အခန်း ၁၁၁
Vol. 12 Ch. 111
အခန်း (၁၁၁) အေးအတူပူအမျှ ခံစားကြမည်
“သမိုင်းကို လုပ်ကြံဖန်တီးလိုက်တယ်ဆိုပြီး သူတို့ကို သွားပြောရုံနဲ့ သူတို့က ယုံသွားမှာမှ မဟုတ်တာ” စွန်းချီက စိုးရိမ်တကြီး ပြောလိုက်၏။
ထို့နောက် စုမင်က ကျန်းယဲ့ကို ကြည့်လိုက်လေသည်။ “ဒါက လမ်းညွှန်ကျန်း အပေါ်မှာ မူတည်တယ်...”
ကျန်သောသူများ အားလုံးက သူတို့၏ အကြည့်များကို ကျန်းယဲ့ဆီသို့ လှည့်လိုက်ကြသည်။
“လမ်းညွှန်ကျန်းက အစွမ်းအစ အားလုံး ပြည့်စုံတယ်။ သူက ခေတ်မီပစ္စည်း မှန်သမျှကို ဝယ်လို့ရတယ်။ တကယ်လို့ လမ်းညွှန်ကျန်းက ကျွန်မတောင်းဆိုတဲ့ သမိုင်းဝင် စာရွက်စာတမ်းတစ်ခုကိုသာ ပေးနိုင်မယ်ဆိုရင် သူ သေချာပေါက် လုပ်နိုင်မှာပါပဲ မဟုတ်လား” စုမင်က ကျန်းယဲ့ကို ပြုံးကြည့်ရင်း ပြောလိုက်၏။
ကျန်းယဲ့က ‘ကျွန်မ ရှင့်ကို ယုံတယ်’ဆိုသော ကောင်မလေး၏ မျက်လုံးများကို ကြည့်ကာ စိတ်ရှုပ်သလိုလို ရယ်ချင်သလိုလို ဖြစ်သွားမိသည်။
သူက ပြန်မဖြေဘဲ စနစ်၏ နောက်ကွယ်ရှိ စိတ်ကြိုက်ဖန်တီးနိုင်သည့် စီးရီးများ ရှိမရှိကို တိတ်တဆိတ် စစ်ဆေးလိုက်၏။
‘တကယ်လို့များ.. တကယ်လို့များ’
ငွေကြေး ပြည့်စုံမည်ဆိုလျှင် စနစ်စတိုးက တကယ်ကို ကိုယ်ပိုင် စိတ်ကြိုက် ဖန်တီးမှုတွေကို ပေးစွမ်းနိုင်ချေသည်။
“လမ်းညွှန်ကျန်း... အဆင်ပြေရဲ့လား” စွန်းချီက ကျန်းယဲ့ကို စိုးရိမ်တကြီး ကြည့်လိုက်၏။
အခြားသူများကလည်း ကျန်းယဲ့ကို စိုးရိမ်တကြီး ကြည့်နေခဲ့ကြသည်။ အကယ်၍ အဆင်မပြေပါက သူတို့၏ အစီအစဉ်က ပြည့်စုံမည် မဟုတ်ဘဲ အမှားအယွင်း ဖြစ်သွားနိုင်ချေ အလွန်များပေသည်။
သူတို့၏ အစီအစဉ်အတိုင်း လုပ်ဆောင်မည်ဆိုလျှင်တောင် အရာရာတိုင်းက သူတို့ မျှော်မှန်းထားသကဲ့သို့ ဖြစ်လာမည်ဟု အာမမခံနိုင်ချေ။ အချိတ်အဆက် တစ်ခုခု လွဲချော်သွားမည်ဆိုလျှင်တော့ ပြောနေစရာပင် မလိုတော့ပေ။
ကျန်းယဲ့က လူဆယ်ယောက်ကို တစ်ချက်ကြည့်လိုက်ပြီး သူတို့ကို ခေါင်းအနည်းငယ် ညိတ်ပြကာ “ရတယ်” တည်ငြိမ်စွာ စကားလုံး နှစ်လုံး ပြောလိုက်၏။
သေချာသော အဖြေကို ကြားလိုက်ရသောအခါ လူတိုင်းက သက်သာရာရစွာ သက်ပြင်းချလိုက်ကြသည်။
“ကောင်းပြီ... နောက်ထပ် စဉ်းစားရမှာက သူတို့ ကျွန်တော်တို့ကို ယုံကြည်လာအောင် ဘယ်လိုလုပ်မလဲ ဆိုတာပဲ...”
“ပထမအဆင့်က ချုံကျန်းဧကရာဇ်နဲ့ တွေ့ဖို့ပဲ...”
ရွှီကျောက်က ဝင်ပြောလေသည်။ “ဒီလို သဘာဝလွန် စွမ်းအားတွေနဲ့ နတ်ဘုရားတွေရှိတယ်လို့ ယုံကြည်တဲ့ ခေတ်မှာ အမြန်ဆုံးနဲ့ အထိရောက်ဆုံး နည်းလမ်းကတော့ လူတွေရှေ့မှာ ကိုယ်ထင်ပြဖို့ပဲ..”
လင်းယုန်နှင့် D တို့က အချင်းချင်း အကြည့်ချင်း ဖလှယ်လိုက်ကြပြီး ပြိုင်တူ ပြောလိုက်၏။ “ဝိုး... ငါတို့လည်း အဲဒီလိုပဲ တွေးနေတာ”
“ဒရုန်းတွေက အသင့်တော်ဆုံး ရွေးချယ်မှုလို့ ကျွန်တော် ထင်တယ်။ အားလုံး ဘယ်လိုထင်ကြလဲ” ရွှီကျောက်က အဖွဲ့ဝင်များကို ကြည့်ကာ မေးခွန်းထုတ်လိုက်လေသည်။
“ကျွန်တော်လည်း အဲဒီလိုပဲ ထင်တယ်...”
“အကြံကောင်းပဲ” လင်းယုန်က သူ၏ မေးစေ့ကို ပွတ်သပ်လိုက်၏။ “ဒါပေမဲ့ အမှားအယွင်း မရှိအောင်တော့ သေချာလုပ်ဖို့ လိုတယ်။ လမ်းညွှန်ကျန်း... စတိုးမှာ အလင်းရောင် အထူးပြုလုပ်ချက်တွေပါတဲ့ ဒရုန်းတွေ ရှိလား”
ကျန်းယဲ့က စနစ် မျက်နှာပြင်ကို ခေါ်ထုတ်လိုက်လေသည်။ “ရှိတယ်...ဒီ ပန်တွန်-အက်ပိုကလစ်ဒရုန်းက ဟိုလိုဂရမ် ပုံရိပ်ယောင်တွေ... အသံနဲ့ အလင်းရောင် အထူးပြုလုပ်ချက်တွေ ပါဝင်တယ်”
သူက ထုတ်ကုန် အသေးစိတ် စာမျက်နှာကို ပွတ်ဆွဲကြည့်ရင်း ရှင်းပြလိုက်၏။ “သူတို့က ပရိုဂရမ်ရေးဆွဲတာပါ ပါဝင်တယ်။ ငွေပေးလိုက်တာနဲ့ အားလုံး အဆင်သင့်ပဲ...”
တင်းကောင်းက ဝင်ပြောသည်။ “လူတွေကို ဆွဲဆောင်ဖို့က လွယ်ပါတယ်။ ဒါပေမဲ့ ကြောက်စရာကောင်းတာက သူတို့ ရောက်လာပြီး ကျွန်တော်တို့ကို နတ်ဆိုးတွေဆိုပြီး ခွဲခြားမနေဘဲ ပစ်ခတ်လိုက်မှာကိုပဲ...”
အခန်းထဲတွင် ချက်ချင်း တိတ်ဆိတ်သွားချေသည်။
လူအများစုက သဘာဝကျကျပင် အံ့ဖွယ်အရာတစ်ခုကို ပြသပြီးနောက် သူတို့ကို စုံစမ်းစစ်ဆေးရန် လေးစားစွာ ဖိတ်ကြားလိမ့်မည်ဟု ယူဆထားခဲ့ကြသည်။
သို့သော် အမှားအယွင်း ဖြစ်နိုင်ခြေ အမြဲတမ်း ရှိနေပေသည်။
တစ်စုံတစ်ရာကို မှန်းဆပြီး ဘယ်တော့မှ မလုပ်ဆောင်သင့်ချေ။ အကယ်၍ လုပ်ဆောင်လိုက်ပြီး လက်တွေ့တွင် မျှော်လင့်ထားသည့် အဆင့်များအတိုင်း ဖြစ်မလာပါက သွေးထွက်သံယိုမှုများ ဖြစ်လာနိုင်ချေသည်။
ဒီမှာ သေရင် တကယ် သေမှာပဲ။
“ကျွန်တော် နေခဲ့မယ်...” ကျန်းယဲ့က လူတိုင်းကို ကြည့်ကာ ပြောလိုက်၏။ “ကျန်တဲ့သူတွေက ဝမ်ရှင်းရန်နဲ့ ကျန်းမောက်တို့နဲ့အတူ ဘေးကင်းတဲ့ နေရာတစ်ခုကို သွားကြ...”
“မရဘူး...” တင်းကောင်းက ချက်ချင်း ကန့်ကွက်လိုက်၏။ “ကျွန်တော် နေခဲ့မယ်။ လမ်းညွှန်ကျန်း... ခင်ဗျားက တခြားသူတွေကို ခေါ်ပြီး တခြားနေရာတစ်ခုမှာ ယာယီ သွားရှောင်နေပါ...”
လက်မှတ်ဝယ်ယူရန် တာဝန်ကို လက်ခံစဉ်က သူတို့ လေးယောက်က ခေါင်းဆောင်၏ လုံခြုံရေးကို ကာကွယ်ရန် အမိန့်တစ်ခုကိုလည်း ရရှိခဲ့ကြသည်။
မည်သူမဆို သေနိုင်ပေသည်။ သို့သော် သူ သေ၍ မဖြစ်ချေ။
ဒါက တပ်မှူး ကိုယ်တိုင် ထုတ်ပြန်ထားတဲ့ အမိန့်ပင်။
ဝမ်ရှင်းရန်က ဆက်ပြောလေသည်။ “လမ်းညွှန်ကျန်း... ခင်ဗျား တစ်ခုခုဖြစ်ရင် ကျွန်တော်တို့ အားလုံး သေရလိမ့်မယ်။ ဒါကြောင့် ခင်ဗျား အန္တရာယ်ခံလို့ မရဘူး... ”
အချိန်ခရီးသွားခြင်း၏ စည်းမျဉ်းများကို လူတိုင်း သဘောပေါက်ထားကြ၏။
ကျန်းယဲ့သည် သူတို့၏ အပြန်ခရီးစဉ်ပင်။ အကယ်၍ သူ မရှိတော့ပါက အခြေအနေများ အလွန် ကမောက်ကမ ဖြစ်သွားပေလိမ့်မည်။
“ဟုတ်တယ်... ဟုတ်တယ်။ လမ်းညွှန်ကျန်း... ခင်ဗျား ဒုက္ခရောက်လို့ မဖြစ်ဘူး”
“ခင်ဗျား သေရင် ကျွန်တော်တို့လည်း သေမှာပဲ။ ဒါကြောင့် ဒီလိုကိစ္စမျိုးကို တခြားသူကို လွှဲထားလိုက်ပါ”
ကျန်းယဲ့က ဦးဆောင်ရခြင်းမှာ သူ၏ ကိုယ်ပိုင် အကြောင်းပြချက်များ ရှိနေသောကြောင့် ဖြစ်လေသည်။
စနစ်ကို အသုံးပြုနိုင်စွမ်း ရှိသဖြင့် သူ လိုအပ်သည့် မည်သည့် ပစ္စည်းကိရိယာကိုမဆို အချိန်မရွေး လဲလှယ်နိုင်ပေသည်။ အကယ်၍ အန္တရာယ် ကြုံလာပါက သူ၏ လွတ်မြောက်နိုင်ခြေမှာ မည်သူ့ထက်မဆို ပိုများ၏။
ကျန်းယဲ့က သူ၏ အတွေးများကို မျှဝေလိုက်သည်။ “ကျွန်တော့်မှာ ခင်ဗျားတို့ထဲက ဘယ်သူနဲ့မှ မယှဉ်နိုင်တဲ့ အားသာချက်တစ်ခု ရှိတယ်။ ပထမအဆင့်က ကောင်းကင်မှာ အံ့ဖွယ်ရာတစ်ခုကို ဖန်တီးဖို့ပဲ။ နောက်တစ်ဆင့်ကတော့ ကျွန်တော်က ပစ္စည်းတွေကို လေထဲကနေ ဖန်တီးပြနိုင်ပြီး ပျောက်ကွယ်သွားအောင်လည်း လုပ်ပြနိုင်တယ်ဆိုတာကို သူတို့ကို မြင်အောင် လုပ်ပြရမယ်။ ဒီလို နတ်ဘုရား ယောင်ဆောင်ရမယ့် အလုပ်က ကျွန်တော့်အတွက် အသင့်တော်ဆုံးပဲ...”
ခဏရပ်ပြီးနောက် ကျန်းယဲ့က ဆက်ပြောလေသည်။ “ဒါ့အပြင် ကျွန်တော်က စွမ်းဆောင်နိုင်စွမ်း မရှိတဲ့သူ တစ်ယောက်မှ မဟုတ်တာ... ”
သူသည် တင်းကောင်းနှင့် သူ၏အဖွဲ့ကို လက်တွေ့ မတိုက်ခိုက်ဖူးသော်လည်း ထိုလေးယောက်ထက် ပိုသာကြောင်း သူ အကြွင်းမဲ့ ယုံကြည်ထားပေသည်။
တင်းကောင်းက မျက်မှောင်ကြုတ်လိုက်၏။ “လမ်းညွှန်ကျန်း... ခင်ဗျားရဲ့ အစွမ်းအစတွေကို ကျွန်တော်တို့ နားလည်ပါတယ်။ ဒါပေမဲ့ ခင်ဗျားကို ကာကွယ်ဖို့က ကျွန်တော်တို့ရဲ့ တာဝန်ဖြစ်သလို အားလုံး ဘေးကင်းကင်း ပြန်ရောက်ဖို့ သေချာအောင် လုပ်ဖို့ကလည်း အရေးကြီးပါတယ်...”
လီကျစ်က ရုတ်တရက် ဝင်ပြောလိုက်သည်။ “နေဦး... ကျွန်တော်တို့က ပုံသေတွေးခေါ်မှုတစ်ခုထဲမှာ ပိတ်မိနေတာလား...”
သူက မျက်မှန်ကို ပင့်တင်လိုက်ပြီး ဆက်ပြော၏။ “ဘာလို့ တစ်ယောက်ယောက်က ကျန်ခဲ့ပြီး အန္တရာယ်ကို တစ်ယောက်တည်း ရင်ဆိုင်ရမှာလဲ”
အခန်းထဲတွင် ထပ်မံ၍ တိတ်ဆိတ်သွားချေသည်။
ရွှီကျောက်က လူတိုင်းကို ဝေ့ကြည့်လိုက်ပြီး ရုတ်တရက် ရယ်မောလိုက်၏။ “ကျွန်တော့်ကို မေးရင် ကျွန်တော်တို့ အားလုံး ဘာလို့ မနေခဲ့ကြမှာလဲ။ ကျွန်တော်တို့ အတူတူ ဆုံးဖြတ်ခဲ့ကြမှတော့ အန္တရာယ်တွေကိုလည်း အတူတူ မျှဝေခံစားကြတာပေါ့”
သူက ဘေးရှိ လင်းယုန်၏ ပခုံးကို ပုတ်ကာ ပြောလိုက်၏။ “ငါတို့က အေးအတူ ပူအမျှပဲလေ”
စွန်းချီ၏ မျက်လုံးများ လင်းလက်သွားရသည်။ “ကျွန်မတို့ အားလုံး နတ်စေတမန်တွေအဖြစ် ဝတ်ဆင်လို့ ရတာပဲ။ လူပိုများရင် ပိုပြီး ယုံကြည်စရာ ကောင်းတာပေါ့..”
တင်းကောင်းက သဘောမတူချေ။ “ဒါက အရမ်း အန္တရာယ်များတယ်...”
“ဒါက ဖြစ်နိုင်ခြေ ရှိတယ်လို့ ကျွန်တော် ထင်တယ်” ရှဲ့မင်တာက ရုတ်တရက် ပြောလိုက်၏။
ငြင်းခုံမှုသည် နာရီဝက်နီးပါး ကြာမြင့်ခဲ့ချေသည်။
ကျန်းယဲ့က သူ၏ ခေါင်းမာသော အဖော်များကို ကြည့်ကာ စိတ်လှုပ်ရှားသလိုလို အကူအညီမဲ့သလိုလို ခံစားလိုက်ကြရသည်။
‘ဒီကောင်တွေက ချစ်စရာကောင်းအောင်ကို မိုက်မဲနေကြတာပဲ...’
နောက်ဆုံးတွင် အပေးအယူတစ်ခုကို ရရှိခဲ့ကြလေသည်။
အားလုံး ပါဝင်ရမည် ဖြစ်သော်လည်း ပြည့်စုံသော ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ရန် မရှိမဖြစ် လိုအပ်လေသည်။
ကျန်းယဲ့က စနစ်စတိုးမှ သာမန်နှင့်မတူသည့် ရှေးဟောင်းဝတ်စုံဆယ်စုံကို လဲလှယ်လိုက်သည်။ ဝတ်စုံများက ငွေရောင် ချည်ကြိုးဖြင့် တိမ်တိုက် ပုံစံများ ထိုးထားသည့် လမင်းရောင်ကဲ့သို့ ဖြူဖွေးသော လက်ဖား ဝတ်ရုံများဖြစ်ပြီး ကျောက်စိမ်း ခါးပတ်များနှင့် ဆွဲကြိုးပါသော ဆံထုံးအဆင်တန်ဆာများကိုပါ တွဲဖက်ထားခဲ့သည်။
“မှတ်ထားကြ” ကျန်းယဲ့က လီကျစ်၏ ခါးပတ်ကို ကူညီတပ်ဆင်ပေးရင်း ညွှန်ကြားလိုက်၏။ “အခုကစပြီး ကျွန်တော်တို့က ကောင်းကင်ဧကရာဇ်က လူ့ပြည်ကို စေလွှတ်လိုက်တဲ့ ကောင်းကင် စေတမန်တွေပဲ။ ခင်ဗျားတို့ရဲ့ စကားတွေနဲ့ လုပ်ရပ်တွေက ကောင်းကင်ဘုံက အငွေ့အသက်တွေ ပါဝင်နေရမယ်။ ချုံကျန်းနဲ့ တွေ့တဲ့အခါ ကျွန်တော်တို့ရဲ့ ကိုယ်ပိုင် အမှတ်အသားတွေကို ဘယ်လို ဖော်ထုတ်မလဲဆိုတာကိုတော့ အခြေအနေအရ ကြည့်လုပ်ကြတာပေါ့”
ပုံသေ အစီအစဉ်များ မရှိချေ။ လူတိုင်းက အခြေအနေပေါ် မူတည်ပြီး ပြောင်းလွယ်ပြင်လွယ် ရှိရန်နှင့် လိမ္မာပါးနပ်ရန် လိုအပ်ပေသည်။
စုမင်က ကြေးမုံပြင်ရှေ့တွင် သူမ၏ ဆံထုံး အဆင်တန်ဆာများကို တပ်ဆင်နေရင်း မနေနိုင်ဘဲ ရယ်မောကာ ပြောလိုက်၏။ “ဒါက Cosplayထက် အများကြီး ပိုပြီး စိတ်လှုပ်ရှားဖို့ ကောင်းတယ်”
လင်းယုန်က ဒရုန်း အဝေးထိန်းခလုတ်ကို ချိန်ညှိလိုက်ပြီး သူ၏ စက်ရုပ်နာရီကို တစ်ချက် ကြည့်ကာ ပြောလိုက်လေသည်။ “ညရဲ့ ပထမယံရောက်ဖို့ နီးနေပြီ”
(NT- 7နာရီကနေ 9နာရီအတွင်းကို ပြောတာပါ)
အဖွဲ့က အချင်းချင်း အပြုံးချင်း ဖလှယ်လိုက်ကြပြီး ဖယောင်းတိုင် မီးရောင်အောက်တွင် သူတို့၏ ဝတ်ရုံများပေါ်ရှိ တိမ်တိုက်ပုံစံ ပန်းထိုးထားသော အနားစွန်းများသည် လေမတိုက်ဘဲနှင့်ပင် လွင့်ခါနေချေသည်။
ဤအခိုက်အတန့်တွင် သူတို့က အချိန်ခရီးသွားလာသူများ မဟုတ်ကြတော့ဘဲ သမိုင်းကို ပြန်လည်ရေးသားရန် အဆင်သင့်ဖြစ်နေသော နတ်ဘုရားအုပ်စုတစ်စု ဖြစ်နေကြပြီ ဖြစ်၏။
ည ရှစ်နာရီခန့်တွင် ညအမှောင်ထုက မင်ရည်ကဲ့သို့ မည်းနက်နေခဲ့သည်။
တင်းကောင်းနှင့် သူ၏ အဖော်သုံးယောက်က ဆန်းရှီး အသင်းတော်ခန်းမ တစ်လျှောက် သရဲတစ္ဆေများကဲ့သို့ ရွေ့လျားသွားကြလေသည်။
ရှဲ့မင်တာက အိပ်ဆေးများ စိမ်ထားသော ပဝါတစ်ခုကို လက်ထိပ်များကြားတွင် ကိုင်ထားပြီး ညစောင့်တစ်ယောက်၏ ပါးစပ်နှင့် နှာခေါင်းကို တိတ်ဆိတ်စွာ အုပ်လိုက်၏။
ဝမ်ရှင်းရန်နှင့် ကျန်းမောက်တို့ကလည်း တွက်ချက်မှုများ ပြုလုပ်နေဆဲဖြစ်သော စာရင်းကိုင် အချို့ကို အလျင်အမြန် မေ့လဲသွားစေလေသည်။
ဆယ့်ငါးမိနစ်ပင် မပြည့်မီအချိန်အတွင်း အသင်းတော်ခန်းမတစ်ခုလုံး သေမင်းတမန်ကဲ့သို့ တိတ်ဆိတ်သွားပြီး ကျန်းယဲ့နှင့် သူ၏အဖွဲ့သာ ကျန်ရစ်တော့၏။
“အရာအားလုံး ရှင်းလင်းပြီးပြီ” တင်းကောင်းက သူ၏ လက်များကို ခါလိုက်ပြီး သူ၏ မျက်လုံးများက လရောင်အောက်တွင် ဓားများကဲ့သို့ စူးရှနေခဲ့သည်။ “အနောက်ဖေးက ခွေးတောင် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေပြီ...”
အခန်း ၁၁၁ပြီး၏။