရင်းအသီးသီးမှ စစ်သားများက ကိုယ်ပိုင်ဖုန်းများကို ကိုင်ဆောင်ထားကြပြီး ဖုန်းများပေါ်ရှိ စခရင်များမှာ သိသိသာသာ တူညီနေကာ ရီယဲ့ခရီးသွားအေဂျင်စီ၏ အွန်လိုင်းစျေးဝယ် စာမျက်နှာကို ပြသထားခဲ့သည်။

​အလယ်ဗဟိုတွင် ဧရာမရေတွက်မှု နာရီကြီးတစ်ခုကို ထားရှိထားပြီး စက္ကန့်များ ကုန်ဆုံးသွားသည်နှင့်အမျှ သုံးဆယ်မိနစ် ပြည့်ခါနီးဖြစ်၍ လူတိုင်းက အသက်ရှူ အောင့်ထားကြလေသည်။

​နာရီက ၃၀ သို့ ရောက်ရှိသွားသောအခါ လူတိုင်းက တစ်ပြိုင်နက်တည်း ဝယ်ယူရန် နှိပ်လိုက်ကြ၏။

​သို့သော်လည်း မျက်နှာပြင်၏ ၉၉% ကျော်တွင် [ရောင်းကုန်သွားပါပြီ] ဆိုသည့် စာသားကို ပြသနေခဲ့သည်။

​“ဝိုး... အံ့ဩစရာကောင်းတဲ့ လက်အမြန်နှုန်းပဲ” တစ်ယောက်ယောက်က တီးတိုး ရေရွတ်လိုက်၏။

​နှစ်စက္ကန့်တောင် မကြာဘူး... မဟုတ်ဘူး... တစ်စက္ကန့်တောင် မကြာဘူး... လုံးဝ ရောင်းကုန်သွားတာပဲ။

​လူအများစုက နေရာလုနိုင်ခဲ့သူများ၏ အမြန်နှုန်းကို အံ့ဩနေကြစဉ်မှာပင် တတိယ၊ ပဉ္စမ၊ ဆဋ္ဌမနှင့် သတ္တမတပ်ရင်းများမှ အဖြူရောင် အလင်းတန်း တစ်ခုစီ ထွက်ပေါ်လာခဲ့ကြသည်။

အဖြူရောင် အလင်းတန်းထဲတွင် လွှမ်းခြုံခံရသော စစ်သားများက နောက်တစ်စက္ကန့်တွင် သူတို့၏ ရဲဘော်ရဲဘက်များရှေ့၌ ပျောက်ကွယ်သွားကြသည်။

​တတိယ တပ်ရင်းမှ လူများက ယခင်က တစ်ကြိမ် ကြုံတွေ့ဖူးပြီးဖြစ်ရာ ပထမအကြိမ်ကလောက် မအံ့ဩကြတော့ချေ။

​ပဉ္စမ၊ ဆဋ္ဌမနှင့် သတ္တမ တပ်ရင်းများအတွက်မူ စစ်သားအများစုကို ကြိုတင် အသိပေးထားသော်လည်း အချို့မှာ နေရာတွင်ပင် ပျောက်ကွယ်သွားခြင်း ဖြစ်နိုင်လေသည်။

​သို့သော် သူတို့ ကိုယ်တိုင် မျက်စိဖြင့် တပ်အပ် မြင်လိုက်ရသောအခါ အလွန်အမင်း တုန်လှုပ်သွားကြဆဲပင်။

အခန်း ၁၀၂ပြီး၏။

All Chapters