အခန်း ၁၁၉
Vol. 12 Ch. 119
အခန်း (၁၁၉) ကံကြမ္မာ
"အမတ်မင်းဝမ်က နောက်ပိုင်းကျင်းဆီကို လက်နက်ချဖို့ လုံလောက်အောင် ပါးနပ်ခဲ့တာပဲ။ နှမြောစရာကောင်းလိုက်တာ..."
ချုံကျန်းဧကရာဇ်က ညင်သာစွာ ရယ်မောလိုက်၏။ "ဒါပေမဲ့ သုံးနှစ်အတွင်း မင်းရဲ့ မျိုးနွယ်စု တစ်ခုလုံး သုတ်သင်ခံရလိမ့်မယ်..."
ဝမ်ကျိတောက်၏ မျက်နှာက ပြာနှမ်းသွားပြီး သူက အကြိမ်ကြိမ် ဦးချလိုက်၏၏။ "အရှင်မင်းမြတ်ဟာ ဉာဏ်ပညာကြီးမားလှပါတယ်။ ကျွန်တော်မျိုးက မင်မင်းဆက်အပေါ် အကြွင်းမဲ့သစ္စာရှိပြီး တခြား ဘယ်လို ရည်ရွယ်ချက်မှ မရှိပါဘူး..."
သူ၏ နဖူးက ရွှေအုတ်ကြမ်းပြင်နှင့် ဒုန်းခနဲ မြည်အောင် ရိုက်မိသွားခဲ့သည်။
သို့သော် ချုံကျန်းဧကရာဇ်က သူ့ကို လျစ်လျူရှုကာ ဝမ်ထီရန်ဆီသို့ အကြည့်လွှဲလိုက်၏။
"အမတ်ချုပ်ကြီးဝမ်..." သူက စကားလုံးများကို တမင်တကာ ဆွဲငင်ပြောလိုက်၏။ "လီဇီချန် မြို့ကို ဖောက်ထွင်းဝင်ရောက်လာချိန်မှာ သင်က ဓားချက်ပေါင်း သုံးထောင့်ခြောက်ရာနဲ့ အသားတွေကို တစ်စစီ လှီးဖြတ် အသတ်ခံခဲ့ရပြီး သင့်ရဲ့ အော်ဟစ်ငိုယိုသံက သုံးရက်တိုင်တိုင် ကြာမြင့်ခဲ့တယ်။ သင့်ရဲ့ မိသားစု တစ်ခုလုံး... အကြီးအငယ်အားလုံးလည်း သူပုန်တပ်တွေရဲ့ ဓားအောက်မှာ သေဆုံးခဲ့ရတယ်"
နှစ်ဆယ်တိုင်တိုင် ဝမ်ထီရန်၏ မျက်နှာပေါ်တွင် တပ်ဆင်ထားသကဲ့သို့ ဖြစ်နေသော နှိမ့်ချသည့် အပြုံးတုကြီးက ရုတ်တရက် အက်ကွဲသွားချေသည်။
သူ၏ ကျယ်ဝန်းသော အင်္ကျီလက်များအောက်တွင် သူ၏ လက်ချောင်းများက အနည်းငယ် ဆုပ်ထားမိလျက်သား ဖြစ်သွားသော်လည်း သူ၏ မျက်နှာကမူ အဆင့်မြင့်အမတ်ကြီးတစ်ဦး၏ ဂုဏ်သိက္ခာကို ထိန်းသိမ်းထားဆဲပင်။
သို့သော် ပါးပြင်ပေါ်ရှိ ကြွက်သားများကမူ အလိုအလျောက် နှစ်ချက်သုံးချက်မျှ တွန့်လိမ်သွားရသည်။
"အမတ်ချုပ်ကြီးကျိုး..." ချုံကျန်းက ကျိုးယန်ရူဘက်သို့ လှည့်ကာ ပြောလိုက်၏။ "သင်ကတော့ သင့်မိသားစုတစ်ခုလုံးကို ခေါ်ပြီး ရေတွင်းထဲ ခုန်ချ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားတာဆိုတော့ ပိုပြီး ဂုဏ်သိက္ခာ ရှိသင့်တာပေါ့။ ဒါပေမဲ့ နှမြောစရာကောင်းတာက ရေတွင်းပေါက်က အရမ်း ကျဉ်းလွန်းလို့ သင့်ရဲ့ အရိုးတွေတောင် ပုံပျက်သွားတဲ့အထိ ညှပ်မိနေခဲ့တယ်..."
ကျိုးယန်ရူ၏ မျက်ခွံများက ရုတ်တရက် ပြင်းထန်စွာ အကြိမ်ကြိမ် တုန်လှုပ်သွားပြီး ပုံမှန်အားဖြင့် ထိုးထွင်းသိမြင်တတ်သော သူ၏ မျက်လုံးများတွင် အနည်းငယ် လှုပ်ရှားမှုတစ်ခု ထွက်ပေါ်လာခဲ့သည်။
သို့သော် သူက ချက်ချင်း သတိပြန်ဝင်လာပြီး သူ၏ သပ်ရပ်ပြီးသား အဝတ်အစားများကို ပြင်ဆင်ရန် လက်ကို မြှောက်လိုက်သော်လည်း ထိုလှုပ်ရှားမှုက ပုံမှန်ထက် အနည်းငယ် နှေးကွေးနေချေသည်။
ချုံကျန်းဧကရာဇ်က နဂါးပလ္လင်ဆီသို့ ဖြည်းညင်းစွာ ပြန်လျှောက်သွားပြီး ပျင်းရိပျင်းတွဲ မှီထိုင်လိုက်၏။ "ငါကိုယ်တော်ရဲ့ ချစ်လှစွာသော အမတ်မင်းတို့...."
သူက ပြုံးလိုက်ရာ မျက်လုံးများပါ ကွေးသွားလေသည်။ "မင်းတို့အားလုံး မင်မင်းဆက်နဲ့အတူ ပျက်စီးကြရလိမ့်မယ်။ ဒါက တကယ့်ကို အံ့သြစရာကောင်းတဲ့ သတင်းလို့ မထင်ကြဘူးလား..."
နန်းတွင်းတစ်ခုလုံး ရေခဲဂူထဲသို့ ကျဆင်းသွားသကဲ့သို့ ခံစားလိုက်ရကြသည်။
ပုံမှန်အားဖြင့် စကားအပြောအဆို ကျွမ်းကျင်ပြီး ဆွဲဆောင်နိုင်စွမ်းရှိသော ထိုအမတ်များက ယခုအခါတွင် အားလုံး စကားဆွံ့အနေကြလေသည်။
ရွှေနန်းတော်ကြီးထဲတွင် လေးလံသော အသက်ရှူသံများနှင့် အမတ်အိုကြီးအချို့၏ သွားချင်းရိုက်သံများကိုသာ ကြားနေခဲ့ရသည်။
ကျန်းယဲ့နှင့် သူ၏ အဖော် ဆယ့်တစ်ယောက်က နန်းဆောင်ထဲတွင် ရပ်နေကြပြီး ပြာနှမ်းနေသော အမတ်များကို ကြည့်ကာ ရယ်လည်းရယ်ချင်သလို၊ ဝမ်းလည်း ဝမ်းနည်းမိကြ၏။
အမတ်များ၏ တုံ့ပြန်မှုများကို ကျေနပ်စွာ ခံစားပြီးနောက် ချုံကျန်းက ကျန်းယဲ့ဘက်သို့ လှည့်ကာ အနည်းငယ် ခေါင်းညိတ်ပြလိုက်၏။ "ဆရာသခင်ကျန်း... ငါကိုယ်တော် ချဲ့ကားပြောနေတယ်လို့ သူတို့ မထင်ရအောင် ငါကိုယ်တော်ရဲ့ ချစ်လှစွာသော အမတ်မင်းတို့ကို သူတို့ကိုယ်တိုင် မြင်တွေ့ခွင့် ပေးလိုက်ပါလား..."
ကျန်းယဲ့က နားလည်စွာဖြင့် ရှေ့သို့ တစ်လှမ်းတိုးလာပြီး ကျယ်လောင်စွာ ပြောလိုက်၏။ "အမတ်မင်းတို့... သေချာ ကြည့်ရှုကြပါ"
သူ စကားပြောပြီးသည်နှင့် တစ်ပြိုင်နက် အမတ်များနှင့် နယ်ဘက်ဆိုင်ရာအရာရှိများ အားလုံးက အနာဂတ်မှ လာသည်ဟုဆိုသော လူငယ်လေးဆီသို့ အကြည့်များကို လှည့်လိုက်ကြသည်။
ကျန်းယဲ့က သူ၏ ညာလက်ကို ညင်သာစွာ ဝှေ့ယမ်းလိုက်ရာ နန်းဆောင်အလယ်ရှိ မြေပြင်ပေါ်တွင် ငွေရောင်ကန့်လန့်ကာတစ်ခုက လေထဲမှနေ၍ ရုတ်တရက် ထွက်ပေါ်လာ၏။
ဤအံ့မခန်း မြင်ကွင်းကြောင့် အရာရှိအချို့မှာ အံ့အားသင့်စွာ အာမေဍိတ်သံများ ပြုလိုက်ကြလေသည်။
တင်းကောင်းနှင့် သူ၏ အဖော်သုံးယောက်က ရှေ့သို့ တက်လာကြပြီး ၎င်းကို ကျွမ်းကျင်စွာမတင်လိုက်ကာ ကြိုတင် ပြင်ဆင်ထားသော ဖရိန်တစ်ခုပေါ်တွင် ချိတ်ဆွဲလိုက်ကြသည်။
"ဒီပစ္စည်းကို ပရိုဂျက်တာလို့ ခေါ်ပါတယ်။ နောက်ပိုင်း မျိုးဆက်သစ်တွေဖြစ်တဲ့ ကျွန်တော်တို့ သုံးတဲ့ ကိရိယာငယ်လေးတစ်ခုပါ.. " ကျန်းယဲ့က သူ၏ ဘယ်လက်ဖြင့် မြေပြင်ကို ညွှန်ပြကာ ပြောလိုက်၏။
လူတိုင်း၏ မျက်စိရှေ့တွင်ပင် အမည်းရောင်ဖြင့် ပြုလုပ်ထားသော လေးထောင့်သေတ္တာငယ်တစ်ခုက ရွှေအုတ်ကြမ်းပြင်ပေါ်တွင် လေထဲမှနေ၍ ရုတ်တရက် ပေါ်လာပြီး "ကလစ်" ဟူသော အသံတိုးတိုးလေး ထွက်ပေါ်လာခဲ့သည်။
ရွှီကျောက်က ထိုပစ္စည်းကို ကြိုတင်ပြင်ဆင်ထားသော နေရာတွင် ချထားလိုက်ပြီး ခလုတ်ကို ညင်သာစွာ နှိပ်လိုက်ရာ ကန့်လန့်ကာပေါ်တွင် ကြည်လင်ပြတ်သားသော စာလုံးများ ချက်ချင်း ပေါ်လာခဲ့သည်။
၎င်းမှာ မင်မင်းဆက်သမိုင်း - ချုံကျန်း ရာဇဝင်ချုပ်
စာကြောင်းများက မင်မင်းဆက်အနာဂတ်တွင် ရင်ဆိုင်ရမည့် အခြေအနေကို ရှင်းလင်းစွာ မှတ်တမ်းတင်ထားလေသည်။
အေးစက်သော စာကြောင်းတစ်ကြောင်းချင်းစီ၏ နောက်ကွယ်တွင် အလောင်းကောင်တောင်တန်းများနှင့် သွေးပင်လယ်များရှိနေပြီး အမတ်တစ်ဦးချင်းစီ၏ ကံကြမ္မာ အတက်အကျများ ပါဝင်နေခဲ့သည်။
တစ်ချိန်တည်းမှာပင် တင်းကောင်း၊ ရွှီကျောက်နှင့် အခြားသူများက သူတို့ ကြိုတင် ပြင်ဆင်ထားသော စာအုပ်များကို အမတ်တစ်ဦးချင်းစီထံ ဝေငှပေးလိုက်၏။
ဤစာအုပ်များက သေသပ်လှပစွာ ချုပ်နှောင်ထားပြီး တောက်ပနေသော မျက်နှာဖုံးများနှင့် ပိုးသားကဲ့သို့ ချောမွေ့သော စက္ကူများ ပါဝင်ကာ ၎င်းတို့က ဤခေတ်မှ မဟုတ်ကြောင်း ရှင်းလင်းစွာ သိနိုင်ပေသည်။
"ဒါ... ဒါက..." ကျိုးယန်ရူက သူ့အကြောင်း မှတ်တမ်းတင်ထားသော စာမျက်နှာကို လှန်လိုက်ရာ သူ၏ လက်များက အလွန် တုန်ယင်နေသဖြင့် စာအုပ်ကိုပင် အနိုင်နိုင် ကိုင်ထားရပေသည်။
သူ့ကို သူပုန်များက အိမ်မှ မည်သို့ ဆွဲထုတ်သွားကြောင်းနှင့် သူ၏ မိသားစုတစ်ခုလုံး ရေတွင်းထဲသို့ ခုန်ချရန် မည်သို့ အတင်းအကျပ် ခိုင်းစေခံရကြောင်းကို ထိုစာအုပ်က အသေးစိတ် မှတ်တမ်းတင်ထားခဲ့သည်။
ဝမ်ထီရန်၏ မျက်နှာက မှုန်ကုပ်နေပေသည်။ စာအုပ်တွင် သူ့ကို အသားများ တစ်စစီ လှီးဖြတ် သတ်ဖြတ်ခဲ့သည့် အသေးစိတ် အချက်အလက်များကို မှတ်တမ်းတင်ထားရုံသာမက သူ့ကို သရော်ထားသော နောက်ပိုင်းမျိုးဆက်သစ်တို့၏ ကဗျာတစ်ပုဒ်ကိုပါ ထည့်သွင်းထား၏။
"တိုင်းပြည်ကို ဖျက်ဆီးတဲ့ ခြစားနေတဲ့ အမတ်တွေဟာ နောက်ဆုံးမှာ အပြစ်ပေးခံရလိမ့်မယ်။ ကောင်းကင်ဘုံကို ပူဇော်တဲ့ အနေနဲ့ သူတို့ကို အပိုင်းပိုင်း သုံးထောင် လှီးဖြတ်ပြီး ကွပ်မျက်လိမ့်မယ်..."
ရွှေနန်းတော်တစ်ခုလုံးတွင် ကြားနေရသော တစ်ခုတည်းသော အသံမှာ စာမျက်နှာ လှန်သံများနှင့် တစ်ခါတစ်ရံ ထွက်ပေါ်လာသော အံ့အားသင့်သံများသာ.......
ပုံမှန်အားဖြင့် မာနကြီးလေ့ရှိသော ထိုအမတ်များက ယခုအခါတွင် ခါးများ ကိုင်းညွတ်နေကြပြီး မျက်စိတစ်မှိတ်အတွင်း ဆယ်နှစ်ခန့် အိုမင်းသွားသကဲ့သို့ပင်။
ရိုးဖြောင့်သော အမတ်အနည်းငယ်သာ သူတို့၏ မှတ်တမ်းများက သင့်တင့်လျောက်ပတ်ကြောင်း တွေ့ရှိရသော်လည်း သူတို့က အနည်းငယ်မျှပင် ဝမ်းသာမှုကို မပြရဲကြချေ။
ကျန်းယဲ့က ပင်မနန်းဆောင်အလယ်သို့ ဖြည်းညင်းစွာ လျှောက်သွားပြီး သူ၏ လက်ချောင်းကို ညင်သာစွာ ခေါက်လိုက်ရာ ပရိုဂျက်တာပေါ်ရှိ ပုံရိပ်က ပြောင်းလဲသွားပြီး ထင်ရှားသော အကျဉ်းချုပ် စာမျက်နှာ တစ်ခုကို ပြသလိုက်သည်။
၎င်းမှာ မင်မင်းဆက်ပြိုလဲရခြင်း အကြောင်းရင်းများ အပေါ် အထွေထွေ ဆွေးနွေးချက် ဟူ၍ ဖြစ်၏။
"ဒါက နောက်ပိုင်း မျိုးဆက်သစ်တွေရဲ့ အကျဉ်းချုပ် မှတ်တမ်းပါ။ ကျေးဇူးပြုပြီး ကြည့်ရှုကြပါ..." ကျန်းယဲ့၏ လေသံက တည်ငြိမ်နေသော်လည်း သူ၏ အသံက အမတ်တစ်ဦးချင်းစီ၏ နားထဲသို့ ရှင်းလင်းစွာ ရောက်ရှိသွားလေသည်။
နန်းတွင်းတစ်ခုလုံး အသက်ရှူ အောင့်ထားကြပြီး သူတို့၏ ကံဆိုးလှသော ကံကြမ္မာကို တွေးတောနေကြဆဲ ဖြစ်သည့် အမတ်များပင် တည်ငြိမ်အောင် အတင်းကြိုးစားကာ ကန့်လန့်ကာကို မော့ကြည့်လိုက်ကြ၏။
"ပထမအချက်..... အုပ်စုဖွဲ့ အားပြိုင်မှုတွေက တိုင်းပြည်ကို ဖျက်ဆီးနေတယ်... " ကျန်းယဲ့၏ အသံက နန်းဆောင်ထဲတွင် ပဲ့တင်ထပ်သွားခဲ့သည်။ "တုန်းလင်အုပ်စုက အရမ်း အင်အားကြီးမားလွန်းပြီး သဘောထားကွဲလွဲသူတွေကို ဖယ်ရှားပစ်တဲ့အတွက် နန်းတွင်းမှာ ဟန်ချက်ညီမှု ကင်းမဲ့နေတယ်...."
မျက်နှာပြင်ပေါ်တွင် တုန်းလင်အုပ်စု၏ အဓိက အမတ်များ၏ ပုံတူပန်းချီကားတစ်ချပ် လင်းလက်သွားပြီး ဘေးတွင် သူတို့ အုပ်စုဖွဲ့ ခြစားမှုများ ကျူးလွန်ခဲ့သည့် ရာဇဝတ်မှု သက်သေအထောက်အထားများကို အမှတ်အသား ပြုလုပ်ထားချေသည်။
သူ၏ အမည်ကို အမတ်များ စာရင်းတွင် ပါဝင်နေသည်ကို မြင်လိုက်ရသောအခါ သူ အလွန် ထိတ်လန့်သွားပြီး မျက်နှာ ဖြူရော်သွားရသည်။
"ဒုတိယအချက်... အကျင့်ပျက်ခြစားမှုက နေရာအနှံ့မှာပဲ...." ဒေသအသီးသီးမှ အရာရှိများ အလွဲသုံးစားလုပ်ခဲ့သည့် အသေးစိတ် မှတ်တမ်းများ မျက်နှာပြင်ပေါ်တွင် ပေါ်လာပြန်သည်။ "ချုံကျန်းခေတ်မှာ ဆားအခွန်ကနေ အလွဲသုံးစားလုပ်ခဲ့တဲ့ ငွေပမာဏ တစ်ခုတည်းကတင်..."
ထိုတုန်လှုပ်ဖွယ်ကောင်းသော ဂဏန်းအရေအတွက်ကြီး ပေါ်လာသောအခါ စာရင်းတွင် ပါဝင်နေသော အရာရှိအချို့မှာ မြေပြင်ပေါ်သို့ လဲကျမတတ် ဖြစ်သွားကြရသည်။
"ဒီအရေအတွက်က ရေခဲတောင်ကြီးရဲ့ ထိပ်စွန်းလေးပဲ ဖြစ်ဖို့ များပါတယ်။ အမှန်တကယ် ဘယ်လောက်တောင် အလွဲသုံးစားလုပ်ခဲ့ကြလဲဆိုတာကိုတော့ နောက်ပိုင်း မျိုးဆက်သစ်တွေဖြစ်တဲ့ ကျွန်တော်တို့ထက် ဒီနေ့ ဒီနေရာမှာ ရောက်နေတဲ့ သင်တို့က ပိုသိကြမှာပါ...."
ကျန်းယဲ့က ဤစကားကို ပြောလိုက်ချိန်တွင် သူ၏ လေသံ၌ လှောင်ပြောင်မှုများ ပြည့်နှက်နေချေသည်။
"တတိယအချက်... အစိုးရရဲ့ ဖိနှိပ်တဲ့ မူဝါဒတွေနဲ့ ပြည်သူတွေကို ရက်စက်စွာ ဆက်ဆံမှု" မြင်ကွင်းက ဆန်းရှီး ပြည်နယ်ရှိ ဆိုးရွားသော မိုးခေါင်ရေရှားမှုဆီသို့ ပြောင်းလဲသွားပြီး ငတ်မွတ်ခေါင်းပါးမှုများ နေရာအနှံ့ ဖြစ်ပွားနေသော်လည်း အစိုးရက အခွန်အခများ ကောက်ခံရန် ဆက်လက် ဖိအားပေးနေဆဲပင်။
စတုတ္ထအချက်..... စစ်ရေးပြင်ဆင်မှုများ ယိုယွင်းလာခြင်း...
"ပဉ္စမအချက်..." ကျန်းယဲ့က ခဏရပ်လိုက်ပြီး သူ၏ အကြည့်က မျက်နှာ ဖြူရော်နေသော တုန်းလင် ပါတီဝင်များကို ဝေ့ကြည့်သွားခဲ့သည်။ "အနှစ်သာရမရှိတဲ့ စကားတွေက တိုင်းပြည်ကို ဒုက္ခပေးတယ်။ တစ်နေ့ကုန် ယဉ်ကျေးမှု၊ ဖြောင့်မတ်မှု၊ ဂုဏ်သိက္ခာနဲ့ ရှက်တတ်တဲ့စိတ်တွေအကြောင်းပဲ ငြင်းခုံနေကြပြီး တကယ် လက်တွေ့အလုပ်လုပ်တဲ့သူတွေ ရှိလာရင်တောင် သင်တို့က တားဆီးပိတ်ပင်ကြတယ်..."
နောက်ဆုံးတွင် မျက်နှာပြင်ပေါ်၌ သွေးကဲ့သို့ နီရဲနေသော စာလုံးကြီး တစ်ကြောင်း ပေါ်လာ၏။
"အုပ်စုဖွဲ့ အားပြိုင်မှုတွေ ဆက်ဖြစ်နေရင် တိုင်းပြည် ပျက်စီးမယ်။ အကျင့်ပျက် ခြစားမှုကို အမြစ်မဖြတ်နိုင်ရင် ပြည်သူတွေ ပုန်ကန်ကြလိမ့်မယ်....."
ရွှေနန်းတော်ကြီး တစ်ခုလုံး သေမင်းတမန်ကဲ့သို့ တိတ်ဆိတ်နေလေသည်။
ပုံမှန်အားဖြင့် စကားကြီးစကားကျယ် ပြောလေ့ရှိသော ထိုတုန်းလင်လူကြီးမင်းများက ယခုအခါ လည်ပင်း ညှစ်ခံထားရသော ကြက်များကဲ့သို့ အသံတစ်သံမျှ မထွက်နိုင်တော့ချေ။
နဂါးပလ္လင်ပေါ်တွင် ထိုင်ကာ ဤမြင်ကွင်းကို စောင့်ကြည့်နေသော ချုံကျန်းဧကရာဇ်က အလွန် ကြီးမားသော ကျေနပ်မှုကို ခံစားလိုက်ရ၏။
သူ ပြောချင်သည့် စကားများကို ကျန်းယဲ့က ပြောပေးခဲ့ခြင်းပင်။
ကျန်းယဲ့က နန်းဆောင်ရှေ့သို့ အေးအေးဆေးဆေး လျှောက်သွားလိုက်ပြီး ချုံကျန်းဧကရာဇ်ကို ကျောခိုင်းကာ စုဝေးနေသော နယ်ဘက်နှင့် စစ်ဘက်ဆိုင်ရာ အရာရှိများကို မျက်နှာမူလိုက်သည်။
သူ၏ နှုတ်ခမ်းတွင် နောက်ပြောင်ချင်သော အပြုံးတစ်ခု ပေါ်နေသော်လည်း သူ၏ မျက်လုံးများတွင် လှောင်ပြောင်မှု အရိပ်အယောင်တစ်ခု ပါဝင်နေလေသည်။
"ဒီနေရာက အမတ်မင်းတို့..." သူက ရာသီဥတု အကြောင်း ဆွေးနွေးနေသကဲ့သို့ ပေါ့ပေါ့ပါးပါး အသံဖြင့် ပြောလိုက်၏။ "အခုချိန်မှာ တွေးနေကြမှာပဲ။ ဒီလူ ပြောနေတာ အမှန်ပဲလား... သူ ငါတို့ကို လှည့်စားနေတာလားဆိုပြီးတော့ပေါ့..."
အမတ်အချို့က အလိုအလျောက် အကြည့်လွှဲသွားကြပြီး သူတို့၏ အတွေးများကို ဖတ်မိသွားကြောင်း ရှင်းလင်းစွာ သဘောပေါက်သွားကြသည်။
ကျန်းယဲ့က ဂရုမစိုက်သည့်ဟန်ဖြင့် ပခုံးတွန့်လိုက်၏။ "ခင်ဗျားတို့ ယုံတာ မယုံတာ ကျွန်တော်တို့ ဂရုမစိုက်ပါဘူး။ ပြီးတော့ ကျွန်တော်တို့က နောက်ပိုင်း မျိုးဆက်သစ်တွေ ဟုတ်မဟုတ်ဆိုတာ သက်သေပြဖို့လည်း ပျင်းစရာပါပဲ... "
သူက ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ရာ သူ၏ အကြည့်များက အဆင့်မြင့်အမတ်ကြီး အချို့၏ မျက်နှာများပေါ်တွင် ရပ်တန့်သွားလေသည်။ "ခင်ဗျားတို့အားလုံးက မရေမတွက်နိုင်တဲ့ တိုက်ပွဲတွေကြားထဲကနေ ထိုးဖောက်ဝင်ရောက်လာခဲ့တဲ့ ဉာဏ်ပညာရှိသူတွေပါ။ နောက်ပိုင်းမျိုးဆက်သစ်တွေဖြစ်တဲ့ ကျွန်တော်တို့ထက် အများကြီး ပိုပြီး ပါးနပ်ကြပါတယ်။ အမှန်လား အမှားလားဆိုတာကို ခင်ဗျားတို့ဘာသာ ဆုံးဖြတ်နိုင်ပါတယ်...."
နန်းဆောင်ထဲတွင် လေးလံသော အသက်ရှူသံများမှလွဲ၍ လုံးဝ တိတ်ဆိတ်နေ၏။
အခန်း ၁၁၉ပြီး၏။