← Chapters

အခန်း ၁၀၉

Vol. 11 Ch. 109

အခန်း ၁၀၉

Vol. 11 Ch. 109

အခန်း (၁၀၉) မြို့တော်

​ကျန်းယဲ့နှင့် သူ၏အဖွဲ့ လိုက်ပါသွားသော မြင်းလှည်းက တရားဝင်လမ်းမကြီး၏အဆုံးတွင် တဖြည်းဖြည်း ပျောက်ကွယ်သွားသော်လည်း လူဂိုချောင်းကျေးရွာမှ ရွာသားများက ရွာအဝင်ဝရှိ နှင်းများထဲတွင် ရပ်နေကြဆဲဖြစ်ပြီး ပြန်မသွားချင်ကြသေးချေ။

​အချိန်အတန်ကြာပြီးနောက် ပန်းပဲဆရာကျန်းက ရုတ်တရက် ခေါင်းကို ကုတ်ကာ မေးလိုက်၏။ “အဲဒီ မြင်းလှည်းနှစ်စီးပေါ်မှာ သူတို့လူ ဆယ့်တစ်ယောက်တောင်ပါတာလေ။ အဲဒီ စောင်တွေကို သူတို့ ဘယ်လိုလုပ် သယ်လာကြတာလဲ...”

​ဤစကားက ငြိမ်သက်နေသော ရေပြင်ထဲသို့ ကျောက်ခဲတစ်လုံး ပစ်ချလိုက်သကဲ့သို့ ဖြစ်သွားပြီး လူအုပ်ကြားတွင် ချက်ချင်း ရုတ်ရုတ်သဲသဲ ဖြစ်သွားစေခဲ့သည်။

​လီအာဂိုး၏ မျက်လုံးများ ပြူးကျယ်သွားရသည်။ “ဟုတ်သားပဲ။ မနေ့က သူတို့လာတုန်းက အထုပ်သေးသေးလေးတစ်ထုပ်ပဲ ပါလာတာ။ ဒီလောက်အများကြီးကို သူတို့ ဘယ်လိုလုပ် ဆံ့အောင် ထည့်လာနိုင်မှာလဲ”

​“ငါတို့များ သရဲနဲ့ တွေ့လိုက်ရတာလား...” ကျောက်ဆန်းက ရုတ်တရက် တုန်ယင်စွာဖြင့် ပြောလိုက်၏။

​မျက်စိတစ်မှိတ်အတွင်းမှာပင် လူတိုင်းက ခြေဖဝါးမှသည် ငယ်ထိပ်အထိ အရိုးခိုက်မတတ် အေးစက်သွားသည်ကို ခံစားလိုက်ရ၏။

​“မင်း ဘာတွေ လျှောက်ပြောနေတာလဲ” ပန်းပဲဆရာကျန်းက ပထမဆုံး သတိဝင်လာသူဖြစ်ပြီး ကြမ်းတမ်းစွာ ပြောလိုက်သည်။ “ဘယ်လို သရဲမျိုးက နေ့ခင်းကြောင်တောင်ကြီး စောင်တွေ လာဝေပေးမှာလဲကွ... ”

​“ဟုတ်ပါ့” အဘိုးအိုစွန်းက ကျောက်ဆန်းကို မကျေမနပ် စိုက်ကြည့်လိုက်သော်လည်း ဆက်ပြောလိုက်လေသည်။ “သရဲဖြစ်နေရင်တောင် ငါတို့ကို စောင်တွေ လာပေးတဲ့ သရဲက သရဲကောင်းပဲလေ...”

​အခြားတစ်ယောက်ကလည်း အာမေဍိတ်သံဖြင့် ပြောလိုက်၏။ “လူ့ပြည်ကို ဆင်းသက်လာတဲ့ နတ်ဘုရားများ ဖြစ်နေမလား။ လူတွေ ဒုက္ခရောက်နေတာကို မကြည့်ရက်တဲ့ နတ်ဘုရားက ငါတို့ကို လာကယ်တင်တာလေ...”

​ဤစကားကြောင့် လူအုပ်ကြားတွင် ချက်ချင်း ဆွေးနွေးသံများ ဆူညံသွားရသည်။

​လီအာဂိုးက ရုတ်တရက် တစ်ခုခုကို သတိရသွားလေသည်။ “အဲဒီစောင်တွေက ကောင်းကင်ပေါ်က တိမ်တိုက်တွေများလား။ မကြာခင် ပျောက်သွားတော့မှာတော့ မဟုတ်ဘူးမလား...”

​“အိမ်ပြန်ပြီး ကိုယ့်မိသားစုကို သွားကြည့်ကြ....”

​တစ်စုံတစ်ယောက်က အော်ဟစ်လိုက်ရာ ရွာသားများဟာ ငှက်များ၊ တိရစ္ဆာန်များ ပြေးလွှားသကဲ့သို့ လူစုကွဲသွားခဲ့ကြသည်။

​အိမ်ထောင်စုတိုင်းက အုတ်ကုတင်ပေါ်ရှိ ဝါဂွမ်းစောင်အသစ်ကို မကြည့်ပြီး ထူထဲနွေးထွေးသော ဝါဂွမ်းများကို ကိုင်ကြည့်လိုက်သောအခါ လူတိုင်းက စိတ်အေးသွားကြပြီး သူတို့ကို ဆင်းရဲဒုက္ခမှ ကယ်တင်ပေးနိုင်သည့် ဗောဓိသတ်ကို တွေ့ခဲ့ရခြင်း ဖြစ်နိုင်ကြောင်း ပို၍ သေချာသွားကြရသည်။

​အဘိုးအိုဝမ်က သူ၏ ခြံတံခါးဝတွင် ရပ်လျက် တရားဝင်လမ်းမကြီး၏ အဆုံးတွင် ပျောက်ကွယ်သွားသည်မှာ ကြာပြီဖြစ်သော လှည်းဘီးရာများကို ငေးကြည့်ရင်း ရုတ်တရက် အဝေးဆီသို့ နက်ရှိုင်းစွာ အရိုအသေပေးလိုက်၏။

​“နတ်ဘုရားပဲဖြစ်ဖြစ်... မွန်မြတ်တဲ့သူပဲဖြစ်ဖြစ်ပါ” အဘိုးအိုက သူ့ဘာသာ တီးတိုးရေရွတ်လိုက်သည်။ “အနည်းဆုံးတော့ ဒီလောကကြီးမှာ ငါတို့လို သာမန်ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်ကို သတိရပေးနေတဲ့ သူတွေ ရှိနေသေးတာပဲ...”

​မရီးလီသည် အနောက်ဘက်အခန်းကို ရှင်းလင်းနေစဉ် အုတ်ကုတင်ပေါ်တွင် သေသပ်စွာ စီရီထားသော အသစ်စက်စက် ဝါဂွမ်းထည့်အင်္ကျီ ခြောက်ထည်ကို တွေ့လိုက်ရ၏။

​အပေါ်ဆုံးတွင် သက်ကြီးရွယ်အိုများအတွက် သပ်ရပ်ထူထဲသော ချုပ်ရိုးများဖြင့် အညိုရင့်ရောင် ဝတ်စုံနှစ်စုံ ရှိနေချေသည်။ အလယ်တွင် ကော်လာ၌ ကျော့ရှင်းသော ပန်းနွယ်အဆင်များ ထိုးထားသည့် မဲနယ်ရောင် အမျိုးသမီး ဝတ်စုံနှစ်စုံ ရှိ၏။

အောက်ဆုံးတွင် ကလေးများအတွက် ဝတ်စုံသေးသေး နှစ်စုံရှိပြီး ကလေးများ နောက်ထပ် နှစ်နှစ်ခန့် ဝတ်နိုင်စေရန် လက်စွပ်များကို တစ်လက်မခန့် အထူး ရှည်ပေးထားသည်မှာ သိသာပေသည်။

​“အမေ... အမေ... မြန်မြန်လာပါဦး” မရီးလီ၏ အသံမှာ ပြောင်းလဲသွားခဲ့သည်။

​အဘွားအိုလီ ပြေးလာသောအခါ သူမ၏ ချွေးမဖြစ်သူက ဖောင်းကားနေသော ဂုန်နီအိတ် နှစ်အိတ်ကို ဆွဲလာသည်ကို မြင်လိုက်ရ၏။

​အထုံးကို ဖြည်လိုက်သောအခါ ဖြူဖွေးတောက်ပနေသော ဆန်နှင့် ဂျုံမှုန့်များကို တွေ့လိုက်ရသည်။

​ဆန်အိတ်အောက်တွင် အပြာရောင် အဝတ်အိတ်တစ်လုံး ရှိနေခဲ့သည်။ ၎င်းကို ဖွင့်လိုက်သောအခါ တစ်တုံးလျှင် ဆယ်တေးလ်စီ အလေးချိန်ရှိသော တရားဝင် ငွေတုံးများကို သေသပ်စွာ စီရီထားပြီး စုစုပေါင်း အနည်းဆုံး ငွေ အတေးလ်တစ်ရာခန့် ရှိ၏။

​“ဒါ... ဒါက...” အဘွားအိုလီမှာ အလွန်အမင်း တုန်လှုပ်သွားသဖြင့် စကားပင် မပြောနိုင်တော့ချေ။

​မနှစ်က သူမ၏ သားဖြစ်သူ သေဆုံးပြီး အလောင်းပင် မအေးသေးမီ ယောက္ခမနှင့် ချွေးမနှစ်ဦးက အဖျားတက်နေသော သူတို့၏ ခွေးလေးကို ပွေ့ဖက်လျက် စုတ်ပြတ်နေသော စောင်အောက်တွင် တုန်ယင်နေခဲ့ကြရသည်။

​ထိုအချိန်က သူမနှင့် သူမ၏ ကလေးတို့က နောက်လာမည့် ဆောင်းရာသီကို ဖြတ်ကျော်နိုင်မည် မဟုတ်ဟု သူမ ထင်ခဲ့မိသည်။

​သို့သော် မထင်မှတ်ဘဲ ဤမျှ ကြင်နာတတ်ပြီး ကူညီတတ်သော သူနှင့် တွေ့ဆုံခဲ့ရလေသည်။

​အဘွားအိုလီ၏ မျက်ရည်များက ငွေတုံးများပေါ်သို့ ကျဆင်းသွားပြီး သူမက ချွေးမဖြစ်သူကို တံခါးဆီသို့ ရုတ်တရက် ဆွဲခေါ်သွားလိုက်သည်။

​ထို့နောက် ယောက္ခမနှင့် ချွေးမတို့က တရားဝင် လမ်းမကြီးရှိရာ အရပ်သို့ မျက်နှာမူကာ ဒုန်း ခနဲ ဒူးထောက်ချလိုက်ကြ၏။

​အဘွားအိုလီက သူမ၏ အသားမာတက်နေသော လက်များဖြင့် နှင်းတစ်ဆုပ်ကို ဆွဲယူကာ သူမ၏ နဖူးပေါ်တွင် ပွတ်သပ်လိုက်ပြီးနောက် သုံးကြိမ်တိုင်တိုင် ဦးချလိုက်ချေသည်။

​“သခင်တို့ အသက်ရှည်ရှည် နေရပါစေ။ သခင်တို့ရဲ့ မျိုးဆက်တွေ အဆက်ဆက် ဂုဏ်သရေရှိပြီး တန်ခိုးကြီးမားကြပါစေ...”

​တဝူးဝူး တိုက်ခတ်နေသော မြောက်လေပ ရွာကို နှင်းပွင့်များနှင့်အတူ ဖြတ်သန်းတိုက်ခတ်သွားသော်လည်း ဤအခိုက်အတန့်တွင် အိမ်ထောင်စုတိုင်း၏ ပြတင်းပေါက် အက်ကွဲကြောင်းများမှနေ၍ ပျောက်ကွယ်နေသည်မှာ ကြာပြီဖြစ်သော နွေးထွေးမှုတစ်ခု ထွက်ပေါ်လာချေသည်။

​မြင်းလှည်းနှစ်စီးက နှင်းများ ဖုံးလွှမ်းနေသော တရားဝင် လမ်းမကြီးပေါ်တွင် လိမ့်ဆင်းသွားပြီး နောက်ဆုံးတွင် နေဝင်ရီတရော အချိန်၌ ကွမ်နင်ဂိတ်အပြင်ဘက်သို့ ရောက်ရှိလာကြသည်။

​အဝေးမှ ခမ်းနားထည်ဝါသော မြို့တံခါးမျှော်စင်ကြီး မြင်ကွင်းထဲသို့ ဝင်ရောက်လာသောအခါ လှည်းပေါ်တွင် ရုတ်ရုတ်သဲသဲ ဖြစ်သွားခေသည်။

​“ဟိုမှာ ကြည့်။ အဲဒါ မြှားပစ်တဲ့ မျှော်စင်ပဲ” လီကျစ်က ကားပြတင်းပေါက်မှ သူ၏ ခန္ဓာကိုယ် တစ်ဝက်ကို ထုတ်လိုက်ရာ အေးစက်သော လေကြောင့် သူ၏ မျက်နှာ နီရဲသွားရသည်။ “ငါ ဓာတ်ပုံဟောင်းတွေထဲမှာ မြင်ဖူးတယ်... ဒါပေမဲ့ အပြင်မှာ မြင်ရတာက အရမ်း ခမ်းနားတာပဲ..”

​“မလောကြနဲ့... တစ်ယောက်ချင်းဆီ ဆင်းကြ”

​လှည်းရပ်သွားသည်နှင့် တစ်ပြိုင်နက် လူတစ်စုက အလျင်စလို ခုန်ဆင်းလာခဲ့ကြသည်။

​လင်းယုန်က မိုးလောက်မြင့်သော မြို့ရိုးကြီးကို မော့ကြည့်လိုက်ပြီး သူ၏ လည်စေ့က လှုပ်ရှားသွားလေသည်။ “ဒီအမြင့်က ခုနစ်မီတာ ရှစ်မီတာလောက် ရှိမယ်ထင်တယ်...”

​စွန်းချီသည် ဖုန်းကို တိတ်တဆိတ် ထုတ်ယူထားပြီးဖြစ်ကာ သူမ၏ ဝတ်ရုံခြုံအောက်တွင် ကွယ်၍ မြို့တံခါးကို ဓာတ်ပုံ လေးငါးပုံခန့် ရိုက်လိုက်၏။

​လီကျစ်က သူ၏ ဖုန်းကို ကိုင်ထားပြီး မြို့ရိုးပေါ်တွင် ကင်းလှည့်နေသော မင်စစ်သားများဆီသို့ ကင်မရာ ချိန်ရန် ပြင်လိုက်သည်။

​“အဲဒါကို သိမ်းထားလိုက်...” ကျန်းယဲ့က တိုးညှင်းသော အသံဖြင့် သတိပေးလိုက်၏။ “အခုက အထူးအချိန်ကာလတွေပဲ။ ငါတို့ မသတိထားရင် နောက်ပိုင်းကျင်းရဲ့ သူလျှိုတွေဆိုပြီး အထင်ခံရလိမ့်မယ်။ ခင်ဗျားတို့ အားလုံး သတိထားဖို့ လိုတယ်...”

​ထောင်ထဲမှာ နောက်ထပ် တစ်ရက်မှ သူ ထပ်မနေချင်တော့ချေ။

​ကျန်းယဲ့၏ ထပ်တလဲလဲ ညွှန်ကြားချက်များအောက်တွင် လူတိုင်းက မိမိကိုယ်ကို ထိန်းချုပ်လိုက်ကြပြီး ပေါ်ပေါ်ထင်ထင် ဓာတ်ပုံ မရိုက်ရဲကြတော့ပေ။

ထိုအစား သူတို့က တိတ်တဆိတ် စတင် ဓာတ်ပုံရိုက်လိုက်ကြသည်။ လူတိုင်း ဓာတ်ပုံရိုက်ပြီးသွားသောအခါ အဖွဲ့က နောက်ဆုံးတွင် မြို့ထဲသို့ ဝင်ရန် တန်းစီနေသည့် အတန်း၏ အဆုံး၌ နေရာယူလိုက်ကြ၏။

​တန်းစီနေစဉ် မြို့စောင့်စစ်သားများက မြို့တွင်းသို့ ဝင်ရောက်လာသူတိုင်း၏ ခရီးသွားခွင့်လက်မှတ်များကို တင်းကျပ်စွာ စစ်ဆေးနေပြီး တစ်ခါတစ်ရံတွင် လူတစ်ယောက်ကို ဘေးသို့ ဆွဲခေါ်ကာ ခန္ဓာကိုယ်ကို ရှာဖွေစစ်ဆေးနေသည်ကို ကျန်းမောက် သတိပြုမိလိုက်သည်။

​“စစ်ဆေးတာ ဒီလောက်တောင် တင်းကျပ်တာလား” လင်းယုန်က မျက်မှောင်ကြုတ်လိုက်၏။

​သူတို့ရှေ့တွင် ထင်းများ သယ်ဆောင်လာသော အဘိုးအိုတစ်ဦးက လှည့်ကြည့်ကာ ပြောလိုက်လေသည်။ “သခင်တို့က နယ်ဝေးက လာတာဖြစ်မယ်။ တာတာတွေ ကျီကျိုးကို ဖောက်ထွင်းဝင်ရောက်လာကတည်းက မြို့တော်က စစ်အုပ်ချုပ်ရေးအောက် ရောက်နေတာလေ။ လွန်ခဲ့တဲ့ နှစ်ရက်ကပဲ သူလျှို နည်းနည်းလောက်ကို ဖမ်းမိတယ်လို့ ကြားတယ်”

​ကျန်းယဲ့တို့ အဖွဲ့အလှည့် ရောက်သောအခါ ရက်စက်ကြမ်းကြုတ်သော မျက်နှာနှင့် တောင့်တင်းခိုင်မာသော အရာရှိတစ်ဦးက သူတို့ကို တားလိုက်၏။ “မင်းတို့ရဲ့ ခရီးသွားခွင့် လက်မှတ်တွေကို ပြစမ်း...”

​ကျန်းယဲ့က စာရွက်စာတမ်း အထပ်လိုက်ကို တည်ငြိမ်စွာ ကမ်းပေးလိုက်လေသည်။

​အရာရှိက ခရီးသွားခွင့် လက်မှတ်ကို ဂရုတစိုက် စစ်ဆေးရုံသာမက မြင်းလှည်း၏ အပြင်ဘက်နှင့် အတွင်းဘက်ကိုပါ စစ်ဆေးခဲ့သည်။ အရာအားလုံး အဆင်ပြေကြောင်း အတည်ပြုပြီးမှသာ ဆက်သွားခွင့် ပြုလိုက်လေသည်။

​နက်ရှိုင်းသော မြို့တံခါးကို ဖြတ်သန်းသွားစဉ် လီကျစ်က မနေနိုင်ဘဲ နောက်သို့ လှည့်ကြည့်လိုက်မိ၏။

​ဆောင်းရာသီ၏ နေရောင်ခြည်က ရှေးဟောင်း မြို့ရိုးများပေါ်သို့ ရွှေရောင် လင်းလက်သွားစေပြီး မျှော်စင်များပေါ်ရှိ အလံများက လေထဲတွင် တလူလူ လွင့်နေခဲ့သည်။

​ထိုအခိုက်အတန့်တွင် သမိုင်းစာအုပ်ထဲရှိ စကားလုံးများက ရုတ်တရက် မယုံနိုင်လောက်အောင် အသက်ဝင်လာချေသည်။

​လူတိုင်းက အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်ပြီး ချုံကျန်းဧကရာဇ် နန်းသက် သုံးနှစ်မြောက် ပေကျင်းမြို့တော်ဆီသို့ ခြေလှမ်းလိုက်ကြ၏။

​ခံစားလိုက်ရသည်မှာ ချက်ပြုတ်နေသော မီးခိုးနံ့၊ မြင်းချေးနံ့၊ ဆောင်းရာသီတွင်သာ ရနိုင်သော အေးစက်သည့် လေထုနှင့်အတူ အခြားခေတ်တစ်ခုမှ မြို့တော်၏ အဝေးမှ ဆူညံပွက်လောရိုက်နေမှုများပင်။

​“လမ်းညွှန်ကျန်း... အခု ကျွန်တော်တို့ ဘယ်သွားကြမလဲ” ဝမ်ရှင်းရန်က ခေါင်းပြူထွက်ကာ မေးလိုက်၏။

​ကျန်းယဲ့က စနစ်၏ ပုံရိပ်ယောင် မျက်နှာပြင်ကို ဖွင့်လိုက်ပြီး မြေပုံကို စစ်ဆေးကာ လမ်းကြောင်းကို အတည်ပြုပြီးနောက် မြင်းလှည်းပေါ်ရှိ လူများကို ပြောလိုက်သည်။ “ချန်မင် အပြင်ဘက်မှာ ဆန်းရှီးအသင်းတော်ခန်းမတစ်ခု ရှိတယ်။ ဒီည အဲဒီမှာ တည်းကြမယ်...”

​လူတိုင်း၏ မျက်နှာပေါ်ရှိ နားမလည်နိုင်သော အမူအရာများကို မြင်သောအခါ သူက ရှင်းပြလိုက်၏။ “အခု မြို့ပြင်ဘက်မှာ ပြောင်းရွှေ့လာတဲ့ လူတွေ အများကြီး ရှိနေပြီး လုံခြုံရေးက ကမောက်ကမ ဖြစ်နေတယ်။ ကျန်းယန်ဂိတ် အနီးတစ်ဝိုက်က အလုံခြုံဆုံးနေရာပဲ... အဲဒီမှာ မြို့ငါးမြို့ တပ်စောင့်တွေက နေ့ရောညပါ ကင်းလှည့်နေကြတယ်”

​အဖွဲ့က နှင်းများ ဖုံးလွှမ်းနေသော လမ်းများတစ်လျှောက် လျှောက်သွားကြရာ လမ်းတစ်လျှောက် မြင်တွေ့ရသည်များက သူတို့ကို တိတ်တဆိတ် တုန်လှုပ်သွားစေလေသည်။

​ယိုယွင်းနေသော တဲများကို မြို့ရိုးဘေးတွင် ကပ်လျက် ဆောက်လုပ်ထားပြီး စုတ်ပြတ်နေသော ဒုက္ခသည်များက ထောင့်များတွင် ကွေးကွေးလေး နေကြကာ ပိန်လှီနေသော ကလေးအချို့က ပန်ကိတ်ရောင်းသူ အနီးတွင် အစာ တောင်းရမ်းနေခဲ့ကြသည်။

​သို့သော် သူတို့ လမ်းထောင့်ကို ကွေ့လိုက်သောအခါ သူတို့ရှေ့ရှိ မြင်ကွင်းက ရုတ်တရက် စည်ကားသွားခဲ့သည်။

​အပြာရောင် ကျောက်ပြားခင်းလမ်း၏ တစ်ဖက်တစ်ချက်စီတွင် ဆိုင်ခန်းများ တန်းစီနေပြီး ပိုးထည်ဆိုင် နှင့် လက်ဖက်ရည်ဆိုင်ဟူသော ရွှေရောင်ဆိုင်းဘုတ်များ ရှိနေလေသည်။

သားမွေးအင်္ကျီများကို ဝတ်ဆင်ထားသော ကုန်သည်များက ဈေးထဲတွင် မြင်းစီးကာ သွားလာနေကြပြီး သူတို့၏နောက်တွင် ဝန်ထုပ်ဝန်ပိုးများကို သယ်ဆောင်လာသော အလုပ်သမားများက လိုက်ပါလာကြ၏။

​ဆန်းရှီးအသင်းတော်ခန်းမ၏ သုံးထပ်ဆောင် မျှော်စင်က နေဝင်ရီတရောအချိန်တွင် အထူး ခမ်းနားနေပြီး တံခါးရှေ့တွင် ဧရာမအနီရောင်မီးပုံးကြီးနှစ်လုံး ချိတ်ဆွဲထားချေသည်။

​ဆိုင်ရှင်မှာ ပိန်သွယ်သော သက်လတ်ပိုင်း အမျိုးသားတစ်ဦး ဖြစ်၏။ သူတို့၏ ကောင်းမွန်သော ဝတ်စားဆင်ယင်မှုကို မြင်သောအခါ သူက အပြုံးဖြင့် ချက်ချင်း လာရောက်နှုတ်ဆက်လေသည်။

​“သခင်တို့... အစားအသောက် သုံးဆောင်ချင်တာလား ဒါမှမဟုတ် တည်းခိုခန်းမှာ တည်းချင်တာလား”

​“အကောင်းစား အခန်းဆယ့်တစ်ခန်း....” ကျန်းယဲ့က ငွေငါးတေးလ်ကို ထုတ်ယူကာ ကောင်တာပေါ်သို့ တင်လိုက်၏။ “ပြီးတော့ အရက်နဲ့ ဟင်းလျာ နည်းနည်းလောက် ပြင်ပေးပါ...”

​တည်းခိုခန်းပိုင်ရှင်၏ မျက်လုံးများ လင်းလက်သွားပြီး သူ၏ ပေသီးခုံပေါ်တွင် အလျင်အမြန် စတင် တွက်ချက်လိုက်၏။ “အကောင်းစား အခန်း တစ်ခန်းကို တစ်နေ့ ငွေ သုံးလျန်ကျပါတယ်။ အခန်း ဆယ့်တစ်ခန်းလုံးအတွက် စုစုပေါင်း သုံးတေးလ်နဲ့ သုံးလျန်ပါ။ အစားအသောက်နဲ့ အရက်အတွက်တစ်ခုကို ငွေ နှစ်တေးလ်စီ ကျသင့်မှာဖြစ်ပြီး ပိုပေးတာ ဒါမှမဟုတ် လိုနေတာ ရှိရင် အပြောင်းအလဲ လုပ်ပေးပါ့မယ်”

(NT- ငွေ၁၀လျန်ဆိုပါက ငွေတစ်တေးနဲ့ ညီမျှပါတယ်)

​ထို့နောက် သူက ထူထဲသော မှတ်ပုံတင်စာအုပ် တစ်အုပ်ကို ထုတ်ယူကာ ပြောလိုက်၏။ “ကျေးဇူးပြုပြီး သခင့်ရဲ့ ခရီးသွားခွင့် လက်မှတ်ကို မှတ်ပုံတင်ပေးပါ...”

​နေရာချထားပြီးနောက် လူတိုင်းက ကျန်းယဲ့၏ အခန်းထဲတွင် စုဝေးလိုက်ကြလေသည်။

အခန်း ၁၀၉ ပြီး၏။

All Chapters