အခန်း ၁၂၀
Vol. 12 Ch. 120
အခန်း (၁၂၀) ငါတော့မစားရဲဘူး ကြောက်တယ်....
“ဒါပေမဲ့...” ကျန်းယဲ့၏ အပြုံးက ရုတ်တရက် ပျောက်ကွယ်သွားပြီး သူ၏ မျက်လုံးများက စူးရှသွားခဲ့သည်။
သူ၏ မျက်လုံးထဲရှိ ရွံရှာမှုနှင့် အထင်သေးမှုများက အခန်းထဲရှိ လူတိုင်းကို မသက်မသာ ဖြစ်သွားစေပြီး လူအများရှေ့တွင် အဝတ်အစားမပါဘဲ အလှစ်ခံလိုက်ရသကဲ့သို့ ခံစားလိုက်ရလေသည်။
“ကျွန်တော် ဒီနေ့ ပြောမယ့်အကြောင်းက ဒါမျိုး မဟုတ်ဘူး...” သူ၏ အသံက ရေခဲကဲ့သို့ အေးစက်နေ၏။ “ဒါပေမဲ့...”
ကျန်းယဲ့က ရည်ရွယ်ချက်ရှိရှိ ခဏရပ်လိုက်ပြီး အသက်ရှူမှားလောက်အောင် လေးလံသော လေထုကို နန်းဆောင်တစ်ခုလုံး ပြန့်နှံ့သွားစေလိုက်သည်။
ဤအခိုက်အတန့်တွင် သူက လှောင်ပြောင်တတ်သော အနာဂတ်ကလူသားမဟုတ်တော့ဘဲ အပြစ်ရှိသူများကို အပြစ်ပေးရန် ရောက်လာသည့် တရားသူကြီး တစ်ဦးနှင့်ပင် တူနေချေသည်။
“မင်းတို့အားလုံး သိကြတဲ့အတိုင်းပဲ....” သူက လက်ကို ဖြည်းညင်းစွာ မြှောက်ကာ ခရမ်းရောင် ဝတ်ရုံများ ဝတ်ဆင်ထားသော အမတ်များကို ညွှန်ပြလိုက်၏။ “မင်းတို့ထဲက အများစုဟာ နောက်ပိုင်း မျိုးဆက်တွေရဲ့ သမိုင်းစာအုပ်တွေမှာ တိုင်းပြည်ကို ဖျက်ဆီးတဲ့ အမတ်များဆိုတဲ့ နာမည်ဆိုးနဲ့ တံဆိပ်ခတ်ခံထားရပြီးသားပဲ..”
ဤစကားများက လေးလံသော တူဖြင့် ထုလိုက်သကဲ့သို့ ဖြစ်ပြီး စစ်ဘက်၊ နယ်ဘက် အရာရှိ အားလုံး၏ မျက်နှာများကို ဖြူရော်သွားစေ၏။
ဒီဇာတ်လမ်းက အရေးကြီးဆုံး အဆင့်ကို ရောက်နေပြီဆိုတာ ကျန်းယဲ့ သိလေသည်။
အမှန်တရား ကိုးဆယ်ရာခိုင်နှုန်းနှင့် အလိမ်အညာ ဆယ်ရာခိုင်နှုန်း ရောစပ်ထားခြင်းက အယုံကြည်ရဆုံး ဖြစ်၏။
သူ လုပ်ရမှာက ဒီလို အာဏာရှိပြီး ကြွယ်ဝချမ်းသာတဲ့ လူတွေကို သမိုင်းကို ပြောင်းလဲပေးမယ့် ဤဝဲဂယက်ထဲသို့ သူတို့ဘာသာ သူတို့ ဆန္ဒအလျောက် ခုန်ဆင်းလာအောင် လုပ်ဖို့ပင်။
ကျန်းယဲ့က လက်နောက်ပစ်လျက် ရပ်နေပြီး သူ၏ နှုတ်ခမ်းတွင် အေးစက်သော အပြုံးတစ်ခု ချိတ်ဆွဲထားကာ အမတ်များကို ဓားတစ်လက်ကဲ့သို့ စူးရှသော အကြည့်ဖြင့် ဝေ့ကြည့်လိုက်သည်။
“ရိုးရိုးသားသား ပြောရရင်... ကျွန်တော်တို့ နောက်ပိုင်း မျိုးဆက်တွေက မင်းတို့ သေသည်ဖြစ်စေ ရှင်သည်ဖြစ်စေ ဂရုမစိုက်ဘူး....”
ဤစကားများက အမတ်များ၏ ခေါင်းပေါ်သို့ ရေခဲရေပုံးဖြင့် လောင်းချလိုက်သကဲ့သို့ပင်။
“မင်းတို့ အခု ဘာတွေးနေလဲဆိုတာ ကျွန်တော် သိပါတယ်” ကျန်းယဲ့က သူ၏ လေသံကို ရုတ်တရက် ပျော့ပြောင်းလိုက်ပြီး လှောင်ပြောင်မှု အနည်းငယ် ထည့်သွင်း ပြောလိုက်၏။ “ငါတို့သာ မရှိခဲ့ရင် မနေ့ညက အံ့ဖွယ်ရာတွေနဲ့ ဒီနေ့ ရွှေနန်းတော်ထဲမှာ ဒီလောက် ရုန်းရင်းဆန်ခတ် ဖြစ်နေတာတွေက ဘာအဓိပ္ပာယ် ရှိလို့လဲပေါ့...”
သူ၏ စူးရှသော အကြည့်က အမတ်အချို့၏ ပါးပြင် ကြွက်သားများ အနည်းငယ် တွန့်လိမ်သွားသည်ကို ဖမ်းမိလိုက်ရာ သူတို့၏ အတွေးများကို ဖောက်ထွင်းမြင်လိုက်ရကြောင်း သိသာပေသည်။
ကျန်းယဲ့သည် အကြည့်ကို နန်းဆောင်ထဲမှ လှည့်ကာ လေးလံသော နန်းတော်တံတိုင်းများ အပြင်ဘက်ရှိ ဗဟိုမြေပြင်ဆီသို့ လက်ညှိုးထိုးပြလိုက်၏။
“ကျွန်တော်တို့ ဒီလို လုပ်နေတာက သူတို့အတွက်ပါ။ ဗဟိုမြေပြင်ပေါ်က မင်မင်းဆက်ရဲ့ ပြည်သူ သန်းပေါင်းများစွာအတွက်ပါ...”
သူ စကားဆုံးသည်နှင့် တစ်ပြိုင်နက် မျက်နှာပြင်ကြီးကြီးပေါ်တွင် တုန်လှုပ်ဖွယ် မြင်ကွင်းတစ်ခု ရုတ်တရက် ပေါ်လာချေသည်။
ဆန်းရှီးပြည်နယ်တွင် ပြင်းထန်သော မိုးခေါင်ရေရှားမှုကြောင့် မြေပြင်က ထောင်ပေါင်းများစွာ မိုင်အထိ ခြောက်သွေ့နေပြီး အရိုးပေါ် အရေတင်နေသော လူများက မြေပြင်ပေါ် ဒူးထောက်ကာ သစ်ခေါက်များ စားနေခဲ့ကြသည်။
ဟဲနန်ပြည်နယ်တွင် ရေကြီးမှုကြောင့် အလောင်းများ ပြန့်ကျဲနေပြီး မိခင်တစ်ယောက်က သူမ၏ ကလေးငယ်၏ ဖူးရောင်ရမ်းနေသော အလောင်းကို ပွေ့ဖက်ကာ ကောင်းကင်ကို မော့ကြည့် ငိုကြွေးနေ၏။
နယ်စပ်စစ်ပွဲနှင့် ရွာများ မီးလောင်ကျွမ်းနေမှုကြားတွင် ဆံပင်ဖြူအဘွားအိုတစ်ယောက်က သူမ၏ သားဖြစ်သူ၏ အပိုင်းပိုင်းဖြစ်နေသော အလောင်းကို ဖက်တွယ် အော်ဟစ်နေချေသည်...
ဤမြင်ကွင်းများက အလွန် လက်တွေ့ကျလွန်းသဖြင့် လူတို့၏ မျက်နှာပေါ်ရှိ အရေးအကြောင်းများနှင့် မျက်လုံးထဲရှိ စိတ်ပျက်အားငယ်မှုများကိုပင် ရှင်းလင်းစွာ မြင်နိုင်နေလေသည်။
ကျန်းယဲ့၏ အသံက နန်းဆောင်ထဲတွင် ပဲ့တင်ထပ်သွား၏။ “ဒီမြင်ကွင်းတွေက မင်းတို့ အားလုံးအတွက် ရင်းနှီးပြီးသား ဖြစ်မှာပါ... အမတ်မင်းတို့”
မျက်နှာပြင်ပေါ်ရှိ ပုံရိပ်များက ဆက်လက် ပြောင်းလဲနေပြီး တစ်ခုချင်းစီက တက်ရောက်လာသူ အားလုံး၏ မျက်လုံးများကို ထိုးစိုက်ဝင်သွားခဲ့သည်။
ထို ညှိုးနွမ်းနေသော မျက်နှာများနှင့် စိတ်ပျက်နေသော မျက်လုံးများက အချိန်နှင့် နေရာကို ဖောက်ထွင်းကာ ဝိညာဉ်ကို ထိခိုက်စေပေသည်။
ဤဗီဒီယိုကို ကျန်းယဲ့က စနစ်ထဲမှ ဈေးကြီးပေး ဝယ်ယူထားခြင်းဖြစ်ပြီး မင်မင်းဆက် ပြည်သူများ၏ ဆင်းရဲဒုက္ခကို အမှန်တကယ် မှတ်တမ်းတင်ထားခြင်း ဖြစ်၏။
ယခင်က ဤဗီဒီယိုကို ကျန်းယဲ့ တစ်ယောက်တည်းသာ ကြည့်ဖူးလေသည်။
ထို့ကြောင့် တင်းကောင်းနှင့် ဆယ့်တစ်ယောက်ပါ အဖွဲ့အတွက် ဤဗီဒီယို၏ ရိုက်ခတ်မှုက တစ်နန်းဆောင်လုံးထက် ပို၍ ကြီးမားလေသည်။
အချို့၏ မျက်လုံးများက မထိန်းချုပ်နိုင်ဘဲ နီရဲလာပြီး နှာခေါင်းများ စပ်လာခဲ့ကြသည်။
မင်မင်းဆက် ပြည်သူတွေက ဒီရက်တွေမှာ ဆင်းရဲဒုက္ခ အလွန် ရောက်နေကြတာလား......
အရမ်း ဆင်းရဲဒုက္ခရောက်တယ်ဆိုတဲ့ စကားလုံးက သူတို့ရဲ့ လက်ရှိ အခြေအနေကို ဖော်ပြဖို့ လုံလောက်မှု မရှိချေ။
သမိုင်းစာအုပ်တွေမှာ စာကြောင်းအနည်းငယ်ပဲ ရေးထားပေမဲ့ အဲဒီနောက်ကွယ်မှာ အလောင်းကောင် တောင်တန်းတွေနဲ့ သွေးပင်လယ်တွေ ရှိနေလေသည်။
ရိုးရှင်းတဲ့ စကားလုံးတွေက တုန်လှုပ်စရာ အမှန်တရားကို သယ်ဆောင်လာတတ်တယ်။
ဗီဒီယို ပြီးဆုံးသွားချိန်တွင် ကျန်းယဲ့က ခလုတ်ကို ညင်သာစွာ နှိပ်လိုက်၏။
အမတ်အိုကြီး အချို့၏ လေးလံသော အသက်ရှူသံများမှလွဲ၍ နန်းဆောင်တစ်ခုလုံး တိတ်ဆိတ်သွားခဲ့ပြန်သည်။
“စကားတွေ အများကြီး ပြောလိုက်ရလို့ လည်ချောင်းတွေ ခြောက်သွားပြီ....” ကျန်းယဲ့က သူ့ဘာသာ ရေရွတ်လိုက်ပြီး သူ၏ ပေါ့ပေါ့ပါးပါး အပြုံးက မျက်နှာပေါ် ပြန်ပေါ်လာခဲ့သည်။
သူက လက်ကို ဝှေ့ယမ်းလိုက်ရာ အရောင်စုံထုပ်ပိုးထားသော စတုဂံပုံအရာတစ်ခု ပေါ်လာလေသည်။
“ဖြတ်...” ခနဲ အသံဖြင့် သူက ထုပ်ပိုးမှုကို ဆွဲဖြဲလိုက်ရာ အတွင်းမှ နို့ရောင်ရေခဲမုန့် ထွက်ပေါ်လာ၏။
အမတ်များ၏ အံ့အားသင့်နေသော အကြည့်များကြားတွင် သူက ဖြည်းညင်းစွာ တစ်ကိုက် ကိုက်လိုက်ချေသည်။
“အင်း... ဗနီလာအရသာ.. မဆိုးဘူး”
ကျန်းယဲ့က ပလ္လင်ပေါ်တွင် ထိုင်နေသော ချုံကျန်းဧကရာဇ်ကို ကြည့်လိုက်ပြီးနောက် စနစ်ထဲမှ နောက်ထပ် ရေခဲမုန့် တစ်ခုကို အမြန် ဝယ်လိုက်လေသည်။
သူက ဝမ်ချန်အန်းကို ခေါ်လိုက်၏။ “မင်းကြီးဝမ်... အရှင်မင်းမြတ်ကို ဒါလေး မြည်းစမ်းခိုင်းလိုက်ပါဦး....”
ဝမ်ချန်အန်းက မလှုပ်ဝံ့ဘဲ ချုံကျန်းကို ကြည့်ကာ တွန့်ဆုတ်နေခဲ့သည်။
ဧကရာဇ်က ခွင့်ပြုကြောင်း ခေါင်းညိတ်ပြမှသာ ရေခဲမုန့်ကို လက်ခံလိုက်လေသည်။
ချုံကျန်းဧကရာဇ်က ရေခဲမုန့်ကို ယူလိုက်ပြီး ကျန်းယဲ့ကို အတုယူကာ ထုပ်ပိုးမှုကို ဖြဲလိုက်၏။ ထို့နောက် သူက အနာဂတ်မှလာသော ဤအရာကို မြည်းစမ်းဖို့ ပြင်လိုက်စဉ်...
ရုတ်တရက် အမတ်တစ်ယောက်က ဒုန်းခနဲ ဒူးထောက်ချလိုက်ပြီး တုန်ယင်သော အသံဖြင့် အော်လိုက်၏။ “အရှင်မင်းမြတ်... ဒီအရာက ဘယ်ကမှန်း မသိတဲ့အတွက် အဆိပ်ပြင်းပြင်း ဖြစ်နိုင်ပါတယ်။ အရှင်မင်းမြတ် ကျေးဇူးပြုပြီး စဉ်းစားပေးပါ...”
ချုံကျန်းဧကရာဇ်က ရပ်တန့်သွားပြီး အမတ်၏ စကားကို လုံးဝ လျစ်လျူရှုလိုက်ချေသည်။ သူက ရေခဲမုန့်ကို တစ်ကိုက် ကိုက်ပြီးမှ အမတ်ကို မော့ကြည့်လိုက်၏။
သူ၏ မျက်လုံးများက ရေခဲကဲ့သို့ အေးစက်နေသော်လည်း နှုတ်ခမ်းတွင် အပြုံးတစ်ခု ရှိနေခဲ့သည်။ “မင်း စိတ်ကူးယဉ်လွန်နေပြီ... အမတ်မင်း”
သူ စကားပြောရင်း ရေခဲမုန့်ကို နောက်တစ်ကိုက် ထပ်ကိုက်လိုက်ရာ အေးမြချိုမြိန်သော အရသာက လျှာပေါ်တွင် အရည်ပျော်သွားပြီး သူ၏ မျက်နှာတွင် ပျော်ရွှင်မှုများ ထွက်ပေါ်လာရသည်။
သို့သော် သူ၏ စကားက နန်းဆောင်တစ်ခုလုံးကို ရုတ်တရက် အေးခဲသွားစေခေသည်။ “တကယ်လို့ ဆရာသခင်ကျန်းက ငါကိုယ်တော်ကို သတ်ချင်တယ်ဆိုရင် သူတို့ရဲ့ နည်းလမ်းတွေနဲ့ဆိုရင် ဒီလို အဆိပ်သင့်တဲ့ နည်းလမ်းမျိုးကို သုံးဖို့ လိုလို့လား...”
သူ၏ အကြည့်က အမတ်ကို ဓားတစ်လက်ကဲ့သို့ ဝေ့ကြည့်သွားခဲ့သည်။ “ငါကိုယ်တော်က ဒီလောက်တောင် ဉာဏ်မရှိဘူးလို့ မင်း ထင်နေတာလား။ ဘယ်သူက ငါ့အပေါ် တကယ် သစ္စာရှိလဲ... ဘယ်သူက နောက်ကွယ်ကနေ ရည်ရွယ်ချက်ရှိလဲဆိုတာ ငါကိုယ်တော် ကောင်းကောင်း သိတယ်...”
အမတ်၏ မျက်နှာမှာ ပြာနှမ်းသွားပြီး သူ၏ နဖူးကို မြေပြင်ပေါ် ဖိကပ်ကာ မော့မကြည့်ရဲတော့ချေ။
တခြား အကြံပေးချင်သော အမတ်များလည်း တိတ်ဆိတ်သွားကြသည်။
ကျန်းယဲ့က ရေခဲမုန့်ကို အရသာရှိရှိ စားနေလေသည်။ အေးမြချိုမြိန်ပြီး နို့အရသာက လျှာပေါ်တွင် အရည်ပျော်နေ၏။
ဤအခိုက်အတန့်တွင် သူက သမိုင်းတွင် နန်းတော်ထဲ၌ ရေခဲမုန့်စားသည့် ပထမဆုံးလူ ဖြစ်နိုင်ကြောင်း သူ့ဘာသာ သူ သက်ပြင်းချမိလိုက်သည်။
ထို့နောက် သူက ပျက်စီးသွားသော မင်းဆက်မှ အမတ်များကို ဝေ့ကြည့်လိုက်ရာ ရုတ်တရက် တစ်ခုခု သတိရသွားပြီး နှုတ်ခမ်းတွင် အပြုံးလေး ပေါ်လာလေသည်။
“ကောင်းပြီ... ဘက်လိုက်တယ်လို့ မပြောကြပါနဲ့။ ဒီနေ့တော့ အမတ်မင်းတို့ အားလုံးကို ရေခဲမုန့် ကျွေးချင်ပါတယ်။ ဒါက နောက်ပိုင်းမျိုးဆက်သစ်တွေရဲ့ ကလေးရော လူကြီးပါ ကြိုက်တဲ့ မုန့်ပါ...”
သူက ညာလက်ကို ဝှေ့ယမ်းလိုက်ရာ လှပစွာ ထုပ်ပိုးထားသော ရေခဲမုန့် အမြောက်အမြားက နန်းဆောင်အလယ်တွင် စုပုံပေါ်လာခဲ့သည်။
“ရွှီကျောက်... အမတ်မင်းတို့ အားလုံးကို တစ်ယောက်တစ်ခွက် ဝေပေးလိုက်” ကျန်းယဲ့က ပေါ့ပေါ့ပါးပါး လက်ယမ်းလိုက်၏။
ရွှီကျောက်နှင့် အခြားသူများက ကျန်းယဲ့၏ ရည်ရွယ်ချက်ကို လုံးဝ နားမလည်ဘဲ အချင်းချင်း ကြည့်နေကြလေသည်။
သို့သော် ကျန်းယဲ့က သူတို့ရဲ့ ခေါင်းဆောင်ဖြစ်သည့်အတိုင်း သူတို့က နားမလည်သော်လည်း အမိန့်ကို နာခံကာ ရေခဲမုန့်များကို တစ်ယောက်ချင်းစီ ဝေပေးလိုက်၏။
အမတ်များက နောက်ပိုင်း မျိုးဆက်သစ်များထံမှ ရလာသော ဤမျှော်လင့်မထားသည့် လက်ဆောင်ကို ကိုင်ထားရင်း အမူအရာများမှာ အလွန် စိတ်ဝင်စားဖို့ ကောင်းနေချေသည်။
ကျိုးယန်ရူက ရေခဲမုန့်ကို လက်ထဲတွင် ကိုင်ထားပြီး သူ၏ လက်ဖဝါးမှ ထွက်လာသော အေးမြမှုကို ခံစားနေရသည်။
ဝမ်ထီရန်က ထုပ်ပိုးမှုပေါ်ရှိ ထူးဆန်းသော စာလုံးများကို မှေးကြည့်နေ၏။
အားလုံးက တစ်ခုခုကို ကိုင်ထားကြသော်လည်း ဘယ်သူမှ မလှုပ်ရဲကြချေ။
ကျန်းယဲ့က ရေခဲမုန့်ကိုင်ထားသော အမတ်များကို ကြည့်ပြီး ရုတ်တရက် လှောင်ပြောင်လိုက်၏။ “ဘာလဲ... ကျွန်တော် အဆိပ်ခတ်ထားမှာ ကြောက်နေတာလား...”
ရွှေနန်းတော်ကြီးမှာ လုံးဝ တိတ်ဆိတ်နေခဲ့သည်။ အမတ်များက တစ်ယောက်ကို တစ်ယောက် ကြည့်နေကြပြီး စကားမပြောရဲကြပေ။
စားဖို့ ကြောက်တာကတော့ သဘာဝပါပဲ.....
လခွမ်း ပြီးခဲ့တဲ့ မိနစ်ပိုင်းကပဲ ဒီလူက သူတို့ကို တိုင်းပြည်နဲ့ ပြည်သူကို ဖျက်ဆီးတယ်ဆိုပြီး သွေးထွက်သံယို မြင်ကွင်းတွေနဲ့ ပြစ်တင်နေခဲ့ပြီး.... အခုတော့ မုန့်လာကျွေးနေတာလေ....
ဒီလို အခြေအနေမျိုးမှာ မင်းမပြောနဲ့ ငါလဲ ကြောက်တယ်........
အမတ်တွေတင်မကဘဲ ရွှီကျောက်နှင့် အဖော်များပင် လုံးဝ နားမလည်နိုင် ဖြစ်နေခဲ့ကြရသည်။
ကျန်းယဲ့က ပြုံးလျက် လူတိုင်းကို စိတ်အေးစေရန် ပြောလိုက်၏။ “စိတ်မပူပါနဲ့... အဆိပ် မပါပါဘူး”
သူက ရေခဲမုန့်ထုပ်ကို ပေါ့ပေါ့ပါးပါး ပစ်လိုက်ပြီး သူ၏ မျက်လုံးများက ရုတ်တရက် စူးရှသွားခဲ့သည်။ “ကျွန်တော်သာ တကယ်လို့ မင်းတို့ကို သတ်ချင်တယ်ဆိုရင်...”
သူ စကားမဆုံးခင်မှာပင် သူ၏ ညာလက်ကို လှန်လိုက်ရာ အမည်းရောင်ပစ္စတိုသေနတ်တစ်လက်က လေထဲမှ ပေါ်လာချေသည်။
မည်သူမျှ မတုံ့ပြန်နိုင်မီမှာပင် ကျယ်လောင်သော “ဗုန်း” ခနဲ အသံတစ်ခု ထွက်ပေါ်လာပြီး နန်းဆောင်ထောင့်ရှိ မှန်မီးအိမ် တစ်လုံး ကွဲကြေသွားလေသည်။
( NT- ဆရာကျန်းနော် ရိသဲ့သဲ့လာလုပ်နဲ့ …)
အခန်း ၁၂၀ပြီး၏။