← Chapters

အခန်း ၁၀၆

Vol. 11 Ch. 106

အခန်း ၁၀၆

Vol. 11 Ch. 106

အခန်း (၁၀၆) အောင်မြင်စွာ တည်းခိုခွင့်ရရှိခြင်း

​မြေသားတံတိုင်းနောက်တွင် အဘိုးအိုဝမ်က မှုန်ဝါးနေသော သူ၏ အိုမင်းနေသည့် မျက်လုံးများကို မှေးကြည့်လိုက်၏။

ထူးဆန်းသော အဖြူရောင် အလင်းတန်းကြောင့် ထွက်ပေါ်လာသူကို သူ မြင်တွေ့နိုင်ခဲ့လေသည်။

ထိုသူက ပိုးပေါ်လီယာထည်ဝတ်ရုံကို ဝတ်ဆင်ထားပြီး လေးထောင့်ပုံ ပဝါကို ဆောင်းထားရာ အသေအချာပင် ရိုသေလေးစားရမည့် လူတစ်ယောက် ဖြစ်သည်။

​သို့သော် သူ၏ လက်ထဲရှိ တောက်ပနေသော အရာက အဘိုးအို၏ စိတ်ထဲတွင် အချက်ပေး ခေါင်းလောင်းသံကို မြည်သွားစေချေသည်။

​“ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ သခင်...” အဘိုးအိုဝမ်က ကျယ်လောင်စွာ ပြန်ပြောလိုက်၏။ “ဒီရွာလေးက အိမ်တွေက ရိုးရှင်းလွန်းတော့ ဂုဏ်သရေရှိ ဧည့်သည်တော်တွေကို လက်ခံဖို့ အဆင်မပြေပါဘူး။ ရှေ့နားက မိုင်အနည်းငယ် အကွာမှာ စာပို့စခန်း တစ်ခုရှိတယ်.... ဖြစ်နိုင်ရင်...”

​သူ စကားပြော၍ပင် မဆုံးသေးမီ ကျန်းယဲ့က သူ၏ အိတ်ကပ်ထဲမှ စာလိပ်တစ်ခုကို ထုတ်ယူလိုက်ပြီ ဖြစ်သည်။

​“ဒါက ရွှင်ထျန်ခရိုင်က ထုတ်ပေးထားတဲ့ အိမ်ထောင်စု မှတ်ပုံတင်လက်မှတ်ပါ။ ကျေးဇူးပြုပြီး ကြည့်ရှုပေးပါ အဘိုး...”

​ထို့နောက် သူ၏ နောက်ရှိ မြင်းလှည်းကို လက်ညှိုးထိုးပြကာ ပြောလိုက်၏။ “ကျွန်တော်တို့ အဖွဲ့ထဲမှာ အမျိုးသမီး ဆွေမျိုးတွေ ပါလာတဲ့အတွက် ညဘက် ခရီးဆက်ဖို့က တကယ်ကို အဆင်မပြေလို့ပါဗျ... ”

​ကျန်းယဲ့က သူတို့နှင့် စကားပြောနေစဉ် နောက်က မြင်းလှည်းပေါ်မှ စုမင်၊ စွန်းချီနှင့် အခြားသူများ ဆင်းလာပြီး ကျန်းယဲ့ဆီသို့ လျှောက်လာကြလေသည်။

​ဤအထူး အချိန်ကာလအတွင်းတွင် ရွာသားများက ပြင်ပလူများကို သတိထားနေကြမည်မှာ သဘာဝပင်။

​တကယ်လို့ အမျိုးသမီးဆွေမျိုးတွေ ပါလာတယ်ဆိုရင် သူတို့ရဲ့ သတိထားမှုကို လျော့ကျသွားစေပြီး ပိုယုံကြည်လာစေနိုင်ချေသည်။

​ဆွေးနွေးပြီးနောက် သူတို့နှစ်ဦး လှည်းပေါ်မှ ဆင်းလာခဲ့ကြသည်။

​ရွှီကျောက်၊ လီကျစ်နှင့် တင်းကောင်းတို့လည်း အခြားနှစ်ဦးနောက်မှ လိုက်၍ ကားပေါ်မှ ဆင်းလာကြသည်။

​စုမင်နှင့် စွန်းချီတို့ ပေါ်လာခြင်းက ကျန်းယဲ့၏ စကားများအပေါ် ယုံကြည်နိုင်မှုကို အနည်းငယ် တိုးလာစေပေသည်။

​မြေသားတံတိုင်းနောက်တွင် လီအာဂိုးက စုမင်နှင့် စွန်းချီတို့ကို အကဲခတ်ကြည့်လိုက်ပြီး တိုးတိုးလေး ပြောလိုက်၏။ “ဦးလေးဝမ်... အဲဒီ အမျိုးသမီးလေးရဲ့ အဝတ်အစားကို ကြည့်ရတာ သူက အရာရှိ မိသားစုက ဖြစ်ဖို့များတယ်...”

​အဘိုးအိုဝမ်က အသံကို နှိမ့်လိုက်၏။ “တာတာတွေက ကောက်ကျစ်စဉ်းလဲတယ်။ ဇာစ်မြစ် မသေချာတဲ့ လူတွေကို ဘယ်လိုလုပ် လွယ်လွယ် ယုံနိုင်မှာလဲ”

​"ဒီလို ကမောက်ကမဖြစ်နေတဲ့ အချိန်ကာလမှာ ငါတို့ မပေါ့ဆသင့်ဘူး... ကိုယ့်လူတွေကို အန္တရာယ်ထဲ အရောက်မခံနိုင်ဘူး..."

​ကျန်းယဲ့တွင် အလွန်ကောင်းမွန်သော အကြားအာရုံ ရှိသဖြင့် တာဝန်ခံလူ၏ စိုးရိမ်ပူပန်မှုများကို ကြားလိုက်ရ၏။ သူက ရှေ့သို့ တစ်လှမ်းတိုးလိုက်ပြီး သူ၏ လက်ထဲရှိ အားကောင်းသော လက်နှိပ်ဓာတ်မီးကို မြင့်မြင့်မြှောက်ကာ မျက်စိကျိန်းမတတ် အဖြူရောင် အလင်းတန်းကို ညကောင်းကင်ယံသို့ တိုက်ရိုက် ထိုးပြလိုက်သည်။

ထို့နောက် ၎င်းကို မြေသားတံတိုင်းနောက်ရှိ မျက်နှာတိုင်းကို ဖြည်းညင်းစွာ ဖြတ်ထိုးပြလိုက်ရာ ၎င်းတို့က ထိုအရာ၏ ထူးခြားမှုကို ရှင်းရှင်းလင်းလင်း မြင်တွေ့ ခံစားသွားရသည်။

​ရွာသားများက ရုတ်တရက် တောက်ပလာသော အလင်းရောင်ကြောင့် မျက်လုံးများကို မှေးလိုက်ကြပြီး အချို့က အလိုအလျောက် နောက်သို့ ခြေတစ်ဝက် ဆုတ်သွားကာ သူတို့၏ လယ်ယာသုံး ကိရိယာများကို ပို၍ တင်းကြပ်စွာ ဆုပ်ကိုင်လိုက်ကြလေသည်။

​“အဘိုး...” ကျန်းယဲ့၏ အသံက တည်ငြိမ်ပြီး အားပါနေခဲ့သည်။ “ကျွန်တော်တို့က တကယ်ပဲ တာတာ သူလျှိုတွေ ဖြစ်နေမယ်ဆိုရင် ဘာလို့ ဒီလောက် လင်းထိန်နေတဲ့ မီးတွေနဲ့ ဒီကို ပေါ်ပေါ်ထင်ထင် လာရမှာလဲ။ တာတာတွေက အမြဲတမ်း တိတ်တဆိတ် လှုပ်ရှားကြတယ်.... လူမမြင်အောင် အမှောင်ထုကို အသုံးချကြတယ်။ ပြီးတော့ ကျွန်တော်တို့က ဘာလို့ ဝန်ထုပ်ဝန်ပိုး ဖြစ်စေမယ့် အမျိုးသမီးတွေကို ခေါ်လာရမှာလဲ”

​ပြောရင်းဆိုရင်း သူက ဘေးသို့ လှည့်ကာ သူ၏နောက်ရှိ စုမင်နှင့် စွန်းချီတို့ကို လက်ညှိုးထိုးပြလိုက်၏။ သူတို့နှစ်ဦးက အထူစား ဆောင်းတွင်းဝတ်စုံများကို ဝတ်ဆင်ထားသော်လည်း သူတို့၏ ရုပ်ရည်သွင်ပြင်က ခံ့ညားပြီး ချမ်းသာသော မိသားစုများမှ သခင်မလေးများနှင့် တူချေသည်။

​အဘိုးအိုဝမ်က မျက်မှောင်ကြုတ်လိုက်ပြီး သူ၏ အကြည့်များက ကျန်းယဲ့နှင့် ထိုအမျိုးသမီး နှစ်ဦးအကြား အပြန်ပြန်အလှန်လှန် ဝေ့ကြည့်နေကာ သူ၏ စကားများက အမှန် သို့မဟုတ် အမှားကို ရှင်းရှင်းလင်းလင်း ချိန်ဆနေခဲ့သည်။

​ယင်းကို မြင်သောအခါ ကျန်းယဲ့က အခွင့်အရေးကို အရယူကာ ဆက်ပြောလိုက်၏။ “ဒါ့အပြင် ကျွန်တော်တို့ဆီမှာ ပါလာတဲ့ ပစ္စည်းတွေ အားလုံးက အနောက်နိုင်ငံက တင်သွင်းလာတာတွေ ဖြစ်ပြီး တန်ဖိုးကြီးမားလှပါတယ်။ တာတာတွေက အရမ်းဆင်းရဲလွန်းလို့ သံထည်ပစ္စည်းတောင် ရှားပါးနေတာ... ဒီလို ရှားပါးတဲ့ ပစ္စည်းမျိုးကို ဘယ်လိုလုပ် ပိုင်ဆိုင်နိုင်မှာလဲ”

​သူက လက်နှိပ်ဓာတ်မီးကို ဝှေ့ယမ်းပြလိုက်ရာ အဖြူရောင် အလင်းတန်းက နှင်းများပေါ်တွင် မျက်စိကျိန်းမတတ် လင်းလက်သွားခဲ့သည်။ “ပွင့်ပွင့်လင်းလင်း ပြောရရင် ဒီတင်သွင်းလာတဲ့ ပစ္စည်းတစ်ခုတည်းနဲ့တင် လူဂိုချောင်ကျေးရွာ တစ်ရွာလုံးကို ဝယ်လို့ရတယ်။ ပြီးတော့... ”

​သူက ခဏရပ်လိုက်ပြီး သူ၏ အကြည့်များက ရွာသားများကို ဝေ့ကြည့်သွားလေသည်။ “ဒီမှာ ရှိတဲ့ လူတိုင်း အပါအဝင်ပေါ့...”

​ဒီစကားများကို ပြောလိုက်သည်နှင့် တစ်ပြိုင်နက် မြေသားတံတိုင်းနောက်တွင် တိုးတိုးတိတ်တိတ် ဆွေးနွေးသံများ ထွက်ပေါ်လာကြသည်။

​အချို့က အံ့အားသင့်သွားပုံပေါ်ပြီး အချို့က ကျန်းယဲ့၏ လက်ထဲရှိ လက်နှိပ်ဓာတ်မီးကို မယုံကြည်မှုနှင့် သံသယများ ရောနှောနေသော အကြည့်ဖြင့် ကြည့်နေခဲ့ကြသည်။

​လီအာဂိုးက မနေနိုင်ဘဲ တီးတိုးရေရွတ်လိုက်၏။ “ဦးလေးဝမ်... သူပြောတာက အတော်လေး အဓိပ္ပာယ်ရှိသလိုပဲ။ တာတာတွေက ဒီလောက် တောက်ပတဲ့ ပစ္စည်းတွေကို ဘယ်ကနေ ရမှာလဲ။ ပြီးခဲ့တဲ့အကြိမ် သူတို့ ချန်ရှင်းတျန်းကို သွားတုန်းကဆိုရင် မီးတိုင် နည်းနည်းပါးပါးထက် ပိုပြီး ထွန်းဖို့တောင် သူတို့မှာ မတတ်နိုင်ဘူးလို့ ပြောကြတယ်...”

​ပန်းပဲဆရာက တာတာများ၏ ရက်စက်ကြမ်းကြုတ်မှုကို မျက်မြင်ကိုယ်တွေ့ ကြုံခဲ့ရသူ ဖြစ်သဖြင့် သူက အနည်းငယ် ယုံကြည်သွားသော်လည်း အာခံချင်သည့် သဘောထားကို ထိန်းသိမ်းထားကာ ပြောလိုက်၏။ “သူတို့ တစ်နေရာရာကနေ ခိုးလာတာလားဆိုတာ ဘယ်သူသိနိုင်မှာလဲ...”

​ကျန်းယဲ့က အနည်းငယ် ပြုံးလိုက်ပြီး အေးအေးဆေးဆေး ပြောလေသည်။ “တကယ်လို့ ခိုးလာတာဆိုရင် ပိုပြီးတောင် သေချာ သိမ်းထားရဦးမှာပေါ့။ ဘာလို့ ဒီလိုမျိုး ထုတ်ကြွားနေမှာလဲ။ ဒါ့အပြင် တာတာတွေဆီမှာ တကယ်ပဲ ဒီလို ရတနာမျိုး ရှိနေရင် သူတို့ရဲ့ သခင်ဟွမ်ထိုက်ကျိဆီကို ဆက်သလိုက်တာ ကြာလောက်ပြီပေါ့။ သူတို့ ကိုယ်တိုင် ဘယ်လိုလုပ် သိမ်းထားရဲမှာလဲ”

​ရွှီကျောက်နှင့် အခြားသူများက ထက်မြက်ကြလေသည်။ သူတို့ အားလုံးက လက်နှိပ်ဓာတ်မီးများကို ထုတ်ယူကာ တစ်ပြိုင်နက်တည်း ဖွင့်လိုက်ကြ၏။

​မျက်စိကျိန်းမတတ် အဖြူရောင် အလင်းတန်း ငါးခုက ရုတ်တရက် ပေါ်လာပြီး ရွာအရှေ့ဘက် အစွန်အဖျားကို နေ့ခင်းဘက်ကဲ့သို့ လင်းထိန်သွားစေခဲ့သည်။ ဤကဲ့သို့ တုန်လှုပ်ဖွယ် မြင်ကွင်းက သူတို့ကို မျက်လုံးပြူးသွားစေလေသည်။

​ကျန်းယဲ့က ဆက်ပြောသည်။ “သူတို့က ခင်ဗျားတို့ အားလုံးကို လှည့်စားဖို့ ဒါကို သိမ်းထားရဲတယ်ဆိုရင်တောင် ဒီလောက် အများကြီးကို ဘယ်လိုလုပ် သိမ်းထားရဲမှာလဲ။ ဒါ့အပြင် ခင်ဗျားတို့ရဲ့ တန်ဖိုးက ဒီတင်သွင်းလာတဲ့ ပစ္စည်းလောက်တောင် မများတာကို သူတို့က ဘာလို့ အဓိကနဲ့ သာမညကို မှားလုပ်ရမှာလဲ”

​အဘိုးအိုဝမ်၏ မျက်မှောင်များ အနည်းငယ် ပြေလျော့သွားပြီး ကျန်းယဲ့၏ စကားများကြောင့် သိသိသာသာ ယုံကြည်သွားချေသည်။

​သူက ဘေးရှိ ကျောက်ဆန်းဘက်သို့ လှည့်ကာ စကားအနည်းငယ် တီးတိုးပြောလိုက်ပြီးနောက် ကျန်းယဲ့ကို ကြည့်ကာ ပြောလိုက်၏။ “သခင်လေး.. ကျွန်တော်က လွန်လွန်ကဲကဲ သံသယဖြစ်နေတာတော့ မဟုတ်ပါဘူး... ဒါပေမဲ့ အခြေအနေတွေက အရမ်း ရှုပ်ထွေးနေတော့ ကျွန်တော်တို့ သတိထားရမှာပါပဲ...”

​ကျန်းယဲ့က လက်နှစ်ဖက်ကို ယှက်ကာ အရိုအသေပေးလိုက်၏။ “အဘိုး သတိထားတာက မှန်ကန်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့က ဆယ့်တစ်ယောက်ပါတဲ့ အဖွဲ့ဖြစ်ပြီး အားလုံးက ဥပဒေကို လေးစားလိုက်နာတဲ့ နိုင်ငံသားတွေချည်းပါပဲ။ ကျွန်တော်တို့က လေနဲ့ နှင်းတွေက လမ်းကို ပိတ်ဆို့ထားလို့သာ ခင်ဗျားတို့ကို ဒုက္ခလာပေးရတာပါ။ အဘိုး စိတ်မချသေးဘူးဆိုရင် ရွာထဲက ခွန်အားကြီးတဲ့ လူတွေကို လက်နက်တွေနဲ့ ကျွန်တော်တို့နဲ့အတူ စောင့်ကြည့်ခိုင်းထားလို့ ရပါတယ်။ ကျွန်တော်တို့ ဘာမှ မကျေမနပ် ဖြစ်မှာ မဟုတ်ပါဘူး...”

​ထိုအချိန်တွင် စုမင်က ရှေ့သို့ တစ်လှမ်းတိုးလာပြီး ညင်သာစွာ ပြောလေသည်။ “အဘိုး... ကျွန်မတို့က ပြင်ပလူတွေ ဖြစ်ပေမဲ့ အရှက်အကြောက်နဲ့ ယဉ်ကျေးမှုကိုတော့ သိနားလည်ပါတယ်။ ကျွန်မတို့မှာ တကယ်ပဲ မကောင်းတဲ့ ရည်ရွယ်ချက်တွေ ရှိနေရင် ဘာလို့ အမျိုးသမီးဆွေမျိုးတွေကို ဒီကို ခေါ်လာရမှာလဲ။ ဒါ့အပြင် ဒီလို အေးခဲနေတဲ့ ရာသီဥတုမှာ ကျွန်မတို့ တည်းခိုစရာ နေရာမရှိရင် ဒီညကို ဖြတ်ကျော်နိုင်ဖို့တောင် မလွယ်ပါဘူး”

​သူမ၏ အသံက ညင်သာပြီး ရိုးသားမှု ပါဝင်နေသဖြင့် ရွာသားများ၏ သတိထားနေမှုကို ပို၍ပင် လျော့ကျသွားစေချေသည်။

​အဘိုးအိုဝမ်က ခဏတာ တွေးတောလိုက်ပြီးနောက် နောက်ဆုံးတွင် ခေါင်းညိတ်လိုက်၏။ “ဒါဆိုရင်လည်း ရွာထဲ ဝင်လာကြပါ...”

​အဘိုးအိုဝမ်၏ အမိန့်ပေးသံကြောင့် မြေသားတံတိုင်းနောက်မှ ရွာသားများက သူတို့၏ လယ်ယာသုံး ကိရိယာများကို ချထားလိုက်ကြ၏။ အချို့က မြေအောက်ခန်းထဲရှိ အမျိုးသမီးများနှင့် ကလေးများကို သွားရောက် အကြောင်းကြားရန် ပြေးသွားကြပြီး အချို့ကမူ လမ်းပြရန် ရှေ့သို့ ထွက်လာကြလေသည်။

​လီအာဂိုးက ကျန်းယဲ့အနီးသို့ ကပ်လာပြီး စူးစမ်းလိုစိတ်ဖြင့် မေးလိုက်၏။ “သခင်လေး... ခင်ဗျားရဲ့ အဲဒီ တောက်ပနေတဲ့အရာက တကယ်ပဲ နိုင်ငံခြားကနေ တင်သွင်းလာတာလား”

​ကျန်းယဲ့က ခေါင်းညိတ်လိုက်လေသည်။ “ဟုတ်တယ်။ ဒီအရာကို လက်နှိပ်ဓာတ်မီးလို့ ခေါ်ပြီး အနောက်နိုင်ငံက လက်မှုပညာရှင်တွေက ဖန်တီးထားတာပါ။ အလယ်ပိုင်းလွင်ပြင်မှာ မြင်ရခဲတယ်...”

​လီအာဂိုးက စုတ်သပ်လိုက်၏။ “ဒါကြောင့်မို့ ခင်ဗျားက ကျွန်တော်တို့ ရွာတစ်ရွာလုံးကို ဝယ်နိုင်တယ်လို့ ပြောတာကိုး။ ဒီအရာကို ဧကရာဇ်မင်းမြတ်ဆီ ဆက်သလိုက်ရင် ခင်ဗျား အစိုးရ အရာရှိ ရာထူးတစ်ခုတောင် ရနိုင်တယ် မဟုတ်လား...”

​ကျန်းယဲ့က ပြုံးလိုက်သော်လည်း မဖြေဘဲ သူ၏ ပခုံးကိုသာ ပုတ်ပေးလိုက်၏။

​ရွာသားများစွာက ကျန်းယဲ့၏ လက်ထဲရှိ လက်နှိပ်ဓာတ်မီးကို အလွန် စူးစမ်းချင်စိတ် ဖြစ်နေကြသော်လည်း သူတို့က ခိုးကြည့်ရုံသာ ကြည့်ရဲကြပေသည်။

​ကျန်းယဲ့နှင့် သူ၏ အဖွဲ့က လူဂိုချောင်းကျေးရွာသို့ အောင်မြင်စွာ ဝင်ရောက်နိုင်ခဲ့သည်။

​အဘိုးအိုဝမ်က ကျန်းယဲ့နှင့် သူ၏ အဖွဲ့ကို နှင်းများ ဖုံးလွှမ်းနေသော ရွာလမ်းများတစ်လျှောက် လမ်းပြခေါ်ဆောင်သွားရာ လမ်းဘေး တစ်ဖက်တစ်ချက်ရှိ နိမ့်ကျသော မြေသားအိမ်များ၏ ပြတင်းပေါက်များမှ ဆီမီးခွက်များ၏ မှိန်ပျပျ အလင်းရောင်များ ထွက်ပေါ်နေခဲ့သည်။

​ကျန်းယဲ့နှင့် သူ၏ အဖွဲ့က ရွာထဲရှိ အမျိုးသား အများစုမှာ စုတ်ပြတ်နေသော အဝတ်အစားများကို ဝတ်ဆင်ထားကြောင်း သတိပြုမိလိုက်ကြ၏။

​အချို့လူများက သူတို့၏ ကိုယ်ပေါ်တွင် ပါးလွှာသော လျှော်ချည်ထည် သုံးလေးထပ်ကို ဝတ်ဆင်ထားကြပြီး လက်စွပ်များနှင့် ကော်လာများက ပွန်းပဲ့ပြီး ဖြူရော်နေချေသည်။

​အချို့လူများက အဖာအထေးများ အပြည့်ပါသော ဝါဂွမ်းထည့် အင်္ကျီများကို ဝတ်ဆင်ထားကြပြီး ကွာဟနေသော နေရာများမှ ဝါဂွမ်းများ ထွက်နေခဲ့သည်။

​ရံဖန်ရံခါတွင် ဝါဂွမ်းထည့်အင်္ကျီ အပြည့်အစုံ ဝတ်ဆင်ထားသူ တစ်ယောက် နှစ်ယောက်ကို တွေ့ရတတ်သော်လည်း ထိုအင်္ကျီများက အရောင်လွင့်ပြီး မာတောင့်နေကာ ဝတ်ဆင်ရ ခက်ခဲမည့်ပုံ ပေါ်နေချေသည်။

​ရွာအနောက်ဘက် အစွန်အဖျားရှိ ခြံစည်းရိုးခတ်ထားသော ခြံဝင်းတစ်ခုသို့ ရောက်သောအခါ အဘိုးအိုဝမ် ရုတ်တရက် ရပ်တန့်လိုက်၏။

​အခြားအိမ်များနှင့် နှိုင်းယှဉ်လျှင် ဤခြံဝင်းက သိသိသာသာ သပ်ရပ်နေပြီး ထင်းပုံကို စတုရန်းပုံစံ သေသပ်စွာ စီရီထားသော်လည်း အမိုးအောက်တွင် ချိတ်ဆွဲထားသော ငရုတ်သီးခြောက်များနှင့် ပြောင်းဖူးဖူးများမှာ နည်းပါးလှသည်။

​သူက အအေးဒဏ်ကြောင့် နီရဲနေသော လက်များကို ပွတ်သပ်လိုက်ပြီး ပြောလိုက်၏။ “မုဆိုးမလီရဲ့ အိမ်မှာ အခန်းလွတ် နှစ်ခန်း ရှိတယ်။ ကျေးဇူးပြုပြီး ကြပ်ကြပ်တည်းတည်းလေး နေပေးကြပါ....”

​သူက အသံကို နှိမ့်ကာ ဆက်ပြောလိုက်သည်။ “သူမရဲ့ ခင်ပွန်းက မနှစ်က ချန်ရှင်းတျန်းမှာ တာတာတွေ လက်ချက်နဲ့ သေသွားတယ်။ အခုတော့ ယောက္ခမနဲ့ ချွေးမ နှစ်ယောက်တည်းက ငါးနှစ်အရွယ် မြေးလေးကို ပြုစုပျိုးထောင်နေရတာ...”

​ကျန်းယဲ့က ချက်ချင်း သဘောပေါက်သွားပြီး အခြားသူများကို မျက်ရိပ်ပြရန် လှည့်ကြည့်လိုက်၏။

​လင်းယုန်က သူ၏ အိတ်ထဲမှ ငွေတုံးတစ်တုံးကို ယူကာ အဘိုးအိုဝမ်၏ လက်ထဲသို့ ထည့်ပေးလိုက်လေသည်။ “အပြင်မှာ အရမ်း အေးခဲနေတယ်။ ကျေးဇူးပြုပြီး ရွာသားတွေကို ရေနွေးနည်းနည်းလောက် ကျိုပေးဖို့ ပြောပေးပါ”

အခန်း ၁၀၆ပြီး၏။

All Chapters