အခန်း ၁၁၈
Vol. 12 Ch. 118
အခန်း (၁၁၈) နောက်ပိုင်း မျိုးဆက်သစ်များ
အခမ်းအနားမှူး မိန်းမစိုးကြီး၏ “နတ်ဘုရားကို နန်းတော်သို့ ပင့်ဆောင်ခဲ့”ဟူသော ကျယ်လောင်သည့် အော်ဟစ်သံနှင့်အတူ ရွှေနန်းတော်ကြီး တိတ်ဆိတ်သွားချေသည်။
နန်းတော်တံခါးဝတွင် ကျန်းယဲ့နှင့် သူ၏ ဆယ့်တစ်ယောက်ပါ အဖွဲ့က ဖြည်းညင်းစွာ ဝင်ရောက်လာခဲ့ကြသည်။
သူတို့က ရိုးရှင်းသော လက်ဖားဝတ်ရုံများကို ဝတ်ဆင်ထားကြပြီး သူတို့၏ ဝတ်ရုံများက နံနက်ခင်း အလင်းရောင်တွင် နတ်ဘုရားများကဲ့သို့ လွင့်ခါနေကာ သူတို့၏ ခန္ဓာကိုယ်များတွင် လောကီအညစ်အကြေးများ ကင်းစင်နေပုံရလေသည်။
ဤဝတ်စားဆင်ယင်မှုက ဂုဏ်ကျက်သရေ ရှိပြီး လောကနှင့် မသက်ဆိုင်သည့် အငွေ့အသက်များကို ထုတ်လွှင့်နေကာ ထူးဆန်းသော ဝတ်စုံများထက် ပို၍ဆန်းကြယ်နေခဲ့သည်။
နယ်ဘက်ဆိုင်ရာ အရာရှိများ၏ အတန်းရှေ့ဆုံးတွင် ရပ်နေသော ကျိုးယန်ရူက မျက်လုံးများကို အနည်းငယ် မှေးကြည့်လိုက်၏။ သူ၏ မျက်နှာအမူအရာက တည်ငြိမ်နေသော်လည်း သူ၏ အတွေးများက လျင်မြန်စွာ ပြေးလွှားနေချေသည်။
သူ၏ နောက်တွင် ရပ်နေသော ဝမ်ထီရန်က ရှည်လျားကျဉ်းမြောင်းသည့် သူ၏ မျက်လုံးများကို မှေးကြည့်လိုက်ရာ သူ၏ အကြည့်များက နက်နဲပြီး စူးရှနေခဲ့သည်။
မနေ့ညက ဆန်းရှီးအသင်းတော်ခန်းမသို့ သွားခဲ့သော သူ၏ သူလျှိုများက အတွင်းရှိ လူအားလုံး သတိလစ်နေကြပြီး လုပ်ကြံခံထားရသည့် အရိပ်အယောင်များ ရှိကြောင်း အစီရင်ခံခဲ့ကြသည်။
‘တကယ်လို့ ကောင်းကင်ဘုံက တကယ် ဆင်းသက်လာတာဆိုရင်... ဘယ်လိုလုပ် ဒီလို ဖြစ်နေနိုင်မှာလဲ...’
စစ်ရေးဝန်ကြီး ရှန်ယုံမောက်က လူဆယ့်တစ်ယောက်ကို ထပ်ကြည့်လိုက်သော်လည်း သူ၏ စိတ်အခြေအနေက မနေ့ညကလို မဟုတ်တော့ချေ။ ထိုအစား သူ၏ မျက်လုံးများတွင် ဂရုတစိုက် စူးစမ်းလေ့လာမှုများ ပြည့်နှက်နေ၏။
အတွင်းသတင်း သိထားသူများက ကျန်းယဲ့နှင့် ဆယ့်တစ်ယောက်ကို စူးစမ်းသော အကြည့်များဖြင့် ကြည့်နေခဲ့ကြသည်။
သတင်းမသိသူများကမူ ကျန်းယဲ့နှင့် ဆယ့်တစ်ယောက်ကို ဖုံးကွယ်မထားနိုင်သော စပ်စုမှုများဖြင့် ကြည့်နေကြ၏။
“ဒါက...” ထုံးတမ်းစဉ်လာရေးရာ ဒုတိယဝန်ကြီးက တီးတိုးရေရွတ်လိုက်သော်လည်း လီထန်ဖန်၏ အကြည့်ကြောင့် ရပ်တန့်သွားရသည်။
နောက်တန်းရှိ အရာရှိများက သူတို့၏ စပ်စုချင်စိတ်ကို မဖုံးကွယ်နိုင်ကြဘဲ ဖြည်းညင်းစွာ ချဉ်းကပ်လာသော လူအုပ်ကြီးကို ကြည့်ရန် လည်ပင်းကို ဆန့်ထုတ်နေကြလေသည်။
ကျန်းယဲ့က ဧကရာဇ်၏ လှေကားထစ်များရှေ့တွင် ရပ်တန့်လိုက်ပြီး အနီရောင်ဝတ်ရုံများ ဝတ်ဆင်ထားသော အမတ်များကို တည်ငြိမ်စွာ ဝေ့ကြည့်လိုက်ကာ သူတို့၏ စူးစမ်းမှု၊ သတိထားမှု သို့မဟုတ် အထင်သေးမှု အမူအရာများကို လေ့လာလိုက်သည်။
‘ရာထူးတွေသာ ယူထားပြီး ဘာအလုပ်မှ မလုပ်တဲ့ ကောက်ကျစ်စဉ်းလဲတဲ့ မြေခွေးအိုကြီးတွေချည်းပဲ...’
သူက စိတ်ထဲမှ ခေါင်းယမ်းလိုက်ပြီး ဒီလူအုပ်ကြီးနဲ့ နေ့တိုင်းဆက်ဆံနေရတဲ့ ချုံကျန်း ဘယ်လောက်တောင် ပင်ပန်းနေမလဲ ဆိုတာကို တွေးကြည့်လို့ပင် မရချေ။
‘ကံကောင်းလို့ ငါက အချိန်ခရီးသွားလမ်းညွှန် တစ်ယောက်ပဲ ဖြစ်နေတာ... ဒါကြောင့် ဒီဗျူရိုကရက်အိုကြီးတွေနဲ့ တိုက်ခိုက်ဖို့ အချိန်ကုန်ခံစရာ မလိုဘူး’
(NT- ကိုယ်ကျိုးရှာ အရာရှိများကို ဆိုလိုပါတယ်...)
ဒီခရီးစဉ်ရဲ့ ရည်ရွယ်ချက်က ရှင်းပေသည်။
ချုံကျန်းရဲ့ မျက်စိကို ကောင်းကင်ဘုံဆီ ဖွင့်ပေးဖို့နဲ့ ခေတ်ကို ကျော်လွန်တဲ့ အကူအညီတချို့ ပေးဖို့ပင်။
ဒီလူငယ်ဧကရာဇ်အနေနဲ့ နောက်ဆုံးမှာ အခြေအနေကို ပြောင်းလဲနိုင်မလားဆိုတာကတော့ သူ့ရဲ့ ကိုယ်ပိုင် ကံကြမ္မာအပေါ်မှာပဲ မူတည်ချေသည်။
“ငါကိုယ်တော်ရဲ့ ချစ်လှစွာသော အမတ်မင်းတို့...” ချုံကျန်း၏ အသံက တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်၏။ “ဒီဆယ့်တစ်ယောက်က မနေ့ညက ရောက်လာတဲ့ သူတွေပဲ...”
သူက တမင်တကာ ခဏရပ်လိုက်ပြီး သူ၏ မျက်လုံးထောင့်မှနေ၍ ရှေ့တန်းရှိ အဆင့်မြင့် အရာရှိကြီးများကို မသိမသာ ဝေ့ကြည့်လိုက်လေသည်။
ကျိုးယန်ရူ၏ တစ်ဝက်မှိတ်ထားသော မျက်လုံးများက ဉာဏ်ပညာများဖြင့် တောက်ပနေသော်လည်း ဝမ်ထီရန်၏ တပ်ဆင်ထားသကဲ့သို့ ဖြစ်နေသော နှိမ့်ချသည့် အပြုံး... သူတို့ တစ်ယောက်ချင်းစီက တောင်တန်းတစ်ခုကဲ့သို့ တည်ငြိမ်နေကြပေသည်။
ကျန်းယဲ့ ပြောခဲ့သလိုပဲ.... သူတို့အားလုံးက ပါးနပ်တဲ့ ဆရာတစ်ဆူဖြစ်အောင် လေ့ကျင့်ထားတဲ့ ကောက်ကျစ်စဉ်းလဲတဲ့ မြေခွေးအိုကြီးတွေချည်းပင်။
ထို့ကြောင့် နတ်ဘုရားဆိုတဲ့ ဟန်ပန်ကို အတင်းဖမ်းနေမယ်ဆိုရင် ပြောင်းပြန် အကျိုးသက်ရောက်သွားနိုင်လေသည်။
အချို့က မျှော်လင့်တကြီးနဲ့.... အချို့က ရယ်စရာတစ်ခုလို စောင့်ကြည့်နေကြတဲ့ နန်းတွင်းအမတ်တွေရဲ့ စူးစိုက်ကြည့်ရှုမှုအောက်မှာပဲ ချုံကျန်းဧကရာဇ်က စကားလုံးအနည်းငယ်ကို ပေါ့ပေါ့ပါးပါး ထုတ်ပြောလိုက်၏။
“နောက်ပိုင်း မျိုးဆက်သစ်တွေ...”
ဤစကားက ငြိမ်သက်နေသော ရေကန်ထဲသို့ ကျောက်ခဲတစ်လုံး ပစ်ချလိုက်သကဲ့သို့ပင်။
နန်းဆောင်ထဲတွင် ဖိနှိပ်ထားသော အံ့အားသင့်သံများ ထွက်ပေါ်လာခဲ့သည်။ တည်ငြိမ်နေခဲ့သော အသက်ကြီးသူများပင် သူတို့၏ မျက်နှာအမူအရာများ ရုတ်တရက် ပြောင်းလဲသွားပြီး ဤအဖြေကို မျှော်လင့်မထားခဲ့ပုံမရချေ။
ဝမ်ထီရန်က ဧကရာဇ်ကို မော့ကြည့်လိုက်ရာ လူငယ် ဧကရာဇ်၏ နှုတ်ခမ်းတွင် အပြုံးဖျော့ဖျော့လေး တစ်ခု ချိတ်ဆွဲထားသည်ကို မြင်လိုက်ရပြီး ထိုအပြုံးက သူတို့၏ မာနကို လှောင်ပြောင်နေသကဲ့သို့ပင်။
ဝမ်ထီရန်နှင့် ကျိုးယန်ရူတို့က အချင်းချင်း အကြည့်ချင်း ဖလှယ်လိုက်ကြ၏။
သူတို့ နှစ်ယောက်စလုံး အချင်းချင်း၏ မျက်လုံးများထဲတွင် တူညီသော သံသယကို မြင်တွေ့လိုက်ကြရသည်။
ချုံကျန်းဧကရာဇ်က နဂါးပလ္လင်ပေါ်တွင် မတ်မတ် ထိုင်နေပြီး သူ၏ လက်ထိပ်များက လက်ရန်းကို ညင်သာစွာ ပုတ်နေကာ နန်းတွင်းအမတ်များ၏ တုံ့ပြန်မှုများကို အလွန် စိတ်ဝင်စားစွာ စောင့်ကြည့်နေလေသည်။
အထူးသဖြင့် ပုံမှန်အားဖြင့် တည်ငြိမ်လေ့ရှိသော ဝမ်ထီရန်၏ မျက်နှာဖုံးပေါ်တွင် အက်ကွဲကြောင်းများ ပေါ်လာသည်ကို မြင်ရသောအခါ...
ကျိုးယန်ရူ၏ မှေးထားသော မျက်လုံးများက အံ့အားသင့်မှုများဖြင့် လင်းလက်သွားသောအခါ....
ဝူကျုံးတာ နှင့် ဟယ်ရူချုံတို့၏ မျက်မှောင်များ တွန့်ကွေးသွားသည်ကို မြင်ရသောအခါ သူ၏ နှုတ်ခမ်းထောင့်များက အလိုအလျောက် အနည်းငယ် ကွေးတက်သွားရသည်။
“ငါကိုယ်တော်ရဲ့ ချစ်လှစွာသော အမတ်မင်းတို့... ” ချုံကျန်းက ရယ်ချင်စိတ် အနည်းငယ်ဖြင့် ပြောလိုက်ပြီး သူတို့ကို သေချာစွာ မိတ်ဆက်ပေးလိုက်လေသည်။ “ဒီဆယ့်တစ်ယောက်က နောက် နှစ်ပေါင်း သုံးရာ့ကိုးဆယ် အနာဂတ်က လာတဲ့ လူတွေပဲ... ”
ထိုစကားကြောင့် နန်းတွင်းတွင် နောက်တစ်ကြိမ် ရုတ်ရုတ်သဲသဲ ဖြစ်သွားကြရပြန်သည်။
“နောက်... နောက် နှစ်ပေါင်း သုံးရာ့ကိုးဆယ် ဟုတ်လား...” သက်ကြီးရွယ်အို အရာရှိတစ်ဦးက ကျန်းယဲ့နှင့် အခြားသူများကို တုန်ယင်နေသော မျက်လုံးများဖြင့် ကြည့်လိုက်၏။ “ဒါ... ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ...”
“အဓိပ္ပာယ်မရှိတာ” ထုံးတမ်းစဉ်လာရေးရာ ညာဘက် ဒုတိယဝန်ကြီးက မယုံကြည်နိုင်စွာ အော်ဟစ်လိုက်၏။ “ဒီလို ထူးဆန်းပြီး လက်ခံနိုင်စရာ မရှိတဲ့ ကိစ္စမျိုးက တစ်ခါမှ မကြားဖူးဘူး...”
“သူက တကယ်သာ နတ်ဘုရားဆိုရင်တော့ တစ်မျိုးပေါ့.... ဒါပေမဲ့ ဒါကတော့... အရမ်းကို ယုတ္တိမရှိလွန်းတယ်” စစ်ဆေးရေးရုံးတော်မှ စစ်ဆေးရေးမှူးက လုံးဝ မယုံကြည်သည့် အမူအရာဖြင့် ခေါင်းယမ်းလိုက်ကြသည်။
ချုံကျန်းဧကရာဇ်က ဤမြင်ကွင်းကို တည်ငြိမ်စွာ စောင့်ကြည့်နေပြီး တားဆီးရန် စကားမပြောသလို ရှင်းပြရန်လည်း အလျင်မလိုချေ။
ကျိုးယန်ရူနှင့် ဝမ်ထီရန် အပါအဝင် အရေးကြီးသော အရာရှိကြီးအချို့က ပုံမှန်မဟုတ်သော တိတ်ဆိတ်မှုကို ထိန်းသိမ်းထားသည်ကို သူ သတိပြုမိလိုက်၏။
ကျန်းယဲ့နှင့် အခြားသူများက နန်းဆောင်ထဲတွင် တည်ငြိမ်စွာ ရပ်နေကြပြီး ဝတ်ရုံများ အမတ်များက သူတို့ကို စစ်ဆေးကြည့်ရှုသည်ကို ခွင့်ပြုထားလေသည်။
လင်းယုန်က ခေါင်းကို အနည်းငယ်ပင် မော့ထားပြီး ရှန်ယုံမောက်၏ စူးစမ်းနေသော အကြည့်ကို တည်ငြိမ်စွာ ရင်ဆိုင်လိုက်၏။
စွန်းချီက အကျယ်ဆုံး စကားပြောနေကြသည့် အရာရှိများကို မှတ်စုထုတ်နေသကဲ့သို့ အလွန် စိတ်ဝင်စားစွာ လေ့လာနေချေသည်။
ချုံကျန်း၏ အမိန့်ပေးမှုဖြင့် ဝမ်ချန်အန်း၏ “တိတ်တိတ်နေကြစမ်း” ဟူသော အော်ဟစ်သံက ရွှေနန်းတော်ထဲတွင် ပဲ့တင်ထပ်သွားမှသာ နန်းတွင်းက တဖြည်းဖြည်း တိတ်ဆိတ်သွားခဲ့သည်။
တိတ်ဆိတ်မှုထဲတွင် ချုံကျန်းက ရုတ်တရက် တိုးညှင်းစွာ ရယ်မောလိုက်၏။
ထိုရယ်သံတွင် ကိုယ့်ကိုယ်ကိုယ် လှောင်ပြောင်မှုနှင့် သက်သာရာရမှု အနည်းငယ် ပါဝင်နေသော်လည်း အရာရှိအားလုံး၏ ကျောရိုးတစ်လျှောက် စိမ့်တက်သွားစေချေသည်။
“ဟား... ဟား...”
ချုံကျန်းဧကရာဇ်၏ ရယ်သံက နန်းဆောင်ထဲတွင် ပဲ့တင်ထပ်နေခဲ့သည်။ သူက နဂါးပလ္လင်ပေါ်မှ ဖြည်းညင်းစွာ ထလာပြီး သူ၏ အကြည့်က အမတ်တစ်ဦးချင်းစီကို စူးရှပြတ်သားသော အကြည့်ဖြင့် ဝေ့ကြည့်သွားခဲ့သည်။
ရယ်သံက တဖြည်းဖြည်း တိတ်ဆိတ်သွားသော်လည်း ထိုစိုးရိမ်ဖွယ်ကောင်းသော အပြုံးက သူ၏ နှုတ်ခမ်းပေါ်တွင် ရှိနေဆဲပင်။
“ဒီနောက်ပိုင်း မျိုးဆက်သစ်တွေဆီကနေ ငါကိုယ်တော် သတင်းကောင်းတချို့ ကြားခဲ့တယ်” ချုံကျန်းက သူ၏အသံမှာ ပုံမှန်မဟုတ်ဘဲ ပေါ့ပါးနေလျက် ပြောလိုက်၏။ “ငါကိုယ်တော်ရဲ့ ချစ်လှစွာသော အမတ်မင်းတို့... ဒီသတင်းကောင်းက ဘာလဲဆိုတာကို သိချင်ကြလား”
နန်းဆောင်ထဲတွင် သေမင်းတမန်ကဲ့သို့ တိတ်ဆိတ်နေ၏။
အမတ်များသည် ခေါင်းငုံ့ထားကြပြီး မည်သူမျှ စကားမပြောရဲကြချေ။
ချုံကျန်း၏ အကြည့်က နောက်ဆုံးတွင် စစ်ရေးဝန်ကြီး ရှန်ယုံမောက် အပေါ်သို့ ကျရောက်သွားခဲ့သည်။ “အမတ်မင်းရှန်... သင့်ရဲ့ ထင်မြင်ချက်က ဘာလဲ”
ရှန်ယုံမောက်၏ လည်စေ့က လှုပ်ရှားသွားပြီး သူက အတင်းကြိုးစားကာ ရှေ့သို့ တစ်လှမ်းတိုးလာလေသည်။ “အရှင်မင်းမြတ်... မင်မင်းဆက်က သေချာပေါက် သက်တမ်းရှည်တဲ့ အုပ်ချုပ်မှုတစ်ခုကို ပိုင်ဆိုင်ပြီး အင်ပါယာက ထာဝရလုံခြုံနေလိမ့်မယ်လို့ ကျွန်တော်မျိုး ယုံကြည်ပါတယ်....”
“မင်းမှားတယ်.... ” ချုံကျန်းက ရုတ်တရက် အသံကို မြှင့်လိုက်ပြီး ဝမ်းသာအားရဟန် အနည်းငယ် ပါဝင်နေခဲ့သည်။ “သတင်းကောင်းက မင်မင်းဆက် ပြိုလဲတော့မယ်ဆိုတာပဲ။ ပြီးတော့ ဧကရာဇ်ဖြစ်တဲ့ ငါကိုယ်တော် သေရတော့မယ်... ”
(NT- ချုံကျန်က ရွဲ့ပြီး သတင်းကောင်းလို့ပြောတာနော် အထင်မှားနေမှာဆိုးလို့ ......)
ဤစကားများက မိုးကြိုးပစ်ချလိုက်သကဲ့သို့ပင်။
ရှန်ယုံမောက်မှာ တုန်လှုပ်သွားပုံရပြီး နောက်သို့ ခြေနှစ်လှမ်း ယိုင်သွားကာ သူ၏ မျက်နှာက ဖြူရော်သွားရသည်။
ကျိုးယန်ရူက လက်ထဲရှိ ဆင်စွယ်ပြားကို ပစ်ချမိမတတ် ဖြစ်သွားပြီး ဝမ်ထီရန်၏ သူငယ်အိမ်များ ရုတ်တရက် ကျုံ့သွားချေသည်။
ပို၍ ကြောက်စရာကောင်းသည်မှာ ချုံကျန်းဧကရာဇ်က ဤစကားကို အပြုံးမပျက် ပြောဆိုခဲ့ခြင်းပင်။
ထိုအပြုံးက နံနက်ခင်း အလင်းရောင်တွင် အထူးသဖြင့် ကြောက်မက်ဖွယ် ကောင်းနေခဲ့သည်။ နှုတ်ခမ်းထောင့်များ၏ အကွေးက အတိအကျ မှန်ကန်နေသော်လည်း မျက်လုံးများကမူ ရေခဲကဲ့သို့ အေးစက်နေချေသည်။
“အရှင်မင်းမြတ်....” ထုံးတမ်းစဉ်လာရေးရာ ဝန်ကြီး လီထန်ဖန်က ဒုန်းခနဲ ဒူးထောက်ချလိုက်၏။ “ဒီလို ပုန်ကန်တဲ့ စကားတွေက...”
“ပုန်ကန်တာ” ချုံကျန်းက ခေါင်းကို စောင်းလိုက်ရာ သူ၏ ဟန်ပန်က အနည်းငယ် အပြစ်ကင်းစင်နေပုံရလေသည်။ “ငါကိုယ်တော်က နောက်ပိုင်း သမိုင်းစာအုပ်တွေမှာ မှတ်တမ်းတင်ထားတာကို ပြန်ပြောပြရုံပါပဲ..”
အမတ်များက သူတို့၏ ဧကရာဇ်က ဤစကားများကို ပြောဆိုနေစဉ် သူ၏ မျက်လုံးများထဲတွင် ပုံမှန်မဟုတ်သော အလင်းရောင်တစ်ခု တောက်ပနေသည်ကို ထိတ်လန့်တကြား တွေ့ရှိလိုက်ကြပြီး ကြောက်မက်ဖွယ်ကောင်းသော တစ်ခုခု ဖြစ်လာရန် မျှော်လင့်နေသကဲ့သို့ပင်။
ထိုအခိုက်အတန့်တွင် လူအများအပြား၏ စိတ်ထဲတွင် တူညီသော အတွေးတစ်ခု ဖြတ်ပြေးသွား၏။
‘အရှင်မင်းမြတ်... ရူးသွားပြီလား’
ချုံကျန်းဧကရာဇ်က ထိုကြောက်မက်ဖွယ်ကောင်းသော အပြုံးကို ဆင်မြန်းထားဆဲဖြစ်ပြီး သူ၏ အကြည့်က စုဝေးနေသော အမတ်များကို ဖြည်းညင်းစွာ ဝေ့ကြည့်သွားခဲ့သည်။
“ငါကိုယ်တော်ရဲ့ ချစ်လှစွာသော အမတ်မင်းတို့... သမိုင်းက မင်းတို့ရဲ့ ကံကြမ္မာတွေကို ဘယ်လို မှတ်တမ်းတင်ထားလဲ.... ပြီးတော့ မင်းတို့ကို ဘယ်လို အကဲဖြတ်ထားလဲဆိုတာကို မသိချင်ကြဘူးလား...”
နန်းတော်ကြီးမှာ ကြောက်မက်ဖွယ်ကောင်းလောက်အောင် တိတ်ဆိတ်နေလေသည်။ အမတ်များအားလုံး ခေါင်းငုံ့ထားကြပြီး ဧကရာဇ်၏ အာရုံစိုက်မှုကို ဆွဲဆောင်မိမည်စိုး၍ အသက်ရှူသံများကိုပင် အလွန်တိုးညှင်းစွာ ရှူနေခဲ့ကြသည်။
“ဘယ်သူမှ စကားမပြောတဲ့အတွက်” ချုံကျန်းက လုပ်ငန်းဝန်ကြီးဌာန၏ ညာဘက် ဒုတိယဝန်ကြီး လျိုကျုံးကျိုးကို ရုတ်တရက် လက်ညှိုးထိုးလိုက်၏။ “အမတ်မင်းလျို... မင်းက သူပုန်တပ်တွေရဲ့ မြင်းငါးကောင်နဲ့ ဆွဲဖြဲသတ်ဖြတ်တာကို ခံခဲ့ရပြီး မင်းရဲ့ အလောင်းကို ဘယ်တော့မှ ပြန်မတွေ့ရတော့ဘူးလို့ သမိုင်းမှတ်တမ်းတွေက ဆိုထားတယ်...”
လျိုကျုံးကျိုး၏ ခြေထောက်များ ယိုင်နဲ့သွားပြီး သူဟာ ဒူးထောက်ကျသွားရသည်။
ထို့နောက် ချုံကျန်းက လက်ချောင်းကို တစ်ချက် ဝှေ့ယမ်းကာ စစ်ဆေးရေးရုံးတော်၏ ဘယ်ဘက် ဒုတိယ စစ်ဆေးရေးမှူးချုပ် ဝမ်ကျိတောက်ကို ထပ်မံ လက်ညှိုးထိုးလိုက်၏။
အခန်း ၁၁၈ပြီး၏။