← Chapters

အခန်း ၁၃၃

Vol. 14 Ch. 133

အခန်း ၁၃၃

Vol. 14 Ch. 133

အခန်း (၁၃၃) ကွင်းဆက်တုံ့ပြန်မှု

​“ဝယ်ယူတဲ့အခါ သေချာစဉ်းစားပြီးမှ ရွေးချယ်ကြပါ...”

​“ပြီးတော့ အားလုံး အပူပန်ဆုံးက လုံခြုံရေးဆိုတာကို ကျွန်တော် သိပါတယ်...”

​“ဒါကြောင့် ဒီခရီးစဉ်အတွက် လုံခြုံရေး အစီအမံ သုံးခု ရှိပါတယ်။ အဲဒါက ခရီးသွားဧည့်သည်တွေ အားလုံးရဲ့ လုံခြုံရေးကို သေချာစေဖို့ လုံလောက်ပါတယ်...”

​၁။ ခရီးသွားဘတ်စ်ကားမှာ အနိုင်ယူလို့မရတဲ့ အကာအကွယ်ဒိုင်း ပါဝင်တာမို့ ဇွန်ဘီတွေ အနားကပ်လို့ မရပါဘူး။

​၂။ ခရီးသွားဘတ်စ်ကားထဲမှာ ကျွန်တော့်က အကြွင်းမဲ့ ထိန်းချုပ်ခွင့် ရှိပါတယ်။ ဒါကြောင့် စူပါပါဝါရှိတဲ့သူ ဝင်လာရင်တောင် သတ်ဖြတ်ခံရမှာကို စိုးရိမ်စရာ မလိုပါဘူး။

​၃။ ဒါပေမဲ့ ကားပေါ်က ဆင်းသွားရင်တော့ ကိုယ့်အသက်အန္တရာယ်က ကိုယ့်တာဝန်ပါပဲ။

​“ဒီ ၇ ရက်ကြာ ခရီးစဉ်အတွက် ကုန်ကျစရိတ်က တစ်ယောက်ကို ယွမ် ၁၄,၀၀၀ ပါ။ လူ ၂၀ သာ ကန့်သတ်ထားပါတယ်”

​သန်ဘက်ခါ မနက် ၉ နာရီကစပြီး လက်မှတ်တွေကို ဝယ်ယူနိုင်ပါပြီ။

​“မှတ်ထားပါ.... အလွယ်တကူ ကြောက်တတ်တဲ့သူတွေ မနှောင့်ယှက်ပါနဲ့....”

​ဗီဒီယိုကို တင်လိုက်ပြီးနောက် Like အရေအတွက်က ပေါက်ကွဲထွက်မတတ် ရရှိခဲ့ပြီး နာရီဝက်အတွင်းမှာတင် Like တစ်သန်းကျော် ရရှိခဲ့လေသည်။

​[အင်တာနက်အသုံးပြုသူ ၁] - ဟားဟား... ဒီလို အကာအကွယ်မျိုး ရှိနေမှတော့ ဘာကြောက်စရာရှိလို့လဲ။ ဇွန်ဘီတွေက ကားကိုတောင် ထိလို့မရဘူးဆိုတော့ တောရိုင်းတိရစ္ဆာန် ဥယျာဉ်သွားတာထက်တောင် ပိုလုံခြုံနေသေးတယ် မဟုတ်လားဟ...

​[အင်တာနက်အသုံးပြုသူ ၂] - အား... ကျွန်တော် စာရင်းသွင်းချင်တယ်။ ၇ ရက်ကြာ ဇွန်ဘီ အတွေ့အကြုံအတွက် လက်မှတ်က ၁၄,၀၀၀ တည်းဆိုတော့ တန်လိုက်တာ။ Universal Studiosက သရဲအိမ်ထက် အဆပေါင်းတစ်သောင်းမက ပိုစိတ်လှုပ်ရှားဖို့ ကောင်းတယ်....

​[အင်တာနက်အသုံးပြုသူ ၃] - အစကတော့ ကြောက်နေတာ... ဒါပေမဲ့ ဒါရိုက်တာကျန်းက အားလုံးကို ထိန်းချုပ်နိုင်တယ်ဆိုတာ မြင်လိုက်ရတော့ ဘာကြောက်စရာလိုတော့လို့လဲ။ ဒါက သေချာပေါက် သွားရမယ့်ဟာပဲ.... သွားလိုက်ကြရအောင်။

​[အင်တာနက်အသုံးပြုသူ ၄] - အရင်ကတော့ တွန့်ဆုတ်နေခဲ့တာ.... အခု ဒီလုံခြုံရေး အစီအမံတွေကို မြင်လိုက်ရတော့မှ ဒါရိုက်တာကျန်းက စောစောကတည်းက ပြောသင့်တာ။ ကျွန်တော်တောင် သေတမ်းစာ ရေးပြီးသွားပြီ။ အခုကျမှ အချိန်ပြည့် အနိုင်ယူလို့မရတဲ့ အခြေအနေမှာ ရှိနေမယ်ဆိုတာကို လာပြောနေတယ်ဗျာ....

​[အင်တာနက်အသုံးပြုသူ ၅] - ဟားဟား.... တချို့လူတွေက အရင်က အရမ်းကြောက်လွန်းလို့ အဲဒီကို ခရီးသွားမယ့်သူတွေကို ဦးနှောက်မရှိဘူးလို့ ဆဲဆိုနေခဲ့တာ..... အခုကျတော့ အကုန်လုံးက အဆင်ပြေတယ်ဆိုတဲ့ ပုံစံမျိုးတွေ လုပ်နေကြတယ် မဟုတ်လား။ ကျွန်တော်တစ်ယောက်ပဲ အစကနေ အဆုံးထိ လုံးဝ မကြောက်ခဲ့တာ။ အကာအကွယ် မရှိရင်တောင် သွားရဲတယ်။ ဒါကြောင့်... ဒါရိုက်တာကျန်း..... ခင်ဗျားရဲ့ သားကို ကြည့်ပါဦး။ ကျွန်တော်က ခင်ဗျားရဲ့ ပျောက်ဆုံးနေတဲ့ သားလေးပါ......

​[အင်တာနက်အသုံးပြုသူ ၆] - ခုနစ်ရက်ကို ၁၄,၀၀၀ တဲ့လား။ အဲဒါ စန်းယားက ဟိုတယ်ထက်တောင် ပိုသက်သာနေသေးတယ် မဟုတ်လား။ ဒါ့အပြင် The Walking Deadကို တကယ့်အပြင်မှာ အသက်ဝင်နေတဲ့ ပုံစံမျိုး ကြည့်ရဦးမယ်ဆိုတော့ တကယ့်ကို တန်တာပေါ့.....

​[အင်တာနက်အသုံးပြုသူ ၇] - ဒါရိုက်တာကျန်း - ကားပေါ်ကဆင်းရင် ကိုယ့်အသက်အန္တရာယ် ကိုယ့်တာဝန်ပဲဆိုတော့ ဘာလို့ ကားပေါ်မှာပဲ မနေရမှာလဲ။ ခုနစ်ရက်လုံး ကားပေါ်မှာ လှဲနေပြီး ပွဲကြည့်ရုံပဲလေ..... ဒီလက်မှတ်ဈေးက တန်လွန်းတယ်။

​[အင်တာနက်အသုံးပြုသူ ၈] - အရင်က မေမေ၊ ကယ်ပါဦး။ အခု - မေမေ။ သန်ဘက်ခါ သမီး လက်မှတ်ဝယ်ရမယ်။ ဒီလောက် လုံခြုံရေးအဆင့်နဲ့ဆို ဇွန်ဘီတွေတောင် သမီးကို ရှောင်သွားလိမ့်မယ်...

(NT- အရင်ကကြောက်ပြီး မေမေတခဲ့ပေမဲ့ ခုအခြေနေကြောင့် မကြောက်တော့တာကို ဟာသလုပ်ထားတာပါ...)

​[အင်တာနက်အသုံးပြုသူ ၉] - ဟားဟား... ဒီလုံခြုံရေး အစီအမံတွေက ငါ့ရပ်ကွက်ထဲက လုံခြုံရေးတွေထက်တောင် ပိုယုံရသေးတယ်။ ဇွန်ဘီတွေ လာရင် ဒါရိုက်တာကျန်းက တစ်ချက်နှိပ်ရုံနဲ့ နှိမ်နင်းလိုက်လို့ ရတယ်။ ဘာကြောက်စရာရှိလို့လဲ.... ဘောက်ချာတွေသာ မြန်မြန်ဖြတ်ပေးစမ်းပါ။

​[အင်တာနက်အသုံးပြုသူ ၁၀] - ကျွန်တော်က ကြောက်လွန်းလို့ ခြေထောက်တွေတောင် ပျော့ခွေသွားတာ။ ဒါပေမဲ့ လုံခြုံရေး ညွှန်ကြားချက်တွေကို ဖတ်ပြီးသွားတော့ လေပေါ်လွင့်နေသလို ခံစားလိုက်ရတယ်။ ဒါရိုက်တာကျန်း ဦးဆောင်နေမှတော့ ကျွန်တော်က ဘယ်သူမှ မနိုင်တဲ့သူ ဖြစ်သွားပြီလေ။ ဇွန်ဘီဆိုတာ ဘာတွေလဲ.... အကုန်လုံးက ပွဲကြည့်ဖို့ သက်သက်ပဲ။

​အင်တာနက်ပေါ်က အူသံတွေပေးပြီး စိတ်လှုပ်ရှားနေကြသည့် ဒီသားရဲများကို ကြည့်ရင်း ကျန်းယဲ့ ဆွံ့အသွားရသည်။

​‘သူတို့က လုံးဝကို မကြောက်ကြတာပဲ။ အစ်ကိုစနစ်က လုံခြုံရေး အစီအမံတွေ မပေးတော့တဲ့အခါ သူတို့ ဒီလို စိတ်လှုပ်ရှားနေသေးလားဆိုတာ ကြည့်ကြသေးတာပေါ့....’

​ကျန်းယဲ့သည် မှတ်ချက်များကို ခဏမျှ ဖတ်ပြီးနောက် လျစ်လျူရှုလိုက်၏။

​လင်းအန်းမြို့ရှိ လူနေအိမ်ရာ အဆောက်အအုံတစ်ခုမှ ကျိုးမိသားစု....

​မှိန်ပျပျ လင်းနေသော ထမင်းစားခန်းထဲတွင် ပန်းကန်များကို တူဖြင့် မကြာခဏ ခေါက်မိသည့် အသံများမှလွဲ၍ တိတ်ဆိတ်နေခဲ့သည်။ ကျိုးအဖေက မျက်မှောင်ကြုတ်ကာ သူ၏ ပန်းကန်ထဲမှ ထမင်းကို စိုက်ကြည့်နေခဲ့သည်။

ကျိုးအမေက မျက်လုံးများ လွင့်မျောနေပြီး စက်ရုပ်တစ်ရုပ်ကဲ့သို့ ထမင်းကို ခပ်ယူနေချေသည်။ ကျိုးရှင်းကျီကမူ ဘီးတပ်ကုလားထိုင်ပေါ်တွင် ထိုင်လျက် ကမ္ဘာကြီးတစ်ခုလုံးနှင့် အဆက်အသွယ် ပြတ်တောက်နေသကဲ့သို့ ခေါင်းငုံ့ကာ တိတ်ဆိတ်နေ၏။

​ကျိုးဝေ့ဝေ့သည် သူမ၏ ဖုန်းကို တင်းကျပ်စွာ ဆုပ်ကိုင်ထားရာ လက်ဆစ်များပင် ဖြူဆွတ်နေခဲ့သည်။

​ဖန်သားပြင်ပေါ်တွင် ရီယဲ့ခရီးသွားအေဂျင်စီမှ ထုတ်ပြန်ထားသော နောက်ဆုံးထွက် ကမ္ဘာပျက်ပြီးနောက်ပိုင်း စွန့်ပစ်နယ်မြေဗီဒီယိုကို ဆက်တိုက် ဖွင့်ထားဆဲ ဖြစ်၏။

​သူမက အသက်ပြင်းပြင်းတစ်ချက်ရှူလိုက်ပြီး ရုတ်တရက် စကား​စလိုက်၏။

​“ဖေဖေနဲ့ မေမေ... အစ်ကို့ရဲ့ ခြေထောက်အတွက် မျှော်လင့်ချက် ရှိနိုင်သေးတယ်...”

​ကျိုးအဖေနှင့် ကျိုးအမေတို့က တစ်ပြိုင်နက်တည်း မော့ကြည့်လာကြပြီး သူတို့၏ မျက်လုံးများထဲတွင် ပင်ပန်းနွမ်းနယ်မှုနှင့် ရှုပ်ထွေးမှုများ ပြည့်နှက်နေချေသည်။

​“သမီး ဘာတွေ လျှောက်ပြောနေတာလဲ” ကျိုးအမေ၏ အသံမှာ အက်ကွဲနေလေသည်။ “ဆရာဝန်က ပြောပြီးသွားပြီလေ...”

​“အချိန်ခရီးသွားတာ... ” ကျိုးဝေ့ဝေ့က စကားဖြတ်ပြောလိုက်ပြီး သူမ၏ ဖုန်းကို စားပွဲအလယ်သို့ တွန်းပို့လိုက်၏။ “အွန်လိုင်းမှာ လူတွေကို တခြားကမ္ဘာဆီ ခေါ်သွားပေးနိုင်တဲ့ ခရီးသွားအေဂျင်စီတစ်ခု ရှိတယ်။ လက်တွေ့ကမ္ဘာမှာ ကုလို့မရပေမဲ့ တခြားကမ္ဘာမှာဆိုရင် ကုလို့ရနိုင်လောက်တယ်...”

​ကျိုးအဖေက မျက်မှောင်ကြုတ်လိုက်၏။ “ဒီလို လိမ်လည်လှည့်ဖြားတဲ့ အရာမျိုးကို သမီးက တကယ် ယုံနေတာလား...”

​တစ်ချိန်လုံး တိတ်ဆိတ်နေခဲ့သော ကျိုးရှင်းကျီက ရုတ်တရက် လက်လှမ်းကာ ဖုန်းကို ယူလိုက်၏။

​သူသည် ရီယဲ့ခရီးသွားအေဂျင်စီ၏ ပင်မစာမျက်နှာကို ဖွင့်လိုက်ပြီး အစောဆုံး ချင်မင်းဆက် ဗီဒီယိုမှ စတင်ကာ အသေးစိတ် ကြည့်ရှုလိုက်လေသည်။

​ဗီဒီယိုထဲရှိ ရှေးဟောင်းဝတ်စုံနှင့် ခရီးသွားဧည့်သည်များ၊ စစ်မှန်သော ရှေးဟောင်းအဆောက်အအုံများနှင့် ပထမဆုံးဧကရာဇ်၏ သရဖူပေါ်ရှိ ကျောက်စိမ်းပုတီးစေ့များ၏ အသေးစိတ် အချက်အလက်များပင်လျှင် အလွန် လက်တွေ့ဆန်လှ၏။

​သို့သော် သူ၏ အာရုံကို ဖမ်းစားသွားသည်မှာ ဗီဒီယို အကြောင်းအရာမဟုတ်ဘဲ အောက်ရှိ မှတ်ချက်များပင်။

​သူသည် အစောပိုင်း ချင်မင်းဆက် ဗီဒီယိုမှသည် နောက်ဆုံးထွက် ကမ္ဘာပျက် ဇွန်ဘီ ဗီဒီယိုအထိ မှတ်ချက်များကို တစ်ခုချင်းစီ ဖတ်ရှုလိုက်၏။

သူ၏ စိတ်ထဲတွင် ဇာတ်လမ်းတစ်ပုဒ်လုံးကို အကြမ်းဖျင်း နားလည်သွားပြီး အင်တာနက်အသုံးပြုသူများ၏ အကြံပြုချက်အတိုင်း လိုက်ရှာရာ အင်တာနက်ကဖေးတွင် လုပ်ဆောင်ခဲ့သည့် ပျောက်ကွယ်သွားသော လှည့်ကွက် ဗီဒီယိုကို တွေ့ရှိသွားခဲ့သည်။

​ဗီဒီယိုကို ကြည့်ပြီးနောက် သူ၏ ရင်ထဲတွင် အလင်းရောင်တစ်ချက် ရုတ်တရက် ထွက်ပေါ်လာပြီး သူ့အပေါ် ဖိစီးနေသော မှိုင်းညို့မှုများကို ဖယ်ရှားပေးလိုက်လေသည်။

​သူ၏ လက်ချောင်းများမှာ အနည်းငယ် တုန်ယင်နေပြီး အရင်က အသက်မဲ့နေသော သူ၏ မျက်လုံးများထဲသို့ အလင်းရောင်များ ဖြည်းညှင်းစွာ ပြန်လည်ရောက်ရှိလာခဲ့သည်။

​“ဒါ တကယ်ဖြစ်နိုင်တယ်” သူ၏အသံမှာ တိုးညင်းပြီး အက်ကွဲနေသော်လည်း ထူးထူးခြားခြား ပြတ်သားနေချေသည်။

​ကျိုးအမေက ငြင်းခုံချင်ခဲ့သော်လည်း သားဖြစ်သူ ခေါင်းမော့လာသည်ကို မြင်လိုက်ရ၏။ ထိုဖြစ်ရပ် ဖြစ်ပွားပြီးကတည်းက ဤကဲ့သို့သော မျက်နှာအမူအရာမျိုးကို ပထမဆုံးအကြိမ် ပြသခြင်းပင်။

​ကျိုးရှင်းကျီက မိဘများက သူ့ကို မယုံကြည်ကြောင်း သိထားသဖြင့် အခြေအနေကို တည်ငြိမ်စွာ ခွဲခြမ်းစိတ်ဖြာပြလိုက်၏။

​“တကယ်လို့သာ အတုဖြစ်ခဲ့ရင် အာဏာပိုင်တွေက ဒီလို လူထုသဘောထားမျိုးကို ဒီအတိုင်း လွှတ်ထားမှာ မဟုတ်ဘူး...”

​ကျိုးအဖေနှင့် ကျိုးအမေတို့သည် မှင်သက်သွားကြရသည်။ သားဖြစ်သူ ပြောသည်မှာ အဓိပ္ပာယ်ရှိသည်ဟု ခံစားရသော်လည်း ဤကိစ္စမှာ ယုံကြည်နိုင်စရာ မရှိသေးချေ။

​‘အချိန်ခရီးသွားခြင်း.... အဲဒါက အချိန်ခရီးသွားခြင်းလေ...’

​‘လိမ်လည်မှုတစ်ခုနဲ့ တူနေတယ်...’

​ကျိုးဝေ့ဝေ့က ဝင်ပြောလိုက်၏။

​“အစ်ကို့ရဲ့ သုံးသပ်ချက်က မှန်တယ်။ အတုသာဆိုရင် ဒါက လိမ်လည်မှု ဖြစ်နေမှာပဲ... အာဏာပိုင်တွေက သူ့ကို ဒီလောက် ဗြောင်ကျကျ လိမ်ခွင့်ပေးထားမှာ မဟုတ်ဘူး... အကောင့်ကို အစောကြီးကတည်းက ပိတ်ပစ်လိုက်လောက်ပြီ”

​“ဖေဖေနဲ့ မေမေ... သား စမ်းကြည့်ချင်တယ်” ကျိုးရှင်းကျီ၏ အသံမှာ တိုးညင်းသော်လည်း သူ၏ လေသံမှာ ထူးထူးခြားခြား ပြတ်သားနေချေသည်။ “တစ်သောင်းမှာ တစ်ပုံလောက်ပဲ အခွင့်အရေး ရှိမယ်ဆိုရင်တောင်မှပေါ့... ”

​သားဖြစ်သူ၏ မျက်လုံးများထဲရှိ မျှော်လင့်ချက်ကို ကြည့်ရင်း ကျိုးအဖေက တံတွေးကို ခက်ခဲစွာ မျိုချလိုက်၏။

​တစ်သောင်းလေးထောင်ဆိုသည်မှာ သူတို့ မိသားစုအတွက် သေးငယ်သော ပမာဏ မဟုတ်သော်လည်း သားဖြစ်သူ ခြေထောက်ပြန်လည် ကောင်းမွန်လာနိုင်သည့် ဖြစ်နိုင်ခြေနှင့် နှိုင်းယှဉ်လျှင်မူ...

​“ကောင်းပြီလေ... ” ကျိုးအဖေက တူများကို လေးလံစွာ ချလိုက်၏။ “သန်ဘက်ခါကျရင် မင်းရဲ့ ညီမကို နေရာလုဖို့ ကူညီခိုင်းလိုက်မယ်... ”

​ကျိုးဝေ့ဝေ့၏ မျက်လုံးများ နီရဲသွားပြီး ခေါင်းကို ပြင်းပြင်းထန်ထန် ညိတ်ပြလိုက်လေသည်။ “သမီး သေချာပေါက် ရအောင် ယူပေးမယ်... ”

​ကျိုးရှင်းကျီက ပြတင်းပေါက်မှတစ်ဆင့် အပြင်သို့ လှမ်းကြည့်လိုက်၏။ ညဉ့်နက်နေပြီ ဖြစ်သော်လည်း သူ၏ ရင်ထဲတွင်မူ အချိန်ကြာမြင့်စွာ ပျောက်ဆုံးနေခဲ့သော အလင်းရောင်တစ်ခု တောက်ပနေချေပြီ။

​အမေရိကန်နှင့် စီအိုင်အေ ...

​ညဉ့်နက်ချိန်တွင် စီအိုင်အေ၏ အရှေ့အာရှ ခွဲခြမ်းစိတ်ဖြာရေးဌာနက လင်းထိန်နေပြီး အကြီးတန်းခွဲခြမ်းစိတ်ဖြာသူ ခြောက်ဦးက ပရိုဂျက်တာစားပွဲတစ်လုံး၏ ပတ်လည်တွင် ထိုင်နေခဲ့ကြသည်။ ထိုစားပွဲပေါ်တွင် တရုတ်လူမှုမီဒီယာမှ ရယူထားသော ဗီဒီယိုအတိုများကို ဆက်တိုက် ပြသနေချေသည်။

​အင်တာနက်ကဖေးမှ ပျောက်ကွယ်သွားသော တက္ကသိုလ်ကျောင်းသားများ၊ ညစာစားပွဲ ခန်းမများတွင် ပြသထားသော မင်မင်းဆက် ရှေးဟောင်းပစ္စည်းများနှင့် အသစ်ထွက်ရှိထားသော ကမ္ဘာပျက်ပြီးနောက်ပိုင်း စွန့်ပစ်နယ်မြေ ကြော်ငြာဗီဒီယိုတို့ ဖြစ်၏။

​“ရယ်စရာကောင်းလိုက်တာ... ” အကြီးတန်း ခွဲခြမ်းစိတ်ဖြာသူ မတ်ခ်ဝီလီယံက သူ၏ နက်တိုင်ကို လျှော့ချလိုက်ပြီး သူ၏ တက်ဘလက်ကို စားပွဲပေါ်သို့ ဆောင့်ချလိုက်၏။ “တရုတ်တွေက အခု သိပ္ပံစိတ်ကူးယဉ်ရုပ်ရှင်တွေကို နောက်ဆုံးပေါ် သိပ္ပံနည်းကျ သုတေသနလို့ မှတ်ယူနေကြတာလား....”

​သူက လီကျစ် ပျောက်ကွယ်သွားသည့် ဗီဒီယိုကို လက်ညှိုးထိုးပြကာ “ငါ့ရဲ့ ဆယ်နှစ်အရွယ် တူလေးတောင် ဒီလို အရည်အသွေးညံ့တဲ့ အထူးပြုလုပ်ချက်တွေကို ဖန်တီးနိုင်တယ်ကွ”

​အာရှရေးရာ ခွဲခြမ်းစိတ်ဖြာသူ လီဆာချန်က ဒေတာအချက်အလက် တစ်ခုကို တင်ပြလိုက်၏။

​“ဒါပေမဲ့ စိတ်ဝင်စားမှု အဆင့်က ပုံမှန်မဟုတ်ဘူး။ ပြီးခဲ့တဲ့ နာရီ ၃၀ အတွင်းမှာ တရုတ်လူမှုမီဒီယာ ပလက်ဖောင်းတွေပေါ်မှာ အချိန်ခရီးသွားခြင်း နဲ့ ပတ်သက်တဲ့ ဆွေးနွေးမှုတွေက အကြိမ်ရေ သန်း ၅၃၀ ကျော်သွားပြီ။ ပြီးတော့ နိုင်ငံတော်မီဒီယာကတောင် ဒီကောလာဟလတွေကို မငြင်းဆိုထားဘူး....”

​သူမက မျက်နှာပြင် မှတ်တမ်းပုံတစ်ခုကို အနီးကပ် ချဲ့လိုက်ပြီး ဖြည့်စွက်ပြောကြားလိုက်သည်။

​“ပိုထူးဆန်းတာက တရုတ်ဆိုက်ဘာအာကာသ စီမံခန့်ခွဲရေးအဖွဲ့ကလည်း ဒီကိစ္စနဲ့ပတ်သက်ပြီး လုံးဝ တိတ်ဆိတ်နေတာပဲ...”

​အစည်းအဝေးခန်းမကြီးသည် ရုတ်တရက် တိတ်ဆိတ်သွားခဲ့သည်။

​တရုတ်နိုင်ငံ၏ ပုံမှန် ချဉ်းကပ်မှုအရ သဘာဝလွန် ဖြစ်ရပ်များနှင့် ပတ်သက်သော ဤကဲ့သို့သော ဆွေးနွေးမှုမျိုးကို အွန်လိုင်းတွင် လုံးဝ ပိတ်ပင်ထားသင့်သည်မှာ ကြာပြီဖြစ်ကြောင်း လူတိုင်း သိကြ၏။

​“ဒါက စိတ်ဓာတ်စစ်ဆင်ရေး ပုံစံသစ်တစ်ခုများ ဖြစ်နေမလား....” အကြမ်းဖက်မှု တန်ပြန်နှိမ်နင်းရေး ကျွမ်းကျင်သူ ဂျက်က သူ၏ မေးစေ့ကို ပွတ်သပ်လိုက်၏။ “N ပင်လယ်ကနေ ငါတို့ရဲ့ အာရုံကို လွှဲဖို့ သဘာဝလွန် အကြောင်းအရာတွေကို အသုံးပြုနေတာလား... ”

​“ဒါမှမဟုတ် ဒီထက်ပိုဆိုးတာက...” ဆိုက်ဘာလုံခြုံရေး မန်နေဂျာက ကုဒ်တစ်ခုကို ရုတ်တရက် ဆွဲထုတ်လာလေသည်။ “ဒီရီယဲ့ခရီးသွားအေဂျင်စီရဲ့ ဆာဗာက ရုပ်ပိုင်းဆိုင်ရာကမ္ဘာမှာ လုံးဝ မရှိနေဘူး။ ငါတို့ အဲဒါကို ခြေရာခံဖို့ ကြိုးစားတဲ့အခါ အချက်ပြမှုတွေ အားလုံးက ကွမ်တမ်ဆူညံသံထဲမှာ ပျောက်ကွယ်သွားတယ်..”

အခန်း ၁၃၃ပြီး၏။

All Chapters