← Chapters

အခန်း ၁၀၅

Vol. 11 Ch. 105

အခန်း ၁၀၅

Vol. 11 Ch. 105

အခန်း (၁၀၅) လူဂိုချောင်းကျေးရွာ

​ရှဲ့မင်တာက သူ၏ လက်ထဲရှိ ခေတ်မီ လက်နှိပ်ဓာတ်မီးကို စိုက်ကြည့်နေသည်။ “ဒီလိုမျိုးတွေ ထပ်ရှိသေးလား”

​“ရှိပါတယ်” ကျန်းယဲ့က စံပြခရီးသွားလမ်းညွှန် အပြုံးတစ်ခုကို ရုတ်တရက် ပြုံးပြလိုက်၏။ “ဒီမှာ ခေတ်မီပစ္စည်း အမျိုးမျိုးကို ထောက်ပံ့ပေးနိုင်ပါတယ်။ ခင်ဗျားတို့ ဘာလိုလို ကျွန်တော့်ဆီမှာ ရှိတယ်။ ဒီနေရာကို ရွေ့လျား စူပါမားကတ်တစ်ခုလို့ သဘောထားလို့ရတယ်”

​အားလုံးပဲ: “...”

​‘လူတစ်ယောက်က စူပါမားကတ် ဖြစ်နေတာကို ပထမဆုံးအကြိမ် မြင်ဖူးတာပဲ...’

​လင်းယုန်၏ နှုတ်ခမ်းများ တွန့်ကွေးသွားရသည်။ “လမ်းညွှန်ကျန်း... ခင်ဗျားရဲ့ စီးပွားရေးလုပ်ငန်းကို ချဲ့ထွင်တာ တော်တော်မြန်တာပဲ”

​“ဟားဟား.... အသက်မွေးဝမ်းကျောင်း ပြုရမယ့် အချိန်လေ” ကျန်းယဲ့က ဖြူဖွေးတောက်ပသော အပြုံးတစ်ခု ပြုံးပြလိုက်၏။ “ဘယ်သူ လိုချင်သေးလဲ။ လိုချင်ရင် လက်ထောင်ပါ... အရင်လာသူ အရင်ရမယ်”

​လူတွေက ထောက်ပံ့ရေးပစ္စည်းများ ဝယ်ယူလိုကြောင်း ပြသရန် တစ်ယောက်ပြီးတစ်ယောက် လက်ထောင်လာခဲ့ကြသည်။

​အားလုံးက အလျင်စလို လာခဲ့ကြပြီး ဘာမှ ယူမလာခဲ့ကြသဖြင့် ဤရက်ပိုင်းအတွင်း ကျန်းယဲ့ထံတွင် ငွေမသုံးဘဲ မနေနိုင်ကြချေ။

​လူတိုင်းက မင်မင်းဆက်စတိုင် ခရီးဆောင်အိတ်၊ လက်အိတ်များ၊ လက်နွေးအိတ်များနှင့် လက်နှိပ်ဓာတ်မီး တစ်လက်စီ ဝယ်ယူခဲ့ကြသည်။

​ကျန်းယဲ့သည် ထိုကော်မရှင်ခ အနည်းငယ်အတွက် လောဘမကြီးချေ။ သူတို့ ဝယ်ယူကြသောအခါ လောလောဆယ် လိုအပ်သည်များကိုသာ ဝယ်ယူရန်နှင့် နောက်ပိုင်း တစ်ခုခု လိုအပ်ပါက သူ့ထံမှ ဝယ်ယူရန် လူတိုင်းကို သတိပေးခဲ့၏။

​ဝမ်ရှင်းရန်က မေးလိုက်၏။ “လမ်းညွှန်ကျန်း... ဒီမှာ မြင်းလှည်း ဝယ်လို့ရလား။ ကျွန်တော်တို့ လူဂိုချောင်းကျေးရွာကို ခြေလျင်သွားရင် သူတို့က ကျွန်တော်တို့ကို ပေးမတည်းမှာ စိုးရိမ်လို့ပါ...”

​“ကျွန်တော်တို့က သန်းခေါင်ယံအချိန်ကြီး ရောက်လာတာဆိုတော့... ပြီးတော့ ဒီလို အထူးအချိန်ကာလကြီးမှာ ရွာသားတွေ သတိထားနေကြတာက နားလည်ပေးလို့ ရပါတယ်..” ကျန်းမောက်က ဖြည့်စွက်ပြော၏။

​စုမင်က ကျန်းယဲ့ကို ကြည့်လိုက်ဆလသည်။ “လမ်းညွှန်ကျန်း... အလုံအလောက် ရှိမယ်ဆိုရင် ကျွန်မတို့ မြင်းလှည်း လေးစီးလောက် လိုချင်တယ်။ ကုန်ကျစရိတ်ကို ကျွန်မ ရှင်းပေးမယ်...”

​“အစ်မစုက တော်တော် ရက်ရောတာပဲ” လီကျစ်က စုမင်ကို လက်မထောင်ပြလိုက်၏။

​‘မြင်းလှည်းတွေလား။ စနစ်ထဲမှာ ရှိတော့ရှိပါတယ်... ဒါပေမဲ့...’

​“ဒီထဲမှာ မြင်းလှည်းမောင်းတတ်တဲ့သူ ရှိလို့လား။ ဒါက ကားမောင်းတာ မဟုတ်ဘူးလေ” ကျန်းယဲ့က မေးလိုက်၏။

​သူ ထိုသို့ပြောလိုက်ပြီးနောက် လူတိုင်း တိတ်ဆိတ်သွားကြရသည်။

​အခြားသူများ တိတ်ဆိတ်သွားချိန်တွင် D နှင့် လင်းယုန်တို့က တိတ်ဆိတ်စွာ လက်ထောင်လာခဲ့ကြသည်။

​“အမ်း... ကျွန်တော်တို့ နှစ်ယောက် မောင်းတတ်ပါတယ်...”

​ချက်ချင်းပင် အခြားသူများ၏ အကြည့်များက သူတို့နှစ်ဦးထံ ကျရောက်သွားလေသည်။

​လီကျစ်က အံ့အားသင့်စွာဖြင့် အာမေဍိတ်သံ ပြုလိုက်သည်။ “ဆရာတို့... ခင်ဗျားတို့က တကယ်ပဲ မြင်းလှည်း မောင်းတတ်တာလား..”

​လင်းယုန်က သူ၏ ခေါင်းကို ကုတ်လိုက်၏။ “ဟားဟား... အရင်က ကျွန်တော်တို့ ရုပ်ရှင်စတူဒီယိုကို သွားတုန်းက မြင်းလှည်းမောင်းပြိုင်ချင်စိတ်တွေ ယားယံလာတာနဲ့ အဲဒီအချိန်မှာ ကျွန်တော်တို့ နှစ်ယောက်စလုံး မောင်းဖို့ သင်ခဲ့ကြတာ...”

​D က ဘေးမှနေ၍ အလျင်အမြန် ဖြည့်စွက်ပြောလေသည်။ “အရင် ရှင်းအောင် ပြောရရင်... ကျွန်တော်တို့က နည်းနည်းပါးပါးပဲ သိတာ... သိပ်တော့ မကျွမ်းကျင်ဘူး..”

​သူတို့က အနည်းဆုံးတော့ အနည်းငယ် သင်ယူဖူးသည်။ အခြားသူများမှာမူ အခြေခံနှင့်ပင် မနီးစပ်ကြချေ။

​“ရပါတယ်... ခရီးတိုလေးပဲဟာ... ကျွန်တော်တို့ကို တွင်းထဲတော့ ဆွဲမချလောက်ပါဘူး” လီကျစ်က ဂရုမစိုက်ဟန်ဖြင့် လက်ယမ်းပြလိုက်၏။

​လက်ရှိအခြေအနေတွင် မြင်းလှည်းရှိခြင်းက မရှိခြင်းထက် ပိုကောင်းပေသည်။

​ကျန်းယဲ့က မြင်းလှည်းနှစ်စီးကို အောင်မြင်စွာ ဝယ်ယူနိုင်ခဲ့သည်။ ကံကောင်းထောက်မစွာဖြင့် လှည်းများအတွင်းရှိ နေရာက လူဆယ့်တစ်ယောက် ပြည့်ကျပ်စွာ ဝင်စီးနိုင်လောက်အောင် ကျယ်ဝန်းလှလေသည်။

​အရာအားလုံး အဆင်သင့်ဖြစ်ပြီးနောက် အဖွဲ့က လူဂိုချောင်းကျေးရွာဆီသို့ ဦးတည်ထွက်ခွာလာခဲ့ကြသည်။

​[ဒင်... ခရီးသွား မစ်ရှင် ပေါ်ထွက်လာပါပြီ။ ကျေးဇူးပြု၍ ခရီးသွားများကို တည်းခိုခန်းတစ်ခုဆီသို့ ခေါ်ဆောင်သွားပြီး ဒေသခံပြည်သူများ၏ ဘဝများကို အပြည့်အဝ ခံစားသိရှိနိုင်စေရန်နှင့် ခရီးစဉ်အတွက် ထူးခြားဆန်းသစ်သော အတွေ့အကြုံတစ်ခုကို ပေါင်းထည့်ပေးပါ..]

​[မစ်ရှင်ဆုကြေး - တိရစ္ဆာန်များနှင့် ဆက်သွယ်နိုင်စွမ်း]

​တည်းခိုခန်းဟူသော စကားလုံးကို မြင်သောအခါ ကျန်းယဲ့၏ နှုတ်ခမ်းများ အနည်းငယ် တွန့်ကွေးသွားရသည်။

​‘ဒါက ဘယ်လို တည်းခိုခန်းမျိုးလဲ.... သာမန်လူတွေရဲ့ အိမ်တွေမှာ သွားတည်းခိုရတာကိုများ...’

​‘စနစ်က သူ့ကိုယ်သူ အရမ်း အဆင့်မြင့်တဲ့ပုံ ပေါက်အောင် လုပ်ထားတာပဲ...’

​‘ဒီနေ့တော့ လူဂိုချောင်းကျေးရွာမှာ တည်းဖို့ကလွဲပြီး ရွေးချယ်စရာ မရှိတော့ဘူး’

​ရုတ်တရက် ရွာအရှေ့ဘက်ခြမ်းရှိ သစ်ခေါက်ချိုပင်အိုကြီးပေါ်တွင် ချိတ်ဆွဲထားသော ကြေးခေါင်းလောင်းကို ထုလိုက်သံ ထွက်ပေါ်လာချေသည်။

​တုံးတိတိ ခေါင်းလောင်းသံက လေနှင့် နှင်းများကို ဖောက်ထွင်းသွားပြီး တစ်ရွာလုံးကို နိုးထစေခဲ့သည်။

​“တရားဝင် လမ်းမကြီးပေါ်မှာ လှုပ်ရှားမှု ရှိနေတယ်” ကျောက်ဆန်းက ရွာသူကြီးအိမ်၏ သစ်သားတံခါးကို တွန်းဖွင့်ကာ ယိမ်းယိုင်ဝင်ရောက်လာပြီး သူ၏ မိုးကာအင်္ကျီမှ နှင်းများ ကျဆင်းနေလေသည်။ “မြင်းလှည်းသံ ကြားလိုက်ရတယ်...”

​အဘိုးအိုဝမ်က အုတ်ကုတင်ပေါ်မှ ကမန်းကတန်း ထလာပြီး သူ၏ ကြမ်းတမ်းသော လက်ချောင်းများဖြင့် ဘိုးဘွားစဉ်ဆက် အသုံးပြုခဲ့သည့် ခါးဆိုက်ဓားကို တင်းကြပ်စွာ ဆုပ်ကိုင်လိုက်၏။ “လူဘယ်နှယောက်လဲ။ သူတို့ ဘာအလံ ထူထားလဲ”

​“နှင်းက အရမ်းထူနေတော့ သေချာ မမြင်ရဘူး” ကျောက်ဆန်းက သူ၏ အေးခဲနေသော မျက်နှာကို သုတ်လိုက်၏။ “အဝေးက အလင်းရောင် တစ်ခုကိုပဲ မြင်ရတယ်... ဒါပေမဲ့ အဲဒီ အလင်းရောင်က မီးရောင်နဲ့ မတူဘူး။ အရမ်း ထူးဆန်းတယ်...”

​အဘိုးအိုဝမ်၏ မျက်နှာအမူအရာက လေးနက်သွားချေသည်။ “ရွာသားအားလုံးကို စုဝေးဖို့ အကြောင်းကြားလိုက်...”

​သူက ထောင့်မှ ဂွတုတ်တစ်ချောင်းကို ဆွဲယူလိုက်ပြီး အော်ဟစ်လိုက်လေသည်။ “မိန်းမတွေနဲ့ ကလေးတွေကို မြေအောက်ခန်းထဲ ပို့ထားလိုက်။ မြန်မြန်”

​ဆယ့်ငါးမိနစ်ပင် မပြည့်မီအချိန်အတွင်း ခွန်အားကြီးမားသော လူငယ် ငါးဆယ်ကျော်က ရွာအဝင်ဝရှိ မြေသားတံတိုင်းနောက်တွင် စုဝေးရောက်ရှိနေကြပြီဖြစ်သည်။

​အချို့က ပေါက်ပြားများကို ကိုင်ဆောင်ထားကြပြီး အချို့က မီးဖိုချောင်သုံး ဓားများကို ကိုင်ဆောင်ထားကြကာ မုဆိုးအချို့က ကိုယ်တိုင်လုပ် ဒူးလေးများကို ကိုင်ဆောင်ထားကြပြီး တင်းမာမှုကြောင့် သူတို့၏ လက်ချောင်းများမှာ ဖြူရော်နေခဲ့ကြသည်။

​“ဦးလေးဝမ်... သူတို့က အစိုးရစစ်သားတွေများ ဖြစ်နိုင်မလား” လူငယ်လေး လီအာဂိုးက တိုးညှင်းစွာဖြင့် မေးလိုက်၏။

​သူ၏ဘေးရှိ ပန်းပဲဆရာက တံတွေးထွေးလိုက်လေသည်။ “သူတို့က အစိုးရစစ်သားတွေနဲ့ မတူဘူး...”

​“သူတို့ တာတာတွေ မဖြစ်ပါစေနဲ့လို့ပဲ ဆုတောင်းရမယ်” အမျိုးသားတစ်ဦး၏ မျက်နှာအမူအရာက တင်းမာနေပြီး သူ၏ မျက်လုံးများထဲရှိ အကြောက်တရားက သူ၏ တင်းမာမှုနှင့် ထိတ်လန့်မှုကို ဖော်ပြနေခေတသည်။

​လူတိုင်းက အသက်အောင့်ထားကြပြီး တရားဝင် လမ်းမကြီးဘက်ဆီသို့ စူးစိုက်ကြည့်နေကြကာ ထူးဆန်းသော အဖြူရောင် အလင်းတန်းကြောင့် အာရုံစိုက်မိနေခဲ့ကြသည်။

​“အဲဒါ မီးတိုင်နဲ့ မတူဘူး..”

​“ဟုတ်တယ်...”

​‘အဲဒီ အလင်းရောင်က အတိအကျ ဘာကြီးလဲ...’

​“အဲဒါကို မသိဘူး။ အရင်က တစ်ခါမှ မမြင်ဖူးဘူး”

​ဤကဲ့သို့ တဖျပ်ဖျပ် တောက်ပနေသော အဖြူရောင် အလင်းတန်းမျိုးကို မည်သူမျှ အရင်က မမြင်ဖူးကြချေ။ သူတို့က ၎င်းကို ကြောက်မက်ဖွယ်ကောင်းပြီး စိတ်မချမ်းမြေ့ဖွယ်ရာဟုသာ ခံစားနေကြရ၏။

​ယခင်က တစ်ခါမျှ မကြုံဖူးသော ဤအလင်းရောင်နှင့် ရင်ဆိုင်ရသောအခါ လူတိုင်း၏ နှလုံးသားများက လည်ချောင်းဝသို့ ရောက်နေခဲ့ကြသည်။

​နှင်းများပေါ်တွင် လိမ့်ဆင်းလာသော ဘီးများ၏ ခပ်သဲ့သဲ့အသံကို လေနှင့် နှင်းများကြားတွင် ကြားနိုင်ပေသည်။

​“တာတာတွေ မဖြစ်ပါစေနဲ့...” တစ်စုံတစ်ယောက်က တိုးတိုးလေး ဆုတောင်းလိုက်၏။

​မုဆိုး၏ လက်က လေးကိုဆွဲကာ မြှားကို တပ်ဆင်လိုက်စဉ် အနည်းငယ် တုန်ယင်သွားလေသည်။ “တာတာတွေ အားလုံးက မြင်းတပ်တွေလေ။ ဒါက မြင်းလှည်းပါ..”

​အဘိုးအိုဝမ်က မျက်မှောင်ကြုတ်လိုက်ပြီး သတိပေးစကားကို တိုးတိုးလေး ပြောလိုက်၏။ “မနှစ်က ချန်ရှင်းတျန်းမှာတုန်းက ကုန်သည်ယောင်ဆောင်လာတဲ့ တာတာ သူလျှိုတွေက အရင် ရောက်လာခဲ့တာကို မမေ့ကြနဲ့..”

​အဘိုးအိုဝမ်၏ စကားများက ရွာသားများ၏ နှလုံးသားထဲသို့ နက်ရှိုင်းစွာ ထိုးစိုက်ဝင်သွားသော တုံးနေသည့် ဓားတစ်ချောင်းကဲ့သို့ပင်။

​လီအာဂိုး၏ မျက်လုံးများက ရုတ်တရက် နီရဲလာလေသည်။ သူ၏ အစ်မဖြစ်သူ၏ မိသားစုက ချန်ရှင်းတျန်းတွင် နေထိုင်ကြသည်။

​“အဲဒီ တိရစ္ဆာန်တွေ...” ပန်းပဲဆရာကျန်း၏ သံမဏိကဲ့သို့ ကြီးမားသော လက်များက လှံကို တင်းကြပ်စွာ ဆုပ်ကိုင်ထားသဖြင့် အသံပင် မြည်သွားခဲ့သည်။ “သူတို့က ရွာထဲကို ဝင်လာပြီး တွေ့တဲ့လူတိုင်းကို ခုတ်ထစ်ကြတယ်။ နို့စို့အရွယ် ကလေးတွေကိုတောင် သူတို့ရဲ့ လှံဖျားတွေမှာ ထိုးစိုက်ထားကြတာ...”

​မုဆိုးလောင်ကျန်း၏ လက်တစ်ဖက်က အနည်းငယ် တုန်ယင်နေချေသည်။ မနှစ်က သူ ချန်ရှင်းတျန်းသို့ သားရေများ သွားရောက်ပို့ဆောင်စဉ်က ၎င်းကို သူကိုယ်တိုင် မျက်စိဖြင့် မြင်တွေ့ခဲ့ရသည်။ ရေတွင်းဘောင်ပေါ်ရှိ သွေးများက လက်သုံးသစ်ခန့် ထူထဲနေပြီး ဘိုးဘွားကျောင်းဆောင်ရှေ့ရှိ နေလှန်းသည့် ကွင်းပြင်တွင် ခေါင်းပြတ်နေသော အလောင်းပေါင်း ရာနှင့်ချီ၍ ပုံနေ၏။

​“တာတာတွေက ကိုယ်ဝန်ဆောင် မိန်းမတွေရဲ့ ဗိုက်ကို...” ကျောက်ဆန်း၏ စကားများက ရုတ်တရက် လည်ချောင်းတွင် တစ်ဆို့သွားရသည်။

​အဘိုးအိုဝမ်သည် သံဂွကို လက်နှစ်ဖက်ဖြင့် တင်းကြပ်စွာ ဆုပ်ကိုင်လိုက်၏။

​ချန်ရှင်းတျန်းမှ ထွက်ပြေးလွတ်မြောက်လာသော ဈေးသည်တစ်ဦး သူ၏ ကျောတွင် မြှားသုံးစင်း စိုက်ဝင်လျက် ရွာအဝင်ဝတွင် လဲကျနေခဲ့သည့် ထိုနှင်းကျသော ညကို သူ မှတ်မိနေချေသည်။ တာတာတွေက ကုန်သည်အဖြစ် ရုပ်ဖျက်ထားတယ်လို့ ပြောပြီးနောက် သူ သေဆုံးသွားခဲ့သည်။

​ဈေးသည်၏ အေးခဲနေသော လက်များက သူ၏ သမီးငယ်လေးအတွက် ယူလာပေးခဲ့သော သွေးများ ရွှဲနစ်နေသည့် သကြားလုံး ကပ်ထားသော ဆီးသီးတုတ်ထိုး တစ်ဝက်ကို ဆုပ်ကိုင်ထားဆဲပင်။

​လေနှင့် နှင်းများကြားတွင် မြင်းလှည်းအသံက တဖြည်းဖြည်း နီးကပ်လာခဲ့သည်။

​မြေသားတံတိုင်းနောက်တွင် ခွန်အားကြီးမားသော လူငယ်များက သူတို့၏ လယ်ယာသုံး ကိရိယာများကို တိတ်ဆိတ်စွာ ဆုပ်ကိုင်ထားခဲ့ကြသည်။ သူတို့၏ နောက်တွင်ကား ကလေးလူကြီးအားလုံး ပါဝင်သော မျိုးနွယ်စုတစ်ခုလုံး နေထိုင်ရာ မြေသားအိမ် သုံးဆယ့်ခြောက်လုံး ရှိပြီး ထိုနေရာပ သူတို့၏ ဘိုးဘွားစဉ်ဆက် နေထိုင်လာခဲ့ကြသော နေရာပင်။

​ရွာအနောက်ဘက်ခြမ်းရှိ မြေအောက်ခန်းထဲတွင် အမျိုးသမီးများက သူတို့၏ ကလေးများကို တင်းကြပ်စွာ ပွေ့ဖက်ထားကြ၏။

​ငါးနှစ်၊ ခြောက်နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး ငိုတော့မည် ပြုလုပ်ချိန်တွင် သူမ၏ မိခင်က ကြမ်းတမ်းသော အဝတ်စတစ်ခုကို သူမ၏ ပါးစပ်ထဲသို့ သွတ်သွင်းလိုက်ချေသည်။

​အမှောင်ထုထဲတွင် ဖိနှိပ်ထားသော အသက်ရှူသံ အတက်အကျကိုသာ ကြားနေရ၏။

​“မေမေ... သားကြောက်တယ်” ဟု သူမ၏ မိခင် ရင်ခွင်ထဲတွင် ခိုအောင်းနေသော အငယ်ဆုံး ကောင်လေးက တိုးတိုးလေး ပြောလိုက်သည်။

​“ရှူး... ” အမျိုးသမီးက တုန်ယင်နေသော လက်များဖြင့် ကလေးကို ညင်သာစွာ ပုတ်ပေးလိုက်လေသည်။ “သားရဲ့ အဖေနဲ့ တခြားသူတွေ ရှိနေပါတယ်။ မကြောက်နဲ့နော်....”

​ထိုအချိန်တွင် ရွာနှင့် မိုင်ဝက်ခန့်မျှသာ ကွာဝေးသော တရားဝင် လမ်းမကြီးပေါ်၌ မြင်းလှည်းနှစ်စီးက နှင်းများကြားထဲမှ ဖြည်းညင်းစွာ ခရီးနှင်လာနေကြပြီး ၎င်းတို့ ဖြတ်သန်းသွားပြီးနောက် နှင်းများထဲတွင် နက်ရှိုင်းသော ဘီးရာများ ကျန်ရစ်ခဲ့သည်။

​ကျန်းယဲ့၏ အားကောင်းသော လက်နှိပ်ဓာတ်မီးက ရွာအဝင်ဝရှိ မြေသားတံတိုင်းကို မတော်တဆ ဖြတ်ထိုးမိသွားလေသည်။

​လင်းယုန်က မြင်းဇက်ကြိုးကို ရုတ်တရက် ဆွဲလိုက်သည်။ “တံတိုင်းပေါ်မှာ လူရှိတယ်...”

​မြင်းလှည်းနှစ်စီးက နှင်းများကြားထဲမှ နောက်ထပ် ခြေလှမ်းတစ်ရာခန့် ဆက်သွားပြီးနောက် နောက်ဆုံးတွင် မြေသားတံတိုင်းနှင့် ခြေလှမ်း ငါးဆယ်အကွာတွင် ရပ်တန့်သွား၏။

​ကျန်းယဲ့က လူတိုင်းကို လှည်းပေါ်တွင်သာ နေရန် လက်ဟန်ပြလိုက်ပြီးနောက် သူတစ်ယောက်တည်း ဆင်းလာကာ နှင်းထဲတွင် ရပ်လိုက်ပြီး မြေသားတံတိုင်းဘက်သို့ လေးစားစွာ အရိုအသေပေးလိုက်၏။

​“ရွာသူရွာသားအပေါင်းတို့... ကျွန်တော်က မြို့တော်ကဖြစ်ပြီး မိသားစုနဲ့အတူ ကျိုးကျိုးကနေ ပြန်လာတာပါ။ လေနဲ့ နှင်းတွေက ကျွန်တော်တို့ရဲ့ လမ်းကို ပိတ်ဆို့ထားလို့ ဒီညအတွက် အနားယူဖို့ ခင်ဗျားတို့ရဲ့ အဖိုးတန်တဲ့ နေရာလေးကို ငှားရမ်းခွင့်ပြုဖို့ မျှော်လင့်ပါတယ်” သူ၏ အသံကို အေးစက်သော လေပြင်းကြားတွင် ရှင်းလင်းစွာ ကြားနိုင်ပေသည်။

အခန်း ၁၀၅ပြီး၏။

All Chapters