← Chapters

အခန်း ၁၂၅

Vol. 13 Ch. 125

အခန်း ၁၂၅

Vol. 13 Ch. 125

အခန်း (၁၂၅) မထွက်ခွာမီ

​ညဉ့်နက်နေပြီဖြစ်ပြီး ထိုက်ဟယ်နန်းဆောင်ရှေ့ရှိ ရင်ပြင်တွင် မီးတုတ်များက တဖျပ်ဖျပ်မြည်နေကာ လူတို့၏ မျက်နှာများပေါ်တွင် အလင်းနှင့် အရိပ်များက တလက်လက် ဖြစ်နေခဲ့သည်။

​ကျန်းယဲ့နှင့် သူ၏အဖွဲ့သားများ ထွက်ခွာကြတော့မည် ဖြစ်၏။

​မနေ့ညက ချုံကျန်းဧကရာဇ်နှင့် တွေ့ဆုံပြီးကတည်းက နာရီသုံးဆယ်နီးပါး ရှိသွားပေပြီ။

​နေ့ခင်းဘက် နန်းတွင်း၌ ဖြစ်ပွားခဲ့သော ကြီးကျယ်ခမ်းနားသည့် မြင်ကွင်းက အရာရှိအားလုံးကို အလွန်တုန်လှုပ်သွားစေခဲ့သည်။

​အိမ်ပြန်ရောက်ပြီးနောက် ဤအမတ်များက ငြိမ်ငြိမ်မထိုင်နိုင်ကြတော့ချေ။ သူတို့က ၎င်းတို့၏ ဆွေမျိုးစု ခေါင်းဆောင်အားလုံးကို ချက်ချင်းခေါ်ယူကာ တံခါးပိတ်၍ ဖြေရှင်းရမည့် နည်းလမ်းများကို ဆွေးနွေးခဲ့ကြသည်။

​မင်မင်းဆက် ပြောင်းလဲရတော့မည်မှာ သေချာနေကြောင်း မည်သူမဆို မြင်နိုင်ချေသည်။

​မူလက လူတိုင်းက နေ့ခင်းဘက်က ရရှိခဲ့သော သတင်းအချက်အလက်များကြောင့် တုန်လှုပ်နေမှုမှ ပြန်လည်သက်သာလာဆဲ ဖြစ်သော်လည်း မျှော်လင့်မထားဘဲ ညသန်းခေါင်ယံတွင် နန်းတော်မှ လူတစ်ဦး ရုတ်တရက် ရောက်လာကာ ဧကရာဇ်က သူတို့ကို အရေးတကြီး ဆင့်ခေါ်ထားကြောင်း ပြောလာလေသည်။

​ယခုအခါ အမတ်များက အတော်လေး စိုးရိမ်ပူပန်နေကြ၏။

​‘ညသန်းခေါင်ကြီး ဘယ်လို ကောင်းတဲ့ကိစ္စမျိုး ဖြစ်နိုင်မှာလဲ....’

​‘မဟုတ်သေးဘူး... ဒီတစ်ခါ နောင်လာနောက်သားတွေဆီက လူက ဘယ်လို ပြဿနာမျိုးတွေ ဖန်တီးဦးမလဲဆိုတာကို ပိုကြောက်နေရတယ်....’

​သို့သော်လည်း ဧကရာဇ်၏ အမိန့်ကို မဖီဆန်ရဲသဖြင့် မတတ်သာဘဲ အံကြိတ်ကာ နန်းတော်သို့ အပြေးအလွှား သွားခဲ့ကြရသည်။

​ထိုက်ဟယ်နန်းဆောင်သို့ ရောက်သောအခါ....

​ရင်ပြင်တွင် လူများ ပြည့်နှက်နေပြီး ပတ်ပတ်လည်တွင် မီးတုတ်များ ထွန်းညှိထားကာ အင်ပါယာ သက်တော်စောင့်များအားလုံးက ဓားများ တပ်ဆင်ထားခဲ့ကြသည်။

​ဤမြင်ကွင်းတစ်ခုလုံးက နိုင်ငံရေးရာများကို ဆွေးနွေးသည့်ပုံနှင့် လုံးဝမတူချေ။ ဓားသွေးနေသည့်ပုံနှင့် ပိုတူနေခဲ့သည်။

​“ဖြစ်နိုင်တာက...” တစ်စုံတစ်ယောက်က တံတွေးကို ခက်ခဲစွာ မျိုချလိုက်ပြီး စကားကို ဆုံးအောင် မပြောရဲတော့ချေ။

​သူတို့ဘာသာ တီးတိုးရေရွတ်နေကြစဉ် စူးရှသောအသံတစ်ခု ရုတ်တရက် ထွက်ပေါ်လာ၏။

​“အရှင်မင်းကြီး ကြွလာပါပြီ..”

​ချုံကျန်းဧကရာဇ်က နဂါးဝတ်ရုံကို ဝတ်ဆင်ထားကာ ခြေလှမ်းကျဲကြီးများဖြင့် ဝင်ရောက်လာပြီး သူ၏နောက်တွင် ကျန်းယဲ့နှင့် အဖွဲ့သားများ လိုက်ပါလာကြသည်။

​မီးရောင်အောက်တွင် ဧကရာဇ်၏ မျက်နှာက အလွန်တရာ တည်ကြည်နေပြီး ကျန်းယဲ့၏ နှုတ်ခမ်းများတွင်တော့ အပြုံးတစ်ခု ရှိနေသော်လည်း ထိုအပြုံးက ဘယ်လိုကြည့်ကြည့် စိတ်မသက်မသာ ဖြစ်စေပေသည်။

​“ငါကိုယ်တော်ရဲ့ ချစ်လှစွာသော အမတ်တို့...” ချုံကျန်းက လိုရင်းကို တိုက်ရိုက်ပြောလိုက်၏။ “ငါကိုယ်တော် မင်းတို့ကို ညဉ့်နက်မှ ဆင့်ခေါ်ရတာ ကိစ္စတစ်ခုတည်း အတွက်ပဲ.... ”

​ကျန်းယဲ့က စကားဆက်လေသည်။ “ကျွန်တော်တို့ မကြာခင် ထွက်သွားတော့မှာပါ။ ဒါပေမဲ့ မသွားခင် ခင်ဗျားတို့အားလုံးကို ပေးစရာတစ်ခု ရှိတယ်...”

​အမတ်များက တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး ဤနောင်လာနောက်သားက ဘာလုပ်မလို့လဲဟု တွေးတောနေကြ၏။

​ထိုစဉ် ကျန်းယဲ့က သူ၏ နာရီကို ငုံ့ကြည့်လိုက်လေသည်။ “အချိန်ကျပြီ...”

​သူ စကားပြောပြီးသည်နှင့် တပြိုင်နက် တိုးညင်းသော “ဝီ” ဟူသည့် အသံတစ်ခု ထွက်ပေါ်လာပြီး ရင်ပြင်အလယ်ရှိ ကွက်လပ်တွင် ဧရာမယာဉ်ကြီးတစ်စီး ရုတ်တရက် လေထဲမှ ပေါ်ထွက်လာခဲ့သည်။

​၎င်းမှာ ဂျင်းဝါရောင် ကောစတာဗင်ကားတစ်စီးဖြစ်ပြီး ၎င်း၏ သတ္တုရောင်ပြောင်လက်မှုက မီးတုတ်ရောင်အောက်တွင် တလက်လက် တောက်ပနေ၏။

​“ရှီး.....”

​အံ့သြမှင်သက်စွာဖြင့် တပြိုင်နက်တည်း လေကို ရှူသွင်းလိုက်သံများက လေထုထဲတွင် ချက်ချင်း ပြည့်နှက်သွားရသည်။

​ကောင်းစွာ လေ့ကျင့်ထားသော အင်ပါယာ သက်တော်စောင့်များပင်လျှင် ဤဧရာမအရာကြီး ရုတ်တရက် ပေါ်လာမှုကြောင့် အံ့အားသင့်သွားကြ၏။

​မျက်စိလျှင်သော အမတ်တစ်ဦးက ထိုဧရာမယာဉ်ကြီးမှာ မြင်းများဆွဲစရာမလိုဘဲ လမ်းပေါ်တွင် အရှိန်အဟုန်ဖြင့် ပြေးနိုင်သော နေ့ခင်းဘက် ဗီဒီယိုထဲတွင် သူမြင်ခဲ့ရသည့် သံရထားဖြစ်ကြောင်း ချက်ချင်း မှတ်မိသွားလေသည်။

​ကားတံခါးက “ဝှစ်” ဟူသောအသံနှင့်အတူ အလိုအလျောက် ပွင့်သွားပြီး ကျန်းယဲ့က သူတို့ကို ဝင်ရန် လက်ဟန်ပြလိုက်၏။

​“အရှင်မင်းကြီး... ကျေးဇူးပြု၍ ရထားလုံးထဲကို ဝင်ပါ”

​ထို့နောက် သူက အခြားသော အမတ်ချုပ်ကြီးများကို ကြည့်လိုက်လေသည်။ “အမတ်ချုပ်ကြီးကျိုး... အမတ်ချုပ်ကြီးဝမ်.. အမတ်ချုပ်ကြီးဟယ် နဲ့ အမတ်ချုပ်ကြီးဝူ.... ကျေးဇူးပြု၍ အတူတူ ဝင်ပါ”

​အမည်ခေါ်ခံရသော အမတ်ချုပ်ကြီး လေးဦးက မတ်တပ်ရပ်လျက်သာ ရှိနေသေးလေသည်။

​ကျန်းယဲ့က သူတို့ကို လျစ်လျူရှုကာ ဌာနကြီး ခြောက်ခုမှ အရာရှိများကို ကြည့်လိုက်၏။ “ဝန်ကြီးတွေနဲ့ ဒုတိယဝန်ကြီးတွေ... ကျေးဇူးပြု၍ အားနာမနေကြပါနဲ့။ အားလုံး ရထားလုံးထဲကို အတူတူ ဝင်ကြရအောင်”

​ရင်ပြင်ကြီးက သေလုမတတ် တိတ်ဆိတ်သွားရသည်။

​ပုံမှန်အားဖြင့် ဩဇာလွှမ်းမိုးမှု ကြီးမားသော ဤအာဏာရှိ အရာရှိများက ယခုအခါ လုံးဝ ငြိမ်သက်စွာဖြင့် ထိုနေရာတွင် အမြစ်တွယ်နေသကဲ့သို့ ဖြစ်နေကြ၏။

​၎င်းကိုမြင်သော် လီကျစ်က ရယ်မောကာ ပြောလိုက်၏။ “ဘာလဲ.. ခင်ဗျားတို့က ဒီသံတုံးကြီးက မျိုချသွားပြီး ပြန်ထွက်မလာနိုင်မှာကို ကြောက်နေကြတာလား....”

​ဓလေ့ထုံးစံရေးရာ ဒုတိယဝန်ကြီးက ပြန်လည် ချေပတော့မည့်အချိန်တွင် ဝမ်ထီရန်က သူ၏အဝတ်အစားများကို သပ်ရပ်စွာ ပြင်ဆင်ပြီး ရထားလုံးတံခါးဆီသို့ ခြေလှမ်းကျဲကြီးများဖြင့် လျှောက်သွားသည်ကို မြင်လိုက်ရ၏။

​အနည်းငယ် တုံ့ဆိုင်းပြီးနောက် ကျိုးထင်ရူလည်း နောက်မှ လိုက်သွားလိုက်သည်။

​ဝန်ကြီးခြောက်ယောက်က တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး နောက်ဆုံးတွင် တစ်လှမ်းချင်းစီ လျှောက်သွားလိုက်ကြသည်။

​ချုံကျန်းဧကရာဇ်က ရထားလုံးပေါ်သို့ ပထမဆုံး တက်ရောက်သူ ဖြစ်၏။ သူ၏ နဂါးဘွတ်ဖိနပ်က သတ္တုနင်းပြားပေါ်တွင် “ဒုတ်” ဟူသော အသံ ထွက်ပေါ်လာချိန်၌ လူတိုင်း အသက်အောင့်ထားလိုက်ကြ၏။

​ကျန်းယဲ့က ရထားလုံး၏ အရှေ့ဘက်တွင် ရပ်ကာ လက်ဟန်ပြလိုက်လေသည်။ “အရှင်မင်းကြီး... ကျေးဇူးပြု၍ ပထမတန်းမှာ ထိုင်ပါ။ အဲဒီက ရှုခင်းက ပိုကောင်းပြီး ပိုလည်း သက်သောင့်သက်သာ ရှိပါတယ်...”

​ချုံကျန်းဧကရာဇ်က ခေါင်းအနည်းငယ် ညိတ်ကာ ရှေ့ဆုံးတန်း ခုံဆီသို့ လျှောက်သွားပြီး သူ၏ နဂါးဝတ်ရုံက သားရေထိုင်ခုံနှင့် ပွတ်တိုက်မိသောအခါ တရှပ်ရှပ် အသံလေး ထွက်ပေါ်လာခဲ့သည်။

​နောက်မှ တက်လာသော ကျိုးထင်ရူအပါအဝင် ဝါရင့် အမတ်ချုပ်ကြီးလေးဦးက လမ်းလျှောက်လမ်းပေါ်တွင် အနေရခက်စွာ ရပ်နေကြစဉ် ကျန်းယဲ့က လွတ်နေသော ခုံများကို လက်ညှိုးထိုးပြလိုက်၏။

​“လူကြီးမင်းတို့.. ကိုယ့်အိမ်ကိုယ့်ယာလို သဘောထားပြီး ထိုင်ကြပါ...”

​ဝမ်ထီရန်သည် သူ၏ မှုန်ဝါးနေသော မျက်လုံးအိုများကို မှေးကြည့်ကာ ကုလားထိုင်၏ လက်တင်ခုံကို ကိုင်ပြီး ထိုင်လိုက်၏။ နူးညံ့သော ခုံပေါ်သို့ နစ်ဝင်သွားချိန်တွင် သူ၏ မျက်ခုံးများကို အနည်းငယ် ပင့်လိုက်ကာ ၎င်း၏ သက်သောင့်သက်သာ ရှိမှုကြောင့် အံ့သြသွားပုံရလေသည်။

​ကျိုးထင်ရူက ပြတင်းပေါက်နံဘေး ခုံကို ရွေးချယ်လိုက်ပြီး သူ၏ အကြည့်များက စူးစမ်းနေကာ ကားပြတင်းပေါက်၏ သတ္တုဘောင်ကို ပွတ်သပ်နေမိသည်။

​ဌာနကြီးခြောက်ခုမှ အရာရှိများကလည်း ကားပေါ်သို့ တစ်ယောက်ပြီးတစ်ယောက် တက်လာခဲ့ကြသည်။ ကျန်းယဲ့က ဧည့်လမ်းညွှန်တစ်ဦး၏ အလုပ်ကို လုပ်ဆောင်ကာ သူတို့ကို ရင်းနှီးစွာ နှုတ်ဆက်လိုက်၏။ “လူကြီးမင်းတို့... နေရာလွတ်ရှိရင် ကျေးဇူးပြု၍ ဝင်ထိုင်ကြပါ”

​သူက ပြည့်နေသော ရထားလုံးကို ကြည့်လိုက်ပြီးနောက် တက်ခါနီးဖြစ်သော လုပ်ငန်းဝန်ကြီးဌာန ဒုတိယဝန်ကြီးကို တောင်းပန်သည့်ဟန်ဖြင့် လက်ကာပြကာ တားလိုက်ရသည်။

​“သခင်ကြီး... နေရာတွေ အကုန်ပြည့်သွားပါပြီ။ ကျေးဇူးပြု၍ နောက်တစ်ခေါက်မှ လိုက်ပါ...”

​လုပ်ငန်းဝန်ကြီးဌာန ဒုတိယဝန်ကြီးက ရထားလုံး တံခါးခုံပေါ်သို့ ခြေတစ်လှမ်း လှမ်းထားပြီးဖြစ်သော်လည်း ၎င်းကို ကြားသောအခါ ထိုနေရာတွင် အေးခဲသွားပြီး သူ၏ ခြေထောက်ကို တိတ်ဆိတ်စွာ ပြန်ရုပ်လိုက်လေသည်။

​သူ မတုံ့ပြန်နိုင်မီမှာပင် လော်ရန်ရှင်းက အင်ပါယာ သက်တော်စောင့်များကို ရှေ့သို့ ဦးဆောင်လာပြီး ထိုသူကို ဘေးသို့ဖယ်ပေးရန် ယဉ်ကျေးစွာ ပြောလိုက်၏။

​“သခင်ကြီး... ခဏလောက် စောင့်ပေးပါ”

​တင်းကောင်းနှင့် အခြားအဖွဲ့သားများက ကျန်ရှိနေသော အရာရှိများကို ရင်ပြင်၏ အခြားတစ်ဖက်သို့ ခေါ်ဆောင်သွားကာ တန်းစီစောင့်ဆိုင်းစေလိုက်သည်။

​ရထားလုံးအတွင်း၌ နေရာယူပြီးဖြစ်သော အဆင့်မြင့် အရာရှိများက ရှင်းလင်းနေသော ပြတင်းပေါက်များမှတစ်ဆင့် အပြင်ဘက်သို့ ကြည့်နေကြလေသည်။

​ကျန်းယဲ့က ရထားလုံး၏ အရှေ့ဘက်တွင် ရပ်ကာ ပြတင်းပေါက်ဘေးရှိ ခလုတ်အသေးလေးတစ်ခုကို လက်ညှိုးထိုးပြလိုက်သည်။ “လူကြီးမင်းတို့... ဒါက ပြတင်းပေါက်ဖွင့်တဲ့ ယန္တရားပါ”

​သူက ခလုတ်ကို ညင်သာစွာ နှိပ်လိုက်ရာ ကားပြတင်းပေါက်က ဖြည်းညှင်းစွာ ပွင့်သွားချေသည်။

​လူငယ်အမတ် အနည်းငယ်က ကျန်းယဲ့ကို အတုခိုး၍ ကားပြတင်းပေါက်များကို အလွယ်တကူ ဖွင့်လိုက်ကြရာ ဆောင်းရာသီ ညလေညင်းက ဝင်ရောက်လာပြီး သူတို့ကို လက်တွေ့ဘဝသို့ ချက်ချင်း ပြန်လည်ခေါ်ဆောင်သွားခဲ့သည်။

​“ဒီ အဖွင့်အပိတ် ခလုတ်လေးက တော်တော် စိတ်ဝင်စားစရာ ကောင်းတယ်...”

​“ဒီမှန်က တော်တော်ကောင်းတယ်လို့ ငါထင်တယ်။ လေလုံပြီး ပြတင်းပေါက်ဘောင်တွေကိုလည်း သေသေသပ်သပ် ဖန်တီးထားတယ်...”

​ကျန်းယဲ့က ပြုံးကာ လူတိုင်းကို ပတ်ဝန်းကျင်သို့ ကြည့်လိုက်၏။ “ဒီနေ့ ခင်ဗျားတို့အားလုံးကို ရထားလုံးပေါ် တက်ဖို့ ဖိတ်ခေါ်ရတဲ့ အကြောင်းရင်းက ကျွန်တော်တို့ နောင်လာနောက်သားတွေရဲ့ ရထားလုံးကို ခင်ဗျားတို့ ကိုယ်တိုင် ခံစားကြည့်နိုင်ဖို့ပါပဲ...”

​သူ စကားပြောပြီးနောက် ယာဉ်မောင်းခုံဘက်သို့ လှည့်လိုက်ပြီး NPC ဦးလေးဝမ်အား “ဦးလေးဝမ်... မောင်းပါ”

နောက်ခဏ၌ ​အင်ဂျင်က တိုးညင်းစွာ ဟိန်းထွက်လာချိန်တွင် ကားက အနည်းငယ် တုန်ခါသွားပြီး ဖြည်းညှင်းစွာ စတင်ရွေ့လျားလာလေသည်။

​ရုတ်တရက် ကားအရှေ့မှ တောက်ပသော အလင်းတန်းနှစ်ခု ထွက်ပေါ်လာပြီး အရှေ့ဘက်ရှိ ရင်ပြင်ကို နေ့ခင်းဘက်ကဲ့သို့ လင်းထိန်သွားစေ၏။

​ရထားလုံးအတွင်းရှိ အဆင့်မြင့် အရာရှိများအားလုံးက အကောင်းဆုံး နန်းတွင်းမီးအိမ်များထက် အဆတစ်ရာ ပိုမိုတောက်ပသော ဤအလင်းတန်းဆီသို့ ဆွဲဆောင်ခံလိုက်ကြရသည်။

​ရင်ပြင်အစွန်းတွင် စောင့်ဆိုင်းနေသော အရာရှိများမှာ ဆူညံပွက်လောရိုက်သွားကြရသည်။

​နေ့ခင်းဘက် ဗီဒီယိုများတွင် ဤကဲ့သို့သော မြင်ကွင်းမျိုးကို သူတို့ မြင်ဖူးသော်လည်း လူကိုယ်တိုင် မြင်တွေ့ရခြင်းက ဤမင်မင်းဆက် အရာရှိများကို ဆွံ့အသွားစေဆဲပင်။

​လူငယ်အရာရှိတစ်ဦးက အနီးကပ်ကြည့်ရန် ကားအရှေ့သို့ လျှောက်သွားခြင်းကို မအောင့်အည်းနိုင်ဖြစ်သွားသော်လည်း အင်ပါယာ သက်တော်စောင့်များက အမြန် တားဆီးလိုက်၏။

​ဤအချိန်တွင် ရထားလုံးက အရှိန်စတင်တင်လာခဲ့သည်။ ချုံကျန်းသည် ထိုင်ခုံ၏ လက်တင်ခုံကို သတိမထားမိဘဲ ဆုပ်ကိုင်လိုက်သော်လည်း ဤသံရထားလုံးက နန်းတော်အတွင်းရှိ အကောင်းဆုံး လူထမ်းယာဉ်ထက်ပင် ပို၍ ငြိမ်သက်နေကြောင်း တွေ့လိုက်ရ၏။

​ဓလေ့ထုံးစံရေးရာ ဝန်ကြီးက အရှိန်အဟုန်ဖြင့် နောက်ဆုတ်သွားသော နန်းတော်တံတိုင်းများကို ပြတင်းပေါက်မှတစ်ဆင့် စိုက်ကြည့်နေလေသည်။

​ရင်ပြင်ပေါ်တွင် ကျန်ရစ်ခဲ့သော အရာရှိများက သံမဏိ ဧရာမသတ္တဝါကြီးက ပို၍ပို၍ မြန်ဆန်စွာ ပြေးထွက်သွားသည်ကို ပါးစပ်အဟောင်းသားဖြင့် ကြည့်နေခဲ့ကြသည်။

​“ဒါက တော်လှန်ရေး ထုတ်ကုန်တစ်ခုပဲ...”

​ကားအတွင်း၌ ကျန်းယဲ့က သူတို့၏ တုန်လှုပ်နေသော မျက်နှာအမူအရာများကို ကြည့်ကာ သူ၏ နှုတ်ခမ်းများပေါ်တွင် အပြုံးဖျော့ဖျော့လေးတစ်ခု ပေါ်လာချေသည်။

​‘ဒါက ငါလိုချင်တဲ့ အကျိုးသက်ရောက်မှု အတိအကျပဲ....’

​‘မင်မင်းဆက်ရဲ့ ဒီအုပ်စိုးရှင်တွေကို နည်းပညာရဲ့ စွမ်းအားဆိုတာ ဘာလဲဆိုတာကို ကိုယ်တိုင်ကိုယ်ကျ မြင်တွေ့ပါစေ...’

​“နေရာ အကန့်အသတ်ရှိတာကြောင့် အခုလောလောဆယ် တစ်နာရီ မိုင် ၃၀အထိပဲ သွားလို့ရတယ်” ကျန်းယဲ့က ခရီးသည်များကို ရှင်းပြရင်း သူ၏ထိုင်ခုံကို ကိုင်ထားလိုက်၏။ “ကွင်းပြင်ကျယ်မှာဆိုရင် ဒီကားက တစ်နာရီ မိုင် ၁၂၀ ကျော်အထိ သွားနိုင်တယ်...”

​ရထားလုံးထဲရှိ မည်သည့်အမတ်ကမှ သူ၏စကားများကို သံသယမဝင်ကြချေ။

အခန်း ၁၂၅ပြီး၏။

All Chapters