← Chapters

အခန်း ၁၀၈

Vol. 11 Ch. 108

အခန်း ၁၀၈

Vol. 11 Ch. 108

အခန်း (၁၀၈) နွေးထွေးမှု ပေးပို့ခြင်း

​အဘိုးအိုဝမ်က ရေနွေးများ သယ်ဆောင်လာသော လူငယ်အချို့နှင့်အတူ ပြန်လာလေသည်။ သစ်သားပုံးများထဲမှ ရေနွေးငွေ့များက အေးစက်နေသော အဓိကအခန်းကြီးထဲတွင် အဖြူရောင် မြူခိုးများအဖြစ် အထက်သို့ တက်လာခဲ့သည်။

လူငယ်များက ရေပုံးများကို ချထားပြီးနောက် သူတို့၏ အအေးဓာတ်က ဂုဏ်သရေရှိ ဧည့်သည်တော်များကို စိတ်အနှောင့်အယှက် ဖြစ်စေမည်ကို စိုးရိမ်သဖြင့် အလျင်အမြန် ဆုတ်ခွာသွားကြသည်။

​“ကျေးဇူးပြုပြီး မျက်နှာသစ်လိုက်ကြပါ ဂုဏ်သရေရှိ ဧည့်သည်တော်တို့။ မီးဖိုပေါ်မှာ ရေနွေးအိုး တည်ထားပါသေးတယ်... လိုအပ်ရင် ထပ်ထည့်ပေးပါ့မယ်”

​လီကျစ်က သစ်သားဇလုံထဲသို့ ရေနွေးကို ခပ်ထည့်ရင်း မနေနိုင်ဘဲ မေးလိုက်၏။ “အဘိုး.... ရွာထဲက လူအများစုက ဝါဂွမ်းထည့်အင်္ကျီတွေ မဝတ်ထားကြတာ တွေ့ရတယ်။ အရမ်း ဈေးကြီးနေလို့လား...”

​ထိုစကားကို ကြားသောအခါ အဘိုးအိုဝမ်က ပြုံးလိုက်ပြီး သူ၏ အပြုံးတွင် ရင်းနှီးကျွမ်းဝင်မှုနှင့် တည်ငြိမ်မှုတို့ ပါဝင်နေချေသည်။ “အသက်သာဆုံး ဝါဂွမ်းထည့် အင်္ကျီတစ်ထည်ကို ငွေတစ်တေးလ်ကျပါတယ်။ ဆန် သုံးတင်းဝယ်ဖို့ လုံလောက်တဲ့ ငွေပမာဏပါ။ ကျွန်တော်တို့ ကျေးလက်က လူတွေကတော့ ဆောင်းတွင်းဆိုရင် အုတ်ကုတင်ပေါ်မှာ ကွေးကွေးလေးနေပြီး တစ်လက်မတောင် မရွှေ့ကြဘူးလေ”

​သူက သူ ဝတ်ဆင်ထားသော ပါးလွှာသည့် အင်္ကျီ အထပ်ထပ်ကို လက်ညှိုးထိုးပြလိုက်၏။ “ကျွန်တော် အပြင်ထွက်ဖို့ တကယ်လိုအပ်လာရင်တော့ မိသားစုထဲမှာ ရှိတဲ့ အင်္ကျီတွေ အကုန်လုံးကို ဝတ်ထွက်လာတာပဲ။ ကျွန်တော့်ရဲ့ ဝါဂွမ်းထည့်အင်္ကျီကို သားကို ပေးလိုက်ပြီလေ....”

​အခန်းထဲတွင် ချက်ချင်း တိတ်ဆိတ်သွားပြီး ဇလုံထဲသို့ ရေနွေးလောင်းထည့်သံသာ ထွက်ပေါ်နေခဲ့သည်။

​လင်းယုန်က မျက်နှာသုတ်ပုဝါကို ညှစ်နေရင်းမှ ရပ်သွားပြီး အဘိုးအိုဝမ်၏ ဝါဂွမ်းထည့်အင်္ကျီဟု ဆိုသော အရာက အင်္ကျီအပါး ခုနစ်ထည် ရှစ်ထည်ခန့် ထပ်ဝတ်ထားခြင်းသာ ဖြစ်ပြီး လက်စွပ်များတွင် အဖာအထေးများ အပြည့်ပါနေသည်ကို ထိုအခါမှသာ သူ သတိပြုမိသွားရသည်။

​“မိသားစုထဲက တခြားသူတွေကရော” စွန်းချီက စူးစမ်းလိုစိတ်ဖြင့် မေးလိုက်၏။

​“အပြင်မထွက်တဲ့ လူတွေကတော့ စောင်တွေခြုံပြီး အုတ်ကုတင်ပေါ်မှာပဲ နေကြတာပေါ့... အဲဒီလိုနေရင် နွေးတယ်လေ” အဘိုးအိုဝမ်က အလွန် သာမန်ကိစ္စတစ်ခုကို ပြောနေသကဲ့သို့ ရွှင်လန်းစွာ ပြောလိုက်လေသည်။

​“ကျွန်တော်တို့ ရွာက တော်တော်လေး အခြေအနေ ကောင်းပါသေးတယ်။ မြို့တော်နဲ့ နီးတော့ အနည်းဆုံးတော့ ဝါဂွမ်းထည့်အင်္ကျီတစ်ထည်လောက် ရှိသေးတာပေါ့။ မြောက်ဘက်ကို ပိုရောက်သွားတဲ့ နေရာတော်တော်များများမှာဆိုရင် သစ်ခေါက်တွေကိုတောင် ခွာစားနေရပြီ...”

​ပြောရင်းဆိုရင်း သူ၏ အရေးအကြောင်းများ ပြည့်နေသော မျက်နှာပေါ်တွင် ကျေနပ်နေသည့် အပြုံးတစ်ခု ပေါ်လာပြီး သူ၏ မှုန်ဝါးနေသော မျက်လုံးများက ဆီမီးခွက် အလင်းရောင်အောက်တွင် တောက်ပနေခဲ့သည်။

​အပြင်ဘက်တွင် မြောက်လေက တဝူးဝူး တိုက်ခတ်နေပြီး ပြတင်းပေါက်ဘောင်များကို တဂျွတ်ဂျွတ် မြည်အောင် လှုပ်ရမ်းနေ၏။

​သို့သော် ဤအခိုက်အတန့်တွင် အဓိကအခန်းကြီးထဲ၌ သေမင်းတမန်ကဲ့သို့ တိတ်ဆိတ်နေပြီး လူတိုင်းက ဖော်ပြ၍မရသော ခံစားချက်တစ်ခုကြောင့် လွှမ်းမိုးခံထားကြရသည်။

​ကလေးငယ်ကို ဘာကြောင့် စောင်ဖြင့် ပတ်ပြီး ခေါ်ထုတ်လာရသည်ကို နောက်ဆုံးတော့ သူတို့ နားလည်သွားကြချေပြီ။ အဝတ်အစား ဝတ်ပေးရန် ပျင်းနေ၍ မဟုတ်ဘဲ ဤသည်မှာ အသက်ရှင်သန်ရန် တစ်ခုတည်းသော နည်းလမ်းဖြစ်နေသောကြောင့်ပင်။

​ရေနွေးများ ပို့ပေးပြီးနောက် အဘိုးအိုဝမ်က ထွက်ခွာသွားလေသည်။ သူ၏ ခြေသံများ အဝေးသို့ ပျောက်ကွယ်သွားသည်နှင့်အမျှ အဓိကအခန်းကြီးထဲတွင် မီးဖိုထဲမှ ထင်းများ တဖျစ်ဖျစ် မြည်နေသံသာ ကျန်ရစ်တော့သည်။

​လီကျစ်က ဇလုံထဲရှိ တဖြည်းဖြည်း အေးစက်လာသော ရေနွေးကို စိုက်ကြည့်ရင်း အလွန် တိုးညှင်းသော အသံဖြင့် ပြောလိုက်၏။ “လူဂိုချောင်းကျေးရွာက အခြေအနေ ကောင်းသေးတယ်လို့ သတ်မှတ်လို့ ရတယ်ပေါ့။ တခြား နေရာတွေကျတော့ ဘယ်လိုနေမလဲ...”

​သူ စကားကို အဆုံးထိ မပြောခဲ့သော်လည်း ထိုစကား၏ နောက်ကွယ်ရှိ မပြောဘဲ သိနေသော အဓိပ္ပာယ်ကို လူတိုင်းက နားလည်ကြပေသည်။

​ရွှီကျောက်က မနေနိုင်ဘဲ သက်ပြင်းတစ်ချက်ကို ညင်သာစွာ ချလိုက်၏။ “သမိုင်းစာအုပ်တွေထဲမှာ ချုံကျန်းခေတ်အတွင်းက ပြင်းထန်တဲ့ မိုးခေါင်ရေရှားမှုဆိုပြီး ပေါ့ပေါ့ပါးပါး ဖော်ပြထားပေမဲ့ အဲဒီနောက်ကွယ်မှာတောါ အရိုးပုံတောင်ကြီး ရှိနေတာပဲ”

​“အခု ကျွန်တော်တို့ ဒီကို ရောက်နေပြီဆိုတော့ မင်မင်းဆက်ရဲ့ ကံကြမ္မာကို ပြောင်းလဲပစ်ရမယ်” D ၏ အသံမှာ မကျယ်လောင်သော်လည်း စကားလုံးတိုင်းက ခိုင်မာပြီး ပဲ့တင်ထပ်နေခဲ့သည်။ “မင်မင်းဆက်ကို နေဝင်ချိန်ဆီ ဦးတည်သွားခွင့်မပြုဘဲ နေထွက်ချိန်ကို ကြိုဆိုနိုင်အောင် လုပ်ရမယ်...”

​စုမင်က ရုတ်တရက် မေးလိုက်၏။ “ကျွန်မတို့ တကယ်ပဲ အရာရာကို ပြောင်းလဲနိုင်ပါ့မလား”

​မည်သူကမျှ တိကျသော အဖြေကို မပေးရဲကြချေ။ အဘယ်ကြောင့်ဆိုသော် အနာဂတ်တွင် မည်သို့ဖြစ်လာမည်ကို မည်သူကမျှ မသိသောကြောင့်ပင်။

​“လမ်းညွှန်ကျန်း... ကျွန်မတို့ လုပ်နိုင်မယ်လို့ ရှင် ထင်လား” စုမင်က ကျန်းယဲ့ဘက်သို့ လှည့်ကြည့်လိုက်သည်။

​မျက်လုံးများအားလုံးက ကျန်းယဲ့ဆီသို့ လှည့်လာကြပြီး မျှော်လင့်ချက်များ ပြည့်နှံနေ၏။

​သူတို့၏ အမြင်တွင် ကျန်းယဲ့က လူတိုင်းထက် သာလွန်နေပေသည်။ သူက မသိနိုင်သော စွမ်းအားကို ပိုင်ဆိုင်ထားပြီး သူ၏ စကားများက သေချာပေါက် ပို၍ ယုံကြည်ရမည် ဖြစ်သည်။

​လူအများ၏ အကြည့်များကို ရင်ဆိုင်ရသောအခါ ကျန်းယဲ့က တည်ငြိမ်ပြီး တိုးညှင်းသော အသံဖြင့် စကားလုံး သုံးခွန်းပြောလိုက်၏။ “အကောင်းဆုံး ကြိုးစားကြတာပေါ့”

​ရိုးရှင်းသော စကားလုံး သုံးခွန်းသာမျှသာ..

​“လုပ်နိုင်...”

​လီကျစ်က စကားစလိုက်ရုံသာ ရှိသေးချိန်တွင် ကျန်းယဲ့က ဆက်ပြောလိုက်သည်။ “မင်မင်းဆက်ကို ကယ်တင်ဖို့ သော့ချက်က အပေါ်ကနေ အောက်အထိ ရည်ရွယ်ချက်တစ်ခုတည်း ရှိဖို့ပဲ”

​“မင်မင်းဆက် ပြိုလဲရတာက ပြည်တွင်းရေး ပဋိပက္ခတွေကြောင့် ဖြစ်ရတာ” ကျန်းယဲ့၏ အကြည့်က လူအုပ်ကြီးကို ဝေ့ကြည့်သွားခဲ့သည်။ “နီရဲတဲ့ အခန်းက အိပ်မက်တွေ ဝတ္ထုထဲမှာ ထန်ချွမ်းပြောခဲ့သလိုပဲ။ ဒီလောက်ကြီးမားတဲ့ မိသားစုတစ်ခုကို အပြင်ဘက်ကနေ တိုက်ခိုက်လို့ တစ်ညတည်းနဲ့ ဖျက်ဆီးပစ်လို့ မရဘူး။ လုံးဝ ရှုံးနိမ့်သွားအောင်ဆိုရင် အရင်ဆုံး အတွင်းပိုင်းကနေ သူ့ကိုယ်သူ ဖျက်ဆီးပစ်မှ ရမှာ”

( တရုတ်စာပေသမိုးမှာ ကျော်ကြားတဲ့ ဂန္တဝင်၀တ္ထုထဲက တစ်ပုဒ်ဖြစ်ပါတယ်... နန်းဆောင်နီအိမ်မက်လို့ခေါ်တယ်ဗျ... အဲ့ဒီထဲမှာ ကျားမျိုးနွယ်စုက ချမ်းသာကြွယ်ဝပြီး အာဏာရှိပေမဲ့ အတွင်းပိုင်းမှာတော့ ခြစားမှု၊ မနာလိုမှုတွေနဲ့ အာဏာလုပွဲတွေ ပြည့်နက်နေခဲ့ကြပါတယ်... ဒါကြောင့် ပြိုလဲသွားရပါတယ်..ခု မင်မင်းဆက်လဲ ခုလိုဖြစ်နေတာလို့ နှိုင်းယှဥ်ပြထားတာပါဗျ )

​အခန်းထဲတွင် ခဏတာ တိတ်ဆိတ်သွားချေသည်။

​ဤစကားများက မင်မင်းဆက် ပြိုလဲရခြင်း၏ နောက်ကွယ်ရှိ အမှန်တရားကို ခွဲခြမ်းစိတ်ဖြာပြလိုက်သော ထက်မြက်သည့် ဓားတစ်လက်ကဲ့သို့ပင်။

​နန်းတွင်းတွင် တုံးလင်အုပ်စုနှင့် မိန်းမစိုးအုပ်စုတို့က အဆုံးမဲ့ တိုက်ခိုက်နေခဲ့ကြသည်။

​အာဏာစက် အပြင်ဘက်တွင်မူ သဘာဝဘေးအန္တရာယ်များနှင့် လူလုပ် ဘေးအန္တရာယ်များကြောင့် ပြည်သူများမှာ ဆင်းရဲဒုက္ခ ရောက်နေကြရသည်။

​သူပုန်ခေါင်းဆောင်က လက်ကိုမြှောက်ကာ အော်ဟစ်လိုက်သောအခါ ပုန်ကန်မှုမီးတောက်များက နေရာအနှံ့တွင် လောင်ကျွမ်းသွားလေသည်။

​“အတွင်းပိုင်းက အပေါက်တွေနဲ့ ပြည့်နေတဲ့အခါ...” ကျန်းယဲ့၏ အသံက ရုတ်တရက် အေးစက်သွားချေသည်။ “တံတိုင်းဂိတ်အပြင်ဘက်က ခွေးအတွေက သဘာဝကျကျပဲ လည်ပင်းကို ကိုက်ပြီး ကျွန်တော်တို့ ဟန်လူမျိုးတွေရဲ့ သွေးကို နှစ်ပေါင်း သုံးရာလောက် စုပ်ယူသွားနိုင်တာပေါ့...”

​ကျန်းယဲ့က “ရည်ရွယ်ချက် တစ်ခုတည်း ရှိဖို့” ဟု ပြောလိုက်သောအခါ စုမင်နှင့် ရွှီကျောက်တို့က နားလည်မှုရှိသော အကြည့်ချင်း ဖလှယ်လိုက်ကြလေသည်။

​သူတို့၏ စိတ်ထဲတွင် အစီအစဉ်တစ်ခုက တစ်ပြိုင်နက်တည်း ဖြတ်ပြေးသွားသော်လည်း လောလောဆယ်တွင် အသံထွက်ပြောရန် အဆင်မပြေချေ။

​ကျန်းယဲ့က သူ၏ နာရီကို တစ်ချက် ကြည့်လိုက်၏။ “အချိန်လည်း လင့်နေပြီ... အားလုံး အနားယူသင့်ပြီ”

​တင်းကောင်း၊ ဝမ်ရှင်းရန်၊ ရှဲ့မင်တာ၊ ကျန်းမောက် အစရှိသည့် စစ်သားလေးယောက်နှင့် ကျန်းယဲ့တို့က ယာယီ ညစောင့်အဖြစ် အဓိကအခန်းကြီး၏ ကြမ်းပြင်ပေါ်တွင် အိပ်ရန် ဆန္ဒပြုခဲ့ကြသည်။

​ကျန်သောသူများက ဘေးခန်းရှိ အုတ်ကုတင်ပေါ်တွင် ကြပ်ကြပ်တည်းတည်း အိပ်ကြရပြီး ထိုညတွင် မည်သူမျှ နှစ်နှစ်ခြိုက်ခြိုက် မအိပ်ပျော်ခဲ့ကြချေ။

​မာကျောသော အုတ်ကုတင်က လူများကို ကျောနာစေရုံသာမက ကြပ်ကြပ်တည်းတည်း နေရသဖြင့် ဟောက်သံများနှင့် သွားကြိတ်သံများ ဆူညံနေလေသည်။

​အဆိုးရွားဆုံးမှာ နံရံကို မှီအိပ်ရသူ ဖြစ်ပြီး အအေးဒဏ်ကြောင့် သန်းခေါင်ယံအချိန်တွင် နှစ်ကြိမ်တိုင်တိုင် နိုးလာခဲ့ရသည်။

​နောက်တစ်နေ့နံနက် မိုးလင်းစအချိန်တွင် အဘွားအိုလီက အဓိကအခန်းကြီးထဲသို့ ဝင်လာပြီး နေရာတွင်ပင် အေးခဲသွားရသည်။

​“အမေ ဘာဖြစ်လို့လဲ” မရီးလီက နောက်မှ လိုက်ထွက်လာပြီး စကားပြောလိုက်သည်နှင့် တစ်ပြိုင်နက် အသက်ရှူမှားသွားရသည်။

​အဓိကအခန်းကြီးထဲတွင် လူတစ်ရပ်စာခန့် မြင့်သော ဝါဂွမ်းစောင်များကို သေသပ်စွာ စီရီထားပြီး အသစ်စက်စက် အပြာရောင် စောင်စွပ်များက နံနက်ခင်း အလင်းရောင်တွင် ညင်သာစွာ တောက်ပနေခဲ့သည်။

​အပေါ်ဆုံးရှိ စောင်ကို ဖြန့်ထားဆဲဖြစ်ပြီး ဝါဂွမ်းများကြောင့် ထူထဲကာ ဖောင်းပွနေပြီး အသစ်စက်စက် ဝါဂွမ်း ဆယ်ပေါင်ကျော်ခန့် ထည့်ထားပုံရ၏။

​“ဂုဏ်သရေရှိ ဧည့်သည်တော်တို့...” အဘွားအိုလီက ကျန်းယဲ့ကို ကြည့်လိုက်၏။

​ကျန်းယဲ့က ပြုံးလိုက်ပြီး ပြောလိုက်သည်။ “မရီး... ရွာသူကြီးကို ဒီကို လာခဲ့ဖို့ သွားခေါ်ပေးပါလား”

​အဘိုးအိုဝမ် အလျင်အမြန် ရောက်လာပြီး တံခါးဝသို့ ဝင်ဝင်ချင်းမှာပင် နေရာတွင် အေးခဲသွားကာ သူ၏ မျက်လုံးများက အသစ်စက်စက် စောင်များကို စူးစိုက်ကြည့်နေချေသည်။

​“ဒါ.. ဒါက...”

​“ဒီဟာတွေကို ရွာသားတွေကို ဝေပေးလိုက်ပါ အဘိုး” ကျန်းယဲ့က စောင်ပုံကို လက်ညှိုးထိုးပြကာ ပြောလိုက်၏။ “တစ်အိမ်ထောင်ကို စောင်နှစ်ထည်စီပါ”

​အဘိုးအိုဝမ်၏ နှုတ်ခမ်းများက ပြင်းထန်စွာ တုန်ယင်လာပြီး သူက ဒူးထောက်ချလိုက်ကာ ဒုန်း ခနဲ မြည်သွားလေသည်။ “ကျေးဇူးရှင်... ဒါ... ဒါက ရွာတစ်ရွာလုံး ဒီဆောင်းတွင်းကို ကောင်းကောင်း ဖြတ်သန်းဖို့ လုံလောက်သွားပါပြီ။ ရွာထဲက ဘယ်သူမှ ထပ်ပြီး အအေးဒဏ်ကြောင့် သေရတော့မှာ မဟုတ်ဘူး”

​“မြန်မြန်ထပါ” ကျန်းယဲ့က သူ့ကို ကမန်းကတန်း ဆွဲထူလိုက်ရသည်။ “စောစောစီးစီး အချိန်ရတုန်း မြန်မြန် သွားဝေလိုက်ရအောင်...”

​အဘိုးအိုဝမ်က တံခါးအပြင်သို့ ယိမ်းယိုင်ကာ ထွက်သွားပြီး သူ၏ အက်ကွဲနေသော အသံက ရွာတစ်ရွာလုံးတွင် ပဲ့တင်ထပ်သွားချေသည်။

​“ခင်ဗျားတို့ရဲ့ စောင်တွေကို လာယူကြတော့။ တစ်အိမ်ထောင်ကို တစ်ယောက် လာခဲ့ကြ။ ကြင်နာတတ်တဲ့သူ တစ်ယောက်က ကျွန်တော်တို့အတွက် စောင်တွေ ယူလာပေးတယ်ဟေ့”

​ဆယ့်ငါးမိနစ်ပင် မပြည့်မီအချိန်အတွင်း လီ မိသားစု၏ ခြံဝင်းထဲတွင် လူများ ပြည့်နှက်သွားခဲ့သည်။

​ရှေ့ဆုံးမှ ဦးဆောင်လာသော ကျောက်ဆန်းက တံခါးခုံကို ဖြတ်ကျော်လိုက်သည်နှင့် နေရာတွင်ပင် အေးခဲသွားရသည်။ သာမန်အချိန်တွင် အကြမ်းတမ်းဆုံး ဖြစ်သော ဤမုဆိုးက စောင်ပုံကြီးကို စိုက်ကြည့်ရင်း မျက်လုံးများ ချက်ချင်း နီရဲလာချေသည်။

​သူ၏ နောက်မှ လိုက်လာသော အမျိုးသားများက ပို၍ပင် တိတ်ဆိတ်နေကြပြီး နံနက်ခင်း မြူနှင်းများကြားတွင် သူတို့၏ လေးလံသော အသက်ရှူသံ အတက်အကျများကိုသာ ကြားနေရ၏။

​“တန်းစီကြ” အဘိုးအိုဝမ်က စည်းကမ်း ထိန်းသိမ်းလိုက်သည်။ “ဒါတွေ အားလုံးက သခင်လေးတွေနဲ့ သခင်မလေးတွေရဲ့ ကောင်းချီးတွေပဲ။ တစ်အိမ်ထောင်ကို စောင်နှစ်ထည်...”

​ပန်းပဲဆရာကျန်းက စောင်ကို ပထမဆုံး ယူသူဖြစ်သည်။ ရုတ်တရက် သူက ဒုန်း ခနဲ ဒူးထောက်ချလိုက်ပြီး ကျန်းယဲ့နှင့် အခြားသူများကို နှစ်ကြိမ်တိုင်တိုင် ဦးချ အရိုအသေပေးလိုက်ပေသည်။

​အေးခဲမာကျောနေသော မြေပြင်ပေါ်မှ တုံးတိတိ အသံတစ်ခု ရုတ်တရက် ထွက်ပေါ်လာ၏။

​ယင်းကို မြင်သောအခါ သူတို့၏ နောက်တွင် တန်းစီနေသူများ အားလုံးက ထိုအတိုင်း လိုက်လုပ်ကြလေသည်။

​ဝါဂွမ်းစောင် ရရှိသူတိုင်းက ကျေးဇူးတင်ကြောင်း ပြသရန် ဒူးထောက်ကာ ဦးချရမည်ဖြစ်ပြီး တင်းကောင်းနှင့် အခြားသူများက သူတို့ကို မည်သို့ပင် ဆွဲထူရန် ကြိုးစားစေကာမူ မတားဆီးနိုင်ခဲ့ကြချေ။

​ဘေးတွင် ရပ်နေသော အဘိုးအိုဝမ်က အကြံပေးလိုက်၏။ “ကျေးဇူးရှင်တို့... သူတို့ရဲ့ ဆန္ဒကို ခွင့်ပြုပေးလိုက်ပါ။ သူတို့ ဦးမချရရင် ဘဝတစ်လျှောက်လုံး အဲဒါကို မှတ်ထားကြပါလိမ့်မယ်။ ဒါက ကျွန်တော်တို့ ဆင်းရဲသားတွေ ကျေးဇူးတင်ကြောင်း ပြသနိုင်တဲ့ တစ်ခုတည်းသော နည်းလမ်းပါပဲ...”

​နံနက်ခင်း အလင်းရောင်တွင် နှစ်ပေါင်းများစွာ ဘဝအမောများကြောင့် ကုန်းနေခဲ့ရသော ထိုကျောပြင်များက မတ်မတ် ရပ်လာကြပြီး နေလောင်ဒဏ်ခံထားရသော မျက်နှာတိုင်းတွင် မျက်ရည်များ စီးကျနေလေသည်။

​အဘိုးအိုဝမ်သည် သူ၏ စောင်ကို ပိုက်ထားလျက် ကျန်းယဲ့အား နက်ရှိုင်းစွာ အရိုအသေပေးကာ ပြောလိုက်၏။ “ရွာထဲက လူ ၁၃၇ ယောက်လုံး ကိုယ်စား ကျွန်တော့်တို့ကို ဒုတိယအကြိမ် အသက်ပြန်ရှင်ခွင့် ပေးခဲ့တဲ့ ခင်ဗျားတို့အားလုံးရဲ့ ကျေးဇူးတရားအတွက် ကျေးဇူးတင်ပါတယ်”

အခန်း ၁၀၈ပြီး၏။

All Chapters