← Chapters

အခန်း ၁၀၃

Vol. 11 Ch. 103

အခန်း ၁၀၃

Vol. 11 Ch. 103

အခန်း (၁၀၃) မင်မင်းဆက်

​ရီယဲ့ ခရီးသွားအေဂျင်စီ၊ ဒုတိယထပ် ဧည့်ခန်းဧရိယာ...

​ကျန်းယဲ့သည် ဆိုဖာပေါ်တွင် ပျင်းရိစွာ မှီထိုင်နေပြီး သူ၏ လက်ချောင်းများဖြင့် လက်တန်းကို ဖွဖွလေး ခေါက်ကာ အဖွဲ့လိုက် ဝယ်ယူမှု စတင်မည့်အချိန်ကို စောင့်ဆိုင်းနေခဲ့သည်။

​ည ၁၀ နာရီ ၃၀ မိနစ်သို့ ရောက်သည်နှင့် မျက်နှာကြက်ပေါ်မှ ရွှေရောင် အလင်းတန်းတစ်ခု ကျဆင်းလာပြီး သူ့ကို လုံးဝ လွှမ်းခြုံသွားလေသည်။

​မျက်စိတစ်မှိတ်အတွင်းမှာပင် ဆိုဖာပေါ်ရှိ ပုံရိပ်က အရိပ်အယောင်မကျန် ပျောက်ကွယ်သွားခဲ့သည်။

​ရင်းနှီးနေသော ခုံ ၁၈ ခုံပါ ကောစတာကားလေးထဲတွင် လေထုက အနည်းငယ် တွန့်လိမ်သွားပြီး ကျန်းယဲ့၏ ပုံရိပ်က တဖြည်းဖြည်း ပြန်ပေါ်လာသည်။

​သူက အကျင့်ပါနေသည့်အတိုင်း ကားထဲကို အရင်ဆုံး ဝေ့ကြည့်လိုက်ရာ သူ၏ အကြည့်များက အလွတ်ဖြစ်နေသော ထိုင်ခုံများပေါ်တွင် ကျရောက်သွားလေသည်။

​နောက်ခဏ၌ ရုတ်တရက် မျက်စိကျိန်းမတတ် အဖြူရောင် အလင်းတန်း ဆယ်ခု တစ်ခုပြီးတစ်ခု လက်သွားခဲ့ကြသည်။

​တောက်ပသော အလင်းရောင်များ မှေးမှိန်သွားသောအခါ ရောင်စုံဝတ်စုံများကို ဝတ်ဆင်ထားသည့် ရင်းနှီးမှုမရှိဘဲ တွေဝေနေသော မျက်နှာဆယ်ခု ပေါ်လာချေသည်။

အထင်ရှားဆုံးမှာ ညစာစားပွဲဝတ်စုံများကို ဝတ်ဆင်ထားသည့် စုမင်နှင့် ရွှီကျောက်တို့ ဖြစ်ပြီး အားအထားရဆုံး ပုံပေါ်နေသည်ကတော့ စစ်ဝတ်စုံဝတ်ထားသော လူငယ်လေးယောက်ပင်။

​“လခွီး... လခွီး... လခွီး...” လီကျစ်က ရင်းနှီးမှုမရှိသော ပတ်ဝန်းကျင်ကို ကြည့်ကာ စိတ်လှုပ်ရှားစွာ အာမေဍိတ်သံ ပြုလိုက်၏။

​စွန်းချီသည် ခေါင်းလှည့်ကြည့်လိုက်ရာ သူမဘေးရှိ D ကို မြင်လိုက်ရပြီး ဝမ်းသာအားရ အော်ဟစ်လိုက်လေသည်။

​“အား.. D ရှင် တကယ်လုနိုင်ခဲ့တာပဲ”

​D မှာ ကြောင်တောင်တောင် ဖြစ်နေဆဲအချိန်တွင် စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်သံကြောင့် သတိဝင်လာပြီး ကြည်လင်ရိုးသားသော မျက်လုံးများနှင့် ကောင်မလေးကို လှည့်ကြည့်လိုက်၏။

​စွန်းချီသည် ရင်ခုန်စိတ်လှုပ်ရှားစွာဖြင့် ပတ်ဝန်းကျင်ကို ဝေ့ကြည့်ရင်း တီးတိုးရေရွတ်လိုက်လေသည်။ “ဆရာဟောတာ တကယ်မှန်တာပဲ... ငါ့ကံတွေ တကယ်ပွင့်သွားပြီ”

​သူမ ထိုသို့ပြောနေစဉ်မှာပင် သူမ၏ ကျေးဇူးရှင် ကောရှန် ရောက်လာခြင်း ရှိမရှိကို သိရန် အမြန် ဝေ့ကြည့်လိုက်၏။

​ရလဒ်ကတော့...

​သူမ စိတ်ပျက်သွားပုံပေါ်သော်လည်း D နှင့် လင်းယုန်တို့ကို မြင်ပြီးနောက် မကြာမီမှာပင် သူမ၏ မျက်နှာသည် စိတ်လှုပ်ရှားမှုကြောင့် လင်းလက်သွားရသည်။

​လင်းယုန်နှင့် Dတို့က အချင်းချင်း အကြည့်ချင်း ဖလှယ်လိုက်ကြပြီး အံ့အားသင့်မှုရော ဝမ်းသာမှုပါ ခံစားလိုက်ကြရသည်။

​သူတို့ အံ့ဩမိသည်မှာ ကောရွှိုက်က လိမ်ပြောနေခြင်း မဟုတ်ဘဲ အချိန်ခရီးသွားခြင်းက တကယ်ဖြစ်နေခြင်းပင်။

​ကံကောင်းစွာဖြင့် သူတို့က ဤမျှ တန်ဖိုးရှိသော နေရာတစ်ခုကို ရအောင် ယူနိုင်ခဲ့ကြ၏။

​ရွှီကျောက်နှင့် စုမင်တို့က သူတို့ ကားတစ်စီးထဲ ရောက်နေမှန်း သိလိုက်ရသောအခါ သူတို့၏ ပါးစပ်များ အနည်းငယ် ဟသွားပြီး အံ့အားသင့်စွာဖြင့် မျက်လုံးများ ပြူးကျယ်သွားကြသည်။

​သူတို့နှစ်ယောက် အချင်းချင်း ကြည့်လိုက်ကြရာ တစ်ယောက်၏ မျက်လုံးထဲတွင် အခြားတစ်ယောက်၏ အံ့အားသင့်နေမှုများကို မြင်တွေ့လိုက်ရ၏။

​“အစ်မ ငါတို့ကို လိမ်မပြောဘူးပဲ...” နှစ်ယောက်သား ပြိုင်တူ ပြောလိုက်ကြလေသည်။

​နောက်တစ်စက္ကန့်တွင် သူတို့၏ မျက်နှာများက စိတ်လှုပ်ရှားမှုကြောင့် နီမြန်းလာခဲ့သည်။

​ဒါက အချိန်ခရီးသွားတာပဲ။

​လွန်ခဲ့တဲ့ နှစ်သုံးရာက မင်မင်းဆက်ဆီကို အချိန်ခရီးသွားသလိုမျိုးပဲ။

​ဒီကမ္ဘာပေါ်မှာ ဒီလိုဂုဏ်ကျက်သရေမျိုးကို ရရှိနိုင်တဲ့ ကံကောင်းသူ ဘယ်နှယောက်များ ရှိနိုင်မှာလဲ။

​သူတို့က အသေအချာပင် အကံကောင်းဆုံး လူများပင်။

​ဤခရီးသွားဆယ်ယောက်ထဲတွင် အတည်ငြိမ်ဆုံးနှင့် အအေးဆေးဆုံးမှာ သပ်ရပ်သော စစ်ဝတ်စုံများကို ဝတ်ဆင်ထားသည့် စစ်သားလေးယောက် ဖြစ်၏။

​အဖြူရောင် အလင်းတန်း ပျောက်ကွယ်သွားချိန်တွင် သူတို့က ခဏတာမျှ အနည်းငယ် အံ့အားသင့်သွားပုံ ပြသခဲ့သော်လည်း စစ်သားများပီပီ သူတို့၏ တည်ငြိမ်မှုကို အလျင်အမြန် ပြန်လည် ထိန်းချုပ်နိုင်ခဲ့ကြသည်။

​စူးရှသော မျက်လုံးလေးစုံက ယာဉ်မောင်းခုံရှေ့ရှိ ပုံရိပ်ဆီသို့ တစ်ပြိုင်နက်တည်းနီးပါး စူးစိုက်ကြည့်လိုက်ကြသည်။

​ကျန်းယဲ့က ခရီးသွားလမ်းညွှန်ထိုင်ခုံကို မှီထားပြီး နှုတ်ခမ်းတွင် နွေးထွေးသော အပြုံးတစ်ခုကို ချိတ်ဆွဲထားကာ သူတို့ကို အကဲခတ်နေလေသည်။

​သူ့ဆီသို့ ဦးတည်လာသော စူးရှသည့် အကြည့်လေးစုံကို ခံစားလိုက်ရသောအခါ သူက အေးဆေးစွာ ပြန်ကြည့်လိုက်ပြီး ထိုလေးယောက်ကို ခေါင်းအနည်းငယ် ညိတ်ပြလိုက်၏။

​ကားထဲရှိ လူများ အနည်းငယ် တည်ငြိမ်သွားပြီးနောက် ကျန်းယဲ့က မိုက်ခရိုဖုန်းကို ကောက်ကိုင်လိုက်ပြီး သူ၏ မိတ်ဆက်စကားကို အေးအေးဆေးဆေး စတင်ပြောကြားလိုက်ချေသည်။

​“ဒီ မင်မင်းဆက် နှောင်းပိုင်းကာလ မြို့တော် နှစ်ရက်တာ ခရီးစဉ်မှာ အချိန်ခရီးသွားသူတွေ ဖြစ်လာကြတဲ့ ခင်ဗျားတို့အားလုံးကို ဂုဏ်ပြုပါတယ်... ”

​“ကျွန်တော်ကတော့ ခင်ဗျားတို့ရဲ့ ဒီခရီးစဉ်အတွက် ခရီးသွားလမ်းညွှန်ကျန်းယဲ့ပါ”

​“ခင်ဗျားတို့ ကျွန်တော့်ကို လမ်းညွှန်ကျန်းလို့ပဲဖြစ်ဖြစ်.... ရှောင်ယဲ့လို့ပဲဖြစ်ဖြစ် ခေါ်နိုင်ပါတယ်... ခင်ဗျားတို့ သဘောပါပဲ”

​“ဆက်ပြီးတော့ ဒီခရီးစဉ်အတွက် အရေးကြီးဆုံး ကြိုတင်ကာကွယ်ရမယ့် အချက်တွေကို ကျွန်တော် ပြောပြပါမယ်။ ကျွန်တော်တို့ သွားမယ့် မင်မင်းဆက် နှောင်းပိုင်းကာလဆိုတာ အရမ်း ရှုပ်ထွေးပရမ်းပတာ ဖြစ်နေတဲ့ အချိန်အခါပါ။ အဲဒီမှာ မသေချင်ဘူးဆိုရင်တော့ ခင်ဗျားတို့ ကျွန်တော့်ရဲ့ ညွှန်ကြားချက်တွေကို လိုက်နာရပါမယ်... ပြီးတော့ ခွင့်ပြုချက်မရှိဘဲ လျှောက်မသွားရဘူး... အဖွဲ့ထဲကနေ ခွဲမထွက်ရဘူး...”

​ကျန်းယဲ့က သူတို့ အလေးအနက် မထားမည်စိုးသဖြင့် အသေးစိတ် ညွှန်ကြားချက်များကို စနစ်တကျ ပြောပြလိုက်၏။

​ကံကောင်းသည်မှာ ဤတစ်ကြိမ် အဖွဲ့ထဲတွင် စစ်ဘက်ဆိုင်ရာ ဝန်ထမ်းလေးယောက် ပါဝင်လာခြင်းက သူ့အတွက် အရာရာကို ပိုမို လွယ်ကူသွားစေခဲ့သည်။

​“အခု ခင်ဗျားတို့ရဲ့ ခရီးသွားဝတ်စုံတွေကို ဝေပေးပါမယ်” ပြောရင်းဖြင့် ကျန်းယဲ့က စနစ် မျက်နှာပြင်ကို ခေါ်ထုတ်လိုက်၏။

​အရင် အန်းရှီးခရီးစဉ်နှင့် မတူဘဲ ဤမင်မင်းဆက် ခရီးစဉ်တွင် မင်မင်းဆက်ဝတ်စုံ အပြည့်အစုံ လိုအပ်လေသည်။

​ဝတ်စုံဆယ်စုံကို သူ ရွေးချယ်လိုက်သောအခါ စနစ်က အထူစား ဆောင်းတွင်းဝတ်စုံများကို အလိုအလျောက် အကြံပြုလာသဖြင့် သူ၏ မျက်ခုံးများ အနည်းငယ် တွန့်ကွေးသွားရသည်။

​ဒီတစ်ခါ အချိန်ခရီးသွားရတာက ချုံကျန်းဧကရာဇ် နန်းသက် သုံးနှစ်မြောက်ရဲ့ အေးခဲနေတဲ့ ဆောင်းရာသီ ဖြစ်နေလို့များလား....

​ကျန်းယဲ့၏ လက်ချောင်းများက စနစ် မျက်နှာပြင်ပေါ်တွင် လျင်မြန်စွာ ပွတ်ဆွဲသွားပြီး မင်မင်းဆက် ဝတ်စုံ ဆယ်စုံနှင့် လိုက်ဖက်သော ဆံပင်ပုံစံများကို ကလစ်တစ်ချက်နှိပ်ရုံဖြင့် ဝယ်ယူလိုက်၏။

​အလင်းဖျော့ဖျော့လေး တစ်ချက်လက်သွားပြီးနောက် ခေါက်ထားသော အဝတ်အစားများက လူတိုင်း၏ ထိုင်ခုံဘေးတွင် ပေါ်လာလေသည်။

​ဝတ်စုံတွင် မဲနယ်ရောင် ချည်ထည်ဝတ်ရုံ၊ သိုးရေအင်္ကျီအထူ၊ သေသပ်လှပစွာ ဖန်တီးထားသော ခေါင်းဆောင်းပိုက်ကွန်နှင့် လေးထောင့်ပုံ ပဝါတို့ ပါဝင်သည်။

​“အားလုံးပဲ... ကျေးဇူးပြုပြီး အဝတ်အစား လဲလှယ်ကြပါ” ကျန်းယဲ့က ဝတ်စုံများကို ဝေပေးလိုက်၏။ “ကျွန်တော်တို့ မင်မင်းဆက်ကို ရောက်တဲ့အချိန်က ဆောင်းရာသီ ဖြစ်ဖို့များတယ်...”

​စွန်းချီက အမျိုးသမီး ဝတ်စုံတစ်စုံကို စူးစမ်းချင်စိတ်ဖြင့် ဖြန့်ကြည့်ပြီး မြှောက်ကိုင်လိုက်လေသည်။ “ဒါ... ကျွန်မ အဝတ်အစားတွေ အပေါ်ကနေ ထပ်ဝတ်လိုက်ရုံပဲလား...”

​“ဟုတ်တယ်” ကျန်းယဲ့က ခေါင်းညိတ်ပြလိုက်၏။

​လူတိုင်းက သူတို့၏ အဝတ်အစားများကို အလျင်စလို ဝတ်ဆင်ကြသည်။

လင်းယုန်က ရေပြာရောင် အစင်းပါ အထည်ကို ကိုင်ထားရင်း မျက်မှောင်ကြုတ်လိုက်၏။ “ဒီဟာရဲ့ ကြိုးတွေကို ဘယ်လိုချည်ရမှာလဲ...”

​“ငါ ကူညီပေးမယ်” လီကျစ်က အဝတ်အစားကို ယူလိုက်လေသည်။ သူက တက္ကသိုလ်တုန်းက ဟန်ဖူ ကလပ်မှာ ပါဝင်ခဲ့ဖူး၏။ “ဒါက အောက်ခံအင်္ကျီလေ... မင်း အရင်ဆုံး ဒါကို ချည်ရမယ်...”

​စကားပင် မဆုံးသေးမီ ထိုအဝတ်အစားက ရုတ်တရက် အသက်ဝင်လာသကဲ့သို့ လင်းယုန်၏ ကိုယ်ပေါ်သို့ အလိုအလျောက် ကပ်သွားပြီး ၎င်း၏ ခါးပတ်ကြိုးက ရစ်ပတ်ကာ သူ့အလိုလို တင်းကြပ်သွားခဲ့သည်။

​“သောက်ကျိုးနည်း.... ” လင်းယုန်က လန့်ပြီး နောက်သို့ ဆုတ်သွားခဲ့သည်။

​ထိုထက်ပို၍ အံ့ဩစရာကောင်းသည်မှာ ဆံထုံးများပင်။

​စုမင်က ဆွဲလွဲဆံထုံးပုံစံကို ဆောင်းလိုက်သောအခါ မည်းနက်နေသော ဆံပင်တုက အသက်ဝင်လာသကဲ့သို့ သူမ၏ ကိုယ်ပိုင် ဆံပင်အရှည်များနှင့် ရောယှက်သွားပြီး မင်မင်းဆက်ရှိ အိမ်ထောင်မကျသေးသော အမျိုးသမီးတစ်ဦး၏ စံသတ်မှတ်ချက် ဆံပင်ပုံစံအဖြစ်သို့ ချက်ချင်း ပြောင်းလဲသွားချေသည်။

​“ဘုရားရေ... ” သူမက ကားပြတင်းပေါက် အလင်းပြန်မှုရှေ့တွင် သူမ၏ ဆံပင်ကို ပွတ်သပ်လိုက်၏။ “ဒါက ငါ့ရဲ့ ဆံပင်ညှပ်ဆရာ လုပ်ပေးတာထက်တောင် ပိုပြီး သဘာဝကျသေးတယ်...”

​ရွှီကျောက်၏ လေးထောင့်ပုံပဝါက သူ၏ ခေါင်းနှင့် ကွက်တိကျနေပြီး သူ၏ နားထင်နားတွင်ပင် အဆက်အစပ်များကို မမြင်ရချေ။

​သူက ခေါင်းကို ခါကြည့်လိုက်လေသည်။ “မအိုက်ဘူးဆိုတာက အံ့ဩစရာပဲ..”

​အဝတ်အစားများ လဲလှယ်ပြီးနောက် လီကျစ်က စိတ်မရှည်စွာဖြင့် မေးလိုက်၏။ “လမ်းညွှန်ကျန်း... ကျွန်တော်တို့ ရောက်ဖို့ ဘယ်လောက်ကြာဦးမှာလဲ”

​ကျန်းယဲ့က ရှေ့သို့ လက်ညှိုးထိုးပြလိုက်၏။ “ဟိုက အလင်းစက်လေးကို မြင်လား... အဲဒီကို ဖြတ်သွားရင် ကျွန်တော်တို့ ရောက်ပြီ”

​သူ လက်ညှိုးထိုးပြရာ လမ်းကြောင်းအတိုင်း လူတိုင်း လိုက်ကြည့်လိုက်ရာ မည်းမှောင်နေသော အချိန်ဥမင်လိုဏ်ခေါင်း၏အဆုံးတွင် ယာဉ်ရှေ့သို့ ရွေ့လျားသွားသည်နှင့်အမျှ ပဲစေ့လုံးအရွယ် အဖြူရောင် အလင်းစက်လေးက တဖြည်းဖြည်း ကြီးမားလာသည်ကို တွေ့လိုက်ကြရသည်။

​စွန်းချီက ကားပြတင်းပေါက်ကို မှီကာ မည်းမှောင်နေသော အချိန်ဥမင်လိုဏ်ခေါင်းရှေ့ရှိ တစ်ခုတည်းသော အလင်းစက်လေးကို စူးစိုက်ကြည့်နေလေသည်။ “အဲဒါ ထွက်ပေါက်လား...”

​“ဟုတ်တယ်” ကျန်းယဲ့က ခေါင်းညိတ်ပြလိုက်ပြီးနောက် လူတိုင်းကို သတိပေးလိုက်၏။ “အားလုံးပဲ ကျေးဇူးပြုပြီး ထိုင်ခုံတွေမှာ ထိုင်ကြပါ...”

​ကျန်းယဲ့ စကားပြောအပြီးတွင် ကောစတာကားလေးသည် ရုတ်တရက် အရှိန်တင်လိုက်လေသည်။

​အဖြူရောင် အလင်းတန်းက ပိုပိုနီးကပ်လာပြီး နောက်ဆုံးတွင် မျက်စိကျိန်းမတတ် အလင်းကန့်လန့်ကာကြီး အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

​ကားခေါင်းပိုင်းက အလင်းကန့်လန့်ကာနှင့် ထိတွေ့သွားသည့် အခိုက်အတန့်တွင် လူတိုင်းက သူတို့အလိုလို မျက်စိ မှိတ်လိုက်မိကြ၏။

​နောက်ခဏ၌ ကားပြတင်းပေါက်ကို ရိုက်ခတ်နေသည့် နှင်းပွင့်များ၏ အသံနှင့် ရောနှောနေသော အရိုးခိုက်မတတ် အေးစက်သည့် လေပြင်းများက ရုတ်တရက် ရှင်းလင်းစွာ ထွက်ပေါ်လာခဲ့သည်။

​“ကျွန်တော်တို့ ရောက်ပါပြီ...” ကျန်းယဲ့၏ အသံက စပီကာမှတစ်ဆင့် ထွက်ပေါ်လာလေသည်။

​လူတိုင်း မျက်လုံးဖွင့်ကြည့်လိုက်သောအခါ ကားပြတင်းပေါက် အပြင်ဘက်တွင် မှောင်မည်းနေပြီး ကောစတာကားလေး၏ ရှေ့မီးကြီးများကသာ နှင်းများပေါ်သို့ မှိန်ပျပျ အဝါရောင် အလင်းတန်း နှစ်ခု ထိုးကျနေသည်ကို မြင်လိုက်ရ၏။

​အလင်းတန်းများထဲတွင် နှင်းပွင့်ကြီးများက ကခုန် ဝဲပျံနေပြီး မြင်ကွင်းကို ဆယ်မီတာအောက်သာ မြင်ရအောင် လျှော့ချပစ်နေချေသည်။

လင်းယုန်က ကားပြတင်းပေါက်ကို သူ၏ မျက်နှာဖြင့် ကပ်ထားလိုက်၏။ “ဒါက... မင်မင်းဆက်လား”

​ကားရှေ့မီးထိုးထားသည့် ဧရိယာအတွင်းရှိ နှင်းများက အနည်းဆုံး ခြောက်လက်မခန့် နက်ပေ​​သည်။

​အဝေးတွင် ညှိုးနွမ်းနေသော သစ်ပင်အချို့၏ ပုံသဏ္ဌာန်များကို ဝေဝါးစွာ မြင်နိုင်ပြီး ၎င်းတို့၏ သစ်ကိုင်းများက ထူထဲသော နှင်းတုံးများကြောင့် အောက်သို့ ကိုင်းကျနေခဲ့သည်။

​ပိုဝေးသော နေရာများတွင် ဟိုတစ်စ ဒီတစ်စ အလင်းရောင်များ ရှိနေပုံရသော်လည်း လေနှင့် နှင်းများထဲတွင် ဝေဝါးပြီး မထင်မရှား ဖြစ်နေ၏။

​ကျန်းယဲ့က စနစ်မျက်နှာပြင်ပေါ်တွင် ပေါ်လာသော သတိပေးချက်ကို ကြည့်ကာ ပြုံးလိုက်ပြီး လူတိုင်းကို ပြောလိုက်သည်။ “အေဒီ ၁၆၃၀က မင်မင်းဆက်ကို ရောက်လာတဲ့ အချိန်ခရီးသွားတွေအားလုံးကို ကြိုဆိုပါတယ်”

အခန်း ၁၀၃ပြီး၏။

All Chapters