← Chapters

အခန်း ၁၃၁

Vol. 14 Ch. 131

အခန်း ၁၃၁

Vol. 14 Ch. 131

​ အခန်း (၁၃၁) ခရီးသွားစရာ နေရာသစ်များ

​[လက်ခံသူ... မဲနှိုက်ခြင်းကို စတင်လိုပါသလား...]

​ကျန်းယဲ့သည် လေထဲတွင် ပေါ်လာသော ပုံရိပ်ယောင် ဖန်သားပြင်ပေါ်ရှိ တောက်ပနေသော ကံစမ်းမဲဘီးကို စိုက်ကြည့်လိုက်ရာ သူ၏ အသက်ရှူနှုန်းများမှာ အလိုအလျောက် မြန်ဆန်လာခဲ့ရသည်။

​ကံစမ်းမဲဘီးပေါ်တွင် စွမ်းရည်များနှင့် ကမ္ဘာ့ရွေးချယ်စရာများ ပြည့်နှက်နေချေသည်။ စိတ်ဖတ်ခြင်းစွမ်းရည်က သရဲတစ္ဆေကဲ့သို့ အပြာရောင် အလင်းတန်းဖြင့် တောက်ပနေပြီး အန္တရာယ်ကို ကြိုတင်ခန့်မှန်းနိုင်သော ဆဋ္ဌမအာရုံက အနီရောင် အလင်းတန်းဖြင့် လင်းလက်နေခဲ့သည်။

သို့သော် သူ၏အာရုံကို အဖမ်းစားနိုင်ဆုံးမှာ ရွှေရောင်ဘောင်ကွပ်ထားပြီး ဘေးတွင် ကံကောင်းခြင်း တိမ်တိုက်များ ပျံလွင့်နေသော ရွှမ်ဝူတိုက်ကြီးဟူသည့် ရွေးချယ်မှုပင်။

​‘ကျင့်ကြံခြင်းလောက...’

​ကျန်းယဲ့သည် ဓားအလင်းတန်းများ၊ ကောင်းကင်ပေါ်တွင် လမ်းလျှောက်နေသော ဝတ်ရုံဖြူနှင့် နတ်သမီးများ၊ လေကိုခွင်း၍ ပျံသန်းနေသော ဖြောင့်မတ်တည်ကြည်သည့် ဓားကျင့်ကြံသူများ၊ တောင်တန်းများနှင့် လယ်ကွင်းများတစ်လျှောက် ဖူးပွင့်နေတဲ့ ဝိညာဉ်ဆေးမြစ်များနှင့် နတ်ပန်းများကို မသိစိတ်မှ အလိုအလျောက် မြင်ယောင်လာမိသည်။

​ရှားပါးပြီး အဖိုးတန်သော သဘာဝရတနာများကို တွေးမိလိုက်သောအခါ သူ၏ ရင်ထဲတွင် လိုချင်တပ်မက်မှုများ တောက်လောင်လာသကဲ့သို့ ခံစားလိုက်ရ၏။

​သူ၏ ဘဝတစ်သက်တာတွင် ပထမဆုံးအကြိမ်အဖြစ် ကျန်းယဲ့က လက်နှစ်ဖက်ကို ရိုသေကိုင်းရှိုင်းစွာ ဆုပ်ကိုင်လျက် ဆုတောင်းလိုက်၏။

​“ကောင်းကင်ဘုံရှင်ကြီးရေ.. ဒီထူးခြားဆန်းကြယ်တဲ့ ကမ္ဘာလေးကိုပဲ မဲပေါက်ပေးပါ။ ပေါက်ရင် သုံးလတိတိ သက်သတ်လွတ်စားပါ့မယ်... ”

​သာမန် အဆိပ်ဖြေဆေးကိုပဲ ရရှိလိုက်လျှင်တောင် ထိုရောဂါဆိုးမှ အဆိပ်အတောက် အနည်းငယ်မှာ ပြဿနာ မဟုတ်တော့ချေ။ မိမိအသက်ကို ထိန်းသိမ်းခြင်းက အရေးအကြီးဆုံး ဖြစ်သည်။

​စနစ်က ထပ်မံ မေးမြန်းလာခဲ့သည်။

​[လက်ခံသူ မဲနှိုက်ခြင်းကို စတင်လိုပါသလား...]

​“နှိုက်မယ်.... အခုပဲ နှိုက်မယ်”

​ကျန်းယဲ့က တုံ့ဆိုင်းနေခြင်းမရှိဘဲ ခလုတ်ကို နှိပ်ချလိုက်၏။

​တစ်ပြိုင်နက် ကံစမ်းမဲဘီးက အရှိန်အဟုန်ဖြင့် လည်ပတ်သွားပြီး အရောင်စုံအလင်းတန်းများက ဝဲဂယက်တစ်ခုကဲ့သို့ ရောထွေးသွားခဲ့သည်။

​ကျန်းယဲ့က ရွှမ်ဝူတိုက်ကြီးရောက်မည့် နေရာကို စူးစိုက်ကြည့်ရင်း တိတ်တဆိတ် ရွတ်ဆိုနေမိလေသည်။

​‘ကျင့်ကြံခြင်း... ကျင့်ကြံခြင်း... ကျင့်ကြံခြင်း...’

​“ရပ်...”

​ဘီးက ဖြည်းညှင်းစွာ နှေးကွေးသွားပြီး ရွှေရောင်ဘောင်ကွပ်ထားသော ရွေးချယ်မှုများက ညွှန်တံဘေးမှ တစ်ခုပြီးတစ်ခု ဖြတ်သန်းသွားကြသည်။

​ကျန်းယဲ့၏ နှလုံးခုန်သံမှာ အလွန်မြန်ဆန်လွန်းနေသဖြင့် ရင်ဘတ်ထဲမှ ခုန်ထွက်လာတော့မည့်အလား ဖြစ်နေလေသည်။

​ကလစ်....

​နောက်ခဏ၌ ညွှန်တံက သံချေးတက်နေသော ရွေးချယ်မှုတစ်ခုပေါ်တွင် နောက်ဆုံး၌ ရပ်တန့်သွား၏။

[ကမ္ဘာပျက်ပြီးနောက်ပိုင်း စွန့်ပစ်နယ်မြေ - ဇွန်ဘီမြို့]

​ကျန်းယဲ့၏ မျက်နှာအမူအရာမှာ ချက်ချင်းပင် အေးခဲသွားရတော့သည်။

​“ငါ...”

​သူသည် အဆိပ်ငွေ့များ ထုတ်လွှတ်နေသော ဦးခေါင်းခွံပုံ သင်္ကေတကို စိုက်ကြည့်ရင်း မိုးကြိုးပစ်ခံလိုက်ရသကဲ့သို့ ခံစားလိုက်ရ၏။

​“ငါ့ ရွှမ်ဝူတိုက်ကြီး ဘယ်ရောက်သွားပြီလဲ.... ငါ့ရဲ့ ဓားစီးပျံသန်းမှုကော ဘယ်မှာလဲ...”

​ကံစမ်းမဲဘီးက ဟိုလိုဂရမ်ပုံရိပ်တစ်ခုကို ထပ်မံ ပြသလာခဲ့သည်။

​မှိုင်းညို့နေသော ကောင်းကင်အောက်တွင် ပြိုကျပျက်စီးနေသည့် မိုးမျှော်တိုက်များက မျိုးဗီဇပြောင်း အပင်များဖြင့် ဖုံးလွှမ်းနေပြီး အရေပြားများ ပုပ်ဟက်နေသော ဇွန်ဘီများက လမ်းပေါ်တွင် သွားလာနေကာ အဝေးမှနေ၍ အမည်မသိ မွန်းစတားများ၏ ဟိန်းဟောက်သံများပါ ပဲ့တင်ထပ်နေချေသည်။

​[ဂုဏ်ယူပါတယ်... လက်ခံသူ... ဇွန်ဘီမြို့သို့ ခုနစ်ရက်ကြာ ခရီးစဉ်ကို ရရှိသွားပါပြီ...]

​ဇွန်ဘီမြို့သို့ သွားရမည်မှာ ဆိုးရွားလှပြီ ဖြစ်သော်လည်း ယခုမူ ခုနစ်ရက်ကြာ ခရီးစဉ် ဖြစ်နေချေသည်။

​ကျန်းယဲ့ ဆိုဖာပေါ်သို့ လဲကျသွားပြီး စိတ်ပျက်လက်ပျက်ဖြင့် မျက်နှာကြက်ကို ငေးကြည့်နေမိ၏။

​“စနစ်ကြီးရေ... အခုမှ မသွားတော့ဘူးလို့ ငြင်းရင် နောက်ကျသွားပြီလားဟင်....”

​သူ့ကို တိတ်ဆိတ်မှုကသာ ပြန်လည် တုံ့ပြန်လာခဲ့သည်။

​[ဒင်... ခရီးသွားစရာ နေရာသစ်တစ်ခုကို ဖွင့်လှစ်လိုက်ပါပြီ...]

​[ဒင်... မစ်ရှင်အသစ် - ခရီးသွားဧည့်သည် ၂၀ ကို Epoch 4088၏ ကမ္ဘာပျက်ပြီးနောက်ပိုင်း စွန့်ပစ်နယ်မြေနှင့် ဇွန်ဘီမြို့သို့ ခုနစ်ရက် (၁၆၈ နာရီ) ကြာ ခရီးစဉ် ပို့ဆောင်ပေးပါ။ ဈေးနှုန်း - တစ်ဦးလျှင် ယွမ် ၁၄,၀၀၀။ ဘွတ်ကင်တင်နည်း - အွန်လိုင်းမှ (ရီယဲ့ ခရီးသွားအေဂျင်စီ တိုရင်အကောင့်)။ ဘွတ်ကင်တင်နိုင်မည့်ကာလ - ၄၈ နာရီ။ ၄၈ နာရီအကြာတွင် ဘွတ်ကင် စတင်ဖွင့်လှစ်မည်]

​[မစ်ရှင် ဆုလာဘ် - သက်တမ်း ၁၀၅ ရက်၊ ယွမ် ၁သန်း ၄သိန်း... ]

​ကျန်းယဲ့သည် ကွန်ပျူတာရှေ့တွင် ထိုင်ကာ ဗီဒီယိုများကို အသေအချာ တည်းဖြတ်နေ၏။ စွန့်ပစ်နယ်မြေ ဗီဒီယိုကို သိမ်းဆည်းပြီးသည်နှင့် ရီယဲ့ခရီးသွားအေဂျင်စီ၏ တိုရင်အကောင့် နောက်ကွယ်ဒေတာများကို ပေါ့ပေါ့ပါးပါး ဖွင့်ကြည့်လိုက်၏။

​နောက်တစ်စက္ကန့်တွင် သူ အမြင်များ မှားနေသလားဟုပင် ထင်လိုက်မိ၏။

​အကောင့်ကို Follow လုပ်ထားသူ အရေအတွက်မှာ နှစ်သန်းကျော်တောင် တိုးလာခဲ့လေသည်။

​‘နှစ်သန်းကျော်...’

​‘ငါမသိလိုက်တဲ့ ညတွင်းချင်းမှာ ဘာတွေများ ဖြစ်ကုန်တာလဲ....’

​ကျန်းယဲ့သည် စာမျက်နှာကို ထပ်ခါတလဲလဲ Refresh လုပ်ကြည့်ရာ Follower အရေအတွက်မှာ မျက်စိရှေ့တွင်ပင် ဆက်တိုက် တိုးပွားနေဆဲပင်။

​“ငါအိပ်နေတုန်း ဘယ်သူကများ ငါ့အကောင့်အတွက် ကြော်ငြာခတွေ ရှင်းပေးလိုက်တာလဲ....”

​သူသည် မှတ်ချက်ကဏ္ဍကို အမြန်ဖွင့်ကြည့်လိုက်ရာ မက်ဆေ့ချ်များ အုံနှင့်ကျင်းနှင့် ဝင်လာတော့သည်။

​[ကောရှန်နဲ့ Dတို့ အချိန်ခရီးသွားတာ အစစ်ဆို.... တကယ်လား အက်မင်ရေ... သိချင်လွန်းလို့ပါ... တစ်ခုခု ပြန်ဖြေပေးပါဦး။]

​[လီကျစ် ပျောက်သွားတဲ့ ဗီဒီယိုက တကယ်ကြီးလား... ပြန်ဖြေပေးပါဦး။]

​[ကျွန်တော်တို့ကို ချင်မင်းဆက်ခရီးစဉ်အတွက် နေရာလေးပေးပါဦးဗျာ။ ပိုက်ဆံကိစ္စ မပူနဲ့... ]

​[အား... ကျွန်တော် ထန်မင်းဆက်ကို သွားချင်တယ်။ အန်းရှီးတပ်မတော်ကို မြင်ချင်တယ်။ သမိုင်းထဲမှာ ပျောက်ကွယ်သွားတဲ့ ခူချာရှေးဟောင်းမြို့တော်ကို မြင်ချင်တယ်။ ဆရာရေ ခရီးစဉ်တွေကို မြန်မြန်ဖွင့်ပေးပါတော့။ ဒူးထောက်ပြီး တောင်းပန်ခိုင်းမနေပါနဲ့....]

​မှတ်ချက်များထဲမှ အချက်အလက်များကို ဆက်စပ်ကြည့်ပြီး ဖြစ်ပျက်ခဲ့သမျှကို သူ အကြမ်းဖျင်း နားလည်သွားရသည်။

​ပြဿနာအားလုံး၏ မြစ်ဖျားခံရာမှာ ချန်မော့ကြောင့်ပင်။

​ချန်မော့သည် မခံချင်စိတ်ဖြင့် နေရာတစ်ခုကို လုဝယ်ခဲ့ရာမှ မထင်မှတ်ဘဲ ထန်မင်းဆက်သို့ သွားခွင့်ရခဲ့ပြီး အန်းရှီးတပ်မတော်နှင့် တွေ့ခဲ့ရသည်။ ထို့နောက် အချိန်ခရီးသွားခြင်းမှာ တကယ်ရှိကြောင်း သူ၏ သူငယ်ချင်းများကို ချက်ဂရုထဲတွင် ပြောပြခဲ့သော်လည်း သူ၏ ရန်ဘက်ဖြစ်သော ချင်လုံက မယုံကြည်ဘဲ ဂိမ်းဂရုများစုံထဲ၌ လိုက်လံလှောင်ပြောင်ခဲ့သည်။

​အမှန်ဆိုလျှင် ထိုမျှနှင့်ပင် ပြီးဆုံးသွားရမည် ဖြစ်သော်လည်း ဘယ်သူက ထင်ထားမည်နည်း။

​ကောရှန်ကပါ ချန်မိုပြောသည်မှာ အမှန်ဖြစ်ကြောင်း ဝင်ရောက်အာမခံပေးလိုက်သောအခါ အီးစပေါ့လောကမှ လူများအကုန် သိရှိသွားခဲ့ကြသည်။

​အီးစပေါ့ အသိုင်းအဝိုင်းမှ လူများက သိချင်စိတ်ဖြင့် ခရီးစဉ်များကို လုဝယ်ကြရာမှတစ်ဆင့် ဂိမ်းကစားသော ပရိသတ်များဆီအထိပါ ပျံ့နှံ့သွား၏။ လီကျစ်ဆိုသည်မှာ ထိုနေရာတစ်ခုရရန် လုဝယ်ခဲ့သည့် ပရိသတ်တစ်ယောက်ဖြစ်ပြီး အင်တာနက်ကဖေးတွင်ပင် ပျောက်ကွယ်သွားခဲ့ခြင်း ဖြစ်၏။

​အင်တာနက်ကဖေးမှ လီကျစ်၏ ပျောက်ကွယ်သွားသည့် ဗီဒီယိုက အခြေအနေတစ်ခုလုံးကို အထွတ်အထိပ်သို့ ရောက်သွားစေခဲ့ခြင်းပင်။

​“ဘုရားရေ... ဒါတွေအကုန်လုံးက အချိတ်အဆက်မိနေတာပဲ...”

​ကျန်းယဲ့က ဆက်တိုက် တိုးလာနေသော Follower အရေအတွက်ကို ကြည့်ရင်း ရယ်ရမလား ငိုရမလား ဖြစ်သွားရသည်။

​“ဒီလိုဆိုတော့လည်း ချန်မော့နဲ့ ချင်လုံတို့ရဲ့ ရန်ပွဲက ငါ့အတွက် အလကား ကြော်ငြာပေးလိုက်သလို ဖြစ်သွားတာပေါ့လေ...”

​သူက ရေပန်းစားနေသော အကြောင်းအရာများ စာရင်းကို နှိပ်ကြည့်လိုက်၏။

​#အချိန်ခရီးသွားခြင်း_အတည်ပြုပြီး

​#လီကျစ်_ပျောက်ကွယ်သွားခြင်း

​#ရီယဲ့_ခရီးသွားအေဂျင်စီ

​ထိုအရာများ အပါအဝင် အခြား ဆက်စပ်နေသော အကြောင်းအရာများက ထိပ်ဆုံးတွင် နေရာယူထားခဲ့ကြသည်။

​ကျန်းယဲ့ မေးစေ့ကို ပွတ်သပ်ရင်း သူ ယခုလေးတင် တည်းဖြတ်ပြီးခါစ ကမ္ဘာပျက်ပြီးနောက်ပိုင်း စွန့်ပစ်နယ်မြေဗီဒီယိုကို ကြည့်လိုက်ရာ သူ၏ နှုတ်ခမ်းထောင့်စွန်းတွင် အပြုံးတစ်ခု ပေါ်လာချေသည်။

​“လူတွေ ဒီလောက်တောင် စိတ်ဝင်စားနေကြမှတော့လည်း ဒီအခွင့်အရေးကို ဘာလို့ လက်လွှတ်ခံနေတော့မလဲ...”

​ချန်မော့က သူ့ထံ တောင်းပန်စာ ပို့ထားခဲ့ဖူးသော်လည်း ယခုအခါတွင် ထိုအရာက လုံးဝ မလိုအပ်တော့ကြောင်း သိလိုက်ရသည်။

​သူသာ မရှိခဲ့လျှင် ကျော်ကြားမှု အဆင့်မြှင့်တင်ရေး ယန္တရားမှာ ဤမျှ မြန်မြန်ဆန်ဆန် ပွင့်လာမည် မဟုတ်ချေ။

​ကျန်းယဲ့သည် ဗီဒီယိုကို ထုတ်ဝေရန် ခလုတ် နှိပ်လိုက်သည်နှင့် တပြိုင်နက် သူ၏ ဖုန်းမှာ အတက်ရောဂါရနေသကဲ့သို့ တုန်ခါမှုများဖြင့် အလုပ်ရှုပ်သွားရတော့သည်။

​ဒင်ဒေါင်... ဒင်-ဒေါင်... ဒင်-ဒေါင်....

​အသိပေးချက်ဘားမှာ မှတ်ချက်များဖြင့် အုံနှင့်ကျင်းနှင့် ဝင်လာပြီး အနီရောင် ၉၉+ သင်္ကေတလေးက ဆက်တိုက် လင်းလက်နေလေသည်။

​ထိပ်ဆုံးက မှတ်ချက်များအားလုံးမှာ အော်ဟစ်ဆူညံနေကြ၏။

​[အင်တာနက်အသုံးပြုသူ ၁] - အား... ဘော့စ်ကြီးရေ ကျွန်မကို ရွေးပေးပါ။ ကျွန်မကိုပဲ ရွေးပေးပါ။

​[အင်တာနက်အသုံးပြုသူ ၂] - ဈေးသာခေါ်လိုက်... ငါ့ယောက်ျား ဖွက်ထားတဲ့ ပိုက်ဆံတွေက နေရာသုံးနေရာစာ ဝယ်လို့ရတယ်....

​[အင်တာနက်အသုံးပြုသူ ၃] - နောက်ဆုံးတော့ ဒီနေ့ကို ရောက်လာပြီပဲ။ ဒီနေ့အတွက် ငါ့မြေအောက်ခန်းမှာ စည်သွပ်ဘူးတွေ စုထားတာ ဆယ်နှစ်ရှိပြီကွ...

​နှစ်မိနစ်ခန့် ကြာပြီးနောက်တွင် မှတ်ချက်များ၏ လေသံမှာ ရုတ်တရက် ပြောင်းလဲသွား၏။

​[အင်တာနက်အသုံးပြုသူ ၄] - ဟာ သောက်ကျိုးနည်း... ၀ မိနစ် ၄၇ စက္ကန့်မှာ အဲဒီ ဇွန်ဘီက သူ့ခေါင်းကို လှည့်လိုက်တာ မျက်လုံးတွေတောင် ပြုတ်ကျလာတယ်ဟ...

​[အင်တာနက်အသုံးပြုသူ ၅] - ကယ်ကြပါဦး.... ၁ မိနစ် ၁၅ စက္ကန့်မှာ ပြထားတဲ့ မျိုးဗီဇပြောင်းကောင်ရဲ့ အဆစ်အမြစ် လှုပ်ရှားမှုတွေက တကယ့်အစစ်ကြီးပဲ။

​[အင်တာနက်အသုံးပြုသူ ၆] - ဒါ သေချာပေါက် Effect မဟုတ်ဘူး။ အသားအရေတွေ အလွှာလိုက် ပုပ်ဟက်နေတာက တကယ့်ကို...

​တက္ကသိုလ် အဆောင်တစ်ခုမှ အော်ဟစ်သံများ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။

​“အိုး ဘုရားရေ... ၂ မိနစ် ၃၃ စက္ကန့်မှာ နံရံကို တွယ်တက်နေတဲ့ မွန်းစတားရဲ့ လက်သည်းခွံအောက်မှာ သွေးတွေ ရှိနေတုန်းပဲဟ...”

​ကျန်းယဲ့က ထိတ်လန့်တကြား အော်ဟစ်နေကြသော အင်တာနက်အသုံးပြုသူများကို ကြည့်ရင်း မျက်ခုံးပင့်လိုက်၏။

​ဤဗီဒီယိုကို အကြိမ်ကြိမ် တည်းဖြတ်ထားပြီးဖြစ်သော်လည်း မူရင်းဗီဒီယိုမှာမူ စစ်ဆေးမှုပင် အောင်မြင်နိုင်မည် မဟုတ်ချေ။

​ကျန်းယဲ့ ဗီဒီယိုကို ဖွင့်ကြည့်လိုက်ပြီး တကယ်ပင် ထိတ်လန့်ဖို့ ကောင်းမကောင်း တစ်ခေါက် ပြန်လည် စစ်ဆေးကြည့်ရန် ပြင်လိုက်၏။

​မြင်ကွင်းက စတင်သွားပြီနောက်....

​လေးလံသော ခဲပြားကြီးတစ်ခုကဲ့သို့ မှိုင်းညို့နေသည့် ကောင်းကင်ကြီးက အသက်မဲ့နေသော ဤမြို့ကြီးကို ဖိနှိပ်ထား၏။

​ကင်မရာက ဖြည်းညှင်းစွာ အနီးကပ် ချဉ်းကပ်သွားခဲ့သည်။ မှန်ပြတင်းပေါက်များက ကြွေမွပျက်စီးနေပြီး ကောင်းကင်သို့ ခြိမ်းခြောက်နေသကဲ့သို့ ထိုးထွက်နေသော သံမဏိ အရိုးစုကြီးများသာ ကျန်ရှိတော့သည့် မိုးမျှော်တိုက်များကို ဖြတ်သန်းသွားခဲ့သည်။

အခန်း ၁၃၁ပြီး၏။

All Chapters