အခန်း ၁၃၁
Vol. 14 Ch. 131
အခန်း (၁၃၁) ခရီးသွားစရာ နေရာသစ်များ
[လက်ခံသူ... မဲနှိုက်ခြင်းကို စတင်လိုပါသလား...]
ကျန်းယဲ့သည် လေထဲတွင် ပေါ်လာသော ပုံရိပ်ယောင် ဖန်သားပြင်ပေါ်ရှိ တောက်ပနေသော ကံစမ်းမဲဘီးကို စိုက်ကြည့်လိုက်ရာ သူ၏ အသက်ရှူနှုန်းများမှာ အလိုအလျောက် မြန်ဆန်လာခဲ့ရသည်။
ကံစမ်းမဲဘီးပေါ်တွင် စွမ်းရည်များနှင့် ကမ္ဘာ့ရွေးချယ်စရာများ ပြည့်နှက်နေချေသည်။ စိတ်ဖတ်ခြင်းစွမ်းရည်က သရဲတစ္ဆေကဲ့သို့ အပြာရောင် အလင်းတန်းဖြင့် တောက်ပနေပြီး အန္တရာယ်ကို ကြိုတင်ခန့်မှန်းနိုင်သော ဆဋ္ဌမအာရုံက အနီရောင် အလင်းတန်းဖြင့် လင်းလက်နေခဲ့သည်။
သို့သော် သူ၏အာရုံကို အဖမ်းစားနိုင်ဆုံးမှာ ရွှေရောင်ဘောင်ကွပ်ထားပြီး ဘေးတွင် ကံကောင်းခြင်း တိမ်တိုက်များ ပျံလွင့်နေသော ရွှမ်ဝူတိုက်ကြီးဟူသည့် ရွေးချယ်မှုပင်။
‘ကျင့်ကြံခြင်းလောက...’
ကျန်းယဲ့သည် ဓားအလင်းတန်းများ၊ ကောင်းကင်ပေါ်တွင် လမ်းလျှောက်နေသော ဝတ်ရုံဖြူနှင့် နတ်သမီးများ၊ လေကိုခွင်း၍ ပျံသန်းနေသော ဖြောင့်မတ်တည်ကြည်သည့် ဓားကျင့်ကြံသူများ၊ တောင်တန်းများနှင့် လယ်ကွင်းများတစ်လျှောက် ဖူးပွင့်နေတဲ့ ဝိညာဉ်ဆေးမြစ်များနှင့် နတ်ပန်းများကို မသိစိတ်မှ အလိုအလျောက် မြင်ယောင်လာမိသည်။
ရှားပါးပြီး အဖိုးတန်သော သဘာဝရတနာများကို တွေးမိလိုက်သောအခါ သူ၏ ရင်ထဲတွင် လိုချင်တပ်မက်မှုများ တောက်လောင်လာသကဲ့သို့ ခံစားလိုက်ရ၏။
သူ၏ ဘဝတစ်သက်တာတွင် ပထမဆုံးအကြိမ်အဖြစ် ကျန်းယဲ့က လက်နှစ်ဖက်ကို ရိုသေကိုင်းရှိုင်းစွာ ဆုပ်ကိုင်လျက် ဆုတောင်းလိုက်၏။
“ကောင်းကင်ဘုံရှင်ကြီးရေ.. ဒီထူးခြားဆန်းကြယ်တဲ့ ကမ္ဘာလေးကိုပဲ မဲပေါက်ပေးပါ။ ပေါက်ရင် သုံးလတိတိ သက်သတ်လွတ်စားပါ့မယ်... ”
သာမန် အဆိပ်ဖြေဆေးကိုပဲ ရရှိလိုက်လျှင်တောင် ထိုရောဂါဆိုးမှ အဆိပ်အတောက် အနည်းငယ်မှာ ပြဿနာ မဟုတ်တော့ချေ။ မိမိအသက်ကို ထိန်းသိမ်းခြင်းက အရေးအကြီးဆုံး ဖြစ်သည်။
စနစ်က ထပ်မံ မေးမြန်းလာခဲ့သည်။
[လက်ခံသူ မဲနှိုက်ခြင်းကို စတင်လိုပါသလား...]
“နှိုက်မယ်.... အခုပဲ နှိုက်မယ်”
ကျန်းယဲ့က တုံ့ဆိုင်းနေခြင်းမရှိဘဲ ခလုတ်ကို နှိပ်ချလိုက်၏။
တစ်ပြိုင်နက် ကံစမ်းမဲဘီးက အရှိန်အဟုန်ဖြင့် လည်ပတ်သွားပြီး အရောင်စုံအလင်းတန်းများက ဝဲဂယက်တစ်ခုကဲ့သို့ ရောထွေးသွားခဲ့သည်။
ကျန်းယဲ့က ရွှမ်ဝူတိုက်ကြီးရောက်မည့် နေရာကို စူးစိုက်ကြည့်ရင်း တိတ်တဆိတ် ရွတ်ဆိုနေမိလေသည်။
‘ကျင့်ကြံခြင်း... ကျင့်ကြံခြင်း... ကျင့်ကြံခြင်း...’
“ရပ်...”
ဘီးက ဖြည်းညှင်းစွာ နှေးကွေးသွားပြီး ရွှေရောင်ဘောင်ကွပ်ထားသော ရွေးချယ်မှုများက ညွှန်တံဘေးမှ တစ်ခုပြီးတစ်ခု ဖြတ်သန်းသွားကြသည်။
ကျန်းယဲ့၏ နှလုံးခုန်သံမှာ အလွန်မြန်ဆန်လွန်းနေသဖြင့် ရင်ဘတ်ထဲမှ ခုန်ထွက်လာတော့မည့်အလား ဖြစ်နေလေသည်။
ကလစ်....
နောက်ခဏ၌ ညွှန်တံက သံချေးတက်နေသော ရွေးချယ်မှုတစ်ခုပေါ်တွင် နောက်ဆုံး၌ ရပ်တန့်သွား၏။
[ကမ္ဘာပျက်ပြီးနောက်ပိုင်း စွန့်ပစ်နယ်မြေ - ဇွန်ဘီမြို့]
ကျန်းယဲ့၏ မျက်နှာအမူအရာမှာ ချက်ချင်းပင် အေးခဲသွားရတော့သည်။
“ငါ...”
သူသည် အဆိပ်ငွေ့များ ထုတ်လွှတ်နေသော ဦးခေါင်းခွံပုံ သင်္ကေတကို စိုက်ကြည့်ရင်း မိုးကြိုးပစ်ခံလိုက်ရသကဲ့သို့ ခံစားလိုက်ရ၏။
“ငါ့ ရွှမ်ဝူတိုက်ကြီး ဘယ်ရောက်သွားပြီလဲ.... ငါ့ရဲ့ ဓားစီးပျံသန်းမှုကော ဘယ်မှာလဲ...”
ကံစမ်းမဲဘီးက ဟိုလိုဂရမ်ပုံရိပ်တစ်ခုကို ထပ်မံ ပြသလာခဲ့သည်။
မှိုင်းညို့နေသော ကောင်းကင်အောက်တွင် ပြိုကျပျက်စီးနေသည့် မိုးမျှော်တိုက်များက မျိုးဗီဇပြောင်း အပင်များဖြင့် ဖုံးလွှမ်းနေပြီး အရေပြားများ ပုပ်ဟက်နေသော ဇွန်ဘီများက လမ်းပေါ်တွင် သွားလာနေကာ အဝေးမှနေ၍ အမည်မသိ မွန်းစတားများ၏ ဟိန်းဟောက်သံများပါ ပဲ့တင်ထပ်နေချေသည်။
[ဂုဏ်ယူပါတယ်... လက်ခံသူ... ဇွန်ဘီမြို့သို့ ခုနစ်ရက်ကြာ ခရီးစဉ်ကို ရရှိသွားပါပြီ...]
ဇွန်ဘီမြို့သို့ သွားရမည်မှာ ဆိုးရွားလှပြီ ဖြစ်သော်လည်း ယခုမူ ခုနစ်ရက်ကြာ ခရီးစဉ် ဖြစ်နေချေသည်။
ကျန်းယဲ့ ဆိုဖာပေါ်သို့ လဲကျသွားပြီး စိတ်ပျက်လက်ပျက်ဖြင့် မျက်နှာကြက်ကို ငေးကြည့်နေမိ၏။
“စနစ်ကြီးရေ... အခုမှ မသွားတော့ဘူးလို့ ငြင်းရင် နောက်ကျသွားပြီလားဟင်....”
သူ့ကို တိတ်ဆိတ်မှုကသာ ပြန်လည် တုံ့ပြန်လာခဲ့သည်။
[ဒင်... ခရီးသွားစရာ နေရာသစ်တစ်ခုကို ဖွင့်လှစ်လိုက်ပါပြီ...]
[ဒင်... မစ်ရှင်အသစ် - ခရီးသွားဧည့်သည် ၂၀ ကို Epoch 4088၏ ကမ္ဘာပျက်ပြီးနောက်ပိုင်း စွန့်ပစ်နယ်မြေနှင့် ဇွန်ဘီမြို့သို့ ခုနစ်ရက် (၁၆၈ နာရီ) ကြာ ခရီးစဉ် ပို့ဆောင်ပေးပါ။ ဈေးနှုန်း - တစ်ဦးလျှင် ယွမ် ၁၄,၀၀၀။ ဘွတ်ကင်တင်နည်း - အွန်လိုင်းမှ (ရီယဲ့ ခရီးသွားအေဂျင်စီ တိုရင်အကောင့်)။ ဘွတ်ကင်တင်နိုင်မည့်ကာလ - ၄၈ နာရီ။ ၄၈ နာရီအကြာတွင် ဘွတ်ကင် စတင်ဖွင့်လှစ်မည်]
[မစ်ရှင် ဆုလာဘ် - သက်တမ်း ၁၀၅ ရက်၊ ယွမ် ၁သန်း ၄သိန်း... ]
ကျန်းယဲ့သည် ကွန်ပျူတာရှေ့တွင် ထိုင်ကာ ဗီဒီယိုများကို အသေအချာ တည်းဖြတ်နေ၏။ စွန့်ပစ်နယ်မြေ ဗီဒီယိုကို သိမ်းဆည်းပြီးသည်နှင့် ရီယဲ့ခရီးသွားအေဂျင်စီ၏ တိုရင်အကောင့် နောက်ကွယ်ဒေတာများကို ပေါ့ပေါ့ပါးပါး ဖွင့်ကြည့်လိုက်၏။
နောက်တစ်စက္ကန့်တွင် သူ အမြင်များ မှားနေသလားဟုပင် ထင်လိုက်မိ၏။
အကောင့်ကို Follow လုပ်ထားသူ အရေအတွက်မှာ နှစ်သန်းကျော်တောင် တိုးလာခဲ့လေသည်။
‘နှစ်သန်းကျော်...’
‘ငါမသိလိုက်တဲ့ ညတွင်းချင်းမှာ ဘာတွေများ ဖြစ်ကုန်တာလဲ....’
ကျန်းယဲ့သည် စာမျက်နှာကို ထပ်ခါတလဲလဲ Refresh လုပ်ကြည့်ရာ Follower အရေအတွက်မှာ မျက်စိရှေ့တွင်ပင် ဆက်တိုက် တိုးပွားနေဆဲပင်။
“ငါအိပ်နေတုန်း ဘယ်သူကများ ငါ့အကောင့်အတွက် ကြော်ငြာခတွေ ရှင်းပေးလိုက်တာလဲ....”
သူသည် မှတ်ချက်ကဏ္ဍကို အမြန်ဖွင့်ကြည့်လိုက်ရာ မက်ဆေ့ချ်များ အုံနှင့်ကျင်းနှင့် ဝင်လာတော့သည်။
[ကောရှန်နဲ့ Dတို့ အချိန်ခရီးသွားတာ အစစ်ဆို.... တကယ်လား အက်မင်ရေ... သိချင်လွန်းလို့ပါ... တစ်ခုခု ပြန်ဖြေပေးပါဦး။]
[လီကျစ် ပျောက်သွားတဲ့ ဗီဒီယိုက တကယ်ကြီးလား... ပြန်ဖြေပေးပါဦး။]
[ကျွန်တော်တို့ကို ချင်မင်းဆက်ခရီးစဉ်အတွက် နေရာလေးပေးပါဦးဗျာ။ ပိုက်ဆံကိစ္စ မပူနဲ့... ]
[အား... ကျွန်တော် ထန်မင်းဆက်ကို သွားချင်တယ်။ အန်းရှီးတပ်မတော်ကို မြင်ချင်တယ်။ သမိုင်းထဲမှာ ပျောက်ကွယ်သွားတဲ့ ခူချာရှေးဟောင်းမြို့တော်ကို မြင်ချင်တယ်။ ဆရာရေ ခရီးစဉ်တွေကို မြန်မြန်ဖွင့်ပေးပါတော့။ ဒူးထောက်ပြီး တောင်းပန်ခိုင်းမနေပါနဲ့....]
မှတ်ချက်များထဲမှ အချက်အလက်များကို ဆက်စပ်ကြည့်ပြီး ဖြစ်ပျက်ခဲ့သမျှကို သူ အကြမ်းဖျင်း နားလည်သွားရသည်။
ပြဿနာအားလုံး၏ မြစ်ဖျားခံရာမှာ ချန်မော့ကြောင့်ပင်။
ချန်မော့သည် မခံချင်စိတ်ဖြင့် နေရာတစ်ခုကို လုဝယ်ခဲ့ရာမှ မထင်မှတ်ဘဲ ထန်မင်းဆက်သို့ သွားခွင့်ရခဲ့ပြီး အန်းရှီးတပ်မတော်နှင့် တွေ့ခဲ့ရသည်။ ထို့နောက် အချိန်ခရီးသွားခြင်းမှာ တကယ်ရှိကြောင်း သူ၏ သူငယ်ချင်းများကို ချက်ဂရုထဲတွင် ပြောပြခဲ့သော်လည်း သူ၏ ရန်ဘက်ဖြစ်သော ချင်လုံက မယုံကြည်ဘဲ ဂိမ်းဂရုများစုံထဲ၌ လိုက်လံလှောင်ပြောင်ခဲ့သည်။
အမှန်ဆိုလျှင် ထိုမျှနှင့်ပင် ပြီးဆုံးသွားရမည် ဖြစ်သော်လည်း ဘယ်သူက ထင်ထားမည်နည်း။
ကောရှန်ကပါ ချန်မိုပြောသည်မှာ အမှန်ဖြစ်ကြောင်း ဝင်ရောက်အာမခံပေးလိုက်သောအခါ အီးစပေါ့လောကမှ လူများအကုန် သိရှိသွားခဲ့ကြသည်။
အီးစပေါ့ အသိုင်းအဝိုင်းမှ လူများက သိချင်စိတ်ဖြင့် ခရီးစဉ်များကို လုဝယ်ကြရာမှတစ်ဆင့် ဂိမ်းကစားသော ပရိသတ်များဆီအထိပါ ပျံ့နှံ့သွား၏။ လီကျစ်ဆိုသည်မှာ ထိုနေရာတစ်ခုရရန် လုဝယ်ခဲ့သည့် ပရိသတ်တစ်ယောက်ဖြစ်ပြီး အင်တာနက်ကဖေးတွင်ပင် ပျောက်ကွယ်သွားခဲ့ခြင်း ဖြစ်၏။
အင်တာနက်ကဖေးမှ လီကျစ်၏ ပျောက်ကွယ်သွားသည့် ဗီဒီယိုက အခြေအနေတစ်ခုလုံးကို အထွတ်အထိပ်သို့ ရောက်သွားစေခဲ့ခြင်းပင်။
“ဘုရားရေ... ဒါတွေအကုန်လုံးက အချိတ်အဆက်မိနေတာပဲ...”
ကျန်းယဲ့က ဆက်တိုက် တိုးလာနေသော Follower အရေအတွက်ကို ကြည့်ရင်း ရယ်ရမလား ငိုရမလား ဖြစ်သွားရသည်။
“ဒီလိုဆိုတော့လည်း ချန်မော့နဲ့ ချင်လုံတို့ရဲ့ ရန်ပွဲက ငါ့အတွက် အလကား ကြော်ငြာပေးလိုက်သလို ဖြစ်သွားတာပေါ့လေ...”
သူက ရေပန်းစားနေသော အကြောင်းအရာများ စာရင်းကို နှိပ်ကြည့်လိုက်၏။
#အချိန်ခရီးသွားခြင်း_အတည်ပြုပြီး
#လီကျစ်_ပျောက်ကွယ်သွားခြင်း
#ရီယဲ့_ခရီးသွားအေဂျင်စီ
ထိုအရာများ အပါအဝင် အခြား ဆက်စပ်နေသော အကြောင်းအရာများက ထိပ်ဆုံးတွင် နေရာယူထားခဲ့ကြသည်။
ကျန်းယဲ့ မေးစေ့ကို ပွတ်သပ်ရင်း သူ ယခုလေးတင် တည်းဖြတ်ပြီးခါစ ကမ္ဘာပျက်ပြီးနောက်ပိုင်း စွန့်ပစ်နယ်မြေဗီဒီယိုကို ကြည့်လိုက်ရာ သူ၏ နှုတ်ခမ်းထောင့်စွန်းတွင် အပြုံးတစ်ခု ပေါ်လာချေသည်။
“လူတွေ ဒီလောက်တောင် စိတ်ဝင်စားနေကြမှတော့လည်း ဒီအခွင့်အရေးကို ဘာလို့ လက်လွှတ်ခံနေတော့မလဲ...”
ချန်မော့က သူ့ထံ တောင်းပန်စာ ပို့ထားခဲ့ဖူးသော်လည်း ယခုအခါတွင် ထိုအရာက လုံးဝ မလိုအပ်တော့ကြောင်း သိလိုက်ရသည်။
သူသာ မရှိခဲ့လျှင် ကျော်ကြားမှု အဆင့်မြှင့်တင်ရေး ယန္တရားမှာ ဤမျှ မြန်မြန်ဆန်ဆန် ပွင့်လာမည် မဟုတ်ချေ။
ကျန်းယဲ့သည် ဗီဒီယိုကို ထုတ်ဝေရန် ခလုတ် နှိပ်လိုက်သည်နှင့် တပြိုင်နက် သူ၏ ဖုန်းမှာ အတက်ရောဂါရနေသကဲ့သို့ တုန်ခါမှုများဖြင့် အလုပ်ရှုပ်သွားရတော့သည်။
ဒင်ဒေါင်... ဒင်-ဒေါင်... ဒင်-ဒေါင်....
အသိပေးချက်ဘားမှာ မှတ်ချက်များဖြင့် အုံနှင့်ကျင်းနှင့် ဝင်လာပြီး အနီရောင် ၉၉+ သင်္ကေတလေးက ဆက်တိုက် လင်းလက်နေလေသည်။
ထိပ်ဆုံးက မှတ်ချက်များအားလုံးမှာ အော်ဟစ်ဆူညံနေကြ၏။
[အင်တာနက်အသုံးပြုသူ ၁] - အား... ဘော့စ်ကြီးရေ ကျွန်မကို ရွေးပေးပါ။ ကျွန်မကိုပဲ ရွေးပေးပါ။
[အင်တာနက်အသုံးပြုသူ ၂] - ဈေးသာခေါ်လိုက်... ငါ့ယောက်ျား ဖွက်ထားတဲ့ ပိုက်ဆံတွေက နေရာသုံးနေရာစာ ဝယ်လို့ရတယ်....
[အင်တာနက်အသုံးပြုသူ ၃] - နောက်ဆုံးတော့ ဒီနေ့ကို ရောက်လာပြီပဲ။ ဒီနေ့အတွက် ငါ့မြေအောက်ခန်းမှာ စည်သွပ်ဘူးတွေ စုထားတာ ဆယ်နှစ်ရှိပြီကွ...
နှစ်မိနစ်ခန့် ကြာပြီးနောက်တွင် မှတ်ချက်များ၏ လေသံမှာ ရုတ်တရက် ပြောင်းလဲသွား၏။
[အင်တာနက်အသုံးပြုသူ ၄] - ဟာ သောက်ကျိုးနည်း... ၀ မိနစ် ၄၇ စက္ကန့်မှာ အဲဒီ ဇွန်ဘီက သူ့ခေါင်းကို လှည့်လိုက်တာ မျက်လုံးတွေတောင် ပြုတ်ကျလာတယ်ဟ...
[အင်တာနက်အသုံးပြုသူ ၅] - ကယ်ကြပါဦး.... ၁ မိနစ် ၁၅ စက္ကန့်မှာ ပြထားတဲ့ မျိုးဗီဇပြောင်းကောင်ရဲ့ အဆစ်အမြစ် လှုပ်ရှားမှုတွေက တကယ့်အစစ်ကြီးပဲ။
[အင်တာနက်အသုံးပြုသူ ၆] - ဒါ သေချာပေါက် Effect မဟုတ်ဘူး။ အသားအရေတွေ အလွှာလိုက် ပုပ်ဟက်နေတာက တကယ့်ကို...
တက္ကသိုလ် အဆောင်တစ်ခုမှ အော်ဟစ်သံများ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။
“အိုး ဘုရားရေ... ၂ မိနစ် ၃၃ စက္ကန့်မှာ နံရံကို တွယ်တက်နေတဲ့ မွန်းစတားရဲ့ လက်သည်းခွံအောက်မှာ သွေးတွေ ရှိနေတုန်းပဲဟ...”
ကျန်းယဲ့က ထိတ်လန့်တကြား အော်ဟစ်နေကြသော အင်တာနက်အသုံးပြုသူများကို ကြည့်ရင်း မျက်ခုံးပင့်လိုက်၏။
ဤဗီဒီယိုကို အကြိမ်ကြိမ် တည်းဖြတ်ထားပြီးဖြစ်သော်လည်း မူရင်းဗီဒီယိုမှာမူ စစ်ဆေးမှုပင် အောင်မြင်နိုင်မည် မဟုတ်ချေ။
ကျန်းယဲ့ ဗီဒီယိုကို ဖွင့်ကြည့်လိုက်ပြီး တကယ်ပင် ထိတ်လန့်ဖို့ ကောင်းမကောင်း တစ်ခေါက် ပြန်လည် စစ်ဆေးကြည့်ရန် ပြင်လိုက်၏။
မြင်ကွင်းက စတင်သွားပြီနောက်....
လေးလံသော ခဲပြားကြီးတစ်ခုကဲ့သို့ မှိုင်းညို့နေသည့် ကောင်းကင်ကြီးက အသက်မဲ့နေသော ဤမြို့ကြီးကို ဖိနှိပ်ထား၏။
ကင်မရာက ဖြည်းညှင်းစွာ အနီးကပ် ချဉ်းကပ်သွားခဲ့သည်။ မှန်ပြတင်းပေါက်များက ကြွေမွပျက်စီးနေပြီး ကောင်းကင်သို့ ခြိမ်းခြောက်နေသကဲ့သို့ ထိုးထွက်နေသော သံမဏိ အရိုးစုကြီးများသာ ကျန်ရှိတော့သည့် မိုးမျှော်တိုက်များကို ဖြတ်သန်းသွားခဲ့သည်။
အခန်း ၁၃၁ပြီး၏။