← Chapters

အခန်း ၁၁၆

Vol. 12 Ch. 116

အခန်း ၁၁၆

Vol. 12 Ch. 116

အခန်း (၁၁၆) မင်မင်းဆက်၏ လမ်းစဉ်

​တင်းကောင်းက သက်ပြင်းချလျက် လေးလံသော အသံဖြင့် ရုတ်တရက် စကားစလိုက်သည်။ “ကျွန်တော်သာ အရှင်မင်းမြတ်ရဲ့ နေရာမှာဆိုရင် ဒီလောက်ကြာကြာ တောင့်ခံထားနိုင်ခဲ့မှာ မဟုတ်ဘူး...”

​ဤစကားများက ချုံကျန်း၏ ကျောရိုးတစ်လျှောက် စိမ့်တက်သွားစေလေသည်။

​သူသည် သူ့ရှေ့မှ လူအုပ်ကြီးကို ကြောင်တောင်တောင် စိုက်ကြည့်နေမိပြီး သူ့ကို နားလည်ပေးမှုမှတစ်ဆင့် ရရှိလာသော နွေးထွေးမှုကို ပထမဆုံးအကြိမ် ခံစားလိုက်ရ၏။

​မရေမတွက်နိုင်သော လသာညများတွင် သူဟာ ချန်ချင်းနန်းဆောင်၌ မိုးလင်းသည်အထိ အစီရင်ခံစာများကို တစ်ယောက်တည်း ဖတ်ရှုစစ်ဆေးနေခဲ့သော်လည်း မည်သူကမျှ သူ့ကို စာနာနားလည်သည့် စကားတစ်ခွန်းမျှ မပြောခဲ့ဖူးချေ။

​ကျန်းယဲ့က ချုံကျန်းရှေ့သို့ ရေနွေးကြမ်း တစ်ခွက်ကို တွန်းပေးလိုက်၏။ “အရှင်မင်းမြတ်... ကျေးဇူးပြုပြီး စိတ်မပူပါနဲ့။ အခု ကျွန်တော်တို့ ဒီကို ရောက်နေပြီဆိုတော့ လက်ပိုက်ကြည့်နေမှာ မဟုတ်ပါဘူး”

​ရေနွေးကြမ်းမှ ထွက်ပေါ်လာသော အငွေ့တန်းလေးများက လရောင်အောက်တွင် ညင်သာစွာ တက်လာပေသည်။

​ကျန်းယဲ့၏ ညင်သာသော အသံက ထပ်မံ ထွက်ပေါ်လာပြန်သည်။ “ဒါပေမဲ့ အပြောင်းအလဲဆိုတာ အချိန်ယူရပါတယ်။ ပိုအရေးကြီးတာက မှန်ကန်တဲ့ နည်းလမ်းတွေ လိုအပ်ပါတယ်”

​ချုံကျန်းဧကရာဇ်က လက်ဖက်ရည်ပန်းကန်ကို ကိုင်ထားရင်း သူ၏ လက်ထိပ်များဆီမှနေ၍ ပျောက်ကွယ်နေသည်မှာ ကြာပြီဖြစ်သော နွေးထွေးမှုကို ခံစားလိုက်ရလေသည်။

​ကျန်းယဲ့က တက်ဘလက် ကွန်ပျူတာတစ်လုံးကို ထုတ်ယူကာ နှစ်ချက်သုံးချက် နှိပ်လိုက်ရာ မျက်နှာပြင်က လင်းလာလေသည်။

​“အရှင်မင်းမြတ်... ကျေးဇူးပြုပြီး ကြည့်လိုက်ပါ။ ဒါက နောက် နှစ်ပေါင်း သုံးရာအကြာက ကမ္ဘာကြီးပါပဲ...”

​ချုံကျန်းဧကရာဇ်ဟာ လင်းနေသော မျက်နှာပြင်ကို အံ့အားသင့်စွာ စိုက်ကြည့်နေသော်လည်း သူ၏ အာရုံက ၎င်းပေါ်တွင် ပြသထားသော အကြောင်းအရာများဆီသို့ လျင်မြန်စွာ ရောက်သွားချေသည်။ ကျယ်ပြောလှသော သမုဒ္ဒရာကြီးထဲတွင် ဧရာမသံမဏိသင်္ဘောကြီးများ တစ်စီးပြီး တစ်စီး ပေါ်လာခဲ့ကြသည်။

​“မင်မင်းဆက်က ပြည်တွင်းပြည်ပ ပြဿနာတွေနဲ့ လုံးပန်းနေရဆဲ အချိန်မှာ နိုင်ငံခြားတိုင်းပြည်တွေကတော့ ကိုလိုနီခေတ်ကို စတင်နေကြပါပြီ”

​မြင်ကွင်းက ထပ်မံပြောင်းလဲသွားပြီး ရေနွေးငွေ့ အင်ဂျင်များ၏ ဟိန်းဟောက်သံ၊ စက်ရုံ မီးခိုးခေါင်းတိုင်များနှင့် သံလမ်းပေါ်တွင် အရှိန်ပြင်းစွာ မောင်းနှင်နေသော ရထားများကို ပြသနေခဲ့သည်။

​စက်မှုတော်လှန်ရေး၏ မြင်ကွင်းများက ချုံကျန်း၏ မျက်စိရှေ့တွင် ဖြန့်ကျက်လာပေသည်။

​“မင်မင်းဆက်နေရာမှာ ချင်းမင်းဆက် အစားထိုး ဝင်ရောက်လာပြီးတဲ့နောက် ပင်လယ်ရပ်ခြားနိုင်ငံတွေက စက်မှုတော်လှန်ရေးကို ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်နေကြပြီး အဲဒီနောက်မှာ ဆက်ဖြစ်လာတာကတော့...” ကျန်းယဲ့၏ အသံက ရပ်တန့်သွားခဲ့သည်။

​ဤအခိုက်အတန့်တွင် တက်ဘလက်ပေါ်ရှိ မျက်နှာပြင်က ရုတ်တရက် ပြောင်းလဲသွားချေသည်။ ဘိန်းစစ်ပွဲ မှ အမြောက်ဆံများက ကွမ်ကျိုးမြို့တံခါးများကို ပစ်ခတ်ဖောက်ခွဲလိုက်ပြီး ယွမ်မင်ယွမ် (Old Summer Palace) သည် မီးတောက်များကြားတွင် လောင်ကျွမ်းနေကာ၊ နန်ကျင်း စာချုပ် ၏ အဖြူပေါ် အမည်းရေးထားသော စာလုံးများက မျက်စိကို စူးရှနာကျင်စေသည်။

(NT- ဘိန်းစစ်ပွဲက တရုတ်နဲ့ဗြိတိန် ၁၉ရာစုအတွင်း ဖြစ်ပွားခဲ့တာပါ... ထိုခေတ်က ဗြိတိန်က တရုတ်ကနေ လက်ဖက်ခြောက်၊ ပိုးထည်၊ ကြွေထည် အများပြားကိုဝယ်ယူခဲ့တာကြောင့် ကုန်သွယ်ရေးလိုငွေ ပြခဲ့ပါတယ် .. ဒါကြောင့် ဗြိတိန်က အိန္ဒိယက ဘိန်းတွေကို ပြည်တွင်းကို တရားမဝင် တင်သွင်းပြီး ရောင်းချခဲ့ကြပါတယ်... အဲ့ဒါကြောင့် တရုတ်အစိုးရက ပြည်သူတွေ ဘိန်းစွဲပြီး နိုင်ငံပျက်မဲ့အရေးကို စိုးရိမ်လို့ ဘိန်းတွေကို သိမ်းဆည်းမီးရှိုခဲ့ကြပါတယ်.. အဲ့ဒါကို အကြောင်းပြပြီး ဗြိတိန်ကလည်း စက်မှုတော်လှန်ရေးကနေရတဲ့ ခေတ်မီစစ်သင်္ဘောတွေ၊ အမြောက်တွေနဲ့ တရုတ်ကို တိုက်ခိုက်ခဲ့ပါတယ် ... အဲ့စစ်ပွဲမှာ တရုတ်တွေရှုံးသွားပြီး ဟောင်ကောင်ကို ဗြိတိန်ကိုပေးခဲ့ရပြီး မတရားတဲ့ စာချုပ်တွေလဲ ချုပ်ဆိုခဲ့ရပါတယ်..)

​ချုံကျန်းဧကရာဇ်၏ မျက်လုံးများက ရုတ်တရက် ကျဉ်းမြောင်းသွားပြီး သူ၏ လက်သီးများက အလိုအလျောက် ဆုပ်ထားမိလျက်သား ဖြစ်သွား၏။

​နိုင်ငံရှစ်နိုင်ငံ မဟာမိတ်တပ်များက တားမြစ်မြို့တော် အတွင်းဝယ် ဝင်ထွက်သွားလာကာ သောင်းကျန်းနေကြသည်ကို သူ မြင်လိုက်ရသောအခါ ကျန်းယဲ့နှင့် အခြားသူများ၏ မျက်လုံးများထဲရှိ အမုန်းတရား၏ အရင်းအမြစ်ကို နောက်ဆုံးတော့ သူ နားလည်သွားရသည်။

​“ဒါဆိုရင်...” ချုံကျန်းက ရုတ်တရက် မော့ကြည့်လိုက်ရာ သူ၏ မျက်လုံးများတွင် အံ့အားသင့်မှုနှင့် သဘောပေါက် နားလည်သွားမှုတို့ ရောနှောနေသော စူးရှသည့် အလင်းရောင်တစ်ခုက တောက်ပနေပြီး ကျန်းယဲ့ကို ကြည့်ကာ ပြောလိုက်၏။ “ငါကိုယ်တော်ရဲ့ မင်မင်းဆက်က တရုတ်ပြည်ကို သူတို့လိုမျိုး ပြုပြင်ပြောင်းလဲရေးလမ်းစဉ်တူဆီကို ဦးဆောင်ခေါ်သွားရမယ်ပေါ့...”

​“မဟုတ်ပါဘူး... အရှင်မင်းမြတ် အထင်လွဲနေပါပြီ” ကျန်းယဲ့က ခေါင်းကို ညင်သာစွာ ယမ်းပြလိုက်၏။ “သူတို့လို ဖွံ့ဖြိုးတိုးတက်ဖို့ မဟုတ်ပါဘူး... သူတို့ကို ကျော်လွန်ဖို့ပါ”

​သူက နောက်ထပ် ပုံရိပ်အစုအဝေး တစ်ခုကို ခေါ်ထုတ်လိုက်ပြန်သည်။

​အနောက်ဘက် သမုဒ္ဒရာဆီသို့ ခရီးထွက်ခဲ့သော ကျိန်းဟဲ၏ ဧရာမသင်္ဘောအုပ်စုကြီး၊ မြောက်ပိုင်း စုန့်မင်းဆက်၏ ရေအားသုံး နက္ခတ္တဗေဒ နာရီမျှော်စင်ကြီး နှင့် မင်မင်းဆက်၏ ထျန်းကုန်း ခိုင်ဝူကျမ်း...

​တရုတ်ယဉ်ကျေးမှု၏ ဤထွန်းလင်းတောက်ပသော အောင်မြင်မှုများကို တစ်ခုပြီး တစ်ခု ပြသထားခဲ့သည်။

​“ကျွန်တော်တို့မှာ ထောင်ပေါင်းများစွာသော ယဉ်ကျေးမှု သမိုင်းကြောင်း ရှိပြီး ကမ္ဘာပေါ်မှာ အထက်မြက်ဆုံး လူတွေ ရှိပါတယ်” ကျန်းယဲ့က စူးရှသော အကြည့်ဖြင့် ပြောလိုက်၏။ “အနောက်နိုင်ငံသားတွေက ကျွန်တော်တို့ သင်ယူလေ့လာခဲ့တဲ့ အရာတွေအပေါ်မှာ အခြေခံပြီး တည်ဆောက်နေကြရုံပါပဲ။ တကယ်လို့ မင်မင်းဆက်ကသာ ဆက်လက် တည်ရှိနိုင်ခဲ့မယ်ဆိုရင်...”

လင်းယုန်က ဝင်ပြောလိုက်၏။ “ကျွန်တော်တို့က သူတို့ထက်အရင် စက်မှုတော်လှန်ရေးကို စတင်နိုင်ခဲ့မှာပါ...”

​ချုံကျန်း၏ မျက်လုံးများထဲတွင် မီးတောက်တစ်ခုက တဖြည်းဖြည်း လောင်ကျွမ်းလာလေသည်။

​သူက ရုတ်တရက် မတ်တတ်ရပ်လိုက်ပြီး လရောင်အောက်တွင် ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေခဲ့သည်။ “ဒါဆို ငါကိုယ်တော်လုပ်ရမှာက အတုခိုးဖို့ မဟုတ်ဘဲ ပြန်လည် နိုးကြားလာစေဖို့နဲ့ သူတို့ကို ကျော်လွန်ဖို့ပဲ...”

​“မှန်ပါတယ်...” စွန်းချီက စိတ်လှုပ်ရှားစွာ အာမေဍိတ်သံ ပြုလိုက်၏။ “တရုတ်ယဉ်ကျေးမှုကို လူရိုင်းတွေ ခြေမွတာ ခံရမယ့်အစား ပြန်လည် ရှင်သန်လာအောင် လုပ်ကြမယ်...”

​ချုံကျန်းဧကရာဇ်က သူ၏ အမည်းရောင် ဝတ်ရုံခြုံကို ပို၍ တင်းကြပ်စွာ ဆွဲစည်းလိုက်ရာ သူ၏ ရိုးရှင်းသော အဝတ်အစားများက လရောင်အောက်တွင် ပို၍ အထီးကျန် ဆန်နေပုံပေါ်လေသည်။

​သူက နဂါးကိုးကောင် ကျောက်စိမ်းဆွဲသီးကို ပွတ်သပ်ရင်း ခါးသီးစွာ ပြုံးလိုက်ပြီး တိုးညှင်းသော အသံဖြင့် ပြောလိုက်၏။ “မင်းတို့ ပြောတာက အရမ်း မှန်ပါတယ်။ ဒါပေမဲ့ လောလောဆယ်မှာ ငါကိုယ်တော်ဆီမှာ ငွေလည်း မရှိဘူး.. လူအင်အားလည်း မရှိဘူး... ဒီအခြေအနေက...”

​လီကျစ်က ရုတ်တရက် တစ်ခုခုကို သတိရသွားပြီး စိတ်အားထက်သန်စွာ ကြေညာလိုက်၏။ “အရှင်မင်းမြတ်... အချိန်ခရီးသွားဝတ္ထုတွေထဲက ဇာတ်လိုက်တွေအားလုံးက ခြစားတဲ့ အမတ်တွေရဲ့ ပိုင်ဆိုင်မှုတွေကို သိမ်းဆည်းပြီး ကြီးပွားလာကြတာချည်းပဲ။ ကျိုးယန်ရူ နဲ့ ဝမ်ထီရန်တို့လို ခြစားတဲ့ အမတ်တွေဆိုရင် သူတို့ထဲက တစ်ယောက်တည်းကတင် တစ်နှစ်စာ စစ်ရေးစရိတ် အပြည့်အဝကို ထောက်ပံ့ပေးနိုင်လောက်တယ်...”

​ကျောက်စိမ်းဆွဲသီးပေါ်ရှိ ချုံကျန်း၏ လက်ချောင်းများ အနည်းငယ် ရပ်တန့်သွားပြီး သူ၏ မျက်လုံးများတွင် စိတ်ဝင်စားမှု တစ်ချက် ဖြတ်ပြေးသွားသော်လည်း သူက ချက်ချင်း တည်ငြိမ်မှုကို ပြန်ယူလိုက်၏။ “တကယ်လို့ အဲဒီလောက် ရိုးရှင်းမယ်ဆိုရင်တော့...”

​သူက ခေါင်းယမ်းလိုက်ပြီး သူ၏ အမည်းရောင် ဝတ်ရုံခြုံက ညလေပြေထဲတွင် အနည်းငယ် လွင့်ခါသွားလေသည်။ “ငါကိုယ်တော် အဲဒီလောက်အထိ ဆိုးရွားမှာ မဟုတ်ပါဘူး”

​ထို့နောက် ကျန်းယဲ့က သေသပ်လှပစွာ ချုပ်နှောင်ထားသော စာအုပ်ငယ် တစ်အုပ်ကို ထုတ်ယူလိုက်၏။ “အရှင်မင်းမြတ်... ကျေးဇူးပြုပြီး ဒါကို ကြည့်လိုက်ပါ...”

​သူက စာအုပ်ကို လက်နှစ်ဖက်ဖြင့် ကမ်းပေးရင်း ပြောလိုက်၏။ “ဒါက နောက်ထပ် သမိုင်းစာအုပ်တစ်အုပ်ပါ”

​ချုံကျန်းက စာအုပ်ကို ယူလိုက်ပြီး ဤတစ်ကြိမ်တွင် ကျန်းယဲ့က တစ်စုံတစ်ယောက်ကို လက်နှိပ်ဓာတ်မီး ဖွင့်ခိုင်းလိုက်ရာ မဏ္ဍပ်ကို နေ့ခင်းဘက်ကဲ့သို့ ချက်ချင်း လင်းထိန်သွားစေလေသည်။

​တောက်ပနေသော မီးရောင်ကို ကြည့်ပြီး ၎င်းက ဘာလဲဆိုတာကို ချုံကျန်းက အကြမ်းဖျင်း နားလည်သွားရသည်။

​သူက လက်နှိပ်ဓာတ်မီးအလင်းရောင်ဖြင့် အနီးကပ် ကြည့်လိုက်ရာ သူ၏ လက်ချောင်းများ ရုတ်တရက် တုန်ယင်သွားလေသည်။

​လီဇီချန်မြို့ကို ဖောက်ထွင်းဝင်ရောက်လာချိန်တွင် ဝမ်ထီရန်သည် အသားများကို တစ်စစီ လှီးဖြတ် အသတ်ခံရပြီး ကျိုးယန်ရူ၏ မိသားစုတစ်ခုလုံး ရေတွင်းထဲ ခုန်ချကာ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ခဲ့ကြသည်ဟု ထိုစာအုပ်တွင် မှတ်တမ်းတင်ထား၏။

​“ဒါက...” ချုံကျန်းက ကျန်းယဲ့ကို အံ့အားသင့်စွာ ကြည့်လိုက်၏။

​ကျန်းယဲ့က အပြုံးဖြင့် ပြန်ဖြေလိုက်ခေသည်။ “ဒါက လုပ်ကြံဖန်တီးထားတာဖြစ်ပေမဲ့... ဒါက သူတို့ရဲ့ ကံကြမ္မာပဲဆိုတာကို အဲဒီအမတ်တွေ ယုံကြည်သွားအောင် ကျွန်တော်တို့ လုပ်ဖို့ လိုတယ်”

​ရွှီကျောက်က ဖြည့်စွက်ပြောလိုက်ပြန်သည်။ “မင်မင်းဆက် ပြိုလဲသွားရင် သူတို့ထဲက တစ်ယောက်မှ အသက်ရှင်မှာ မဟုတ်ဘူး...”

​ချုံကျန်းက စာအုပ်ကို ဖြည်းညင်းစွာ ပိတ်လိုက်ပြီး အမည်းရောင်ဝတ်ရုံခြုံအောက်ရှိ သူ၏ ပခုံးများက တဖြည်းဖြည်း မတ်မတ်ဖြစ်လာကာ သူ၏ မျက်လုံးများတွင် စူးရှသော အလင်းရောင် တစ်ချက် လင်းလက်သွားချေသည်။ “ ရည်ရွယ်ချက်က ငါကိုယ်တော်နဲ့ အေးအတူပူအမျှ ခံစားမှသာ သူတို့ အသက်ရှင်နိုင်မယ်ဆိုတာကို နားလည်သွားစေချင်တာပေါ့...”

​ကျန်းယဲ့က ခေါင်းညိတ်လိုက်၏။

​ချုံကျန်းဧကရာဇ်က တွေးတောလျက် မျက်မှောင်ကြုတ်လိုက်ပြီးနောက် ဖြည်းညင်းစွာ စကားပြောလိုက်၏။ “မင်းတို့က ဒီလုပ်ကြံဖန်တီးထားတဲ့ သမိုင်းအကြောင်းကို အဲဒီအမတ်တွေကို ဘယ်အချိန်မှာ အသိပေးဖို့ စီစဉ်ထားလဲ...”

​ကျန်းယဲ့က ပွင့်ပွင့်လင်းလင်း ပြောလိုက်လေသည်။ “မနက်ဖြန် နံနက်ခင်း ညီလာခံမှာ နှစ်ပေါင်း ၃၉၀ ကျော် အနာဂတ်ကလာတဲ့ လူတွေအနေနဲ့ ကျွန်တော်တို့ရဲ့ ကိုယ်ပိုင်အမှတ်အသားတွေကို လူသိရှင်ကြား ထုတ်ဖော်ပြသသွားပါမယ်”

​လင်းယုန်က စကားဆက်လိုက်သည်။ “အဲဒီအချိန်ကျရင် ဒီလုပ်ရပ်က မင်မင်းဆက်ကို ကယ်တင်ဖို့ဆိုတာ ပွင့်ပွင့်လင်းလင်း ပြောပြမယ်။ ပြီးတော့ အမတ်အားလုံးရဲ့ အနာဂတ်ကိုလည်း အသေးစိတ် ရှင်းပြသွားပါမယ်...”

​ချုံကျန်းဧကရာဇ်က လေးနက်သော မျက်နှာအမူအရာဖြင့် ခေါင်းယမ်းလိုက်၏။ “အဲဒီ မြေခွေးအိုကြီးတွေ အားလုံးက ကောက်ကျစ်စဉ်းလဲပြီး ပါးနပ်ကြတယ်။ ဒီသမိုင်းစာအုပ်က အတုဆိုတာ သူတို့ သိသွားရင် သူတို့က ဆန့်ကျင်ဘက်လမ်းကြောင်းကို သွားပြီး သခင်သစ်ဆီကို ကြိုတင် ခစားသွားနိုင်တယ်....”

​“အရှင်မင်းမြတ်... စိတ်ချပါ... ဒီသမိုင်းက အမှန်ပဲလို့ သူတို့ ယုံကြည်သွားအောင် လုပ်ဖို့ ကျွန်တော်တို့ဆီမှာ ကိုယ်ပိုင် နည်းလမ်းတွေ ရှိပါတယ်” ရွှီကျောက်က ချုံကျန်းကို စိတ်အေးစေရန် ပြောလိုက်၏။

​ကျန်းယဲ့က တည်ငြိမ်စွာ ဖြည့်စွက်ပြောလေသည်။ “ကျွန်တော်တို့က နောက်ပိုင်းမျိုးဆက်သစ်တွေ ဖြစ်တယ်ဆိုတာ သူတို့ကို ယုံကြည်အောင် လုပ်နိုင်တာနဲ့ သူတို့က ဒီသမိုင်းစာအုပ်ကို မယုံဘဲ နေလို့မရတော့ဘူး။ ဒီအမတ်တွေက အကျိုးအမြတ်ကိုပဲ ရှာဖွေကြတာ... သူတို့ မိသားစုရဲ့ စည်းစိမ်နဲ့ အဆင့်အတန်း ဆက်လက် တည်တံ့ရေးကိုပဲ ကြည့်ကြတာ။ ကျွန်တော်တို့ရဲ့ ပေါ်ပေါက်လာမှုက အရှင်မင်းမြတ်အတွက် အကျိုးရှိသလို မင်မင်းဆက်အတွက်လည်း အကျိုးရှိစေပါတယ်...”

​အကျိုးအမြတ်ကြောင့် တွန်းအားပေးခံရတဲ့ သူတို့ရဲ့ လောဘက အဓိကနဲ့ သာမညကို ခွဲခြားနိုင်စွမ်း မရှိအောင် တားဆီးထားချေသည်။

​သူ၏ သေချာပေါက် ပြောဆိုနေမှုကို ကြည့်ရခြင်းအားဖြင့် သူ၏ စိတ်ထဲတွင် အစီအစဉ်တစ်ခု ရှိနေပြီးဖြစ်ကြောင်း သိသာလှသည်။

​အချိန်အတော်ကြာ တိတ်ဆိတ်သွားပြီးနောက် ချုံကျန်းက ရုတ်တရက် ရယ်မောလိုက်၏။ “ဖြစ်ချင်ရာဖြစ်... ဒီထက် ဘယ်လောက်တောင် ပိုဆိုးသွားနိုင်ဦးမှာလဲ”

​သူ မတ်တတ်ရပ်လိုက်ချိန်တွင် သူ၏ အမည်းရောင် ဝတ်ရုံခြုံက လေထဲတွင် လွင့်ခါသွားလေသည်။ “ဒါဆိုရင်လည်း မင်းတို့အပေါ်မှာပဲ မူတည်တော့တယ်...”

​အသင်းတော်ခန်းမအပြင်ဘက်တွင် လရောင်က တဖြည်းဖြည်း နက်ရှိုင်းလာချေသည်။

​ဝမ်ချန်အန်းက လှေကားထစ်များပေါ်တွင် ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေပြီး သူ၏ နဖူးပေါ်တွင် ချွေးသီးချွေးပေါက်များ ထွက်ပေါ်နေခဲ့သည်။

​သူက တံခါးအက်ကွဲကြောင်းမှတစ်ဆင့် တတိယအကြိမ်မြောက် ချောင်းကြည့်လိုက်သော်လည်း အမည်းရောင်အမှောင်ထုကိုသာ မြင်တွေ့နေရဆဲပင်။

​ဝမ်ချန်အန်းက အမတ်များကို ကြည့်လိုက်ပြီး သူ၏ မျက်လုံးများတွင် စိုးရိမ်ပူပန်မှုများ ပြည့်နှက်နေလေသည်။ “အမတ်မင်းတို့... အရှင်မင်းမြတ်အထဲမှာ ရှိနေတာ တစ်နာရီတောင် ကြာနေပြီ။ ကျွန်တော်တို့...”

​“ကျွန်တော်တို့ မဆင်မခြင် မလုပ်သင့်ဘူး” ရှန်ယုံမောက်က သဘောမတူစွာ ခေါင်းယမ်းလိုက်၏။ “အရှင်မင်းမြတ်က သူတို့ကြားထဲမှာ ရှိနေတုန်းပဲ”

​ဝမ်ချန်အန်း၏ အသံက စူးရှကာ စိုးရိမ်တကြီး ဖြစ်သွားလေသည်။ “အရှင်မင်းမြတ် တစ်ခုခုများ ဖြစ်သွားခဲ့ရင်...”

​သူ စကားကို အဆုံးထိ မပြောခဲ့သော်လည်း သူ ဘာကို ဆိုလိုသည်ကို လူတိုင်းက နားလည်ကြ၏။

​ဝမ်ချန်အန်းက အမတ်ချုပ်ကြီးကျိုးကို ကြည့်လိုက်သည်။ “အမတ်ချုပ်ကြီးကျိုး... ဒီကိစ္စအပေါ် မင်းရဲ့ ဆုံးဖြတ်ချက်က ဘာလဲ။ အရှင်မင်းမြတ်ကို ကယ်မှာလား... မကယ်ဘူးလား”

​ကျိုးယန်ရူက မျက်မှောင်ကြုတ်လိုက်ရာ သူ၏ မျက်မှောင်များကြားတွင် ရွံရှာမှု တစ်ချက် ဖြတ်ပြေးသွားသော်လည်း သူက တည်ငြိမ်စွာ ပြောလိုက်၏။ “အရှင်မင်းမြတ်က ကျွန်တော်တို့ကို အပြင်မှာ စောင့်ဖို့ အမိန့်ပေးထားပါတယ်”

အခန်း ၁၁၆ပြီး၏။

All Chapters