← Chapters

အခန်း ၁၂၃

Vol. 13 Ch. 123

အခန်း ၁၂၃

Vol. 13 Ch. 123

အခန်း (၁၂၃) ကိုယ်ပိုင် ရွေးချယ်မှု

​ချုံကျန်းဧကရာဇ်က ရုတ်တရက် မတ်တတ်ရပ်လိုက်ရာ နဂါးဝတ်ရုံအောက်ရှိ သူ၏လက်များမှာ တုန်ယင်နေခဲ့သည်။ သူ့၏ မျက်ဝန်းများထဲတွင် စိတ်လှုပ်ရှားမှုနှင့် တောင့်တမှုတို့ ရောယှက်နေလေသည်။

​ထိုအချိန်၌ တစ်နန်းတွင်းလုံး တုန်လှုပ်ကာ အလွန်အမင်း စိတ်လှုပ်ရှားသွားကြပြီး သူတို့ မြင်တွေ့နေရသည်ကိုပင် မယုံနိုင်ကြပုံရပေသည်။

​ပျက်စီးခြင်းနှင့် တိုင်းပြည်ပျောက်ကွယ်မည့် အရေးကို ရင်ဆိုင်ရချိန်တွင် သူတို့က ရုန်းကန်ထကြွခဲ့ကြသည်။

​အရာရှိတစ်ဦးမှာ မျက်ရည်များ စီးကျလာပြီး တီးတိုးရေရွတ်လိုက်၏။ “ကောင်းကင်ဘုံက တရုတ်ပြည်ကို ကောင်းချီးပေးပါစေ။ ကောင်းကင်ဘုံက တရုတ်ပြည်ကို ကောင်းချီးပေးပါစေ...”

​ကျန်းယဲ့က လူတိုင်းကို ဝေ့ကြည့်ကာ ပြောလိုက်၏။ “ဒါက သိပ္ပံနဲ့ နည်းပညာရဲ့ စွမ်းအားပဲ။ ဒါက ပွင့်လင်းမြင်သာမှုနဲ့ တိုးတက်မှုရဲ့ ရလဒ်ပဲ။ ခင်ဗျားတို့ပြောနေတဲ့ ဉာဏ်နီဉာဏ်နက်နဲ့ ကောက်ကျစ်တဲ့ နည်းပညာတွေဆိုတာ အနာဂတ်မှာ တိုင်းပြည်ပြန်လည်နိုးထလာဖို့အတွက် သိပ္ပံနဲ့ နည်းပညာကနေတစ်ဆင့် သွားရမယ့် လမ်းကြောင်းပဲ....”

​နန်းဆောင်အတွင်းရှိ သံသယဖြစ်နေသော အသံများအားလုံးမှာ တိတ်ဆိတ်သော တုန်လှုပ်မှုအဖြစ် ပြောင်းလဲသွားကြသည်။

​တစ်ချိန်က အရာဝတ္ထုများကို စူးစမ်းလေ့လာခြင်းကို ဆန့်ကျင်ခဲ့ဖူးသော အမတ်များက ယခုအခါ ရှက်ရွံ့စွာဖြင့် ခေါင်းငုံ့ထားကြ၏။

​ကျန်းယဲ့က ရွှေနန်းတော်အလယ်တွင် ရပ်ကာ သူ၏အသံကို နှိမ့်၍ ခိုင်မာစွာ ပြောလိုက်ပြန်သည်။ “ကျွန်တော်တို့က နှစ်ပေါင်း သုံးရာကျော်ကို ဖြတ်သန်းပြီး ဒီကိုရောက်လာတာက ရည်ရွယ်ချက်တစ်ခုတည်းအတွက်ပဲ”

​“တရုတ်တစ်မျိုးသားလုံးနဲ့ ဒီမြေပေါ်က ပြည်သူတွေ အဲဒီလို ဆင်းရဲဒုက္ခတွေကို ဘယ်တော့မှ ထပ်မခံစားရဖို့ပဲ...”

​မျက်နှာပြင်က ပြန်လင်းလာပြီး ဤတစ်ကြိမ်တွင် ဥရောပအင်အားကြီးနိုင်ငံများ၏ ကိုလိုနီလုယက်မှု မြင်ကွင်းများကို ပြသနေခဲ့သည်။

​အိန္ဒိယ ဝါစိုက်တောင်သူများက ပူပြင်းသော နေရောင်အောက်တွင် ပင်ပန်းကြီးစွာ အလုပ်လုပ်ကြသော်လည်း သူတို့ ရက်လုပ်သော လှပသည့် အထည်အလိပ်များမှာ ဥရောပသို့ တင်ပို့ခံရသည်။

​အာဖရိက သတ္တုတွင်း အလုပ်သမားများက နေရောင်မရသော အမှောင်တွင်းများထဲတွင် ရုန်းကန်နေရသော်လည်း သူတို့ တူးဖော်ရရှိသော စိန်များမှာ ဗြိတိသျှ သရဖူတွင် တပ်ဆင်ခံရလေသည်။

​ဌာနေ အမေရိကန်များမှာ နှင်ထုတ် သတ်ဖြတ်ခံရပြီး သူတို့၏ မြေများမှာ စိုက်ခင်းများအဖြစ် ပြောင်းလဲသွားကြသည်...

​“သူတို့က ဒီဉာဏ်နီဉာဏ်နက်နဲ့ ကောက်ကျစ်တဲ့ နည်းပညာတွေကို သုံးပြီး တစ်ကမ္ဘာလုံးကို သွေးစုပ်နေကြတာပဲ....”

​မြင်ကွင်းက ဥရောပပြတိုက်တစ်ခုဆီသို့ ပြောင်းသွားခဲ့သည်။

​ဗြိတိသျှပြတိုက်၏ တရုတ်ပြခန်းတွင် တွန်းဟွမ်နံရံဆေးရေးပန်းချီများကို လှီးဖြတ်ကာ ပြသထားလေသည်။

​ပြင်သစ်နိုင်ငံရှိ ဖောင်တိန်ဘလူးနန်းတော်တွင် နွေရာသီနန်းတော်ဟောင်းမှ ရတနာများမှာ စစ်လုယက်ပစ္စည်းများ ဖြစ်သွားခဲ့ရသည်။

​ကြေးဝါနှင့် ကြွေထည်ပစ္စည်းတစ်ခုချင်းစီပေါ်ရှိ အညွှန်းစာရွက်များက လုယက်ခံရသည့် ခုနှစ်ကို ဖော်ပြနေခဲ့သည်...

​ကျန်းယဲ့က အချက်အလက်များကို ထုတ်ယူလိုက်၏။

​“ဘိန်းစစ်ပွဲ လျော်ကြေးငွေက ငွေဒေါ်လာ ၂၁ သန်း ရှိတယ်....”

​“ဘောက်ဆာစာချုပ်အရ လျော်ကြေးငွေ ငွေတုံး သန်း ၄၅၀ ပေးရတယ်”

​“ယဉ်ကျေးမှု အမွေအနှစ် ရှေးဟောင်းပစ္စည်း ၁၀သန်းကျော် လုယက်ခံခဲ့ရတယ်...”

​ကိန်းဂဏန်းများ တစ်ချက်ခုန်တက်သွားတိုင်း နန်းတွင်းအမတ်များ၏ အမူအရာမှာ ပိုမို မှုန်ကုပ်လာခဲ့ကြသည်။

​ကျန်းယဲ့က လှေကားထစ်များကို လျှောက်တက်သွားပြီး စုဝေးနေသော နယ်ဘက်နှင့် စစ်ဘက်ဆိုင်ရာ အရာရှိများကို ရုတ်တရက် အရိုအသေပေး ဦးညွှတ်လိုက်၏။

​ဤလုပ်ရပ်ကြောင့် တက်ရောက်လာသော နန်းတွင်းအမတ်များ လုံးဝ ဘာလုပ်ရမှန်းမသိ ဖြစ်သွားကြလေသည်။

​‘ဒီတစ်ခါ သူ ဘာလုပ်ချင်နေပြန်တာလဲ... ’

​နန်းတွင်းအမတ်များက တစ်ယောက်ကိုတစ်ယောက် အံ့အားသင့်စွာ ကြည့်နေကြစဉ် ကျန်းယဲ့၏ လေးနက်သော အသံကို ကြားလိုက်ရ၏။

​“ဒီကမ္ဘာကြီးက ခင်ဗျားတို့အားလုံးနဲ့ သက်ဆိုင်ပြီး ပြည်သူတွေက ခင်ဗျားတို့ကို လိုအပ်နေပါတယ်”

​တင်းကောင်းနှင့် အခြားကိုးယောက်ကလည်း တစ်ပြိုင်နက်တည်း ရှေ့သို့ ထွက်လာကာ ကျန်းယဲ့၏ဘေးတွင် ရပ်ပြီး အားလုံးကို တစ်ပြိုင်နက် ဦးညွှတ်လိုက်ကြ၏။

​“ခင်ဗျားတို့ သမိုင်းမှာ နာမည်ကောင်း တွင်ကျန်ရစ်မလား... ဒါမှမဟုတ် ထာဝရ နာမည်ဆိုးနဲ့ ကျော်ကြားမလား” အသံဆယ့်တစ်သံက ရွှေနန်းတော်ထဲတွင် ပဲ့တင်ထပ်သွား၏။ “ဒါက အမတ်မင်းတို့ ကိုယ်တိုင်ပဲ ရွေးချယ်ရပါလိမ့်မယ်...”

​ချုံကျန်းဧကရာဇ်က နဂါးပလ္လင်ပေါ်မှ ဖြည်းညင်းစွာ ထရပ်လိုက်ပြီး သူ၏အကြည့်က အမတ်များထံသို့ စူးစိုက်သွားချေသည်။

​နန်းတွင်းမှာ လုံးဝ တိတ်ဆိတ်နေသော်လည်း လေထုထဲတွင် တစ်ခုခုက သိမ်မွေ့စွာ ပြောင်းလဲနေခဲ့သည်။

​ကျိုးထင်ရူက ရှေ့သို့ ပထမဆုံး ထွက်လာပြီး ပြောလိုက်၏။ “ဒီအမတ်အိုကြီးက ခွေးတစ်ကောင်... မြင်းတစ်ကောင်လို အလုပ်အကျွေးပြုဖို့ ဆန္ဒရှိပါတယ်... ”

​လုပ်ငန်းဝန်ကြီးဌာန ဝန်ကြီး ကျန်းဖုန်းရှန်ကလည်း ထပ်မံ၍ ပြောလိုက်၏။ “မီးလက်နက်အသစ်တွေကို ပြုပြင်ပြောင်းလဲဖို့နဲ့ မြှင့်တင်ဖို့ ကျွန်တော့် ဘဝတစ်သက်တာ ခွန်အားတွေကို မြှုပ်နှံဖို့ ဆန္ဒရှိပါတယ်....”

​ပုံမှန်အားဖြင့် ရှေးရိုးစွဲဖြစ်သော ထုံးတမ်းစဉ်လာရေးရာဝန်ကြီးပင်လျှင် တုန်ယင်စွာဖြင့် ပြောလာခဲ့ကြသည်။ “အရှင်မင်းမြတ်... အရာဝတ္ထုတွေကို စူးစမ်းလေ့လာခြင်းနဲ့ အသိပညာချဲ့ထွင်ခြင်းကို အထူးပြုလေ့လာဖို့ ဘာသာပြန်ဌာနတစ်ခု တည်ထောင်ပေးဖို့ ကျွန်တော်မျိုး တောင်းဆိုပါတယ်... ”

​ကျန်းယဲ့က မတ်တတ်ပြန်ရပ်လိုက်ပြီး ဤမြင်ကွင်းကို ကြည့်ကာ သူ၏မျက်လုံးများထဲတွင် သက်သာရာရသွားသည့် အရိပ်အယောင်တစ်ခု နောက်ဆုံးတွင် ပေါ်လာလေသည်။

​အပြောင်းအလဲအတွက် မျိုးစေ့ကို ဒီနေ့မှာ အောင်မြင်စွာ ချနိုင်ခဲ့ပြီဖြစ်ကြောင်း သူ သိလိုက်၏။

​ဒီနေ့ အကွက်ဆင်မှုက ရိုးသားမှုအပေါ်မှာပဲ လုံးလုံး မူတည်နေပေသည်။

​ခြိမ်းခြောက်မှု အနည်းငယ် ရောယှက်နေသော ရိုးသားမှု၊ ခွန်အားများ ပြည့်နှက်နေသော ခြိမ်းခြောက်မှုနှင့် ရိုးသားမှုဖြင့် ထိန်းကွပ်ထားသော ခွန်အားပင်။

​အမှန်တရားကိုးခုထဲမှ အလိမ်အညာတစ်ခုကတော့ အမှန်တရား၏ရှေ့မှောက်တွင် အရေးမပါသကဲ့သို့ ဖြစ်သွားရသည်။

(NT- ကျန်းယဲ့ပြောတဲ့ အထဲမှာ ကျန်တာတွေအကုန်မှန်ပြီး ဝန်ကြီးတစ်ချို့ရဲ့ သေခြင်းမှတ်တမ်းက ဖြီးဖြန်းထားတာပါ...)

​ကျန်းယဲ့၏ ဝေဖန်မှုက စစ်မှန်၏။

ရင်တွင်းဖြစ်၏။

သူက အရည်အချင်းမရှိသော အမတ်များကို ပြင်းထန်စွာ ဝေဖန်ရှုတ်ချခဲ့သည်။

​လှောင်ပြောင်စော်ကားမှုများကြားတွင် တိုင်းပြည်ပျက်စီးမည့်အရေးနှင့် သူတို့၏ ကံကြမ္မာကို ဖုံးကွယ်ရန် မကြိုးစားခဲ့ချေ။

​သူတို့ သက်ရှိထင်ရှားရှိစဉ် တိုင်းပြည်ကို ဖျက်ဆီးခဲ့သော နာမည်ဆိုးကို ခံရရုံသာမက သေဆုံးပြီးနောက်တွင်လည်း ထာဝရ အမည်းစက်ဖြင့် မှတ်သားခံရမည်ကို သူတို့ကို ရှင်းလင်းစွာ နားလည်စေခဲ့သည်။

​ထို့နောက် နိုင်ငံခြားအင်အားကြီးများ၏ ချမ်းသာကြွယ်ဝမှုကို ကိုယ်တိုင် မျက်မြင်တွေ့စေပြီး နိုင်ငံခြား တိုင်းပြည်များက သူတို့၏တိုင်းပြည်ကို ထောက်ပံ့ရန် ပတ်ဝန်းကျင်ဒေသများကို မည်သို့ အမြတ်ထုတ်ခဲ့ကြောင်း ပြသခဲ့လေသည်။

​ဒါက သူတို့ကို ပိုမို တောက်ပပြီး အလားအလာကောင်းသော လမ်းကြောင်းတစ်ခုဆီ ညွှန်ပြနေခြင်း ဖြစ်၏။

​နောက်ဆက်တွဲအနေဖြင့် တန်းတူညီမျှမှုမရှိသော စာချုပ်များဖြစ်စေ....

ရာစုနှစ်တစ်ခုစာ အရှက်ရမှုဖြစ်စေ.....

သူတို့အနေဖြင့် အပြောင်းအလဲကို မရှာဖွေဘဲ ရပ်တန့်နေမည်ဆိုလျှင် သူတို့သာ အန္တရာယ်ကြုံရရုံသာမက သူတို့၏ မျိုးဆက်များကပါ ဆင်းရဲဒုက္ခရောက်မည်ကို သိမ်မွေ့စွာ သတိပေးလိုက်ခြင်းပင်။

​သို့သော် ထိုနောက်ဆုံး ဦးညွှတ်မှုက သူ၏ ရိုးသားမှုကို ဖော်ပြလိုက်လေသည်။

​မင်မင်းဆက်ကို ဥရောပနိုင်ငံများကဲ့သို့ ကြီးပွားချမ်းသာပြီး ခွန်အားကြီးမားလာစေရန် အတူတကွ လုပ်ဆောင်ကြမလား... ဒါမှမဟုတ် အမြင်ကျဉ်းမြောင်းစွာနဲ့ အသေးအဖွဲအကျိုးအမြတ်လေးတွေအတွက်ပဲ တိုက်ခိုက်နေကြမလား.....

​သမိုင်းတွင် ကောင်းနာမည်ဖြင့် မှတ်တမ်းတင်ခံရမည်လား..... ထာဝရနာမည်ဆိုးဖြင့် ကျော်ကြားမည်လား ဆိုသည်ကို ရွေးချယ်ကြမလား ......

​အကျိုးအမြတ်က ရှေ့မှ လမ်းခင်းပေးပြီး ဂုဏ်သတင်းက သူတို့ကို နောက်မှ တွန်းအားပေးနေခဲ့သည်။

​ဤမြေခွေးအိုကြီးများက အကွက်ဆင်မှုကို ရိပ်မိသွားလျှင်တောင်မှ သူတို့က အပြောင်းအလဲအတွက် ဆန္ဒအလျောက် တွန်းအားပေးနေဦးမည်သာ ဖြစ်၏။

​မည်သို့ပင်ဆိုစေ နောက်ပိုင်းကျင်း၏ အနောက်တွင် မည်သူမျှ မရှိသော်လည်း မင်မင်းဆက်တွင်မူ အဆင့်မြင့် လက်နက်များနှင့် နည်းပညာများကို သယ်ဆောင်လာသော နှစ်သုံးရာအနာဂတ်မှ ကျန်းယဲ့နှင့် သူ၏အဖွဲ့ ရှိနေသည်မဟုတ်လော။

​ကျန်းယဲ့က သူတို့ ယုံသည်ဖြစ်စေ၊ မယုံသည်ဖြစ်စေ ဂရုမစိုက်ကြောင်း.... သို့မဟုတ် သူတို့က နောက်ပိုင်း မျိုးဆက်များ ဖြစ်သည်ဖြစ်စေ၊ မဖြစ်သည်ဖြစ်စေ ဂရုမစိုက်ကြောင်း အရင်က ပြောခဲ့သော်လည်း။

​တကယ်တမ်းတွင် သူ ထုတ်ပြခဲ့သော ပရိုဂျက်တာ၊ ရေခဲမုန့် သို့မဟုတ် ပစ္စတိုနှင့် စနိုက်ပါရိုင်ဖယ် အားလုံးမှာ ကွဲပြားခြားနားနေခဲ့သည်။

​၎င်းတို့ တစ်ခုချင်းစီက သူတို့၏ အနောက်တွင်ရှိသော အင်အားကြီးမားသည့် စွမ်းအားကို ပြသနေပြီး ထိုစွမ်းအားမှာ ဤခေတ်က လှုပ်ခါနိုင်သော အရာမဟုတ်ချေ။

​၎င်းက အမှန်တကယ်တော့ မမြင်ရသော ခြိမ်းခြောက်ဟန့်တားမှု ပုံစံတစ်မျိုး ဖြစ်သည်။

​မင်မင်းဆက်၏ နောက်ကွယ်... ချုံကျန်းဧကရာဇ်၏ နောက်ကွယ်တွင် နှစ်ပေါင်း ၃၀၀ကျော် နောက်ပိုင်းမှ လူများ၏ ခိုင်မာသော ထောက်ခံမှု ရှိနေကြောင်း သူတို့ကို ဗြောင်ကျကျ အင်အားပြသလိုက်ခြင်းပင်။

​ဗီဒီယိုထဲတွင် ပြသထားသော အဆင့်မြင့် နည်းပညာများက အနာဂတ်မျိုးဆက်များ ပိုင်ဆိုင်ထားသော နည်းပညာက ဤခေတ်ကို အလွယ်တကူ ချေမှုန်းနိုင်ပြီး သူတို့သည်လည်း အနာဂတ်တွင် ထိုသို့ လုပ်နိုင်ကြောင်း ပြောပြနေခြင်း ဖြစ်၏။

​အပြည့်အဝ ပြသထားသော ဤကြီးမားသည့် ခွန်အားက အားကောင်းသော ခြိမ်းခြောက်ဟန့်တားမှု တစ်ခုအဖြစ်ရော၊ သွေးဆောင်ဖြားယောင်းမှု တစ်ခုအဖြစ်ပါ လုပ်ဆောင်နေခဲ့သည်။

​ရာစုနှစ်တစ်ခုစာ အမျိုးသားရေး ဝမ်းနည်းကြေကွဲမှု မြင်ကွင်းများနှင့်အတူ ကျန်းယဲ့နှင့် သူ၏အဖွဲ့က သူတို့၏ စစ်မှန်သော ခံစားချက်များကို ဖော်ပြနေခြင်းမှာ နူးညံ့သော ဓားတစ်လက်ကဲ့သို့ နန်းတွင်းအမတ်များ၏ ကာကွယ်မှုများကို တိတ်ဆိတ်စွာ ခွဲစိတ်သွားခဲ့လေသည်။

​၎င်းသည် မည်သည့် လျှို့ဝှက်ရည်ရွယ်ချက်မျှ မပါဘဲ ဤလူငယ်များ၏ ရိုးသားမှုကို တိတ်ဆိတ်စွာ ထင်ဟပ်နေသော ညင်သာသည့် မိုးစက်များကဲ့သို့ပင်။

​ကျန်းယဲ့သည် ရှေးလူဟောင်းများကို.. အထူးသဖြင့် နိုင်ငံရေး ကစားသော သူများကို ဘယ်တော့မှ အထင်မသေးခဲ့ချေ။

​သူ၏ ရည်ရွယ်ချက်မှာ ရိုးရှင်း၏။ ကောင်းကင်ဘုံက မင်မင်းဆက်ဘက်တွင်ရှိပြီး ချုံကျန်းဧကရာဇ်၏ ဘက်တွင် ရှိကြောင်း သူတို့ကို နားလည်စေရန် ဖြစ်သည်။

​သူတို့က ချုံကျန်းဧကရာဇ်နှင့် မင်မင်းဆက်ပြည်သူများအတွက် သူတို့၏အလုပ်ကို သေချာစွာ လုပ်ဆောင်နေသရွေ့ သူတို့က အကျိုးကျေးဇူး များစွာ ရရှိလိမ့်မည်။

​မည်သို့ပင်ဆိုစေ ကျန်းယဲ့က ရာစုနှစ်ချီ သက်တမ်းရှိသော ထင်ရှားသည့် မိသားစုများနှင့် ထောင်စုနှစ်ချီ သက်တမ်းရှိသော မျိုးနွယ်စုများအတွက် အောင်မြင်မှုလမ်းကြောင်းကို သူတို့၏ မျက်စိရှေ့တွင် ရှင်းလင်းစွာ ချပြခဲ့ပြီးမဟုတ်လော။

​ယခုအခါ အားစိုက်ထုတ်မှု အနည်းငယ်ဖြင့် သူတို့၏ မျိုးဆက်များအတွက် အဆုံးမဲ့ စည်းစိမ်ဥစ္စာနှင့် ကြီးပွားချမ်းသာမှုကို သယ်ဆောင်လာပေးနိုင်ပေသည်။

​ကြီးမားသော အကျိုးအမြတ်ကို ရရှိနိုင်သည့် ဤအရာထက် ပိုကောင်းသော အပေးအယူဆိုတာ မရှိတော့ချေ။

​ထို့ထက်ပိုသည်မှာ သူတို့တွင် နှစ်သုံးရာ နောက်ပိုင်းမှ ဤလူများ၏ ခိုင်မာသော ထောက်ခံမှုလည်း ရှိနေသေးလေသည်။

​စစ်ပွဲများကြောင့် ပျက်စီးနေပြီး နိုင်ငံခြား အင်အားကြီးများ၏ ဝိုင်းရံပိတ်ဆို့ခြင်းခံရကာ အဆင့်တိုင်းတွင် ကန့်သတ်ခံထားရသော ဗီဒီယိုထဲရှိ တရုတ်ပြည်က ရင်ဆိုင်ခဲ့ရသည့် အခက်အခဲများနှင့် နှိုင်းယှဉ်လျှင် ယခု သူတို့ ရင်ဆိုင်နေရသော အခက်အခဲများမှာ အများကြီး ပိုမို လွယ်ကူနေခဲ့သည်။

​ကျန်းယဲ့သည် သမိုင်းမှတ်တမ်းများကို လေ့လာဆန်းစစ်ခဲ့ပြီး မင်မင်းဆက် ပြိုလဲရခြင်း၏ အဓိက အကြောင်းရင်းမှာ လူလုပ်သော ဘေးအန္တရာယ်ကြောင့် ဖြစ်ကြောင်း ရှင်းလင်းစွာ နားလည်ထားခဲ့သည်။

​သဘာဝဘေးအန္တရာယ်များက အစပျိုးပေးသည့် အရာသာ ဖြစ်သော်လည်း လူလုပ်သော ဘေးအန္တရာယ်များမှာ အခြေခံ အကြောင်းရင်းပင်။

​အဆက်မပြတ် မိုးခေါင်ရေရှားမှုများ၊ ဒေသတွင်း ရေကြီးမှုများနှင့် ကပ်ရောဂါများက ယိမ်းယိုင်နေပြီဖြစ်သော တိုင်းပြည်ကို ပိုမို မတည်မငြိမ် ဖြစ်စေခဲ့သည်။

​မိုးခေါင်မှုနှင့် ငတ်မွတ်ခေါင်းပါးမှုများက သန့်ရှင်းရေး အခြေအနေကို ယိုယွင်းသွားစေခဲ့သည်။ ချုံကျန်းဧကရာဇ် နန်းသက် အစောပိုင်းနှစ်များမှ စတင်ကာ ဆန်းရှီး၊ ဟဲပေ၊ ပေကျင်းနှင့် အခြားနေရာများတွင် ပလိပ်ရောဂါ အကြီးအကျယ် ဖြစ်ပွားခဲ့ပြီး အိမ်ဆယ်အိမ်တွင် ကိုးအိမ်လွတ်သွားသည်အထိ ဖြစ်ခဲ့ချေသည်။

​မင်မင်းဆက် အဆုံးပိုင်းတွင် ပလိပ်ရောဂါကြောင့် မြောက်ပိုင်းတရုတ်ပြည်၏ လူဦးရေမှာ ၂၀% မှ ၃၀% ခန့်အထိ လျော့ကျသွားသည်ဟု ခန့်မှန်းရ၏။

မင်တပ်မတော်၏ ပေကျင်းတပ်စခန်းမှ စစ်သားများပင် ပလိပ်ရောဂါကြောင့် တစ်ယောက်ပြီးတစ်ယောက် သေဆုံးခဲ့ကြရာ နယ်စပ်ကာကွယ်ရေးနှင့် မြို့တော်၏ ကာကွယ်ရေး စွမ်းရည်ကို တိုက်ရိုက် အားနည်းသွားစေလေသည်။

​ဤအချိန်တွင် မင်မင်းဆက်က သဘာဝဘေးအန္တရာယ်များကို ထိရောက်စွာ ကိုင်တွယ်ဖြေရှင်းရန် စွမ်းအားမဲ့နေခဲ့ကြသည်။

​ဒါပေမဲ့ အခုတော့ အခြေအနေတွေက မတူတော့ချေ။

​ယခုအခါ သူတို့၏ နောက်ပိုင်းမျိုးဆက်များ၏ အတွေ့အကြုံများနှင့် ဤခေတ်ထက် အများကြီး သာလွန်သော ဆေးဝါးများဖြင့် အခြေအနေကို စတင် ထိန်းချုပ်နိုင်ပြီ ဖြစ်၏။

​အခု သူတို့ လိုအပ်နေတာက လူပဲ... အလုပ်ဖြစ်အောင် လုပ်ပေးမယ့် လူတွေ.....

​မင်မင်းဆက်ကို ပြိုလဲသွားစေခဲ့တာကလည်း လူလုပ်တဲ့ ဘေးအန္တရာယ်ပင်....

​ဒါကြောင့်မို့လို့ ကျန်းယဲ့နဲ့ ချုံကျန်းတို့က ဒီနေ့ ရွှေနန်းတော်ထဲမှာ ဒီမြင်ကွင်းကို ဖန်တီးဖို့ ဒီလောက်တောင် အားထုတ်ခဲ့ကြခြင်းဖြစ်၏။

​ကျန်းယဲ့က သူ တတ်နိုင်သမျှ အရာအားလုံးကို လုပ်ပေးခဲ့ပြီးပြီ။ ဒီလူတွေကို ဘယ်လို နေရာချထားမလဲ... ဒီနန်းတွင်းအမတ်တွေကို ဘယ်လို ထိန်းချုပ်မလဲဆိုတာကတော့ ချုံကျန်းဧကရာဇ် ဖြေရှင်းရမယ့် ပြဿနာပင်။

​ဘာပဲဖြစ်ဖြစ် သူက ဧကရာဇ်မှ မဟုတ်ပဲ အငယ်တန်းလမ်းညွှန်လေး တစ်ယောက်ပင်။

အခန်း ၁၂၃ပြီး၏။

All Chapters