← Chapters

အခန်း ၁၁၀

Vol. 11 Ch. 110

အခန်း ၁၁၀

Vol. 11 Ch. 110

အခန်း (၁၁၀) ရာထူးနိမ့်ကျသော်လည်း နိုင်ငံတော်၏ အရေးကို မေ့မထားဝံ့ပါ

​အတွင်းဘက်တွင် စွန်းချီက သစ်သားပြတင်းပေါက်ကို တွန်းဖွင့်လိုက်ရာ ညအမှောင်ထုထဲတွင် ကျန်းယန်ဂိတ်၏ ခမ်းနားထည်ဝါသော ပုံသဏ္ဌာန်ကို ဝေဝါးစွာ မြင်နေရပြီး မြို့ရိုးပေါ်ရှိ မီးပုံးများက ထင်းပုံများကဲ့သို့ လင်းလက်နေခဲ့သည်။

​“ဒီစျေးနှုန်းက တကယ်ကို မသက်သာဘူးပဲ..” လီကျစ်က လက်ချောင်းများဖြင့် ရေတွက်ကာ ပြောလိုက်၏။ “ငွေ သုံးလျန်ဆိုတာ သာမန်မိသားစုတစ်စုအတွက် လဝက်လောက် စားသောက်လို့ ရတယ်”

​လင်းယုန်က တံခါးပေါ်ရှိ ထူထဲသော ကန့်လန့်ဖြတ်တုံးကို စစ်ဆေးပြီးနောက် ကျေနပ်စွာ ခေါင်းညိတ်လိုက်၏။ “ဒါပေမဲ့ ပေးရတဲ့ငွေနဲ့တော့ တန်ပါတယ်။ ခုနလေးတင် စားပွဲထိုးက ဧည့်ခန်းတွေဆီ မီးသွေးမီးဖိုတွေ လာပို့တာ တွေ့လိုက်တယ်။ အဲဒါတွေက အကောင်းဆုံး ငွေရောင်အရိုး မီးသွေးတွေနဲ့ လုပ်ထားတာလို့ မီးခိုးငွေ့ နည်းနည်းလေးတောင် မထွက်ဘူး...”

​ကျန်းယဲ့က ဖယောင်းတိုင်မီးရောင်အောက်တွင် ထိုင်နေသော လူများကို ဝေ့ကြည့်လိုက်ရာ သူ၏ မျက်နှာအမူအရာမှာ အလွန် လေးနက်သွားရသည်။

​သူက လည်ချောင်းဟန့်လိုက်ပြီး သူ၏ အသံက နက်ရှိုင်းကြည်လင်စွာ ထွက်ပေါ်လာချေသည်။ “ခင်ဗျားတို့ရဲ့ ခရီးသွားလမ်းညွှန်တစ်ယောက်အနေနဲ့ အားလုံးကို ထပ်ပြီး သတိပေးရမယ့် တာဝန် ကျွန်တော့်မှာ ရှိပါတယ်...”

​သူ၏ အကြည့်က မျက်နှာတိုင်းကို ဖြတ်သန်းသွား၏။ “ကျွန်တော်တို့က သာမန် အချိန်ခရီးသွားလာသူတွေပါ။ ကျန်တဲ့ နာရီ ၃၀ကို မြို့တော်ထဲမှာ အေးအေးဆေးဆေး လည်ပတ်ပြီးတော့ ခေတ်သစ်ကမ္ဘာကို ဘေးကင်းကင်းနဲ့ ပြန်သွားလို့ရပါတယ်။ ဘာအန္တရာယ်မှ မရှိပါဘူး...”

​ဖယောင်းတိုင်မီးရောင်က သူ၏ မျက်လုံးများထဲတွင် လင်းလက်နေပြီး နက်ရှိုင်းသော အရိပ်အယောင်တစ်ခုကို ထင်ဟပ်နေခဲ့သည်။ “နောက်ထပ် ရွေးချယ်စရာ တစ်ခုကတော့ သမိုင်းကို ပြောင်းလဲဖို့ ကြိုးစားတာပါပဲ။ ဒါပေမဲ့ ဒါက ကြိုတင် မခန့်မှန်းနိုင်တဲ့ အန္တရာယ်တွေနဲ့ အကျိုးဆက်တွေကို ဖြစ်ပေါ်လာစေနိုင်တယ်လို့ ကျွန်တော် သတိပေးချင်ပါတယ်...”

​အခန်းထဲတွင် တိတ်ဆိတ်လွန်းသဖြင့် မီးသွေးမီးဖိုထဲမှ တဖျစ်ဖျစ် မြည်သံကိုပင် ကြားနေရ၏။

​လီကျစ်က သူ၏ မျက်မှန်ကို ပင့်တင်လိုက်ရာ မှန်ဘီလူးနောက်ကွယ်မှ ထူးထူးခြားခြား တောက်ပနေသော မျက်လုံးများကို မြင်လိုက်ရပြီး သူက ပထမဆုံး စကားစပြောလေသည်။

​“လမ်းညွှန်ကျန်း... ကျွန်တော်တို့က ရှုခင်းကို မြင်ပြီးသွားပြီ။ ဒါပေမဲ့ အဲဒီလူတွေ အေးစက်တဲ့ လေပြင်းထဲမှာ တုန်ယင်နေတာကို မြင်ရတော့ အဓိပ္ပာယ်ရှိတဲ့ တစ်ခုခုကို ပိုပြီး လုပ်ချင်စိတ် ပေါ်လာတယ်..”

​စွန်းချီက ဆက်ပြောပြန်သည်။ “အရင်က သမိုင်းစာအုပ်တွေ ဖတ်တုန်းက ကျွန်မ အမြဲတမ်း စွမ်းဆောင်နိုင်စွမ်း မရှိဘူးလို့ ခံစားရတယ်။ ဒါပေမဲ့ အခု ကျွန်မတို့ ဒီကို ရောက်နေပြီ... ပြီးတော့ တစ်ခုခုကို ပြောင်းလဲပစ်ဖို့ အခွင့်အရေး ရှိနေပြီ။ တကယ်လို့ ရှုံးနိမ့်သွားခဲ့ရင်တောင် အနည်းဆုံးတော့ ကြိုးစားခဲ့ဖူးပြီလေ...”

​စုမင်၏ အကြည့်က အဝေးရှိ မှောင်မည်းနေသော လမ်းများဆီသို့ ရောက်သွားလေသည်။ “ဒီနေ့ မြို့ထဲကို ဝင်လာတုန်းက လမ်းဘေးမှာ အအေးဒဏ်ကြောင့် သေနေတဲ့ ကလေးသုံးယောက်ကို မြင်လိုက်ရတယ်။ လမ်းညွှန်ကျန်း... သူတို့ကို မမြင်ခဲ့သလို ဟန်ဆောင်ပြီး ကျွန်မရဲ့ ခရီးစဉ်ကို ပျော်ပျော်ပါးပါး ဆက်မသွားနိုင်တော့ဘူး...”

​လင်းယုနမနှင့် Dတို့က အချင်းချင်း အကြည့်ချင်း ဖလှယ်လိုက်ကြပြီး တစ်ပြိုင်နက်တည်း ခေါင်းညိတ်လိုက်ကြ၏။

​လင်းယုန်က လေးနက်စွာဖြင့် ပြောလိုက်လေသည်။ “ငါတို့ ဒီကို ရောက်လာတာက သမိုင်းရဲ့ အစိတ်အပိုင်းတစ်ခု သက်သက်ပဲ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်....”

​တင်းကောင်းနှင့် အခြား သုံးယောက်က တစ်ပြိုင်နက်တည်း မတ်တတ်ရပ်လိုက်ကြရာ သူတို့၏ စစ်သားဟန်ပန်က မတ်မတ်မတ်မတ် ဖြစ်နေခဲ့သည်။

​ကိုယ်စားလှယ် တစ်ဦးဖြစ်သူ တင်းကောင်းက ပြောလိုက်၏။ “ကျွန်တော်တို့က စစ်သားတွေပါ... ပြည်သူတွေ ဒုက္ခရောက်နေတာကို ကျွန်တော်တို့ မကြည့်ရက်ပါဘူး။ ပြည်သူတွေရဲ့ အခြေအနေကို တိုးတက်စေဖို့ ဆယ်သောင်းပုံ တစ်ပုံလောက် အခွင့်အရေး ရှိနေရင်တောင် ကျွန်တော်တို့ တွန့်ဆုတ်မနေဘဲ လုပ်မှာပါ...”

​ကျန်းယဲ့က လူတိုင်း၏ စကားများကို တိတ်ဆိတ်စွာ နားထောင်ပြီးနောက် သက်ပြင်းအရှည်ကြီး တစ်ချက်ချလိုက်၏။ “ကျွန်တော့် တာဝန်ကျေသွားပါပြီ။ အားလုံးက သဘောတူဖို့ ရွေးချယ်လိုက်ပြီဆိုမှတော့...”

​သူက ရုတ်တရက် သက်သာရာရသွားဟန်ဖြင့် ပြုံးလိုက်၏။ “ဒါဆိုရင်လည်း စမ်းကြည့်ကြတာပေါ့... ဒီအမှောင်ခေတ်ကြီးထဲကို အလင်းရောင်လေး နည်းနည်းလောက် ယူဆောင်လာပေးကြမယ်...”

​အားလုံးက တစ်ပြိုင်နက် ပြုံးလိုက်ကြချေသည်။

​“အခု ကျွန်တော်တို့ရှေ့မှာ အရေးအကြီးဆုံး ကိစ္စ ရှိနေပြီ။ ကျွန်တော်တို့မှာ နာရီသုံးဆယ်ပဲ အချိန်ရှိတယ်။ ဒီနာရီသုံးဆယ်အတွင်းမှာ ချုံကျန်းဧကရာဇ်က ကျွန်တော်တို့ကို ယုံကြည်လာအောင် ဘယ်လို လုပ်ကြမလဲ” ကျန်းယဲ့က မေးလိုက်၏။

​ရွှီကျောက်က ခေါင်းညိတ်လိုက်ပြီးနောက် ပြန်ခေါင်းယမ်းလိုက်ပြန်သည်။ “မဟုတ်သေးဘူး... အဲဒါ မလုံလောက်ဘူး။ ဧကရာဇ် တစ်ယောက်တည်းတင်မကဘဲ နန်းတွင်းက အမတ်တွေ အားလုံးပါ ကျွန်တော်တို့ကို ယုံကြည်လာအောင် လုပ်ဖို့ လိုတယ်...”

​ပြောရင်းဆိုရင်း သူက ကျန်းယဲ့ကို မော့ကြည့်ကာ ပြောလိုက်၏။ “မနေ့က လမ်းညွှန်ကျန်း ပြောခဲ့တာက ကျွန်တော့်အတွက် အများကြီး အဓိပ္ပာယ် ရှိပါတယ်။ မင်မင်းဆက်မှာ ကင်းမဲ့နေတာက အပေါ်ကနေ အောက်အထိ စည်းလုံးညီညွတ်မှုပဲ။ တကယ်လို့ နန်းတွင်းမှာ သူတို့ နေရာလေးတွေမှာ ထိုင်ပြီး ဘာအလုပ်မှ မလုပ်တဲ့ အမတ်တွေ မရှိတော့ဘူးဆိုရင် ဒီခြစားနေတဲ့ မင်းဆက်က နဂိုအခြေအနေဟောင်းဆီကို သေချာပေါက် ပြန်သွားမှာ မဟုတ်တော့ဘူး...”

​ဝမ်ရှင်းရန်က သက်ပြင်းချလိုက်၏။ “ချုံကျန်းရဲ့ ယုံကြည်မှုကို ရဖို့ဆိုတာတောင် လုံလောက်အောင် ခက်ခဲနေပြီလေ... ကိုယ်ကျိုးရှာဖို့ ရည်ရွယ်ချက်တွေ ရှိနေတဲ့ အမတ်တွေဆိုရင်တော့ ပြောမနေနဲ့တော့။ လက်တွေ့မှာ မဖြစ်နိုင်သလောက်ပဲ...”

​စုမင်က ပြတင်းပေါက်ကို ညင်သာစွာ ပိတ်လိုက်ပြီး လူအုပ်ဘက်သို့ လှည့်ကာ ပြောလေသည်။ “အချို့ကိစ္စတွေမှာ ခက်ခဲပေမဲ့ အချို့ကိစ္စတွေမှာတော့ လွယ်ကူပါတယ်..”

​သူမ၏ နှုတ်ခမ်းတွင် အပြုံးဖျော့ဖျော့လေး တစ်ခု ချိတ်ဆွဲထားသဖြင့် လူတိုင်းက အသက်ရှူ အောင့်ထားလိုက်ကြသည်။

​ကျန်းမောက်က မေးလိုက်၏။ “မမလေးစုဆီမှာ ဘယ်လို ထိုးထွင်းသိမြင်တဲ့ အမြင်မျိုး ရှိနေလို့လဲ... ”

​“လောကကြီးက စည်ကားနေတာ အားလုံးက အကျိုးအမြတ်အတွက်ချည်းပဲဆိုတဲ့ စူးမာချန်းရဲ့ စကားကို အားလုံး မှတ်မိကြလား” စုမင်က သူမ၏ အကြည့်ကို ပြန်ရုပ်လိုက်ပြီး နန်းတော်ဘက်သို့ ကြည့်ကာ တိုးညှင်းသော အသံဖြင့် ပြောလိုက်၏။ “အဲဒီ အမတ်ချုပ်ကြီးတွေနဲ့ ဝန်ကြီးတွေက မင်မင်းဆက်ကြီး ပြိုလဲတော့မယ်ဆိုတာကို တကယ်ပဲ မမြင်ကြလို့လား..”

​မည်သူမျှ စကားမပြောနိုင်မီ သူမက ပြန်ဖြေလိုက်၏။ “သူတို့က ဘယ်သူ့ထက်မဆို ပိုသိကြတယ်။ အခြေအနေတွေကို ဒီတိုင်း လွှတ်ထားရတဲ့ အကြောင်းရင်းက ထီးနန်းဆိုတာ ပြောင်းလဲလို့ ရတယ်... နောက်ထပ် တောင်တစ်လုံးဆီသွားပြီး ခစားလို့ ရတယ်ဆိုပြီး သူတို့ ထင်နေကြလို့ပဲ...”

​အခန်းထဲရှိ ဖယောင်းတိုင် မီးရောင်က တယိမ်းတယိုင် ဖြစ်နေပြီး စုမင်၏ မျက်လုံးများထဲရှိ အေးစက်သော အလင်းရောင်ကို ထင်ဟပ်နေချေသည်။ “ချုံကျန်းကို နားချဖို့က မခက်ခဲပါဘူး။ ဒီလူငယ်ဧကရာဇ်က ထီးနန်းတက်ကတည်းက တိုင်းပြည်ကို အုပ်ချုပ်ဖို့နဲ့ မိန်းမစိုးအုပ်စုတွေကို ဖယ်ရှားဖို့ ကြိုးစားခဲ့တာကို ကြည့်ရင် တိုင်းပြည်ကို ကောင်းကောင်း အုပ်ချုပ်ချင်တဲ့ သူရဲ့ ဆန္ဒကို မြင်နိုင်ပါတယ်။ ခက်ခဲတာက...”

​သူမ၏ နှုတ်ခမ်းထောင့်တွင် အေးစက်သော အပြုံးတစ်ခု ပေါ်လာလေသည်။ “အဲဒီ ကောက်ကျစ်စဉ်းလဲတဲ့ မြေခွေးအိုကြီးတွေပဲ။ သူတို့အတွက်ကတော့ မင်းဆက်ပြောင်းတယ်ဆိုတာ အမတ်ဝတ်စုံပြောင်းဝတ်လိုက်ရုံပဲလေ။ သူတို့က ကျွန်မတို့ဘက်ကို ဘယ်လိုလုပ် တကယ် ပါလာနိုင်မှာလဲ...”

​လူတိုင်းက တွေးတောစွာဖြင့် ခေါင်းညိတ်လိုက်ကြ၏။

​စုမင်က သူမ၏ မျက်လုံးများကို မှေးလိုက်ရာ အေးစက်သော အရိပ်အယောင်တစ်ခု လင်းလက်သွားခဲ့သည်။ “ဒါကြောင့်မို့ ကျွန်မတို့ သူတို့ကို ဆေးပြင်းပြင်း တစ်ခွက် တိုက်ဖို့ လိုတယ်... ”

​အကင်းပါးသူများက သူမ ဘာလုပ်မည်ကို ခန့်မှန်းမိနေကြပြီ ဖြစ်သည်။

​လီကျစ်က သေချာ မစဉ်းစားဘဲ အလိုအလျောက် မေးလိုက်၏။ “ဒါဆို ခင်ဗျားက သူတို့အတွက် ဘယ်လို ပြင်းထန်တဲ့ အစီအမံမျိုးတွေ လုပ်ဖို့ စီစဉ်ထားလို့လဲ...”

​စုမင် စကားမပြောနိုင်မီ ရှဲ့မင်တာက ပြောလေသည်။ “ခင်ဗျားက သမိုင်းကို လုပ်ကြံဖန်တီးဖို့ စီစဉ်နေတာတော့ မဟုတ်ဘူးမလား.... ”

​စုမင်က မျက်ခုံးပင့်လိုက်ပြီး သူမ၏ နှုတ်ခမ်းတွင် အပြုံးဖျော့ဖျော့လေး တစ်ခု ချိတ်ဆွဲထားခဲ့သည်။ “ဘာလို့ မဖြစ်ရမှာလဲ...”

​လီကျစ်မှာ လုံးဝ တွေဝေသွားရသည်။ “ဘာကို ဆိုလိုတာလဲ။ သမိုင်းကို လုပ်ကြံဖန်တီးတာက ဆေးပြင်းပြင်းနဲ့ ဘာဆိုင်လို့လဲ...”

​လင်းယုန်က သူ့ပခုံးပေါ် လက်တင်လိုက်ပြီး အပြစ်ကင်းစင်သော ကလေးတစ်ယောက်ကို ကြည့်သကဲ့သို့ သူ့ကို ကြည့်လိုက်၏။ “ငါ မင်းကို မေးခွန်းတစ်ခု မေးမယ်။ တကယ်လို့ မင်းဆက်တစ်ခု ပြောင်းလဲသွားရင် မင်းရဲ့ မျိုးနွယ်စုတစ်ခုလုံး မျိုးပြုတ်သွားမယ်ဆိုတာ မင်း သိနေမယ်ဆိုရင်.... ဒီမင်းဆက်ကို မင်း ကာကွယ်မလား ဒါမှမဟုတ် အာဏာအပြောင်းအလဲကို စောင့်နေမလား...”

​D က ဆက်ပြောသည်။ “ငါ မင်းကို မေးမယ်... တကယ်လို့ သူတို့ကို နောက်ပိုင်းကျင်းက အရင်ဆုံး အညံ့ခံခိုင်းသယောင် ဟန်ဆောင်ပြီးတော့မှ အားလုံးကို သတ်ဖြတ်ပြီး သူတို့ ဘိုးဘွားစဉ်ဆက် ရှာဖွေထားတဲ့ စည်းစိမ်တွေအကုန်လုံးကို ယူသွားလိမ့်မယ်လို့ မင်းက ပြောလိုက်ရင်... ဒီအမတ်တွေ ဒေါသထွက်သွားလိမ့်မယ်လို့ မင်း ထင်လား”

(NT- နောက်ပိုင်းကျင်းဆိုတာက ချင်းမင်းဆက်ပါဗျ ... အေဒီ ၁၆၃၀မှာ နောက်ပိုင်းကျင်းလို့ ခေါ်ပြီး နောက်ပိုင်း အေဒီ ၁၆၃၆ကျမှ ဟွမ်ထိုက်ကျိက ချင်းမင်းဆက်ဆိုပြီး ပြောင်းလဲခေါ်ဝေါ်ခဲ့ပါတယ်...)

​လင်းယုန်က လီကျစ်၏ ပခုံးကို ညင်သာစွာ ပုတ်လိုက်၏။ “စကားတစ်ခွန်းတည်းနဲ့ အကျဉ်းချုပ်ရရင် မင်းဆက်ပြောင်းသွားတာနဲ့ သူတို့ မျိုးနွယ်စုတစ်ခုလုံး သေချာပေါက် သေရမယ်ဆိုတာပဲ။ နောက်ပိုင်းကျင်း မင်းဆက်အလယ်ပိုင်းလွင်ပြင်ကို ဝင်လာတာနဲ့ လူတိုင်း ဆိုးရွားတဲ့ ကံကြမ္မာနဲ့ ကြုံတွေ့ရမယ်ဆိုတာကို သူတို့ကို ပြောပြလိုက်။ သူတို့ လက်ပိုက်ကြည့်ရဲသေးတယ်လို့ မင်း ထင်လား...”

​ဝမ်ရှင်းရန်က လက်ဖက်ရည်ပန်းကန်ကို ပွတ်သပ်ရင်း တွေးတောလိုက်၏။ “ဆေးပြင်းပြင်း တစ်ခုတည်းကို မှီခိုနေလို့ မရဘူး။ ဒီမြေခွေးအိုကြီးတွေကို ပိုကြိုးကြိုးစားစား အလုပ်လုပ်လာအောင် လှုံ့ဆော်ဖို့ သူတို့ကို အချိုရည်လေး နည်းနည်းလောက်လည်း တိုက်ဖို့ လိုသေးတယ်..”

​စုမင်က သဘောတူစွာ ခေါင်းညိတ်လိုက်လေသည်။ “ဟုတ်တယ်... အကျိုးအမြတ်ဆိုတဲ့ စကားလုံးကို ရှေးခေတ်ကော ခေတ်သစ်မှာပါ အသုံးပြုကြတယ်...”

​သူမက လက်ထိပ်လေးဖြင့် စားပွဲပေါ်တွင် မျဉ်းကွေးတစ်ခု ဆွဲပြလိုက်သည်။ “ဒါက အယုံကြည်ရဆုံး ကော် တစ်မျိုးပဲ...”

​လီကျစ်က ရုတ်တရက် လက်ခုပ်တီးလိုက်ပြီး သူ၏ မျက်လုံးများက စူးရှသော အလင်းရောင်ဖြင့် တောက်ပနေခဲ့သည်။ “ကျွန်တော် နားလည်ပြီ... သူတို့ သိထားတဲ့ လူရိုင်းတွေရဲ့ နယ်မြေတွေက တကယ်တော့ ရေတွက်လို့မရတဲ့ ရွှေတွေ၊ ငွေတွေနဲ့ ပြည့်နေတယ်ဆိုတာ သူတို့ကို မျက်မြင်ကိုယ်တွေ့ မြင်အောင် လုပ်ရမယ်။ ပင်လယ်ရပ်ခြားမှာ အဆုံးမရှိတဲ့ မိုင်းတွင်းတွေ ရှိပြီး မင်မင်းဆက်ထက် ဆယ်ဆ ပိုချမ်းသာတဲ့ နယ်မြေတွေ ရှိတယ်ဆိုတာလေ...”

​သူ၏ အသံက ပို၍ စိတ်လှုပ်ရှားလာလေသည်။ “လူရိုင်းတွေရဲ့ သေနတ်တပ်သင်္ဘောတွေက ငါတို့ရဲ့ တံခါးတွေကို လာပစ်ဖောက်မယ့် အချိန်ကို ဘာလို့ စောင့်နေရမှာလဲ။ ဒီတစ်ခါတော့ ငါတို့ရဲ့ အမြောက်တွေနဲ့ အရင်ဆုံး တိုက်ခိုက်ရမယ့် အလှည့်ပဲ။ တရုတ်လူမျိုးတွေ အဲဒီ ရာစုနှစ်ချီတဲ့ အရှက်ကွဲမှုမျိုးကို ထပ်ကြုံရအောင် ဘယ်တော့မှ ခွင့်မပြုနိုင်ဘူး...”

​“ကောင်းလိုက်တဲ့ စကား” D က စိတ်လှုပ်ရှားစွာ မတ်တတ်ရပ်လိုက်ပြီး သူ့ကို လက်သီးချင်း သွားတိုက်လိုက်ရာ သူ၏ မျက်လုံးများက ထူးဆန်းသော အလင်းရောင်ဖြင့် တောက်ပနေချေသည်။

​ကျန်းယဲ့က ဘေးတွင် တိတ်ဆိတ်စွာ ရပ်နေပြီး တက်ကြွစွာ ဆွေးနွေးနေကြသော လူဆယ်ယောက်ကို ပြုံးရွှင်သော မျက်လုံးများဖြင့် ကြည့်နေခဲ့သည်။

​သူ၏ မျက်ခုံးများက အလိုအလျောက် ပင့်တက်သွားပြီး သူ၏ မျက်လုံးများတွင် နွေးထွေးသော အလင်းရောင်တစ်ခု လင်းလက်နေလေသည်။

​ဒါက တရုတ်လူမျိုးတွေရဲ့ သွေးထဲမှာ စီးဆင်းနေတဲ့ မျိုးချစ်စိတ်ပဲ...

​သူတို့က ခရီးစဉ်ကို အသစ်အဆန်း ရှာဖွေသည့် စွန့်စားမှုတစ်ခုအနေဖြင့် သဘောထားကာ ဘေးမှ ရပ်ကြည့်နေရုံသာ ကြည့်နေနိုင်ပြီး ဤခေတ်မှ အမှတ်တရပစ္စည်းများ အများအပြားဖြင့် အိမ်ပြန်သွားနိုင်၏။

​သို့သော်ငြားလည်း သမိုင်း၏ မြစ်ရှည်ကြီးထဲတွင် ပျောက်ကွယ်သွားတော့မည့် မင်းဆက်တစ်ခု၏ အနာဂတ်အတွက် စီစဉ်ပေးကာ သူတို့ မမြင်ဖူးသော မျိုးဆက်သစ်များ၏ ကံကြမ္မာကို ပြောင်းလဲပေးရန် ကြိုးစားရင်း အန္တရာယ်ကို ရင်ဆိုင်ရန် သူတို့ ရွေးချယ်ခဲ့ကြပေသည်။

​ဤတာဝန်သိစိတ်က သူတို့၏ မျိုးဗီဇထဲတွင် စွဲမြဲနေခဲ့သည်။

​ဤမွေးရာပါ နိုင်ငံရေး အသိဉာဏ်...

​ကျန်းယဲ့၏ ရင်ဘတ်ထဲတွင် ရုတ်တရက် ပူနွေးလာမှုကို ခံစားလိုက်ရ၏။ ရှေ့မှ လူဆယ်ယောက်အတွက် ဂုဏ်ပြု အရက်တစ်ခွက် မြှောက်ချင်စိတ် ပေါ်လာပြီး ရာထူးအဆင့်အတန်း နိမ့်ကျသော်လည်း ခေတ်အဆက်ဆက် တိုင်းပြည်အတွက် သူတို့၏ တာဝန်ကို တစ်ခါမျှ မမေ့ခဲ့ကြသည့် သန်းနှင့်ချီသော နိုင်ငံသားများအတွက် ပို၍ပင် အားပေးချင်စိတ် ဖြစ်လာရ၏။

အခန်း ၁၁၀ပြီး၏။

All Chapters