← Chapters

အခန်း ၁၀၇

Vol. 11 Ch. 107

အခန်း ၁၀၇

Vol. 11 Ch. 107

အခန်း (၁၀၇) ဆင်းရဲနွမ်းပါးသော မိသားစု

​ခြံတံခါးက ကျီခနဲ ပွင့်သွားပြီး အဘိုးအိုဝမ်က ခြံဝင်းထဲသို့ လှမ်းအော်လိုက်၏။ “မရီးလီ... ဒီမှာ ညအိပ်တည်းခိုချင်တဲ့ ဂုဏ်သရေရှိ ဧည့်သည်တော်တွေ ရောက်လာတယ်ဗျို့...”

​ခဏအကြာတွင် အဓိကအခန်းကြီး၏ တံခါး အနည်းငယ် ပွင့်လာပြီး ခေါင်းဆောင်းပြာလေးကို ဆောင်းထားသော အဘွားအိုတစ်ဦး ထွက်ကြည့်လာကာ သူမ၏ နောက်တွင် အမျိုးသမီးငယ်တစ်ဦးလည်း ပါလာခဲ့သည်။

​ယောက္ခမနှင့် ချွေးမ နှစ်ဦးစလုံး ဝတ်ဆင်ထားသော ဝါဂွမ်းထည့်အင်္ကျီများမှာ ပါးလွှာလွန်းသဖြင့် အဖာအထေးများအောက်ရှိ ပုံသဏ္ဌာန်များကိုပင် မြင်တွေ့နေရပြီး သူတို့က အေးစက်သော လေပြင်းကြောင့် အလိုအလျောက် တုန်ယင်နေကြချေသည်။

​အဘွားအို၏ လက်ထဲတွင် ဆီမီးခွက်တစ်ခုကို ကိုင်ထားပြီး မီးတောက်လေးက လေထဲတွင် တယိမ်းတယိုင် ဖြစ်နေခဲ့သည်။

​အဘွားအိုက မှုန်ဝါးနေသော မျက်လုံးများကို မှေးကြည့်ရင်း အပြင်ဘက်ရှိ လူတစ်စုကို အကဲခတ်လိုက်၏။

​သူတို့၏ အဝတ်အစားများက ထူထဲပြီး တောက်ပနေကာ အဖာအထေး တစ်ခုမျှ မပါရှိဘဲ အထည်သားကလည်း နူးညံ့စွာ တောက်ပနေသဖြင့် သူတို့မှာ အလွန် နွေးထွေးမည့်ပုံ ပေါ်နေချေသည်။

​သို့သော် ယောက္ခမနှင့် ချွေးမတို့၏ အာရုံကို အမှန်တကယ် ဖမ်းစားသွားသည်မှာ ထိုလူများ ကိုင်ဆောင်ထားသော ရှားပါးသည့် ပစ္စည်းများပင်။

​ထို မီးအိမ်က တောက်ပသော အလင်းတန်းကို ထုတ်လွှင့်နိုင်ပြီး တံခါးရှေ့ရှိ မညီညာသော မြေသားလမ်းကို နေ့ခင်းဘက်ကဲ့သို့ လင်းထိန်နေစေခဲ့သည်။

​“ကျေးဇူးပြုပြီး ဝင်လာကြပါ” အဘွားအိုလီက နွေးထွေးစွာ ကြိုဆိုလိုက်၏။

​ကျန်းယဲ့က ရှေ့သို့ တစ်လှမ်းတိုးလာပြီး သူ၏ အင်္ကျီလက်ထဲမှ ငွေတုံးတစ်တုံးကို ထုတ်ယူကာ ကမ်းပေးလိုက်ရင်း ပြောလိုက်လေသည်။ “ဒုက္ခပေးရတဲ့အတွက် တောင်းပန်ပါတယ်။ ဒီငွေကို တည်းခိုစရိတ် အနေနဲ့ သတ်မှတ်ပေးပါ..”

​အဘွားအိုလီက ငွေတုံးကို မြင်လိုက်သောအခါ တစ်ချက်ကြည့်လိုက်ရုံဖြင့် အနည်းဆုံး ငွေဆယ်တေးလ်တန်ဖိုးရှိကြောင်း သိလိုက်၏။

​“ဒါ... ဒါက လက်ခံလို့ မဖြစ်ပါဘူး” အဘွားအိုလီက လက်များကို အထပ်ထပ် ယမ်းပြလိုက်၏။ “သာမန်ဆိုရင် တစ်ညတည်းခိုဖို့က ကြေးပြား နှစ်ဆယ်ဆို လုံလောက်ပါပြီ...”

​ကျန်းယဲ့က အမျိုးသားတစ်ဦး ဖြစ်သဖြင့် အတင်းအကျပ် ပေးရန် မသင့်တော်ချေ။

​ယင်းကို မြင်သောအခါ စုမင်က ရှေ့သို့ ထွက်လာပြီး ငွေကို ယူကာ အဘွားအိုလီ၏ အက်ကွဲနေသော လက်များထဲသို့ တိုက်ရိုက် ထည့်ပေးလိုက်ရင်း ပြောလိုက်၏။ “အဘွား... မငြင်းပါနဲ့။ အပြင်မှာ အရမ်း အေးခဲနေတယ်။ ဒါကို ကလေးအတွက် နောက်ထပ် ဆောင်းတွင်းအင်္ကျီ တစ်ထည်ဖို့လို့ သဘောထားလိုက်ပါ”

​အဘွားအိုလီက လူတိုင်းကို ခေါ်လိုက်၏။ “အပြင်မှာ အေးတယ်... အထဲဝင်ပြီးမှ စကားပြောကြတာပေါ့”

​ဘေးတွင် ရပ်နေသော ချွေးမဖြစ်သူ မရီးလီကလည်း နှုတ်ဆက်လိုက်ခေသည်။ “ဂုဏ်သရေရှိ ဧည့်သည်တော်တို့... ကျေးဇူးပြုပြီး အထဲဝင်ကြပါ”

​အဖွဲ့သားများ အဓိကအခန်းကြီးထဲသို့ ဝင်လာကြသော်လည်း အံ့ဩစရာကောင်းသည်မှာ အခန်းထဲက အပြင်ဘက်ထက် များစွာ ပိုမနွေးနေခြင်းပင်။

​မူလက မှောင်မည်းနေသော အခန်းက လက်နှိပ်ဓာတ်မီးများ၏ အားကောင်းသော အလင်းတန်းများအောက်တွင် ချက်ချင်း လင်းထိန်သွားခဲ့သည်။

​ကျန်းယဲ့နှင့် သူ၏ အဖွဲ့က အိမ်ထဲကို ဝေ့ကြည့်လိုက်ကြ၏။ အိမ်က သန့်ရှင်းသပ်ရပ်နေသော်လည်း အလွန် ဆင်းရဲနွမ်းပါးနေဆဲပင်။

​ပြတင်းပေါက် ဘောင်များတွင် ကပ်ထားသော စက္ကူများက အထပ်ထပ် အဖာအထေးများဖြင့် ပြည့်နေခဲ့သည်။ ပရိဘောဂများမှာ သနားစရာကောင်းလောက်အောင် နည်းပါးလှပြီး အများစုမှာ အလွန်ဟောင်းနွမ်းနေကာ နှစ်ပေါင်းများစွာ အသုံးပြုခဲ့ကြောင်း သိသာနေပေသည်။

အလယ်ရှိ ထမင်းစားစားပွဲမှာ ထောင့်တစ်ဖက် ကျိုးနေပြီး အခန်းထောင့်တွင် စည်းထားသော သစ်ကိုင်းခြောက်အစည်းအချို့ကို တွေ့ရကာ ထိုအရာများမှာ သူတို့ သာမန်အချိန်တွင် မသုံးရက်သော ထင်းများ ဖြစ်ကြောင်း ရှင်းလင်းစွာ သိသာနေလေသည်။

​အဘိုးအိုဝမ်က အဓိကအခန်းကြီးထဲရှိ အအေးဒဏ်ကို ကျင့်သားရနေပြီဖြစ်သည်။ သူက လက်များကို ပွတ်သပ်ရင်း ရှင်းပြလိုက်၏။ “ဒီရက်ပိုင်းမှာ ထင်းနဲ့ ဆန်က အဖိုးတန်တယ်။ မိသားစုတိုင်းက ထမင်းဟင်း ချက်ရင်းနဲ့မှပဲ အုတ်ကုတင်ကို အပူပေးကြတာ”

​မရီးလီက သူမ၏ ပါးလွှာသော အဝတ်အစားများကို ရှက်ရွံ့စွာဖြင့် ပို၍ တင်းကြပ်စွာ ဆွဲစည်းလိုက်ပြီး ပြောလိုက်၏။ “ကျွန်မ အခုပဲ သွားပြီး အုတ်ကုတင်ကို အပူပေးလိုက်ပါ့မယ်...”

​သူမက မီးဖိုဆီသို့ လျင်မြန်စွာ လျှောက်သွားပြီး ထင်းပုံထဲမှ ပါးလွှာသော သစ်ကိုင်း နှစ်ချောင်း၊ သုံးချောင်းခန့်ကို ဂရုတစိုက် ဆွဲထုတ်ကာ ပိုမို သေးငယ်သော အပိုင်းအစများအဖြစ် ချိုးလိုက်ပြီးနောက် မီးဖိုထဲသို့ ထည့်လိုက်လေသည်။

​မီးပွားများ ထွက်လာစေရန် မီးခတ်ကျောက်ကို လေးငါးကြိမ်ခန့် ခတ်လိုက်ရပြီး ထိုလုပ်ရပ်က သူမ၏ နှင်းကိုက်ခံထားရသော လက်ချောင်းများကို ပိုမို နီရဲ ရောင်ရမ်းနေသယောင် ထင်ရစေသည်။

​မီးဖိုထဲရှိ မီးတောက်များ အားကောင်းလာသည်နှင့်အမျှ အခန်းတွင်း အပူချိန်မှာလည်း ဖြည်းညင်းစွာ မြင့်တက်လာချေသည်။

​အဘွားအိုလီက တုန်ယင်စွာ လှည့်လာပြီး သူမ၏ ချွေးမကို ညွှန်ကြားလိုက်၏။ “သမီး... သွားပြီး ကလေးကို ခေါ်ထုတ်လာခဲ့။ ငါတို့ရဲ့ ဂုဏ်သရေရှိ ဧည့်သည်တော်တွေကို အဲဒီအခန်းထဲမှာ ပေးနေလိုက်ပါ...”

​ကျန်းယဲ့က သူမကို တားရန် ကမန်းကတန်း လက်မြှောက်လိုက်သော်လည်း မရီးလီက လှည့်ပြီး အိမ်ထဲ ပြန်ဝင်သွားသည်ကို မြင်လိုက်ရလေသည်။

​သူမ ခေါ်ထုတ်လာသော ကလေးက အဖာအထေးများ အထပ်ထပ် ပါရှိသည့် ဟောင်းနွမ်းနေသော ဝါဂွမ်းစောင် တစ်ထည်ဖြင့် ပတ်ထားပြီး ထိုပါးလွှာသော စောင်မှာ နွေးထွေးမည့်ပုံ လုံးဝ မပေါ်ချေ။

​စောင်အောက်မှနေ၍ ဖြူရော်နေသော မျက်နှာနှင့် ခေါင်းသေးသေးလေးတစ်လုံးက အအေးဒဏ်ကြောင့် တုန်ယင်လျက် ထွက်လာခဲ့သည်။ မျက်နှာက ပိန်လှီနေသော်လည်း မျက်လုံးများက ထူးထူးခြားခြား ကြီးမားနေပြီး ထိုမျက်လုံးများက ကျန်းယဲ့နှင့် အဖွဲ့ကို စူးစမ်းလိုစိတ်ဖြင့် အကဲခတ်နေ၏။

​တင်းကောင်းနှင့် အခြား လူကြီးများက မိဘမဲ့ ကလေးနှင့် မုဆိုးမများကို အဓိကအခန်းကြီးထဲတွင် ပေးနေစေပြီး သူတို့က အခန်းများကို ယူထားရမည်ကို စိတ်မသက်မသာ ဖြစ်နေကြချေသည်။

​“အဘွား... မရီးကို ကလေး ခေါ်ပြီး အထဲပြန်ဝင်ပါစေ။ ကျွန်တော်တို့ ယောကျ်ားလေး လေးယောက်က အဓိကအခန်းကြီးထဲမှာ နေလို့ ရပါတယ်” ဟု တင်းကောင်းက အကြံပြုလိုက်၏။

​အခြားသူများကလည်း ဝင်ရောက် ဖြောင်းဖျလိုက်ကြသည်။

​စုမင်က ကလေး၏ ပိန်လှီသေးငယ်သော ပုံစံလေးနှင့် သူ၏ ခန္ဓာကိုယ် သေးသေးလေးကို စုတ်ပြတ်နေသော စောင်ဖြင့် ပတ်ထားသည်ကို မြင်သောအခါ သူမ၏ ရင်ထဲတွင် နာကျင်သွားရသည်။

​ကျန်းယဲ့က သူ၏ အကောင်းဆုံး နည်းလမ်းကို ချက်ချင်း အသုံးပြုလိုက်၏။ “အဘွား... အဲဒီလို လုပ်မယ်ဆိုရင် ကျွန်တော်တို့ ဒီမှာ တည်းရတာ အရမ်း အားနာစရာ ကောင်းနေပါလိမ့်မယ်”

​ထိုသို့ ပြောလိုက်သောအခါ အဘွားအိုလီ၏ ရင်ထဲတွင် နွေးထွေးမှုတစ်ခုကို ခံစားလိုက်ရလေသည်။ ဤကြင်နာတတ်သော လူများက လူကောင်းများ ဖြစ်ကြသည်။ သူတို့က သူမ၏ ဆင်းရဲနွမ်းပါးမှုကို အထင်မသေးကြဘဲ ကိုယ်ချင်းစာတတ်ကြပေသည်။

​အဘွားအိုလီက သက်ပြင်းအကြိမ်ကြိမ် ချလိုက်ပြီးနောက် သူမ၏ ချွေးမဘက်သို့ လှည့်ကာ ညွှန်ကြားလိုက်၏။ “ကလေးကို အထဲ ပြန်ခေါ်သွားလိုက်ပါ”

​“ဟုတ်ကဲ့” မရီးလီက ခေါင်းညိတ်လိုက်ပြီး ကလေးကို ပွေ့ချီကာ အိမ်ထဲသို့ ဝင်သွားလေသည်။

​လုပ်ငန်းစဉ် တစ်ခုလုံးတွင် စုတ်ပြတ်နေသော စောင်ထဲမှ ကလေးလေးက တိတ်ဆိတ်စွာ နေပြီး တစ်ခါမျှ မငိုသလို ဂျီလည်းမကျချေ။ သူတို့၏ လက်ထဲရှိ လက်နှိပ်ဓာတ်မီးများကိုသာ စူးစမ်းချင်စိတ်ဖြင့် မျက်လုံးပြူးကာ စိုက်ကြည့်နေခဲ့သည်။

​အဘိုးအိုဝမ်က ကျန်းယဲ့နှင့် အခြားသူများကို ပြောလိုက်၏။ “ခဏလောက် စောင့်ပေးကြပါ ဂုဏ်သရေရှိ ဧည့်သည်တော်တို့။ ကျွန်တော် လူငယ် နည်းနည်းလောက်ကို ရေနွေး သွားကျိုခိုင်းလိုက်ပါဦးမယ်။ လီ မိသားစုမှာ ယောက္ခမနဲ့ ချွေးမနှစ်ယောက်တည်း ရှိတာဆိုတော့ ဒီလောက် လူအများကြီးအတွက် ရေပြင်ပေးဖို့ အချိန်လောက်မှာ မဟုတ်လို့ပါ”

​သူက ထိုသို့ပြောပြီး အပြင်သို့ ထွက်ရန် ပြင်လိုက်သည်။

​“ခဏစောင့်ပါဦး အဘိုး...” ကျန်းယဲ့က သူ့ကို တားလိုက်ပြီး အင်္ကျီလက်ထဲမှ နောက်ထပ် ငွေတစ်တုံးကို ထုတ်ယူလိုက်သည်။ “ဒါက အဘိုးအတွက် လက်ဖက်ရည်ဖိုးပါ။ ကျေးဇူးပြုပြီး ငြင်းဆန်တာမျိုး မလုပ်ပါနဲ့...”

​အဘိုးအိုဝမ်က လက်များကို အထပ်ထပ် ယမ်းပြလိုက်၏။ “မလိုပါဘူး မလိုပါဘူး... သခင်လေး ခုနကပဲ ပေးပြီးပြီလေ”

​ကျန်းယဲ့က ငွေကို သူ၏ လက်ထဲသို့ ထည့်ပေးလိုက်လေသည်။ “အရင်က ပေးတဲ့ငွေက ရေနွေးကျိုဖို့အတွက်ပါ.. အခုဟာက အဘိုး လမ်းလျှောက်ပေးရတဲ့အတွက်ပါ။ အဘိုးက ကျွန်တော်တို့ကို ကူညီဖို့ အလုပ်ရှုပ်နေရတာ... ဒီလက်ဖက်ရည်ဖိုးလေးတောင် မပေးရင် အိမ်က လူကြီးတွေက ကျွန်တော်တို့ကို လူမှုရေး နားမလည်ဘူးဆိုပြီး ဆူကြပါလိမ့်မယ်”

​ငွေကို လက်ခံရရှိပြီးနောက် အဘိုးအိုဝမ်က ဆက်မနှောင့်နှေးရဲတော့ဘဲ ရေနွေးကျိုရန် လူခေါ်ဖို့ အလျင်အမြန် ထွက်သွားတော့သည်။

​သူတို့ စကားပြောနေစဉ် အဘွားအိုလီက ခါးကုန်းကုန်းဖြင့် လျှောက်လာပြီး သတိထားကာ မေးလိုက်၏။ “ဂုဏ်သရေရှိ ဧည့်သည်တော်တွေ ညစာ စားပြီးကြပြီလား။ ဒီအဘွားကြီးဆီမှာ ဆန်ကြမ်း နည်းနည်းတော့ ရှိပါတယ်...”

​“ကျွန်တော်တို့ စားပြီးပါပြီ... စားပြီးပါပြီ” လူတိုင်းက လက်ယမ်းပြလိုက်ကြသည်။

​ကျန်းယဲ့က ညင်သာစွာ ပြောလိုက်၏။ “အဘွား.... ကျွန်တော်တို့အတွက် စိတ်ပူစရာ မလိုပါဘူး။ အဘွားနဲ့ မရီးက ကလေးကို သေချာ ဂရုစိုက်ပြီး အနားယူကြပါ။ ကျွန်တော်တို့ဘာသာ အဆင်ပြေပါတယ်”

​အဘွားအိုလီ နောက်ထပ် ဘာမှ မပြောနိုင်ခင်မှာပင် မရီးလီက သူမ၏ အင်္ကျီလက်ကို ညင်သာစွာ ဆွဲလိုက်လေသည်။

​ယောက္ခမနှင့် ချွေးမ နှစ်ဦးက လူတိုင်းကို အရိုအသေပေးလိုက်ပြီးနောက် လှည့်ကာ အတွင်းခန်းသို့ ပြန်ဝင်သွားလိုက်ကြသည်။

​အတွင်းခန်း တံခါး ပိတ်သွားပြီးနောက် အဓိကအခန်းကြီးမှာ ချက်ချင်း တိတ်ဆိတ်သွားခဲ့သည်။

​မီးဖိုထဲတွင် ထင်းများက တဖျစ်ဖျစ် မြည်နေပြီး လူတိုင်း၏ မျက်နှာများပေါ်ရှိ မသေချာမရေရာသော မျက်နှာအမူအရာများကို ထင်ဟပ်နေစေခဲ့သည်။

​စုမင်က ရုတ်တရက် မတ်တတ်ရပ်လိုက်ပြီး ကျန်းယဲ့အနီးသို့ လျှောက်သွားကာ တိုးတိုးလေး ပြောလိုက်၏။ “လမ်းညွှန်ကျန်း... ကျွန်မ အထူစား ဆောင်းတွင်းစောင် နှစ်ထည်လောက် ဝယ်ချင်တယ်”

​ကျန်းယဲ့က နားလည်သွားပြီး စနစ် မျက်နှာပြင်ကို ချက်ချင်း ခေါ်ထုတ်လိုက်သည်။

​ခဏအကြာတွင် သူ၏ လက်ထဲသို့ အထူစား ဝါဂွမ်းစောင်အသစ် နှစ်ထည် ရောက်ရှိလာခေသည်။ စောင်စွပ်များကို ချည်ထည်အကောင်းစားများဖြင့် ပြုလုပ်ထားပြီး အတွင်းတွင် အသစ်စက်စက် ဖွထားသော ဝါဂွမ်းများဖြင့် ဖြည့်တင်းထားကာ ကိုင်ကြည့်လိုက်လျှင် ဖောင်းပွပြီး နူးညံ့နေချေသည်။

​ထို့နောက် စုမင်က စောင်ကိုယူကာ အတွင်းခန်း တံခါးဆီသို့ ခြေဖျားထောက် လျှောက်သွားပြီး ညင်သာစွာ ခေါက်လိုက်၏။

​“အဘွား၊ မရီး... ကျွန်မပါ”

​တံခါးက အနည်းငယ် ပွင့်လာပြီး မရီးလီ၏ အံ့အားသင့်နေသော မျက်နှာ ထွက်ပေါ်လာလေသည်။

​စုမင်၏ ရင်ခွင်ထဲရှိ အိပ်ရာခင်း အသစ်များကို မြင်သောအခါ သူမ အနည်းငယ် အံ့အားသင့်သွားရသည်။

​“ဒီစောင်နှစ်ထည်က အဘွားတို့အတွက်ပါ...”

​မရီးလီက ငြင်းဆန်ရန် လက်များကို အလျင်အမြန် ယမ်းပြလိုက်၏။ “ဒါ... ဒါက လုံးဝ မဖြစ်ပါဘူး”

​“မရီး... ကျေးဇူးပြုပြီး မငြင်းပါနဲ့။ ဒါတွေက ကျွန်မတို့ မလိုတော့တဲ့ ပစ္စည်းတွေပါ.... ဒါပေမဲ့ ကျွန်မတို့ရဲ့ ကျေးဇူးတင်တဲ့ သဘောလေးပါ”

​ပြောရင်းဆိုရင်း သူမက စောင်ကို ရှေ့သို့ တွန်းပေးလိုက်သည်။ “ကျွန်မတို့ မကြာခင် အိမ်ပြန်တော့မှာမို့ ဒါကို ယူသွားရင် ဝန်ထုပ်ဝန်ပိုးပဲ ဖြစ်နေမှာ”

​မရီးလီက လက်ခံရန် တွန့်ဆုတ်နေချေသည်။

​ထိုအချိန်တွင် အဘွားအိုလီလည်း ရောက်လာပြီး အသစ်စက်စက် စောင်စွပ်ကို မြင်သောအခါ သူမ၏ မှုန်ဝါးနေသော အိုမင်းသည့် မျက်လုံးများက ချက်ချင်း မျက်ရည်ဝဲသွားရသည်။ “မမလေး... ဒါက အရမ်း တန်ဖိုးကြီးလွန်းပါတယ်”

​“ယူလိုက်ပါ” စုမင်က နောက်ထပ် ဘာမှမပြောတော့ဘဲ စောင်ကို မရီးလီ၏ ရင်ခွင်ထဲသို့ ထိုးထည့်ပေးလိုက်လေသည်။ “ကလေး အအေးမပတ်အောင် ဒါနဲ့ လွှမ်းပေးထားလိုက်ပါ...”

​အဘွားအိုလီ၏ ကြမ်းတမ်းသော လက်များက ချောမွေ့နေသော စောင်ကို ပွတ်သပ်လိုက်ပြီး ရုတ်တရက် သူမ၏ ချွေးမကို ဆွဲကာ ဒူးထောက်ချလိုက်၏။ “ကျေးဇူးရှင်တွေရဲ့ မေတ္တာနဲ့ ကျေးဇူးတရားက...”

​“ဒီလို မလုပ်ပါနဲ့...”

​စုမင်က သူမကို ကမန်းကတန်း ဆွဲထူလိုက်သော်လည်း မည်သည့်အချိန်တွင်မဆို ပြိုကျသွားနိုင်လောက်အောင် ပေါ့ပါးနေသော အရိုးများကို စမ်းမိလိုက်သည်။

ထိုအခါမှသာ ဒီခေတ်ဒီအခါက သာမန်ပြည်သူတွေရဲ့ ဘဝက ဘယ်လောက်တောင် ခက်ခဲလိုက်သလဲဆိုတာ သဘောပေါက်သွားပြီး သူမ သက်ပြင်းအရှည်ကြီး ချလိုက်၏။

​သူမက ညင်သာစွာ ပြောလိုက်၏။ “ပြန်ပြီး အနားယူကြပါတော့... ညဘက်ဆို ပိုအေးလာတယ်...”

အခန်း ၁၀၇ပြီး၏။

All Chapters