အခန်း ၁၃၂
Vol. 14 Ch. 132
အခန်း (၁၃၂) ထိတ်လန့်ဖွယ်ရာ ကြော်ငြာဗီဒီယို
ကတ္တရာလမ်းမကြီးမှာ အက်ကွဲကာ ချိုင့်ဝင်နေပြီး သွေးကြောများကဲ့သို့ တွန့်လိမ်နေသည့် အနီရောင်နက်နက် နွယ်ပင်များက အက်ကွဲကြောင်းများကြားမှ ထိုးထွက်နေ၏။
လမ်းလယ်ခေါင်တွင် သံချေးတက်နေသော ဘတ်စ်ကားတစ်စီး ကန့်လန့်ဖြတ် ရပ်တန့်နေပြီး တံခါးများ ပွင့်ဟနေကာ အတွင်းတွင် တွဲလောင်းကျနေသည့် ခြောက်သွေ့နေသော အလောင်းအချို့ကို မြင်တွေ့ရချေသည်။ သူတို့၏ ခါးပတ်များက နံရိုးများအထိ တင်းကျပ်စွာ စည်းနှောင်ထားဆဲပင်။
ကင်မရာက ရုတ်တရက် အနီးကပ် ချဲ့လိုက်ရာ ပုပ်ဟက်နေသော မျက်နှာတစ်ခုက မြင်ကွင်းထဲသို့ ရုတ်တရက် ဝင်လာခဲ့သည်။
သူ၏ မျက်နှာတစ်ဝက်မှာ ပျောက်ဆုံးနေပြီး ဖြူဖျော့ဖျော့ ပါးရိုးများ ပေါ်လွင်နေလေသည်။ မျက်လုံးများက တွဲလောင်းကျနေကာ မီးခိုးရောင် သူငယ်အိမ်များက ထူးဆန်းစွာ လှုပ်ရှားနေပြီး ကင်မရာကို စူးစူးစိုက်စိုက် ကြည့်နေခဲ့သည်။
သူ၏ ပါးစပ်မှာ နားရွက်အထိ စုတ်ပြဲနေပြီး မည်းညစ်နေသော သွားများကြားတွင် တစ်စုံတစ်ခု... လက်ချောင်းတစ်ချောင်း ညပ်နေသလားပင်။
ကင်မရာ ရှုထောင့်က ထပ်မံ ပြောင်းသွားခဲ့ပြန်သည်။
မှောင်မိုက်နေသော လမ်းကြားတစ်ခုထဲ.......
အသက်ရှင်ကျန်ရစ်သူ သုံးဦးက အသက်လုပြေးနေကြလေသည်။
“ပြေး... ပြေး.... သူတို့ လာနေပြီ”
ရှေ့ဆုံးမှ ပြေးနေသော အမျိုးသားက ရုတ်တရက် ရပ်လိုက်ပြီး လှည့်ကာ သူ၏လက်ကို မြှောက်လိုက်၏။
“ဝုန်း....”
သူ၏ လက်ဝါးထဲမှ ပူလောင်ပြင်းပြသော မီးတောက်များ ပေါက်ကွဲထွက်လာပြီး လိုက်လာသော ဇွန်ဘီသုံးကောင်ကို မျက်စိတစ်မှိတ်အတွင်းမှာပင် မီးလောင်ကျွမ်းနေသော အကြွင်းအကျန်များအဖြစ် ပြောင်းလဲပစ်လိုက်လေသည်။
သို့သော် ပိုမိုများပြားသော အရိပ်မည်းများက အရပ်မျက်နှာ အသီးသီးမှ ပြုံတိုးလာကြပြီး မြေကြီးမှာ တုန်ခါစပြုလာခဲ့သည်။
ကင်မရာက အခြားမြင်ကွင်းတစ်ခုသို့ ရွေ့လျားသွားပြန်သည်။
သုံးမီတာရှည်လျားသော ခွေးကဲ့သို့ သတ္တဝါတစ်ကောင်က အရိပ်ထဲမှ ရုတ်တရက် ခုန်ထွက်လာ၏။ ၎င်း၏ အရေပြားမှာ ပုပ်ဟက်ကာ ပြည်များ စိမ့်ထွက်နေပြီး ကျောရိုးက ကျောပြင်ကို ဖောက်ထွက်ကာ လွှသွားပုံစံ အရိုးစူးများအဖြစ် ပြောင်းလဲနေခဲ့သည်။
၎င်းက ကင်မရာဆီသို့ ခုန်အုပ်လိုက်သည့် အခိုက်အတန့်တွင် ဝက်အူရစ်ပုံစံ ချွန်ထက်သော သွားများ ပြည့်နှက်နေသည့် ဝမ်းဗိုက်မှ ကွဲထွက်လာသော ၎င်း၏ ဒုတိယပါးစပ်ကို ရှင်းလင်းစွာ မြင်တွေ့နိုင်လေသည်။
မြင်ကွင်းက တစ်ဖန် ပြောင်းလဲသွားပြန်လေသည်။
တစ်ချိန်က သာမန် လမ်းဘေးသစ်ပင်များက ယခုအခါ ပင်စည်များပေါ်တွင် ပြည်တည်နာများကဲ့သို့ အဖုအပိမ့်များဖြင့် ဖုံးလွှမ်းနေပြီး အသက်ရှူတိုင်း ဖောင်းကားလိုက် ရှုံ့ဝင်လိုက် ဖြစ်နေချေသည်။
ဇွန်ဘီတစ်ကောင်က သစ်ကိုင်းတစ်ခုကို မတော်တဆ ဝင်တိုက်မိသောအခါ ချွန်ထက်သော ဆူးများ ဒါဇင်ပေါင်းများစွာက ‘ဝှစ်’ဟူသော အသံနှင့်အတူ ရုတ်တရက် ထွက်ပေါ်လာပြီး ထိုဇွန်ဘီကို နံရံနှင့် ချက်ချင်း သံမှိုရိုက်ထားသကဲ့သို့ ကပ်သွားစေလိုက်သည်။
စူပါမားကတ်စင်များပေါ်တွင် တောက်ပနေသော ဘက်တီးရီးယားများ ဖုံးလွှမ်းနေပြီး သက်တမ်းလွန် စည်သွပ်ဘူးများထဲမှ ရေဘဝဲလက်တံများကဲ့သို့သော သက်ရှိများ ထွက်ပေါ်လာနေခဲ့သည်။
ဆေးရုံစင်္ကြံရှိ ပုလင်းချိတ်ထားသော ဆေးရည်ပုလင်းထဲတွင် အမည်မသိ ကိုယ်တွင်းအင်္ဂါများ မျောပါနေသည်ကို တွေ့ရပြန်သည်။
သူငယ်တန်းကျောင်း၏ ကျောက်သင်ပုန်းပေါ်တွင် “ကယ်ပါ” ဟူသော စကားလုံးကို သွေးဖြင့် ကောက်ကောက်ကွေ့ကွေ့ ရေးဆွဲထား၏။
ကင်မရာက မြို့တော်ခန်းမ ရင်ပြင်သို့ ရွေ့လျားသွားသောအခါ ဇွန်ဘီ ထောင်ပေါင်းများစွာက ရုတ်တရက် တစ်ပြိုင်နက်တည်း ခေါင်းလှည့်လာခဲ့ကြသည်။
သူတို့၏ ပုပ်ဟက်နေသော အသံကြိုးများမှ စူးရှသော ဟိန်းဟောက်သံများ ထွက်ပေါ်လာပြီး နောက်တစ်စက္ကန့်တွင် ဒီရေလှိုင်းတစ်ခုကဲ့သို့ ရိုက်ခတ်လာလေသည်။
နောက်ခဏ၌ မြေကြီးမှာ စတင်တုန်ခါလာပြီး အဝေးမှနေ၍ ဧရာမ သတ္တဝါကြီးတစ်ခု ရွေ့လျားလာသည့် ဟိန်းဟောက်သံများ ထွက်ပေါ်လာခဲ့သည်။
ထို့နောက် ဗီဒီယိုမှာ ရုတ်တရက် အဆုံးသတ်သွားပြီး အမည်းရောင် မျက်နှာပြင်ပေါ်တွင် သွေးနီရောင် စကားလုံးများ ပေါ်လာ၏။
[၇ ရက်ကြာ ကမ္ဘာပျက်ခရီးစဉ်... သင် လာရဲပါသလား]
ကျန်းယဲ့သည် ဗီဒီယိုကို အစမှအဆုံး ကြည့်ရှုပြီးနောက် ပြဿနာတစ်စုံတစ်ရာ မရှိကြောင်းနဲ့ လုံးဝ ကြောက်စရာမကောင်းကြောင်း ခံစားလိုက်ရ၏။
ထို့အပြင် သူက စနစ်မှ ပေးအပ်ထားသော အံ့သြဖွယ်ကောင်းသည့် မြင်ကွင်းအများအပြားကို ဖြတ်ထုတ်ထားသည်။ အကယ်၍သာ ထိုမြင်ကွင်းများကို မဖြတ်ထုတ်ခဲ့ပါက မည်သူမျှ ထမင်းစားနိုင်မည် မဟုတ်ချေ။
အင်တာနက် အသုံးပြုသူ ကျွမ်းကျင်သူတစ်ဦးအနေဖြင့် ကျန်းထောင်က ကျန်းယဲ့ ဗီဒီယိုတင်လိုက်သည်နှင့် တစ်ပြိုင်နက် ချင်မင်းဆက်ခရီးသွားအဖွဲ့ထဲမှ အဖွဲ့ဝင်များကို ချက်ချင်း အသိပေးလိုက်၏။
[ကျန်းထောင်] - ညီအစ်ကိုတို့... ကြည့်ကြဦး။ ဒါရိုက်တာကျန်းဆီက ခရီးစဉ်အသစ် ထွက်လာပြီ... ကမ္ဘာပျက်ပြီးနောက်ပိုင်း စွန့်ပစ်နယ်မြေ - ဇွန်ဘီမြို့တဲ့...
ကျန်းထောင်က ဗီဒီယိုကို ဂရုထဲသို့ တိုက်ရိုက် ရှယ်လိုက်လေသည်။
ဂရုထဲမှ လူများ တစ်ယောက်ပြီးတစ်ယောက် ထွက်ပေါ်လာကြပြီး ဗီဒီယို အကြောင်းအရာနှင့် စာသားများကို မကြည့်ရသေးမီကပင် စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ်နေကြလေသည်။
[ချောင်ဝမ်ပေါ်] - အား... နောက်ဆုံးတော့ လိုင်းအသစ် ရပြီကွ...
[ကန်ချန်] - ဟင်.... ဒါက ခရီးစဉ်အသစ်လား... မင်မင်းဆက်ကို သွားရမှာ မဟုတ်ဘူးလား....
[ကျန်းထောင်] - မဟုတ်ဘူး။ ဒီခရီးစဉ်အသစ်က တော်တော်ထူးခြားတယ်...
ကျန်းထောင်က ထိုသို့ပြောလိုက်သည်ကို ကြားသောအခါ ဂရုထဲရှိ လူများက ခရီးစဉ်အသစ်အကြောင်း ပိုမို သိချင်လာကြပြီး စကားပြောခြင်းကို ရပ်တန့်ကာ ဗီဒီယိုကို အမြန် နှိပ်ကြည့်လိုက်ကြ၏။
မိနစ်အနည်းငယ် ကြာပြီးနောက်...
[လီကျန့်ကော်] - ဘုရားရေ။ ဆောက်လုပ်ရေးလုပ်ငန်းခွင်က သံချောင်းတွေထက်တောင် ပိုကြောက်ဖို့ကောင်းသေးတယ်...
[ကျန်းမင်ဟွေ့] - ဗီဒီယိုရဲ့ ၁ မိနစ် ၁၅ စက္ကန့်မှာ ဇွန်ဘီအုပ်စုရဲ့ လှုပ်ရှားမှု နည်းဗျူဟာကို သတိထားကြည့်။ ဒီဇွန်ဘီတွေက တစ်ယောက်ယောက်က ထိန်းချုပ်ထားသလိုပဲ စနစ်တကျ လှုပ်ရှားနေတယ်...
[ဝူရှောင်ရှီ] - @ကျန်းမင်ဟွေ့၊ အစ်ကိုကျန်းက တော်လိုက်တာ.... ဒီလောက်တောင် ခွဲခြမ်းစိတ်ဖြာနိုင်တယ်။ ကျွန်တော်ကတော့ ကြည့်ပြီးတာနဲ့ တစ်ခုပဲ ခံစားရတယ်.... အဲဒါက တကယ့်ကို ထိတ်လန့်ဖို့ကောင်းတာပဲ....
[ရှီရှောင်ယွီ] - (ခေါင်းတဆတ်ဆတ်ညိတ်နေသော ပုံ) အရမ်းကြောက်ဖို့ကောင်းတယ်.... ကျွန်မတော့ သွားဖို့ နည်းနည်း ကြောက်နေပြီ။
[လျိုကျန့်တုံး] - ဒီခရီးသွားစရာ နေရာသစ်က အန္တရာယ် အရမ်းများပြီး ရှေးဟောင်းနေရာတွေနဲ့ လုံးဝ နှိုင်းယှဉ်လို့ မရဘူး.....
[ဝမ်ဟ်ိုင်ဖုန်း] - မှန်တယ်... ရှေးခေတ်တုန်းကဆို အအေးလက်နက်တွေနဲ့မို့ အန္တရာယ်တွေကို ထိန်းချုပ်လို့ရသေးတယ်..... ဒါပေမဲ့ ဒီကမ္ဘာကတော့ အန္တရာယ် အရမ်းများလွန်းတယ်။ ကိုယ့်မှာ လုံလောက်တဲ့ ကျွမ်းကျင်မှုမရှိရင် ပေါ့ပေါ့ဆဆ မသွားတာ အကောင်းဆုံးပဲ....
[ကျန်းယီကျွင်း] - ကျွမ်းကျင်မှုရှိရင်တောင် အန္တရာယ်ကင်းကင်းနဲ့ လွတ်မြောက်နိုင်ချင်မှ လွတ်မြောက်မှာ.....
[ကန်ချန်] - ဗီဒီယိုထဲမှာ ထူးခြားဆန်းကြယ်တဲ့ သတ္တဝါတွေကို ခုလေးတင် မြင်လိုက်တယ်။ စူပါပါဝါသုံးနေတဲ့ လူတွေတောင် ပါသေးတယ်....
[ကျန်းတောက်] - ဟုတ်တယ်... ဟုတ်တယ်။ ကျွန်တော်လည်း မြင်လိုက်တယ်။ ဝိုး.... ကိုယ့်မျက်စိနဲ့ကိုယ် တကယ် မြင်ချင်လိုက်တာ။ အန္တရာယ်များပေမဲ့ အခွင့်အရေးနဲ့ အန္တရာယ်က ဒွန်တွဲနေတာပဲလေ....
[ကျောက်ဟုန်] - စွန့်စားရလေလေ အခွင့်အရေးများလေလေပဲ.....
[ကျိုးရှင်းဖူ] - ကျွန်တော်တို့ ရှောင်ကျန်းကို မေးရမယ်..... အဲဒီကိုသွားဖို့ အကာအကွယ်ပေးမယ့် အစီအမံတွေ ရှိလားလို့လေ....
စကားတစ်ခွန်းတည်းဖြင့် အိပ်မက်ထဲမှ နိုးထသွားစေလေသည်။
[ကျန်းခိုင်] - ဟုတ်တယ်။ ဒါရိုက်တာကျန်းကို ချက်ချင်း မေးရမယ်။
လူတစ်စုသည် တညီတညွတ်တည်း ကျန်းယဲ့အား တက်ဂ် တွဲလိုက်ကြ၏။
ထိုအချိန်တွင် ကိုဂျီဘယ်ရီ လက်ဖက်ရည်ဖျော်ပြီးခါစဖြစ်သော ကျန်းယဲ့က လက်ဖက်ရည်ခွက်ကို ကော်ဖီစားပွဲပေါ်သို့ ချလိုက်ရာ မက်ဆေ့ချ် အသိပေးချက်များ ဆက်တိုက် ဝင်လာသဖြင့် ဖုန်းမှာ အရူးအမူး တုန်ခါနေလေသည်။
ကျန်းယဲ့က ဖန်သားပြင်ပေါ်တွင် ဆက်တိုက် ထွက်ပေါ်နေသော ချင်မင်းဆက် ခရီးသွားအဖွဲ့၏ မက်ဆေ့ချ်များကို လှမ်းကြည့်လိုက်သော်လည်း ရှေးဦးစွာ လက်ကိုမြှောက်ကာ အသံပိတ်ခလုတ်ကို နှိပ်လိုက်၏။
“အစ်ကိုစနစ်” လေဟာပြင်ကို စိုက်ကြည့်ရင်း သူက လေးနက်သော လေသံဖြင့် ပြောလိုက်၏။ “ကမ္ဘာပျက်ပြီးနောက်ပိုင်း စွန့်ပစ်နယ်မြေဆိုတာ နောက်စရာ မဟုတ်ဘူးနော်။ ကျွန်တော်တို့ ဒီအတိုင်းကြီးသွားပြီး ကိုယ့်သေတွင်း ကိုယ်တူးလို့ မရဘူး မဟုတ်လား...”
[ဒင်.... လက်ခံသူ စိတ်ချပါ။ ခရီးသွားဘတ်စ်ကားတွင် အကြွင်းမဲ့ လုံခြုံရေးဇုန်မော်ဂျူးကို ထည့်သွင်းထားပြီး ဖြစ်ပါသည်။]
စနစ်၏ အေးစက်စက်နှင့် စက်ရုပ်ဆန်သော အသံက ကြော်ငြာတစ်ခုကို ရွတ်ဆိုနေသကဲ့သို့ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။
၁။ ဇွန်ဘီကင်းစင်ဇုန် - ၁၀ မီတာ ပတ်လည်အတွင်း အမှုန်အကာအရံကို အလိုအလျောက် ဖွင့်ပေးမည် (ဇွန်ဘီများ ချဉ်းကပ်၍မရပါ)။
၂။ အထူးစွမ်းရည်ရှိသူများအတွက် ကန့်သတ်ချက်များ - ဧရိယာအတွင်း ဝင်ရောက်လာသည်နှင့် စွမ်းရည်အသုံးပြုခွင့်ကို အလိုအလျောက် စွန့်လွှတ်ရမည် (အထူးစွမ်းရည်များကို ယာယီ အသုံးပြုနိုင်မည် မဟုတ်ပါ)။
၃။ ဧည့်လမ်းညွှန် အခွင့်ထူးများ - ခရီးသွားဧည့်သည်/ဒေသခံတွေကို ချက်ချင်းသတ်ဖြတ်နိုင်သည့် မုဒ်အပါအဝင် မည်သူ့ကိုမဆို တစ်ချက်နှိပ်ရုံဖြင့် လှုပ်ရှားမှုခွင့်ပြုချက်များကို ခဲထားနိုင်သည်။
ကျန်းယဲ့ မျက်ခုံးပင့်လိုက်၏။ “ဒါဆို ကားပေါ်မှာ ရှိနေသရွေ့ ငါက အကြီးအကဲပေါ့... ဟုတ်လား”
[မှန်ကန်ပါသည်။ သို့သော် ဘတ်စ်ကားပေါ်မှ ဆင်းပြီးနောက် အသက်နှင့်သေခြင်းကို ကြိုတင်သတ်မှတ်ထားပြီး ကြွယ်ဝမှုနှင့် အဆင့်အတန်းမှာ ကံကြမ္မာအပေါ် မူတည်ပါသည်]
“နားလည်ပြီ” ကျန်းယဲ့က အလွန်ကျေနပ်သွားရသည်။ “ဒီတစ်ခါတော့ ကားနဲ့ပဲ ခရီးစဉ်တစ်ခုလုံး သွားရမှာပေါ့...”
သူက ဖုန်းကို ကောက်ကိုင်လိုက်ရာ ချင်မင်းဆက် ခရီးသွားအဖွဲ့မှ အဖွဲ့ဝင်များသာမက ထန်မင်းဆက် အန်းရှီးတပ်မတော် နှင့် မင်မင်းဆက် ဂရုများမှ အဖွဲ့ဝင်များကပါ သူ့ကို အရူးအမူး တက်ဂ်တွဲနေကြသည်ကို တွေ့လိုက်ရ၏။
မက်ဆေ့ချ်များအားလုံး၏ ရည်ရွယ်ချက်မှာ အတူတူပင်။ ၎င်းမှာ ခရီးသွားစရာ နေရာသစ်သို့ ဝင်ရောက်ရာတွင် လုံခြုံရေး ပြဿနာများအကြောင်း မေးမြန်းရန် ဖြစ်၏။
ကျန်းယဲ့က အခြေအနေကို တစ်ချက်ချင်းစီ တိုက်ရိုက် ရှင်းပြလိုက်ပြီးနောက် ဂရုသုံးခုလုံးသို့ Copy & Paste လုပ်ကာ ပို့လိုက်၏။
အဖွဲ့ဝင်အားလုံးအတွက် အောက်ပါ လုံခြုံရေး အစီအမံများ ရှိပါသည်။
၁။ ခရီးသွားဘတ်စ်ကားသည် ဇွန်ဘီများ ချဉ်းကပ်၍မရသော အနိုင်ယူ၍မရသည့် လုံခြုံရေးအိမ်ဖြစ်သည်။
၂။ ခရီးသွားဘတ်စ်ကားအတွင်းတွင် ဧည့်လမ်းညွှန်က အသက်ရှင်ခြင်းနှင့် သေဆုံးခြင်း အာဏာကို ကိုင်စွဲထားသည်။ သဘာဝလွန်စွမ်းရည် ရှိသူများပင်လျှင် သူ့ကို ဖေဖေဟု ခေါ်ရမည်.......
၃။ သို့သော် သင် ကားပေါ်မှ ဆင်းပြီးနောက် သင့်လုံခြုံရေးအတွက် ကျွန်ုပ်တို့ တာဝန်မယူပါ။
လုံလောက်သော လုံခြုံရေး အစီအမံများ ရှိနေကြောင်း မြင်တွေ့ရပြီးနောက် အဖွဲ့သုံးဖွဲ့မှ အဖွဲ့ဝင်များက နောက်ဆုံးတွင် စိတ်သက်သာရာရသွားကြပြီး သူတို့၏ အသက်အန္တရာယ်ကို စိုးရိမ်စရာမလိုဘဲ စိတ်အေးချမ်းသာစွာဖြင့် ဈေးဝယ်ထွက်နိုင်ပြီ ဖြစ်၏။
ကျန်းယဲ့က အခြားသူများ နေရာများကို လုယူပြီးနောက် ဇွန်ဘီမြို့ရှိ သွေးထွက်သံယိုနှင့် အကြမ်းဖက် မြင်ကွင်းများကို မြင်တွေ့ရသောအခါ စိတ်ပိုင်းဆိုင်ရာ မသက်မသာ ဖြစ်မှုမျိုးစုံကို မခံစားရစေရန်အတွက် နေရာ၏ အန္တရာယ်ရှိမှု အဆင့်နှင့် အခြားကိစ္စရပ်များကို အသိပေးရန် ဗီဒီယိုတစ်ခု ရိုက်ကူးခဲ့လေသည်။
ဗီဒီယိုအစတွင် ကျန်းယဲ့က ပရိုဂျက်တာ ဖန်သားပြင်ရှေ့တွင် ရပ်နေပြီး သူ၏အနောက်တွင် ဇွန်ဘီမြို့မှ သွေးထွက်သံယို မြင်ကွင်းများ ဆက်တိုက် ပြသနေခဲ့သည်။
“ချစ်ခင်ရပါသော ခရီးသည်များခင်ဗျာ.... ကျွန်တော်ကတော့ ခင်ဗျားတို့ရဲ့ မိတ်ဟောင်းဆွေဟောင်း ဧည့်လမ်းညွှန်ကျန်းပါ.... ”
ဇွန်ဘီတစ်ကောင်က ၎င်း၏ သားကောင်ကို ဆွဲဖြဲနေသည့် အခိုက်အတန့်တွင် ရပ်တန့်ထားသော ပုံရိပ်ကို သူက လက်ညှိုးထိုးပြရင်း သူ၏ အမူအရာက လေးနက်နေခဲ့သည်။ “ခင်ဗျားတို့ မြင်တဲ့အတိုင်းပဲ.... ဒီတစ်ခါ ကျွန်တော်တို့ရဲ့ ခရီးစဉ်က သာယာတဲ့ အပန်းဖြေစခန်းတစ်ခု မဟုတ်ပါဘူး”
“ကျွန်တော်တို့ သွားမယ့်နေရာက အလွန်အန္တရာယ်များပြီး သွေးထွက်သံယိုမှုတွေ၊ အကြမ်းဖက်မှုတွေနဲ့ ပြည့်နှက်နေပါတယ်။ အဲဒီက ပတ်ဝန်းကျင်က ရုပ်ပိုင်းဆိုင်ရာ မသက်မသာ ဖြစ်မှုတွေကို ဖြစ်စေနိုင်ပါတယ်”
အခန်း ၁၃၂ပြီး၏။