အခန်း ၁၂၇
Vol. 13 Ch. 127
အခန်း (၁၂၇) သူတို့ ပြန်ရောက်လာပြီ
ဟိုင်မြို့ရှိ ဇိမ်ခံ တိုက်ခန်းကြီးထဲတွင်...
လင်းယုန်က ကြမ်းပြင်မှ မျက်နှာကြက်အထိ ရှိသော ပြတင်းပေါက်ရှေ့တွင် ရပ်ကာ အပြင်ဘက်ရှိ တောက်ပနေသော မြို့ပြညရှုခင်းကို ငေးကြည့်ရင်း ခေတ္တမျှ တွေးဝေနေခဲ့သည်။
သူ၏ ခြေရင်းရှိ ဖောင်းကားနေသော အထုပ်ကို ငုံ့ကြည့်လိုက်ပြီးနောက် အပေါ်သို့မော့ကာ ပတ်ဝန်းကျင်ကို ကြည့်လိုက်၏။ အရာအားလုံးက သူ မထွက်ခွာမီကအတိုင်း တစ်ထပ်တည်းပင်။
“ဒါ အိပ်မက်မဟုတ်ဘူး...” သူက သူ၏မျက်နှာကို ပြင်းပြင်းထန်ထန် ဆွဲလိမ်လိုက်ရာ နာကျင်မှုကြောင့် စုတ်သပ်မိသွားသော်လည်း ထို့နောက်တွင် အရူးတစ်ယောက်လို ရယ်မောလိုက်လေသည်။
ထို့နောက် လင်းယုန်၏ အကြည့်က သူ၏ ခြေရင်းရှိ ဖောင်းကားနေသော အထုပ်ပေါ်သို့ ကျရောက်သွားပြီး ချက်ချင်း တက်ကြွသွားခဲ့သည်။
သူက ဆောင့်ကြောင့်ထိုင်ကာ အထုပ်ကို ဂရုတစိုက် ဖြေကြည့်လိုက်ရာ အတွင်းရှိ တန်ဖိုးမဖြတ်နိုင်သော ရှေးဟောင်းပစ္စည်း အချို့ကို တွေ့လိုက်ရ၏။ အထင်ရှားဆုံးအရာမှာ တောက်ပသော အဝါရောင်ပိုးထည်ဖြင့် ထုပ်ပိုးထားသည့် စာလုံးလှရေးဆွဲထားသော စာလိပ်တစ်ခုပင်။
“အဘိုးကြီးကျူးရဲ့ မူရင်းလက်ရာပဲ... ” လင်းယုန်၏ အသံက အနည်းငယ် တုန်ယင်နေခေသည်။
သူက စာလိပ်ကို ဂရုတစိုက် ဖြန့်လိုက်ပြီး သူ၏ လက်ချောင်းထိပ်များက ဝါကြင့်ကြင့် ရွှမ်စက္ကူနှင့် ထိတွေ့လိုက်ချိန်တွင် သမိုင်းဝင်ခံစားချက်တစ်ခုက သူ့အပေါ် လွှမ်းခြုံသွားခဲ့သည်။
ကျူးယွမ်ကျန်း၏ ထက်မြက်ပြီး လွှမ်းမိုးနိုင်စွမ်းရှိသော ကလောင်သွားက စက္ကူပေါ်တွင် ကခုန်နေပြီး သူ၏ လက်မှတ်အဆုံးတွင် တောက်ပသော အနီရောင် ကျောက်စိမ်းတံဆိပ်တုံးကို ရိုက်နှိပ်ထားလေသည်။
“ဒါက တိုင်းပြည်ကို တည်ထောင်ခဲ့တဲ့ ဧကရာဇ်ရဲ့ ကိုယ်တိုင်ရေးစာပဲ...” လင်းယုန်က အလွန်အမင်း စိတ်လှုပ်ရှားသွားပြီး ထိုနေရာတွင်ပင် တစ်ပတ် လှည့်ပတ်သွားသည်။
(NT- မင်မင်းဆက်ကို စတင်တည်ထောင်ခဲ့တဲ့ ဧကရာဇ်ပါ)
သူက စာလုံးလှရေးဆွဲထားသော စာအုပ်ကို သူ၏ စာကြည့်ခန်းသို့ အမြန်သယ်သွားပြီး အဆင့်မြင့် စိုထိုင်းဆထိန်းစက်ရှေ့တွင် အချိန်အတော်ကြာ ရပ်နေပြီးနောက် နောက်ဆုံးတွင် မီးခံသေတ္တာ တစ်လုံးကို အရင်ဝယ်ရန် ဆုံးဖြတ်လိုက်၏။
“ဒီစာလုံးလှစာလိပ်ကို ရောင်းရမယ့်အစား သေလိုက်တာကမှ ပိုကောင်းဦးမယ်။ ငါ့ကလေးတွေ ဒီအလှတရားကို မြင်တွေ့နိုင်အောင် ဒါကို မိသားစု အမွေအနှစ်အဖြစ် သိမ်းထားမယ်....”
ဟိုင်မြို့ အီးစပေါ့ကလပ် လေ့ကျင့်ရေးခန်း....
Dက ပတ်ဝန်းကျင်ကို ကြည့်လိုက်ရာ ရင်းနှီးနေသော လေ့ကျင့်ရေးခန်းကို မြင်တွေ့လိုက်ရ၏။
ထို့နောက် သူ၏ ခြေရင်းရှိ ဖောင်းကားနေသော အထုပ်ကို ငုံ့ကြည့်လိုက်ရာ သူ၏ နှုတ်ခမ်းများပေါ်တွင် အပြုံးတစ်ခုက အလိုအလျောက် ပေါ်လာချေသည်။
မင်မင်းဆက်သို့ သွားခဲ့ရသော ဤခရီးစဉ်က အိပ်မက်တစ်ခုနှင့် တူသော်လည်း အလွန်တရာ လက်တွေ့ဆန်လွန်းနေခဲ့သည်။
“တစ်နေ့နေ့မှာ အဲဒီ လှိုင်းထန်နေတဲ့ ခေတ်ကာလကြီးကို ကိုယ့်မျက်စိနဲ့ကိုယ် တကယ် မြင်တွေ့ရလိမ့်မယ်လို့ ငါ ဘယ်တုန်းကမှ မတွေးထားခဲ့ဘူး...”
သူက တီးတိုးရေရွတ်လိုက်ပြီး လွန်ခဲ့သော နှစ်ရာပေါင်းများစွာက တားမြစ်နန်းတော်ကို မြင်တွေ့နေရသည့်အလား ပြတင်းပေါက်မှတစ်ဆင့် အကြည့်များက လွင့်မျောသွားခဲ့သည်။ “ချုံကျန်းဧကရာဇ်... အရှင်မင်းကြီး ဆက်ပြီး ကြိုးစားနေတာ ပိုကောင်းလိမ့်မယ်...”
ထိုစဉ် လေ့ကျင့်ရေးခန်း အပြင်ဘက်မှ အလျင်စလို ခြေသံများ ထွက်ပေါ်လာလေသည်။
“နည်းပြ... ကျွန်တော် တကယ် လိမ်ပြောနေတာ မဟုတ်ဘူး” အာဖေး၏ စိတ်လှုပ်ရှားနေသော အသံက အဝေးမှ ထွက်ပေါ်လာလေသည်။ “Dက ခုလေးတင် ကျွန်တော့်ရှေ့မှာ ရှိနေတာ... ပြီးတော့ မျက်စိတစ်မှိတ်အတွင်းမှာ ပျောက်သွားတာဗျ.. ”
“တော်စမ်းပါ...” နည်းပြ၏ စိတ်မရှည်သော အသံက ထွက်ပေါ်လာခဲ့သည်။ “မင်း တစ်ညလုံး ဂိမ်းဆော့ပြီး ထင်ယောင်ထင်မှားတွေ ဖြစ်နေပြန်ပြီလား...”
တံခါးက ရုတ်တရက် ပွင့်သွားပြီး အာဖေးက အရင်ဆုံး ပြေးဝင်လာကာ သူ၏နောက်တွင် ကူကယ်ရာမဲ့နေသော အမူအရာဖြင့် နည်းပြနှင့် ပွဲလာကြည့်သည့် ကစားသမား ငါးဦးတို့ လိုက်ပါလာကြသည်။
အာဖေးက ကြည့်ပင်မကြည့်ဘဲ D ထိုင်နေသော နေရာကို လက်ညှိုးထိုးပြလိုက်၏။ “ကြည့်.... ကျွန်တော် ပြောသားပဲ တစ်ယောက်မှ မရှိဘူးလို့...”
သူ့စကား တစ်ဝက်တစ်ပျက်တွင် ရုတ်တရက် ရပ်တန့်သွား၏။
လေ့ကျင့်ရေးခန်း တစ်ခုလုံး ရုတ်တရက် ခြောက်ခြားဖွယ်ရာ တိတ်ဆိတ်သွားလေသည်။
အာဖေးက သူ၏ ခေါင်းကို တောင့်တင်းစွာ လှည့်ကြည့်လိုက်ရာ သူ၏ ခြေရင်းတွင် ထူးဆန်းသော အထုပ်တစ်ထုပ်နှင့်အတူ အကောင်းပကတိ ထိုင်နေသော Dကို မြင်လိုက်ရ၏။
နည်းပြနှင့် အခြားအသင်းသားများက အာဖေးကို စိတ်ကျန်းမာရေး ချို့ယွင်းနေသူ တစ်ဦးအလား စိုက်ကြည့်နေခဲ့ကြသည်။
“မဟုတ်ဘူး.. မဖြစ်နိုင်ဘူး” အာဖေးက သူ၏ ဆံပင်များကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်လိုက်ရာ သူ၏ မျက်လုံးများက မျက်လုံးအိမ်ထဲမှ ပြူးထွက်မတတ် ဖြစ်နေချေသည်။ “မင်း ပျောက်သွားတာကို ငါ့မျက်စိနဲ့ကိုယ်တိုင် ရှင်းရှင်းလင်းလင်း မြင်လိုက်တာ..”
သူက ရှေ့သို့ ခုန်အုပ်လိုက်ပြီး D၏ လက်မောင်းကို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်၏။ “အစ်ကို D... ခင်ဗျား ခုလေးတင် ပျောက်သွားတာမလား။ ခင်ဗျား မင်မင်းဆက်ကို သွားခဲ့တာလား...”
“အာဖေး...” နည်းပြက တင်းမာစွာ အော်လိုက်၏။ “အရူးအမူး လျှောက်မလုပ်စမ်းနဲ့....”
အခြား အသင်းသားများကလည်း ဝင်ပြောကာ အာဖေးကို ရူးသွပ်မသွားရန် ဖျောင်းဖျနေခဲ့ကြသည်။
အာဖေးက အလွန်အမင်း စိုးရိမ်ပူပန်နေသဖြင့် အပေါ်အောက် ခုန်ပေါက်နေပြီး သူ တကယ်ပဲ ထင်ယောင်ထင်မှား ဖြစ်နေတာလားဟု စတင် တွေးတောလာချေသည်။
D က နောက်ဆုံးတွင် စကားပြောရန် အခွင့်အရေး ရသွားခဲ့သည်။ “အာဖေး ပြောတာ မမှားဘူး...”
သူက လူတိုင်းကို တည်ငြိမ်စွာ ကြည့်ကာ ပြောလိုက်၏။ “ငါ တကယ် ပျောက်သွားတာပါ။ ပြီးတော့ ငါ မင်မင်းဆက် နှောင်းပိုင်းကို သွားခဲ့ပြီး ချုံကျန်းဧကရာဇ်နဲ့ တွေ့ခဲ့တယ်...”
ထိုစကားထွက်လာသည်နှင့် လေ့ကျင့်ရေးခန်းက လုံးဝ တိတ်ဆိတ်သွားရသည်။
လူတိုင်း၏ မယုံကြည်နိုင်သော အကြည့်များကြားတွင် Dက အထုပ်ကို ဖြည်းညှင်းစွာ ဖွင့်လိုက်ရာ အလွန်လှပသော မင်မင်းဆက် ကြွေထည်အချို့၊ ဝါကြင့်ကြင့် ရှေးဟောင်းစာလုံးလှပန်းချီလိပ်တစ်ခု နှင့် ရှေးဟောင်းစာအုပ်မြောက်မြားစွာကို မြင်တွေ့လိုက်ကြရသည်။
“ကျစ်....” အာဖေးက ပထမဆုံး ခုန်ထလိုက်သူ ဖြစ်၏။ “ငါ သိသားပဲ... ငါ ရောက်လာတုန်းက ဒီအရာတွေ တစ်ခုမှ မရှိပါဘူး”
Dက လူတိုင်းကို ဝေ့ကြည့်လိုက်ပြီး စကားလုံး တစ်လုံးချင်းစီ ပြောလိုက်လေသည်။ “ကောရှန်ပြောတာ အမှန်ပဲ။ ရီယဲ့ခရီးသွားအေဂျင်စီက လူတွေကို အချိန်နဲ့ ဟင်းလင်းပြင်ကို ဖြတ်သန်းခေါ်ဆောင်သွားနိုင်တာ တကယ်ပဲ။ သူ အရင်က ထန်မင်းဆက်ကို သွားပြီး အန်းရှီးတပ်မတော်နဲ့ တွေ့ခဲ့တာလည်း တကယ်ပဲ....”
နည်းပြနှင့် ကစားသမားများက တစ်ယောက်ကိုတစ်ယောက် မယုံကြည်နိုင်စွာ ကြည့်လိုက်ကြ၏။ သူတို့၏ ကမ္ဘာ့အမြင်များက ပြင်းအား ၁၀ ရှိသော ငလျင်တစ်ခုကို ဖြတ်သန်းနေရသလိုပင်။
ချန်တူး အင်တာနက်ကဖေး....
အင်တာနက်ကဖေး တစ်ခုလုံး ကမောက်ကမ ဖြစ်နေလေသည်။
လူတိုင်းက ရှေ့ကောင်တာတွင် စုရုံးနေကြပြီး မော်နီတာ မျက်နှာပြင်ကို သူတို့၏ ဖုန်းများဖြင့် အလုအယက် ဓာတ်ပုံရိုက်ကာ “ကျစ်...” နှင့် “ဒါ တကယ်လား...” ဟု အဆက်မပြတ် အော်ဟစ်နေခဲ့ကြသည်။ အချို့က သူတို့၏ သူငယ်ချင်းများထံသို့ပင် စိတ်လှုပ်ရှားစွာ ဖုန်းခေါ်ဆိုနေကြ၏။
“ဟေ့... ကြယ်စင်ကောင်းကင် အင်တာနက်ကဖေးကို အခုချက်ချင်း လာခဲ့.... ကြောက်စရာကောင်းတဲ့ ကိစ္စကြီး ဖြစ်သွားပြီ။ လူတစ်ယောက် ပျောက်သွားတယ်ကွ...”
“ငါ မင်းကို နောက်နေတာ မဟုတ်ဘူး။ အကုန်လုံး စီစီတီဗီမှာ မိထားတယ်။ ရာခိုင်နှုန်းပြည့် အစစ်ပဲ...”
“မြန်မြန်လာကြည့်....”
...
ထို ကမောက်ကမ အခြေအနေများ ကြားတွင်...
“ဝှစ်”
လီကျစ်၏ ဂိမ်းကစားသော ကုလားထိုင်ပေါ်တွင် အဖြူရောင် အလင်းတန်းတစ်ခု ရုတ်တရက် ပေါ်လာပြီး နောက်တစ်စက္ကန့်တွင် သူ၏ ပုံရိပ်က အစမှ ပြန်လည် တပ်ဆင်ထားသည့်အလား ကုလားထိုင်ပေါ်တွင် ပေါ်ထွက်လာခဲ့သည်။
လီကျစ်က မျက်တောင်ခတ်လိုက်ပြီး ပတ်ဝန်းကျင်ကို ကြောင်တောင်တောင် ကြည့်လိုက်၏။
သူက လက်ထဲတွင် ဖောင်းကားနေသော အထုပ်တစ်ထုပ်ကို ဆုပ်ကိုင်ထားဆဲဖြစ်ပြီး ၎င်းထဲမှ ရှေးဟောင်းပစ္စည်းအချို့ကို ဝေဝါးစွာ မြင်တွေ့နိုင်လေသည်။ ၎င်းတို့မှာ စာကြည့်ခန်းသုံး ရတနာလေးပါး အစုံလိုက်ဖြစ်၏။
‘သူတို့ ဘယ်ရောက်သွားကြတာလဲ...’
လီကျစ်က လူသူကင်းမဲ့နေသော ပတ်ဝန်းကျင်ကို ကြည့်လိုက်ပြီး ကိုယ့်ဘာသာ တစ်ခုခုကို တီးတိုးရေရွတ်လိုက်ကာ မလှမ်းမကမ်းမှ အာမေဍိတ်သံများ ဆက်တိုက် ထွက်ပေါ်လာသည်ကို ကြားလိုက်ရလေသည်။
“ကျစ်... ကျစ်... သူ တကယ်ကြီး စောင့်ကြည့်ကင်မရာ မှတ်တမ်းထဲကနေ ပျောက်သွားတာဟ”
“ဒါက အထူးပြုလုပ်ချက် တစ်ခုခုလား...”
“မြန်မြန်... မြန်မြန်.... ဓာတ်ပုံရိုက်ထား။ ဒါ သေချာပေါက် တိုရင်ပေါ်မှာ နာမည်ကြီးသွားမှာ...”
“မြန်မြန်... ရဲခေါ်”
“ရဲခေါ်” ဟူသော စကားကို ကြားသောအခါ လီကျစ် လန့်သွားရသည်။
‘ဒီကိစ္စအတွက် ရဲခေါ်လို့ မရဘူးလေ...’
သူက အိတ်ကို အမြန်ကောက်ကိုင်ကာ မတ်တပ်ရပ်ပြီး လူအုပ်ဆီသို့ လျှောက်သွားလိုက်၏။
“ဝမ်ဟောက်... ” သူက လှမ်းခေါ်လိုက်လေသည်။
ဝမ်ဟောက်က လူအုပ်၏ ရှေ့ဆုံးတွင် ရှိနေပြီး မော်နီတာကို လက်ဟန်ခြေဟန်ဖြင့် ပြသနေခဲ့သည်။ အသံကို ကြားသောအခါ သူက ရုတ်တရက် လှည့်ကြည့်လိုက်ရာ သူ၏ မျက်လုံးများက မျက်လုံးအိမ်ထဲမှ ပြူးထွက်မတတ် ဖြစ်သွားရသည်။
“လီ... လီကျစ်...”
ထိုအော်သံက လူတိုင်း၏ အာရုံကို ချက်ချင်း ဖမ်းစားသွားခဲ့သည်။
ခဏတာမျှ အင်တာနက်ကဖေးတစ်ခုလုံး ခေတ္တ တိတ်ဆိတ်သွားပြီးနောက် တစ်ဖန် ပြန်လည် ဆူညံပွက်လောရိုက်သွားလေသည်။
“ကျစ်... သူ ပြန်ရောက်လာပြီဟ”
“လီကျစ်... မင်း ဘယ်ရောက်နေတာလဲ”
“အစ်ကို... ခင်ဗျားက လူလား သရဲလား”
လီကျစ်က စိတ်အားထက်သန်နေသော အကြည့်တစ်စု၏ ဝိုင်းရံမှုကို ခံလိုက်ရသောကြောင့် သူ၏ ကျောရိုးတစ်လျှောက် ကြက်သီးထသွားသည်ကို ခံစားလိုက်ရ၏။
‘ဒီနေ့ ရှင်းပြချက် တစ်ခု မပေးနိုင်ရင် ဒီအင်တာနက်ကဖေးကနေ ထွက်ခွာနိုင်မှာ မဟုတ်တော့ဘူး..’
သူက အသက်ပြင်းပြင်း တစ်ချက် ရှူလိုက်၏။ “ငါ ခုလေးတင် မင်မင်းဆက်ကို သွားခဲ့တယ်... ချုံကျန်းဧကရာဇ်နဲ့ တွေ့ခဲ့ပြီး နန်းတော်မှာ အခမဲ့ အစားအသောက်တောင် စားခဲ့ရသေးတယ်”
ဝမ်ဟောက်က သူ၏ ပေါင်ကို ရိုက်လိုက်၏။ “လခွမ်း.... ငါ အခုမှ မှတ်မိတော့တယ်။ မင်း မပျောက်သွားခင် ရီယဲ့ခရီးသွားအေဂျင်စီကနေ နေရာတစ်ခု လုယူခဲ့တာပဲ...”
ချန်ရှင်း၏ မေးရိုးက ကြမ်းပြင်သို့ ပြုတ်ကျမတတ် ဖြစ်သွားလေသည်။ “ဒါဆို... အဲဒီ ခရီးသွားအေဂျင်စီက တကယ်ပဲ အချိန်ခရီးသွားနိုင်တာလား”
လီကျစ်က ခေါင်းညိတ်လိုက်၏။ “ဟုတ်တယ်... အီးစပေါ့ပြိုင်ပွဲမှာ ရှုံးတာထက်တောင် ပိုအစစ်ပဲ...”
အင်တာနက်ကဖေးက ချက်ချင်း ပေါက်ကွဲထွက်သွားလေသည်။
“သောက်ကျိုးနည်း... ငါက ဈေးကွက်ရှာဖွေရေး အကောင့်တစ်ခုက ငါ့ကို လိမ်ဖို့ ကြိုးစားနေတယ်လို့ ထင်နေတာဟ..”
“အဲ့တာဆိုရင် ကောရှန် ထန်မင်းဆက်ကို သွားခဲ့တယ်ဆိုတဲ့ ကောလာဟလက တကယ် အမှန်ပဲပေါ့..”
“မြန်မြန်... ရီယဲ့ခရီးသွားအေဂျင်စီကို အခုချက်ချင်း follow လုပ်ထား... နောက်တစ်ကြိမ် ဘွတ်ကင်လုပ်ဖို့ကို လုံးဝ လက်လွတ်ခံလို့ မဖြစ်ဘူး”
မျက်စိတစ်မှိတ်အတွင်းမှာပင် အင်တာနက်ကဖေးထဲရှိ လူတိုင်းက သူတို့၏ ဖုန်းများကို အလုအယက် နှိပ်ကာ ရီယဲ့ခရီးသွားအေဂျင်စီ၏ တိုရင်အကောင့်ကို ရှာဖွေနေခဲ့ကြသည်။
ဤရူးသွပ်နေသော အင်တာနက် အသုံးပြုသူ တစ်စုကို ကြည့်ရင်း လီကျစ်က သူ၏အိတ်ကို တိတ်ဆိတ်စွာ တင်းကျပ်စွာ ပွေ့ဖက်ထားပြီး သူ၏ စိတ်ထဲတွင် အတွေးတစ်ခုသာ ရှိတော့လေသည်။
‘ကံကောင်းလို့ ငါ မြန်မြန် လက်ဦးမှု ရယူနိုင်ခဲ့တာပဲ...’
အခန်း ၁၂၇ပြီး၏။