အခန်း ၁၁၇
Vol. 12 Ch. 117
အခန်း (၁၁၇) နတ်ဘုရားတွေနဲ့ မင်းတို့အားလုံးကို တွေ့ခွင့်ပေးမယ်
“မင်းတို့...” ဝမ်ချန်အန်းမှာ ဒေါသထွက်နေသော်လည်း ဘာမှမတတ်နိုင်ချေ။ သူက လော်ရန်ရှင်းဘက်သို့ အကြည့်လွှဲလိုက်ပြီး “တပ်မှူးလော်... အရှင်မင်းမြတ်ရဲ့ လုံခြုံရေးအတွက် တာဝန်ရှိတာ သင်ပါ”
လော်ရန်ရှင်းက ဝမ်ချန်အန်းကို ပေါ့ပေါ့ပါးပါး တစ်ချက်ကြည့်လိုက်ပြီး “အရှင်မင်းမြတ်ရဲ့ အမိန့်အတိုင်းပဲ ကျွန်တော်တို့ လိုက်နာရမှာပါ...”
“မင်းတို့... မင်းတို့အားလုံး...” ဝမ်ချန်အန်းမှာ သူတို့ကို လက်ညှိုးထိုးပြီး မဆဲဆိုရက်တော့ချေ။ သူက အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်ပြီး “အမတ်မင်းတို့က ဒီလို လျစ်လျူရှုထားနိုင်ပေမဲ့ ဒီအစေခံအိုကြီးကတော့ လုံးဝ ဒီလို မလုပ်နိုင်ဘူး”
အပြင်ဘက်မှ ဆူညံသံများကို ကြားရသောအခါ အထူးသဖြင့် ဝမ်ချန်အန်း၏ စကားများကြောင့် အမှောင်ထဲတွင် ပုန်းကွယ်နေသော တင်းကောင်းက မနီးမဝေးတွင်ရှိသော ဝမ်ရှင်းရန်ကို လက်ဟန်ဖြင့် အချက်ပြလိုက်၏။
အချက်ပြမှုကို ရရှိပြီးနောက် ဝမ်ရှင်းရန်က စကားပြောစက် ခလုတ်ကို အမြန်နှိပ်လိုက်လေသည်။ “လမ်းညွှန်ကျန်း... အပြင်ဘက်က လူတွေ ဆက်မစောင့်နိုင်တော့ဘူး။ အတင်း ဝင်လာမယ့် အရိပ်အယောင်တွေ ရှိနေတယ်...”
မဏ္ဍပ်အတွင်းတွင် ချုံကျန်းဧကရာဇ်က ကျောက်စားပွဲပေါ်ရှိ အမည်းရောင် သေတ္တာငယ်လေးထဲမှ ထွက်ပေါ်လာသော အသံကြောင့် လန့်သွားရသည်။
“ဒါက ဘာလဲ” ချုံကျန်းက ထိုအရာကို စူးစမ်းလေ့လာရင်း စပ်စုစွာ မေးလိုက်၏။
ကျန်းယဲ့က စကားပြောစက်ကို ကောက်ကိုင်လိုက်ပြီး ရိုးရှင်းစွာ ရှင်းပြလိုက်ခေသည်။ “ဒါက နောက်ပိုင်း မျိုးဆက်သစ်တွေရဲ့ ဆက်သွယ်ရေး ကိရိယာတစ်ခုပါ။ အသံချဲ့စက်နဲ့ ဆင်တူပါတယ်..”
“စိတ်ဝင်စားစရာပဲ...”
ဤအချိန်တွင် နှစ်ဖက်စလုံး၏ စကားဝိုင်းကလည်း အဆုံးသတ်လုနီးပါး ဖြစ်နေပြီဖြစ်၏။
“အမတ်မင်းတို့...” ချုံကျန်းက သူ၏ အမည်းရောင် ဝတ်ရုံခြုံကို သပ်ရပ်အောင် ပြင်ဆင်ရင်း လေးနက်စွာ ပြောလိုက်သည်။ “ဒီဆန်းရှီးအသင်းတော်ခန်းမက စုတ်ပြတ်နေပြီး လုံခြုံမှုလည်း မရှိဘူး။ ကျွန်တော်တို့ နန်းတော်ကို အတူတူ ပြောင်းသွားကြရင် မကောင်းဘူးလား...”
ကျန်းယဲ့က ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ပြီး သူ၏ အဖော်များနှင့် အကြည့်ချင်း ဖလှယ်လိုက်ကာ ခေါင်းညိတ်လိုက်လေသည်။ “ဒါဆိုရင် အရှင်မင်းမြတ်ကို အလုပ်ရှုပ်ခံရတော့မှာပဲ....”
တံခါးအပြင်ဘက်ရှိ တံခါးခေါက်ကွင်းကို ဝမ်ချန်အန်း၏ လက်ဖြင့် ထိလုနီးပါး အချိန်တွင် တံခါးကြီးက အတွင်းဘက်မှနေ၍ ရုတ်တရက် ပွင့်လာလေသည်။
ချုံကျန်းဧကရာဇ်က လက်နောက်ပစ်လျက် ရပ်နေပြီး သူ၏ အမည်းရောင်ဝတ်ရုံခြုံက ညလေပြေထဲတွင် လွင့်ခါနေကာ ခါးရှိ နဂါးကိုးကောင် ကျောက်စိမ်းဆွဲသီးက အေးစက်သော အလင်းရောင်ဖြင့် တောက်ပနေခဲ့သည်။
“အရှင်မင်းမြတ်...” လူအုပ်ကြီးက တစ်ပြိုင်နက်တည်း အာမေဍိတ်သံ ပြုလိုက်ကြပြီး သူတို့၏ မျက်နှာအမူအရာများတွင် စိုးရိမ်ပူပန်မှုများကို တွေ့မြင်နေရလေသည်။
ချုံကျန်းဧကရာဇ်၏ အကြည့်က စုဝေးနေသော အမတ်များကို ဝေ့ကြည့်သွားပြီး သူ၏ နှုတ်ခမ်းတွင် အပြုံးဖျော့ဖျော့လေး တစ်ခု ချိတ်ဆွဲထားခဲ့သည်။ “ငါကိုယ်တော်ရဲ့ ချစ်လှစွာသော အမတ်မင်းတို့... အားလုံး စိတ်မရှည်ဖြစ်နေကြပြီလား”
သူ၏ လေသံထဲရှိ တည်ငြိမ်မှုက လူတိုင်းကို အံ့အားသင့်သွားစေခေသည်။
လရောင်အောက်တွင် လူငယ်ဧကရာဇ်က အသစ်တစ်ဖန် ပြန်လည်မွေးဖွားလာသကဲ့သို့ ဖြစ်နေချေသည်။ အတိတ်က စိုးရိမ်ပူပန်မှုများက သူ၏ မျက်လုံးများထဲမှ ပျောက်ကွယ်သွားပြီး ယခင်က တစ်ခါမျှ မရှိခဲ့ဖူးသော တည်ငြိမ်မှုနှင့် ယုံကြည်မှုတို့ဖြင့် အစားထိုး ဝင်ရောက်လာ၏။
ဤအပြောင်းအလဲက ထိုမြေခွေးအိုကြီးများ၏ မျက်လုံးများမှ လွတ်ကင်းသွားနိုင်စရာ အကြောင်းမရှိချေ။
အမတ်များ၏ ကျောရိုးတစ်လျှောက် စိမ့်တက်သွားသလို ခံစားလိုက်ရပြီး သူတို့၏ အကြည့်များက ဧကရာဇ်၏ နောက်ရှိ နတ်ဘုရားဆယ့်တစ်ပါးဆီသို့ အလိုအလျောက် ရောက်ရှိသွားကြသည်။
လရောင်အောက်တွင် နတ်ဘုရားဆယ့်တစ်ပါး၏ ဝတ်ရုံများက လွင့်ခါနေပြီး သူတို့၏ ခန္ဓာကိုယ်များက ကျန်ရစ်နေသော နတ်ဘုရားတို့၏ စွမ်းအင်များဖြင့် ဝန်းရံခံထားရဆဲ ဖြစ်ပုံရသည်။
ချုံကျန်းဧကရာဇ်က သူတို့ကို ဆက်လက် စဉ်းစားတွေးတောရန် အချိန်မပေးတော့ဘဲ လေးနက်သော အသံဖြင့် အမိန့်ပေးလိုက်၏။ “ထမ်းစင် ပြင်ဆင်ထား။ နတ်ဘုရားဆရာသခင်တွေကို နန်းတော်ထဲ ကြိုဆိုချင်တယ်...”
ဝမ်ချန်အန်းက အလျင်အမြန် သဘောတူလိုက်ပြီးနောက် သူ၏ အခြွေအရံများဘက်သို့ လှည့်ကာ ဒေါသတကြီးဖြင့် တိုးတိုးလေး ပြောလိုက်လေသည်။ “မြန်မြန်သွား။ အကောင်းဆုံး ထမ်းစင်တွေ လိုအပ်တယ်...”
မကြာမီမှာပင် ခမ်းနားထည်ဝါသော ထမ်းစင်များကို တံခါးဝသို့ သယ်ဆောင်လာခဲ့ကြသည်။
ကျန်းယဲ့နှင့် အခြားသူများက ထမ်းစင်ပေါ်သို့ တစ်ယောက်ပြီး တစ်ယောက် တက်သွားကြစဉ် ကျိုးယန်ရူနှင့် အခြားအမတ်များ၏ မျက်လုံးများက သူတို့နောက်သို့ အနီးကပ် လိုက်ပါနေပြီး ထိုအဖွဲ့ကိုသာ အမြဲတမ်း စူးစိုက်ကြည့်နေကြ၏။
ထိုစူးစမ်းနေသော အကြည့်များက သူတို့၏ လျှို့ဝှက်ချက်များကို ဖောက်ထွင်းမြင်ချင်နေပုံရလေသည်။
သို့သော် ထိုသို့ စစ်ဆေးကြည့်ရှုနေသည့်တိုင် ကျန်းယဲ့နှင့် သူ၏ ဆယ့်တစ်ယောက်ပါအဖွဲ့က တည်ငြိမ်အေးဆေးစွာ ရှိနေပြီး ပတ်ဝန်းကျင်မှ စူးစိုက်ကြည့်ရှုမှုများကို ဂရုမစိုက်ကြချေ။
ထမ်းစင် ယာဉ်တန်းက ဖြည်းညင်းစွာ ထွက်ခွာသွားပြီး ကျန်းယန်ဂိတ်ကို ဖြတ်သန်းကာ နန်းတော်ဆီသို့ ဦးတည်သွားခဲ့သည်။
လရောင်အောက်တွင် အမတ်တစ်ဦးချင်းစီ၏ မျက်နှာအမူအရာများမှာ ဝေဝါးနေပြီး ခန့်မှန်းရခက်နေချေသည်။
ဝမ်ချန်အန်းက ချုံကျန်း၏ ထမ်းစင်ဘေးမှ ခပ်သုတ်သုတ် ပြေးလိုက်လာပြီး တစ်ခါတစ်ရံ အနောက်သို့ ခိုးကြည့်တတ်လေသည်။
လော်ရန်ရှင်းက တစ်ဖက်မှ ကင်းစောင့်နေပြီး သူ၏ အကြည့်များက နတ်ဘုရားများကို တင်ဆောင်လာသော ထမ်းစင်များပေါ်သို့ တစ်ခါတစ်ရံ ကျရောက်နေခဲ့သည်။
ညဥ့်နက်လာသည်နှင့်အမျှ တားမြစ်မြို့တော်၏ တံခါးကြီးများက လေးလံသော မြည်သံများဖြင့် ဖြည်းညင်းစွာ ပိတ်သွား၏။
ကျန်းယဲ့နှင့် သူ၏ အခြွေအရံများက မိန်းမစိုးများ၏ လမ်းညွှန်မှုဖြင့် အနားယူရန် ဘေးဘက် နန်းဆောင်တစ်ခုသို့ သွားကြပြီး အရေးကြီးသော အမတ်ကြီးများမှာမူ သူတို့၏ သက်ဆိုင်ရာ စံအိမ်များဆီသို့ အသီးသီး ပြန်သွားကြ၏။
ကျိုးယန်ရူ၏ ထမ်းစင်ကတော့ တိတ်ဆိတ်နေသော လမ်းများကို ဖြတ်သန်းသွားလေသည်။ သူက ကန့်လန့်ကာကို မတင်လိုက်ပြီး ကောင်းကင်ရှိ တောက်ပသော လမင်းကြီးကို ကြည့်ကာ မျက်မှောင်ကြုတ်လိုက်၏။
ဝမ်ထီရန်၏ စံအိမ်ကလည မီးရောင်များဖြင့် လင်းထိန်နေဆဲပင်။ သူ ထမ်းစင်ပေါ်မှ ဆင်းသည်နှင့် တစ်ပြိုင်နက် သီးသန့် ဆွေးနွေးရန် သူ၏ ယုံကြည်ရသော လူယုံများကို စာကြည့်ခန်းထဲသို့ ဆင့်ခေါ်လိုက်သည်။
သူ၏ စံအိမ်သို့ အပြန်လမ်းတွင် ရှန်ယုံမောက်က သူ၏ ထမ်းစင်ကို ရပ်ခိုင်းပြီး ဆန်းရှီးအသင်းတော်ခန်းမကို စုံစမ်းစစ်ဆေးရန် လူများကို စေလွှတ်လိုက်၏။
ထိုညတွင် မြို့တော်ရှိ အဆင့်အသီးသီးမှ အရာရှိများ၏ စံအိမ်များက မီးရောင်များ လင်းထိန်နေခဲ့ကြသည်။
ဝန်ကြီးဌာနခြောက်ခုမှ စာရေးများက ဟိုဟိုဒီဒီ ပြေးလွှားနေကြပြီး ကောလာဟလ အမျိုးမျိုးကို ဖြန့်ဝေနေကြသည်။
“ကြားပြီးကြပြီလား။ ဧကရာဇ်မင်းမြတ်က နတ်ဘုရားတစ်ပါးကို နန်းတော်ထဲ ဖိတ်ခေါ်သွားတယ်တဲ့”
“နတ်ဘုရားတွေက ကျန်းယန်ဂိတ်အပြင်ဘက်က ဆန်းရှီးအသင်းတော်ခန်းမကို ဆင်းသက်လာကြတာ”
“နတ်ဘုရားတွေက ဖန်ဆင်းပြနိုင်တယ်လို့ ပြောကြတယ်...”
ထိုသို့သော တီးတိုးစကားသံများက မြို့တော်၏ နေရာအနှံ့အပြားသို့ ပျံ့နှံ့နေချေသည်။
ဆက်သွယ်ရေးရုံးတော်မှ အရာရှိများက အလားတူ ကောင်းကျိုးပေးသည့် နိမိတ်လက္ခဏာမှတ်တမ်းများကို ရှာဖွေတွေ့ရှိနိုင်ရန် မျှော်လင့်ချက်ဖြင့် တစ်ညလုံး ရှေးဟောင်း စာအုပ်များကို ရှာဖွေခဲ့ကြ၏။
တော်ဝင် နက္ခတ်တာရာ လေ့လာရေးဌာနမှ အရာရှိများသည်လည်း ကြယ်မြေပုံနှင့် ပတ်သက်၍ အဆုံးမရှိ ငြင်းခုံနေကြရသည်။
ယင်ချိန် ကျော်လွန်ပြီးနောက် မိုးမလင်းမီမှာပင် အရာရှိ အမြောက်အမြားက နန်းတော်တံခါး အပြင်ဘက်တွင် စုဝေးနေကြပြီ ဖြစ်၏။
(NT- ယင်ချိန် - မနက် ၃ နာရီမှ ၅ နာရီအတွင်း)
ရာထူးအဆင့်နိမ့် အရာရှိများက နှစ်ယောက်တစ်စု သုံးယောက်တစ်စု စုရုံးကာ ယခင်ညက သူတို့ မြင်တွေ့ကြားသိခဲ့ရသည်များကို တီးတိုး ပြောဆိုနေခဲ့ကြသည်။
“အမတ်မင်းလီ... မင်းရဲ့ စံအိမ်က ကျန်းယန်ဂိတ်နဲ့ နီးတယ်လေ။ မင်း မြင်လိုက်ရလား...”
“မပြောပါနဲ့တော့... ငါ့သားက ကြည့်ချင်လွန်းလို့ အိမ်ခေါင်မိုးပေါ် အတင်း တက်ကြည့်တာ... နောက်ဆုံးတော့ ခြေထောက် ကျိုးသွားတယ်ခေ”
“အမတ်ချုပ်ကြီး ကိုယ်တိုင် နတ်ဘုရားတွေ မှော်ပညာသုံးတာကို မျက်မြင်တွေ့ခဲ့တယ်လို့ ကြားတယ်”
ရုတ်တရက် ဆူညံပွက်လောရိုက်သံများ ထွက်ပေါ်လာချေသည်။
ကျိုးယန်ရူ၏ ထမ်းစင်က လမ်းထောင့်တွင် ပေါ်လာပြီး စကားပြောဆိုသံများ အားလုံး ရုတ်တရက် ရပ်တန့်သွား၏။
အရာရှိများက သူတို့၏ အဝတ်အစားများကို အလျင်အမြန် သပ်ရပ်အောင် ပြင်ဆင်လိုက်ကြပြီး ခေါင်းငုံ့လျက် ရပ်နေခဲ့ကြသည်။
ထို့နောက် ဝမ်ထီရန်၊ ဝမ်ယုံကွမ်နှင့် အခြား အရေးကြီးသော အရာရှိကြီးများ တစ်ယောက်ပြီး တစ်ယောက် ရောက်ရှိလာကြပြီး နန်းတော်တံခါးရှေ့ ဧရိယာက သစ်ရွက်ကြွေသံကိုပင် ကြားရလောက်အောင် တိတ်ဆိတ်သွား၏။
“ဒေါင် ဒေါင်... ” နောက်ခဏ၌ နံနက်ခင်း ခေါင်းလောင်းသံ မြည်လာပြီး လေးလံသော နန်းတော် တံခါးကြီးများကလည်း ဖြည်းညင်းစွာ ပွင့်လာခဲ့ကြသည်။
အရာရှိများက သူတို့၏ ရာထူးအဆင့်အလိုက် တစ်တန်းတည်း ဝင်ရောက်လာကြပြီး သူတို့၏ ဘွတ်ဖိနပ်များက အပြာရောင်ကျောက်ပြားများကို နင်းမိသောအခါ သပ်ရပ်ညီညာသော အသံများ ထွက်ပေါ်နေခဲ့သည်။
အရုဏ်တက်လာသည်နှင့်အမျှ ရွှေနန်းတော်ရှေ့ရှိ ဧရိယာက လေးနက်ပြီး ဂုဏ်ကျက်သရေ ရှိနေလေသည်။
နန်းတွင်းသက်တော်စောင့်များက တစ်ယောက်လျှင် ဆယ်ပေကျော် ရှည်လျားသော ကြာပွတ်ကို ကိုင်ဆောင်ထားပြီး လှေကားထစ်များ၏ တစ်ဖက်တစ်ချက်စီတွင် ရပ်နေကြ၏။
အခမ်းအနားမှူး မိန်းမစိုးက “ကြာပွတ် ရိုက်ခတ်စေ...” ဟု အော်ဟစ်လိုက်သည်နှင့် တစ်ပြိုင်နက် ခွန်အားကြီးမားသော သူများက လက်နှစ်ဖက်ဖြင့် ရုတ်တရက် အားစိုက်ထုတ်လိုက်ကြသည်။
(NT- မင်မင်းဆက်တွင် နံနက်ခင်း ညီလာခံအတွက် ကြာပွတ်ရိုက်တဲ့ အခမ်းအနား ရှိပြီး အဲ့တာကို သန့်စင်သောကြာပွတ်ဟုလည်း ခေါ်ဆိုပြီး ပန်းထိုးဝတ်စုံကင်းစောင့်တပ်က လုပ်ဆောင်လေ့ရှိပါတယ်... )
“ဖြန်း...”
ပထမဆုံး ကြာပွတ်ရိုက်သံက ကောင်းကင်ကို ခွဲထွက်သွားသော မိုးခြိမ်းသံကဲ့သို့ ထွက်ပေါ်လာ၏။
ကြာပွတ်အဖျားက နံနက်ခင်း အလင်းရောင်တွင် စူးရှသော စက်ဝိုင်းခြမ်းပုံစံတစ်ခုကို ရေးဆွဲသွားပြီး လေထုကို တုန်ခါသွားစေလေသည်။
အချင်းချင်း တီးတိုး စကားပြောနေကြသော အရာရှိများသည် ချက်ချင်း တိတ်ဆိတ်သွားကြသည်။
“ဖြန်း...”
ဒုတိယမြောက် ကြာပွတ်ရိုက်သံက ပို၍ပင် ကြည်လင်ပြတ်သားနေပြီး ၎င်း၏ ပဲ့တင်သံက ကျင်းရွှေတံတားကို ဖြတ်ကျော်ကာ ပဲ့တင်ထပ်သွားခဲ့သည်။
“ဖြန်း... ”
တတိယမြောက် ကြာပွတ်ရိုက်ခတ်လိုက်သည်နှင့် တစ်ပြိုင်နက် နန်းဆောင် တစ်ခုလုံး လေးနက်သော တိတ်ဆိတ်မှုထဲသို့ ကျဆင်းသွားရသည်။
နန်းတော် အပြင်ဘက်တွင် တာဝန်ကျနေသော နန်းတွင်းသက်တော်စောင့်များပင်လျှင် သူတို့၏ အသက်ရှူသံများကို အောင့်ထားကြ၏။
ချုံကျန်းဧကရာဇ်က ပင်မ နန်းဆောင်အတွင်းသို့ ခြေချလိုက်သောအခါ ပုံမှန်အားဖြင့် မျက်မှောင်ကြုတ်လေ့ရှိသော်လည်း ယခုဤလူငယ်ဧကရာဇ်က ယနေ့တွင် ပုံမှန်မဟုတ်သော တည်ငြိမ်မှုကို ထုတ်လွှင့်နေကြောင်း လူတိုင်း သတိပြုမိကြ၏။
“အမတ်တစ်ဦးဦး တင်ပြစရာ ကိစ္စရှိပါက ရှေ့သို့ထွက်၍ အစီရင်ခံတင်ပြခြင်း စတင်ပါ” ဝမ်ချန်အန်း၏ အသံစူးစူးက နန်းဆောင်ထဲတွင် ပဲ့တင်ထပ်သွားချေသည်။
သို့သော် နန်းဆောင်ထဲတွင် သေမင်းတမန်ကဲ့သို့ တိတ်ဆိတ်နေ၏။
ပုံမှန်အားဖြင့် အစီရင်ခံစာများ တင်သွင်းရန် အလုအယက် ပြုလုပ်လေ့ရှိသော အမတ်များက ယနေ့တွင် အားလုံး ခေါင်းငုံ့ထားကြပြီး တမင်တကာပင် အသက်ရှူ အောင့်ထားကြလေသည်။
ချုံကျန်းဧကရာဇ်က သူ၏ အမတ်များကို ဝေ့ကြည့်လိုက်ရာ အဓိပ္ပာယ်ပါသော အပြုံးတစ်ခုက သူ၏ နှုတ်ခမ်းပေါ်တွင် ရုတ်တရက် ပေါ်လာပေသည်။
“ငါကိုယ်တော်ရဲ့ ချစ်လှစွာသော အမတ်မင်းတို့...” သူ၏ အသံက ကြည်လင်ပြီး ဩဇာပါနေခဲ့သည်။ “မနေ့ညက မြို့တော်ကောင်းကင်ယံမှာ ပေါ်လာတဲ့ အံ့ဖွယ်ရာကို မင်းတို့အားလုံး တွေ့မြင်ခဲ့ကြမှာပေါ့... မဟုတ်ဘူးလား”
အမတ်များက သူတို့၏ ကျောရိုးတစ်လျှောက် စိမ့်တက်သွားသလို ခံစားလိုက်ရ၏။
ကျိုးယန်ရူက ရှေ့သို့ ပထမဆုံး ထွက်လာပြီး ပြောလေသည်။ “အရှင်မင်းမြတ်... ကျွန်တော်မျိုးတို့ဟာ ကောင်းကင်ဘုံက ဆင်းသက်လာတဲ့ ကောင်းကျိုးပေး နိမိတ်လက္ခဏာတွေကို မျက်မြင်ကိုယ်တွေ့ မြင်တွေ့ခဲ့ရပါတယ်။ ဒါက တကယ်ကို မင်မင်းဆက်အတွက် ကောင်းချီးမင်္ဂလာ တစ်ခုပါပဲ...”
ယင်းကို ကြားသောအခါ အခြားအမတ်များကလည်း အလျင်အမြန် ထောက်ခံလိုက်ကြပြီး သူတို့၏ အသံများက တစ်ပြိုင်နက်တည်း အနိမ့်အမြင့် ထွက်ပေါ်နေခဲ့ကြသည်။
ချုံကျန်းဧကရာဇ်က ကျေနပ်စွာ ခေါင်းညိတ်လိုက်ပြီး သူ၏အကြည့်က အမတ်များ၏ မျက်နှာများကို ဖြည်းညင်းစွာ ဝေ့ကြည့်သွားခဲ့သည်။
သူ၏ မျက်လုံးများထဲတွင် သနားညှာတာမှု တစ်ချက်ပင် ပါဝင်နေပြီး ယင်းက အမတ်များစွာ၏ ကျောရိုးတစ်လျှောက် ကြက်သီးဖြန်းဖြန်း ထသွားစေပေသည်။
“ဒီနေ့... ကောင်းကင်ဘုံက ဆင်းသက်လာတဲ့ ဒီနတ်ဘုရားတွေနဲ့ မင်းတို့ အားလုံးကို တွေ့ဆုံခွင့်ပေးမယ်...”
ထိုစကားကြောင့် နန်းဆောင်အတွင်း ချက်ချင်း ရုတ်ရုတ်သဲသဲ ဖြစ်သွားရတော့သည်။
အခန်း ၁၁၇ပြီး၏။