← Chapters

အခန်း ၁၂၈

Vol. 13 Ch. 128

အခန်း ၁၂၈

Vol. 13 Ch. 128

အခန်း (၁၂၈) အဖွဲ့ဝင်အားလုံး ပြန်ရောက်လာခြင်း

​ပင်နင်ဆူလာ ဟိုတယ် ခန်းမကြီး....

​ညစာစားပွဲ ခန်းမကြီး တစ်ခုလုံး ကမောက်ကမ ဖြစ်နေခဲ့သည်။

​ဧည့်သည်များက နှစ်ယောက်တစ်စု သုံးယောက်တစ်စု စုရုံးနေကြပြီး အချို့က ရီယဲ့ခရီးသွားအေဂျင်စီကို ရှာဖွေရန် သူတို့၏ ဖုန်းများကို အလုအယက် refresh လုပ်နေကြ၏။

​တစ်စုံတစ်ယောက်က လက်ထောက်ဖြစ်သူထံ “ဒီခရီးသွားအေဂျင်စီကို အခုချက်ချင်း စုံစမ်း” ဟု တီးတိုးပြောနေလေသည်။

​လူကုံထံ အသိုင်းအဝိုင်းမှ အမျိုးသမီးအချို့က စုရုံးကာ ခုလေးတင် မြင်တွေ့ခဲ့ရသော အဖြူရောင် အလင်းတန်း ပျောက်ကွယ်သွားမှုအကြောင်းကို စိတ်လှုပ်ရှားစွာ ဆွေးနွေးနေကြပြီး စားပွဲထိုးများကမူ သတင်းကို တိတ်တဆိတ် ပေးပို့နေခဲ့ကြသည်။

​ထိုစဉ်.....

​“ဝှစ်”

​ညစာစားပွဲ ခန်းမကြီး၏ အလယ်တည့်တည့်တွင် အဖြူရောင် အလင်းတန်း နှစ်ခု ရုတ်တရက် ပေါ်လာပြီး ၎င်းတို့၏ စူးရှတောက်ပမှုကြောင့် လူတိုင်းမှာ အလိုအလျောက် မျက်လုံးမှေးသွားကြရသည်။

​အလင်းရောင် မှေးမှိန်သွားသောအခါ ရွှီကျောက်နှင့် စုမင်တို့က လုံးဝ ထွက်မသွားခဲ့ဖူးသည့်အလား ထိုနေရာတွင်ပင် ပြန်လည် ပေါ်လာကြလေသည်။

​“သူတို့ ပြန်ရောက်လာပြီ” အမျိုးသမီးတစ်ယောက်က ပထမဆုံး အော်ဟစ်လိုက်၏။

​မျက်စိတစ်မှိတ်အတွင်းမှာပင် ခန်းမကြီးထဲရှိ ဧည့်သည်များက ဒီရေလှိုင်းကြီးတစ်ခုကဲ့သို့ သူတို့နှစ်ဦးဆီသို့ ပြေးသွားလိုက်ကြသည်။

​“မင်းတို့ ဘယ်ရောက်သွားကြတာလဲ” ရင်းနှီးသော လူငယ်တစ်ဦးက ရှေ့ဆုံးသို့ တိုးဝင်လာပြီး သူ၏ အသံက တုန်ယင်နေချေသည်။

​“တကယ်ပဲ အချိန်ခရီးသွားခဲ့တာလား” အခြား အမျိုးသမီးငယ်တစ်ဦးက စုမင်၏ လက်မောင်းကို တင်းကျပ်စွာ ဆုပ်ကိုင်ကာ စိတ်မရှည်စွာ မေးလိုက်၏။

​ရွှီကျောက်က မျက်မှောင်ကြုတ်လိုက်ပြီး စကားပြောရန် ပြင်လိုက်စဉ် တစ်စုံတစ်ယောက်က သူတို့၏ ခြေရင်းရှိ ပိုနေသော အထုပ်ကို သတိပြုမိသွားခဲ့သည်။

​“သူတို့ ခြေရင်းကို ကြည့်လိုက်” ထိုအမျိုးသားက ညစာစားပွဲနှင့် လုံးဝ မကိုက်ညီသော အထုပ်ကို အံ့သြတကြီးကြည့်ကာ အော်ပြောလိုက်၏။

​လူတိုင်း၏ အကြည့်များက အောက်ဘက်သို့ ရွေ့လျားသွားရာ ရွှီကျောက်နှင့် စုမင်တို့ တစ်ဦးစီ၏ ခြေရင်းတွင် ဖောင်းကားနေသော အထုပ်တစ်ထုပ်စီ ရှိနေခဲ့ကြသည်။

ထိုအထုပ်များက အတွင်းရှိ အရာများကို မထိန်းချုပ်နိုင်တော့သည့်အလား လှပသေသပ်သော ခေါက်လိပ်တစ်ခု၏ ထောင့်တစ်နေရာ၊ ကြွေထည်အပိုင်းအစတစ်ခု၏ အစွန်းနှင့် ရှေးဟောင်း စာလုံးလှရေးဆွဲသော စုတ်တံအချို့ကို ဖော်ပြနေခဲ့သည်။

​“သူတို့ တကယ်ပဲ ရှေးဟောင်းပစ္စည်းတွေ အများကြီး ပြန်သယ်လာတာပဲ...”

​“ဘုရားရေ.. သူတို့ တကယ် အချိန်ခရီးသွားခဲ့တာပဲ”

​“ဒါ သေချာပေါက် အချိန်ခရီးသွားခဲ့တာ ဖြစ်ရမယ်။ မဟုတ်ရင် ဒီအရာတွေက ဘယ်ကနေ ရောက်လာမှာလဲ...”

​“ဒါက မယုံနိုင်စရာပဲ...”

​ညစာစားပွဲ၏ အိမ်ရှင်အဖြစ်နှင့် ရွှီကျောက်တို့ထက် အသက်အနည်းငယ် ပိုကြီးသူအဖြစ် လီကျီရှန်က သက်ကြီးရွယ်အိုများ တိုက်ရိုက် မမေးနိုင်သော မေးခွန်းများကို သဘာဝကျကျ မေးမြန်းပေးရမည် ဖြစ်၏။

​သူက ရွှီကျောက်နှင့် စုမင်တို့ဆီသို့ ယဉ်ကျေးသော အပြုံးဖြင့် လျှောက်သွားလိုက်သည်။ “သခင်မလေးစု၊ သခင်လေးရွှီ.. ခုနက ခင်ဗျားတို့နှစ်ယောက် နေရာကနေ လေးမိနစ်လောက် ထွက်သွားကြတယ်။ ဘယ်သွားခဲ့ကြတာလဲ မသိဘူး...”

​လူအုပ်ကြီး၏ စူးရှသော အကြည့်များအောက်တွင် ရွှီကျောက်နှင့် စုမင်တို့ တစ်ယောက်ကိုတစ်ယောက် အကဲခတ်ကြည့်လိုက်ကြ၏။

​ဒီည ဒီကိစ္စကို လျှို့ဝှက်ထားလို့ မရနိုင်တော့ဘူးဆိုတာ သူတို့ ကောင်းကောင်း သိထားကြပေသည်။

​ထို့အပြင် ကျန်းယဲ့၏ ပွင့်လင်းသော ဈေးကွက်ရှာဖွေရေး ချဉ်းကပ်မှုက အချိန်ခရီးသွားခြင်း တည်ရှိမှုကို ဖုံးကွယ်ထားရန် သူ ရည်ရွယ်ချက် မရှိကြောင်း ဖော်ပြနေခဲ့သည်။

​“ဟုတ်ပါတယ်.. ကျွန်မတို့ ထူးခြားတဲ့ နေရာတစ်ခုကို ခရီးသွားခဲ့ပါတယ်” စုမင်က ပွင့်ပွင့်လင်းလင်း ပြောလိုက်၏။

​ရွှီကျောက်က ဖြည့်စွက်ပြောလိုက်သည်။ “ကျွန်တော်တို့ မင်မင်းဆက်ကို သွားခဲ့တယ်.. ချုံကျန်းဧကရာဇ်နဲ့ တွေ့ခဲ့ပြီး ကမောက်ကမဖြစ်နေတဲ့ အဲဒီမင်းဆက်ကို ကိုယ်တိုင် မြင်တွေ့ခဲ့ရတယ်...”

​ထိုစကားများ ပြောလိုက်သည်နှင့် တပြိုင်နက် ညစာစားပွဲ ခန်းမကြီး တစ်ခုလုံး ကမောက်ကမ ဖြစ်သွားရတော့သည်။

​ထိုနေရာရှိ လူတိုင်းက အများစုကို ခန့်မှန်းမိပြီးဖြစ်သော်လည်း ကာယကံရှင်ကိုယ်တိုင် အတည်ပြုသည်ကို ကြားလိုက်ရခြင်းက အိပ်မက်တစ်ခုလို ခံစားနေရဆဲပင်။

​‘ဒါက တကယ့် အချိန်ခရီးသွားတာပဲ...’

​သိပ္ပံစိတ်ကူးယဉ် ဝတ္ထုတွေထဲမှာပဲ ရှိသင့်တဲ့ ဒီလို ထူးခြားဆန်းကြယ်တဲ့ ဖြစ်ရပ်တွေက အခု သူတို့ မျက်စိရှေ့မှာတင် ဖြစ်ပျက်နေချေပြီ။

​လူသားပိရမစ်၏ ထိပ်ဆုံးတွင် ရပ်တည်ကာ ကမ္ဘာ့အကောင်းဆုံး အရင်းအမြစ်များကို ခံစားနေရသော အာဏာနှင့် စည်းစိမ်ရှိသူများပင်လျှင် ယခုအခိုက်အတန့်တွင် သူတို့၏ တုန်လှုပ်မှုနှင့် တမ်းတမှုများကို ဖုံးကွယ်မထားနိုင်ကြချေ။

​ဆူညံနေသော ဆွေးနွေးသံများကြားတွင် အသက်အရွယ်ကြီးရင့်သော အသံတစ်ခု ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။

​အဘိုးအိုလင်းက အထုပ်၏ ဟနေသော နေရာမှ ထွက်နေသည့် ခေါက်လိပ်၏ ထောင့်စွန်းကို စူးစိုက်ကြည့်နေလေသည်။

​“စုလေး.. မင်းရဲ့ အထုပ်ထဲက ပစ္စည်းတွေကို ဦးလေး ကြည့်လို့ရမလား”

​စုမင်က မော့ကြည့်လိုက်ရာ ရှေးဟောင်းပစ္စည်း လောက၏ ထိပ်သီးပုဂ္ဂိုလ်ကြီး၏ မျက်လုံးများတွင် စစ်မှန်သော စိတ်အားထက်သန်မှုများ ပြည့်နှက်နေသည်ကို မြင်လိုက်ရ၏။

​၎င်းမှာ လောဘလုံးဝ မဟုတ်ဘဲ ရှားပါးပစ္စည်းတစ်ခုကို မြင်တွေ့ရချိန်တွင် စုဆောင်းသူများ၌ ရှိတတ်သည့် ထူးခြားသော စွဲလမ်းမှုတစ်ခုသာ.....

​ဒီလုပ်ငန်းလောကမှာ အဘိုးလင်းရဲ့ အကျင့်ကို ဘယ်သူက မသိဘဲ နေမည်နည်း။

​နှစ်သက်သော ပစ္စည်းတစ်ခုအတွက် သူက ပိုင်ရှင်ဖြစ်သူ တွန့်ဆုတ်စွာ စွန့်လွှတ်ရသည်အထိ အကြိမ်ရာချီ တန်ဖိုးထား ကြည့်ရှုရန် အစွမ်းကုန် ကြိုးစားလိမ့်မည်။

​“ဦးလေးလင်း” စုမင်က သူမ၏ အထုပ်ကို သတိမထားမိဘဲ ပိုမိုတင်းကျပ်စွာ ဖက်ထားလိုက်ပြီး ယဉ်ကျေးစွာ ငြင်းဆန်တော့မည့်အချိန်တွင် ပတ်ဝန်းကျင်ရှိ အာဏာနှင့် သြဇာကြီးမားသူများက သူမကို ဝိုင်းရံထားပြီး ဖြစ်နေခဲ့သည်။

​“မိန်းကလေးမင်... ဘယ်လို ပစ္စည်းကောင်းတွေ ပြန်သယ်လာတာလဲ”

​“မြန်မြန် ဖွင့်ပြီး ကျွန်တော်တို့ကို ပြပါဦး...”

​သူတို့ကို တိုက်တွန်းနေသော ဆူညံသံများကြားတွင် စုမင်နှင့် ရွှီကျောက်တို့ တစ်ယောက်ကိုတစ်ယောက် အကဲခတ်ကြည့်လိုက်ကြပြီးနောက် ကူကယ်ရာမဲ့စွာဖြင့် သူတို့၏ လက်များကို အတူတကွ ချထားလိုက်ကြသည်။

​အထုပ်ကို အပြည့်အဝ ဖြေလိုက်ပြီး အတွင်းရှိ ပစ္စည်းများကို တစ်ခုပြီးတစ်ခု ချထားလိုက်သောအခါ ညစာစားပွဲ ခန်းမကြီးတစ်ခုလုံးတွင် အံ့သြမှင်သက်စွာဖြင့် လေကို ရှူသွင်းလိုက်သံများ ပဲ့တင်ထပ်သွားခဲ့သည်။

​ကောင်းစွာ ထိန်းသိမ်းထားသော စာလုံးလှနှင့် ပန်းချီခေါက်လိပ်အချို့၊ နန်းတွင်းသုံး စာရေးကိရိယာ တစ်စုံ၊ တရားဝင် မီးဖိုကြွေထည် အပိုင်းအစ အချို့နှင့် ဧကရာဇ်၏ စာလုံးလှ။

​“ဒါ ကျူးတိရဲ့ စစ်မှန်တဲ့ လက်ရာလား...” အဘိုးအိုလင်းက ခေါက်လိပ်ကို ကောက်ကိုင်လိုက်ပြီး အလွန်အမင်း နှစ်သိမ့်ကြည်နူးစွာဖြင့် တန်ဖိုးထား ကြည့်ရှုနေခဲ့သည်။ “မင်ရည်က အသစ်လို လတ်ဆတ်နေပြီး စုတ်ချက်တွေက နဂါးတွေလိုပဲ။ ယုံလဲ့ဧကရာဇ်ရဲ့ လက်ရာဆိုတာ တကယ်ကို ထိုက်တန်ပါတယ်...”

​“ဒီ လက်ဖက်ရည်ခွက်အစုံက...” အခြား စုဆောင်းသူ တစ်ဦးက သူ၏ လက်ထဲရှိ လက်ဖက်ရည်ပန်းကန်လုံးကို ဂရုတစိုက် စစ်ဆေးကြည့်လိုက်၏။ “ဒီ မိုးပြာရောင် စဉ့်ရည်နဲ့ အက်ကြောင်းပုံစံက ယုံလဲ့ခေတ်က နန်းတွင်းရတနာတွေဆိုတာ သေချာတယ်....”

​ရှေးဟောင်းပစ္စည်း ဈေးကွက်က အမြဲတမ်း ရှုပ်ထွေးနေပြီး တရားဝင် ထောက်ခံစာများရှိလျှင်ပင် ပစ္စည်းတစ်ခုက အတုမဟုတ်ကြောင်း အာမခံရန် ခက်ခဲပေသည်။

​ရယ်စရာကောင်းသည်မှာ အချို့သော ပြတိုက်များတွင် ပြသထားသည့် ပစ္စည်းများပင်လျှင် စစ်မှန်ချင်မှ စစ်မှန်ပေမည်။

​သို့သော် ယခုလေးတင် စုမင်နှင့် ရွှီကျောက်တို့ ပြန်လည်သယ်ဆောင်လာသော ပစ္စည်းများမှာ နှစ်ပေါင်းသုံးရာကို ဖြတ်သန်းလာသည့် ခိုင်မာသော ငွေကြေးများပင်။

​အပိုင်းအစတစ်ခုစီတွင် သမိုင်း၏ အမှတ်အသားများ ပါရှိပြီး လက်မတိုင်းက အချိန်ကာလ ဖြတ်သန်းသွားမှု၏ သက်သေအထောက်အထား ဖြစ်သည်။

​အကဲဖြတ်အကျွမ်းကျင်ဆုံး စုဆောင်းသူများပင် မှင်သက်သွားကြပြီး ပုံမှန်အားဖြင့် ခေတ်ပြိုင်အနုပညာများကိုသာ ဝယ်ယူလေ့ရှိသော လူငယ် အထက်တန်းလွှာများပင်လျှင် မခုခံနိုင်ကြချေ။

​ဘာပဲဖြစ်ဖြစ် ချုံကျန်းဧကရာဇ် အသုံးပြုခဲ့တဲ့ စုတ်တံဆေးခွက်ကို ကိုယ့်ရဲ့ စာကြည့်ခန်းမှာ ဘယ်သူက မပြသချင်ဘဲ နေမည်နည်း။

​ဧည့်ခံပွဲတစ်ခုမှာ “ဒါက အချိန်ခရီးသွား တစ်ယောက် မင်မင်းဆက်ကနေ ပြန်သယ်လာတဲ့ လက်ဖက်ရည်ပန်းကန်လုံးပဲ” လို့ ဘယ်သူက ကြွားလုံးမထုတ်ချင်ဘဲ နေချင်မည်နည်း။

​“သခင်လေးရွှီ... ဒီစာလုံးလှနဲ့ ပန်းချီကားကို ရောင်းမှာလား။ ဈေးသာ ခေါ်လိုက်ပါ”

​“သခင်မလေးစု.. အဲဒီ လက်ဖက်ရည်ခွက်အစုံကို စွန့်လွှတ်ဖို့ ဆန္ဒရှိမလား။ ကျွန်တော် ဂဏန်းရှစ်လုံးပေးမယ်...”

​လူအုပ်ကြီး၏ စိတ်အားထက်သန်မှုနှင့် ရင်ဆိုင်ရသောအခါ ရွှီကျောက်က တည်ငြိမ်စွာ ခေါင်းခါပြလိုက်၏။ “ဆောရီးပါ.... ဒီအရာတွေက... အထူး အဓိပ္ပာယ်ရှိလို့ပါ”

​စုမင်က ပို၍ပင် တိုက်ရိုက်ကျလေသည်။ “မရောင်းပါဘူး”

​ညစာစားပွဲ ခန်းမကြီးထဲရှိ ရုတ်ရုတ်သဲသဲဖြစ်မှုက တစ်ညလုံး ကြာရှည်ခဲ့သည်။

​ဧည့်သည်များ တစ်ယောက်ပြီးတစ်ယောက် ထွက်ခွာသွားချိန်တွင် သူတို့ တစ်ဦးစီ၏ ဖုန်းထဲ၌ အသစ် follow ထားသော တိုရင်အကောင့်တစ်ခုစီ ရှိနေခဲ့ကြသည်။ ၎င်းမှာ ရီယဲ့ခရီးသွားအေဂျင်စီပင်။

​ထိုညတွင် ဆိပ်ကမ်းမြို့ရှိ အထက်တန်းလွှာ အသိုင်းအဝိုင်း၏ ကမ္ဘာ့အမြင်က လုံးဝ ပြိုကွဲသွားခဲ့ရသည်။

​စစ်ဘက်ဆိုင်ရာ ဆက်သွယ်ရေး ဌာန...

​နောက်ပြန်ရေတွက်မှု သုညသို့ ရောက်ရှိသွားသည်နှင့် တပြိုင်နက် စခန်းလေးခုလုံးက မျက်စိကျိန်းမတတ် အဖြူရောင် အလင်းတန်းများဖြင့် တစ်ပြိုင်နက်တည်း လင်းထိန်သွား၏။

​အလင်းရောင် မှေးမှိန်သွားသောအခါ ရှဲ့မင်တာနှင့် အခြား စစ်သားသုံးဦးတို့က လုံးဝ ထွက်မသွားခဲ့ဖူးသည့်အလား ထိုနေရာတွင်ပင် ပြန်လည် ပေါ်လာခဲ့ကြသည်။

​“လေးမိနစ် တိတိပဲ...”

​တတိယတပ်ရင်းမှ စာရေးက သူ၏ လက်ထဲရှိ အချိန်ကိုက်စက်ကို စိုက်ကြည့်ကာ ဂဏန်းများကို တီးတိုးရေရွတ်လိုက်ပြီး သူ၏ဘေးရှိ ရဲဘော်က အချိန်ကို အမြန်မှတ်တမ်းတင်လိုက်၏။

​“ရှဲ့မင်တာ...” တပ်ရင်းမှူးဝမ်ထျဲက ခြေလှမ်းကျဲကြီးများဖြင့် ရှေ့သို့တိုးလာကာ ကံထူးရှင်ကို ကြည့်၍ မေးလိုက်၏။ “နေရထိုင်ရ မကောင်းဖြစ်တာ ရှိလား။ ခေါင်းမူးချင်တာ... ပျို့အန်ချင်တာ... ဒါမှမဟုတ် တခြား ထူးခြားတဲ့ ခံစားချက်တွေ ရှိသေးလား”

​ရှဲ့မင်တာက ကျောကို မတ်လိုက်ပြီး စံပြ စစ်ဘက်ဆိုင်ရာ အလေးပြုမှုတစ်ခုကို ပြုလုပ်လိုက်၏။ “သတင်းပို့ပါတယ် တပ်ရင်းမှူး.. အရာအားလုံး ပုံမှန်ပါပဲ”

​ဝမ်ထျဲက ခေါင်းညိတ်လိုက်ပြီး သူ့နောက်ရှိ ဆေးဘက်ဆိုင်ရာအဖွဲ့ကို လက်ဟန်ပြလိုက်၏။ “သူ့ကို ဆေးခန်းခေါ်သွားပြီး အပြည့်အဝ စစ်ဆေးမှု လုပ်လိုက်”

​ထိုမြင်ကွင်းမျိုးက ပဉ္စမ၊ ဆဋ္ဌမနှင့် သတ္တမ တပ်ရင်းများတွင်လည်း တစ်ပြိုင်နက်တည်း ဖြစ်ပွားနေချေသည်။

​ပဉ္စမတပ်ရင်းမှ တင်းကောင်းကို သူ၏ ရဲဘော်များက ဝိုင်းရံထားပြီး ခရီးစဉ်အတွင်း သူ၏ အတွေ့အကြုံများကို မေးမြန်းနေခဲ့ကြသည်။

ဆဋ္ဌမတပ်ရင်းမှ ဝမ်ရှင်းရန်မှာမူ ဆေးကုတင်ပေါ်တွင် ထိုင်ကာ စစ်ဆရာဝန်၏ သွေးပေါင်ချိန်တိုင်းတာမှုကို ပူးပေါင်းဆောင်ရွက်နေပြီ ဖြစ်၏။ သတ္တမတပ်ရင်းမှ ကျန်းမောက်ကိုမူ ပိုမို အသေးစိတ် မေးမြန်းမှုများ ပြုလုပ်ရန် သီးသန့်ခန်းတစ်ခုသို့ ခေါ်ဆောင်သွားခြင်း ခံရလေသည်။

​အမျိုးသား လေးဦးက သူတို့ ပြန်လည်ရောက်ရှိသည်နှင့် တပြိုင်နက် အခြေအနေကို သူတို့၏ အထက်လူကြီးများထံ ချက်ချင်း သတင်းပို့ခဲ့ကြသည်။

အခန်း ၁၂၈ပြီး၏။

All Chapters