အခန်း ၁၃၄
Vol. 14 Ch. 134
အခန်း (၁၃၄) နေရာလုခြင်း စတင်ပြီ
ပရိုဂျက်တာ ဖန်သားပြင်က တရုတ်နိုင်ငံ ဟန်ကျိုးမြို့ရှိ သာမန်လူနေအဆောက်အအုံတစ်ခုကို အာရုံစိုက်ထားသည့် အချိန်နှင့်တစ်ပြေးညီ ဂြိုဟ်တုပုံရိပ်တစ်ခုသို့ ပြောင်းလဲသွားခဲ့သည်။ ၎င်းကို စနစ်တွင် ရီယဲ့ခရီးသွားအေဂျင်စီ၏ မှတ်ပုံတင်ထားသော လိပ်စာ ဟု အမှတ်အသား ပြုထားလေသည်။
“နေရာတွေကို လုဖို့ အေးဂျင့်တွေကို စေလွှတ်လိုက်...” ကက်သရင်းက အမိန့်ပေးလိုက်၏။ “အဖွဲ့ A က ဟက်ခ်လုပ်ဖို့ ကြိုးစားရမယ်... အဖွဲ့ B က ခရီးသွားဧည့်သည်တွေ အယောင်ဆောင်ပြီး ဆက်သွယ်ရမယ်။ မှတ်ထားပါ.... ”
သူမက လူတိုင်းကို ဝေ့ကြည့်လိုက်၏။ “တကယ်လို့သာ အတုဆိုရင် တရုတ်နိုင်ငံရဲ့ ပြဇာတ်တစ်ခုလို့ပဲ သဘောထားလိုက်။ အကယ်၍သာ အစစ်ဖြစ်နေမယ်ဆိုရင်တော့...”
သူမ စကားကို အဆုံးမသတ်လိုက်သော်လည်း နောက်ကွယ်မှ အဓိပ္ပာယ်ကို လူတိုင်း နားလည်ကြပေသည်။
ဒါက နျူကလီးယားလက်နက်တွေထက်တောင် ပိုအရေးပါတဲ့ မဟာဗျူဟာမြောက် ကိစ္စတစ်ခု ဖြစ်လာလိမ့်မယ်။
သုံးနာရီကြာပြီးနောက် နိုင်ငံတကာ ကျောင်းသားများ၊ စီးပွားရေးသမားများနှင့် ခရီးသွားများအဖြစ် အယောင်ဆောင်ထားသော အေးဂျင့်တစ်စုက တိုရင်သို့ တစ်ပြိုင်နက်တည်း ဝင်ရောက်ကာ ရီယဲ့ခရီးသွားအေဂျင်စီအကောင့်ကို ဖောလိုးလုပ်လိုက်ကြ၏။
အမေရိကန်နိုင်ငံသာမက ပင်လယ်ရပ်ခြားရှိ ဂျပန်နိုင်ငံကလည်း ဤကိစ္စကို စုံစမ်းဖော်ထုတ်ရန် အစောကြီးကတည်းက စိတ်အားထက်သန်နေခဲ့ကြသည်။
နှစ်ဖက်စလုံးက အလားတူ နည်းလမ်းများကို အသုံးပြုကာ နည်းပညာပိုင်းဆိုင်ရာများမှတစ်ဆင့် နေရာများကို ရယူရန် ကြိုးပမ်းခဲ့ကြ၏။
တစ်ချိန်တည်းမှာပင် ဟန်ကျိုးမြို့ရှိ ရီယဲ့ခရီးသွားအေဂျင်စီအတွင်း၌ ကျန်းယဲ့က ရုတ်တရက် နှာချေလိုက်ပြီး သူ၏ နှာခေါင်းကို ပွတ်သပ်ကာ တီးတိုးရေရွတ်လိုက်၏။
“ဘယ်သူက ငါ့အကြောင်း တွေးနေတာလဲ... ”
ကျန်းယဲ့ဟာ သူ့ကို စောင့်ကြည့်နေကြောင်း လုံးဝ မသိရှိခဲ့ချေ။ သိရှိခဲ့လျှင်တောင် သူက ပျင်းရိစွာ သမ်းဝေနေရုံသာ ရှိချေမည်။
သူ့ကို ကာကွယ်ပေးထားတဲ့ စနစ်ရှိနေမှတော့ သူက ဘာကို ကြောက်လန့်နေရမည်နည်း။
ထို့အပြင် သူတို့၏ ပတ်ဝန်းကျင်တွင် ဤမျှ ငြိမ်းချမ်းသော အခြေအနေမျိုး ရှိနေခြင်းမှာ နောက်ကွယ်မှ မည်သူက ကြိုးကိုင်နေကြောင်းကို ထင်ရှားနေခဲ့သည်။
ကျန်းယဲ့သည် အခြေအနေတစ်ခုလုံးကို ကောင်းစွာ နားလည်ထား၏။
စနစ်က အဆင့်ဆင့် သတ်မှတ်ထားသော စည်းမျဉ်းများက အရူးမဟုတ်သူ မည်သူမဆို နားလည်နိုင်လောက်အောင် ရှင်းလင်းပြတ်သားပေသည်။
ဒီလက်နက်က ဘယ်အင်အားစု ဒါမှမဟုတ် ဘယ်နိုင်ငံရဲ့ ထိန်းချုပ်မှုကိုမှ ခံယူဖို့ ရည်ရွယ်ချက် မရှိချေ။
တစ်ယောက်ယောက်က သူ့ကို အန္တရာယ်ပြုချင်လာရင်ကော.....
သူသည် ဤကိစ္စနှင့် ပတ်သက်၍ စနစ်ကို မေးမြန်းခဲ့ပြီးဖြစ်၏။
သူတို့ရရှိခဲ့သော အဖြေမှာ စနစ်ပိုင်ရှင်၏ အသက်အန္တရာယ် လုံခြုံရေးက အမြင့်ဆုံး ဦးစားပေး ဖြစ်သည် ဟူ၍ပင်။
ထိုအချိန်က စနစ်၏ အေးစက်ပြီး ခံစားချက်ကင်းမဲ့သော မက်ဆေ့ချ်က ယခုအခါ သူ့ကို ပူပင်သောကကင်းစွာဖြင့် အေးချမ်းစွာ နေထိုင်နိုင်ရန် ယုံကြည်မှု ပေးစွမ်းနေခြင်း ဖြစ်၏။
ဟန်ကျိုး၊ ရှင်းဖူလီ လူနေအိမ်ရာ၊ ကျန်းမိသားစု
နံနက် ငါးနာရီအချိန်တွင် ရှင်းဖူလီ လူနေအိမ်ရာက မှုန်ဝါးဝါး နံနက်ခင်း မြူနှင်းများဖြင့် ဖုံးလွှမ်းနေဆဲ ဖြစ်သော်လည်း ကျန်းမိသားစု၏ ဧည့်ခန်းအတွင်း မီးများ လင်းနေပြီ ဖြစ်သည်။
လူငါးဦးက ကော်ဖီစားပွဲတစ်ခု၏ ပတ်လည်တွင် ထိုင်နေကြပြီး တစ်ဦးစီ၏ ခြေရင်းတွင် ဖောင်းကားနေသော အထုပ်တစ်ထုပ်စီ ရှိနေကြသည်။
ကျန်းအဖေက သူ၏ ဒူးကို လက်ချောင်းများဖြင့် ဆက်တိုက် ခေါက်နေပြီး ကျန်းအမေကမူ အထုပ်ထဲရှိ အဝတ်အစားများနှင့် အခြောက်အခြမ်းများကို ထပ်ခါတလဲလဲ စစ်ဆေးနေခဲ့သည်။
ကျန်းခိုင်က အချိန်ကို လှမ်းကြည့်လိုက်၏။ ၈ နာရီ ၅၀ မိနစ် ရှိပြီဖြစ်ပြီး လက်မှတ်လုရမည့် လမ်းကြောင်း ပွင့်တော့မည် ဖြစ်သည်။
ကျန်းခိုင်က မိသားစုကို ထပ်မံ သတိပေးလိုက်ခေသည်။ “မှတ်ထားနော်... ကိုးနာရီတိတိမှာ စာမျက်နှာကို Refresh လုပ်... ချက်ချင်း နှိပ်ပြီး အတည်ပြုလိုက်။ သဘောတူညီချက်ကိုတောင် ဖတ်မနေနဲ့.... တစ်စက္ကန့်လေး တွန့်ဆုတ်သွားရင်တောင် လက်လွတ်သွားလိမ့်မယ်... ”
ကျန်းညီလေးက စိုးရိမ်တကြီးဖြင့် တံတွေးမျိုချလိုက်၏။
“အစ်ကို... ထန်မင်းဆက် ခရီးစဉ်တုန်းက တစ်စက္ကန့်အတွင်း အကုန်ကုန်သွားတယ်လို့ ပြောခဲ့တာ မဟုတ်ဘူးလား။ အဲဒါ တစ်စက္ကန့်တည်းနော်... ကျွန်တော်တို့က အဲဒီ လက်မြန်ခြေမြန်ကောင်တွေကို နိုင်ပါ့မလား”
“ဒါကြောင့်မို့ ဒီတစ်ခါ ငါတို့ မိသားစုတစ်ခုလုံး အတူတူ လုဖို့ ကြိုးစားရတာပေါ့ကွ....” ကျန်းခိုင်က အသက်ပြင်းပြင်းတစ်ချက် ရှူလိုက်၏။ “တစ်ယောက်တည်းထက်စာရင် ငါးယောက်က အခွင့်အရေး ပိုများတယ်လေ....”
အချိန်များ တရွေ့ရွေ့ ကုန်ဆုံးသွားပြီး ဧည့်ခန်းထဲရှိ လေထုမှာ အေးခဲသွားသကဲ့သို့ ဖြစ်နေချေသည်။
ကျန်းညီမလေးက ဖုန်းပေါ်ရှိ နာရီကို စူးစိုက်ကြည့်နေပြီး သူမ၏ လက်ချောင်းများက ဖန်သားပြင်အထက်တွင် အနည်းငယ် တုန်ယင်နေခဲ့သည်။
နောက်ဆုံးတွင် နာရီက ကိုးနာရီတိတိသို့ ရောက်ရှိသွား၏။
“မြန်မြန်... ” ကျန်းခိုင်က သတိပေးလိုက်ပြီး သူ၏ ဖုန်းဖန်သားပြင်ပေါ်တွင် [ကျန်ရှိသော နေရာ - ၂၀] ဟု မြင်လိုက်ရသဖြင့် သူ၏ လက်များက မရပ်မနား လှုပ်ရှားသွားခဲ့သည်။
သူ၏ လက်ချောင်းက ဝယ်ယူရန် ခလုတ်ကို လျှပ်စီးလက်သကဲ့သို့ အမြန်နှုန်းဖြင့် နှိပ်လိုက်ပြီး ပေါ်လာသော သဘောတူညီချက်ကိုပင် မဖတ်တော့ဘဲ [Yes] ကို ရွေးချယ်လိုက်၏။
[ကမ္ဘာပျက်ပြီးနောက်ပိုင်း စွန့်ပစ်နယ်မြေနှင့် ဇွန်ဘီမြို့သို့ ၇ ရက်ကြာ ခရီးစဉ်ကို အောင်မြင်စွာ ဘွတ်ကင်လုပ်နိုင်ခဲ့သည့်အတွက် ဂုဏ်ယူပါသည်....]
ကျန်းခိုင်သည် ခေါင်းမော့လာပြီး သူ၏ နှုတ်ခမ်းများပေါ်ရှိ အပြုံးမှာ အပြည့်အဝ မပြန့်ကျဲသေးချေ။
စူးရှတောက်ပသော အဖြူရောင် အလင်းတန်းတစ်ခုက သူ့ကို ရုတ်တရက် လွှမ်းခြုံသွားခဲ့သည်။
“အစ်ကို...” ကျန်းညီမလေးက အံ့သြတကြီး အော်ဟစ်လိုက်၏။
ကျန်းခိုင်၏ ပုံရိပ်က အဖြူရောင် အလင်းတန်းထဲတွင် တဖြည်းဖြည်း မှေးမှိန်သွားပြီး လွတ်နေသော ခုံနှင့် သူ မသယ်သွားနိုင်ခဲ့သည့် ခရီးဆောင်အိတ်သာ သူ၏ ခြေရင်းတွင် ကျန်ရစ်ခဲ့၏။
ဧည့်ခန်းသည် သေလုမတတ် တိတ်ဆိတ်သွားချေသည်။
“ပျောက်... ပျောက်သွားပြီ...”
ကျန်းအဖေက သူ ထိုနေရာတွင် ပျောက်ကွယ်သွားမည်ကို သိထားသော်လည်း ကိုယ်တိုင် မြင်တွေ့လိုက်ရသောအခါ မှော်ဆန်သော မြင်ကွင်းကြောင့် တုန်လှုပ်သွားဆဲပင်။
ကျန်းညီလေးသည် သူ၏ အစ်ကို ပျောက်ကွယ်သွားသည့် နေရာကို မျက်လုံးပြူးကာ စိုက်ကြည့်နေခဲ့သည်။ “အဲဒါ တအားမိုက်တာပဲ... ငါရော ဘယ်တော့လောက် အဲဒီလို လုပ်နိုင်မလဲမသိဘူး”
လူလေးယောက်က သူတို့၏ ဖုန်းဖန်သားပြင်များကို ငုံ့ကြည့်လိုက်ရာ [ရောင်းကုန်သွားပါပြီ] ဟူသော စာတမ်းကို ရှင်းလင်းစွာ မြင်တွေ့လိုက်ရ၏။
“ကုန်သွားပြီ... ” ကျန်းညီမလေးသည် ဆိုဖာပေါ်သို့ လဲကျသွားပြီး အလွန် စိတ်ပျက်လက်ပျက် ဖြစ်နေပုံရသည်။ “နေရာ ၂၀ က နှစ်စက္ကန့်တောင် မကြာဘဲ ကုန်သွားတယ်... ”
သားဖြစ်သူ ထိုင်ခဲ့သော နေရာကို ကြည့်ရင်း ကျန်းအမေက ပြုံးကာ ပြောလိုက်၏။ “ဒီကလေးက တကယ် ကံကောင်းတာပဲ... ”
သူမ၏ ကိုယ်ပိုင်သား ဖြစ်သော်လည်း ကျန်းအမေက သူ၏ ကံကောင်းမှုအတွက် အနည်းငယ် မနာလို ဖြစ်နေဆဲပင်။
လင်းအန်းမြို့၊ ကျိုးမိသားစု
နံနက် ခြောက်နာရီအချိန်တွင် ကျိုးမိသားစု၏ ဧည့်ခန်းအတွင်း မီးများ ထိန်လင်းနေချေသည်။
ကျိုးရှင်းကျီက ဘီးတပ်ကုလားထိုင်ပေါ်တွင် ထိုင်လျက် သူ၏ လက်များက ဖုန်းကို တင်းကျပ်စွာ ဆုပ်ကိုင်ထားရာ လက်ဆစ်များပင် ဖြူဆွတ်နေချေသည်။
ကျိုးအဖေက သူ၏နောက်တွင် ရပ်ကာ သားဖြစ်သူ၏ ပခုံးပေါ်သို့ လက်တင်ထားခဲ့သည်။ ကျိုးအမေနှင့် ကျိုးဝေ့ဝေ့တို့က သူ၏ တစ်ဖက်တစ်ချက်တွင် ထိုင်နေကြပြီး ကော်ဖီစားပွဲပေါ်တွင် မိုဘိုင်းဖုန်း သုံးလုံးကို သပ်ရပ်စွာ စီစဉ်ထားခဲ့သည်။
ပြီးခဲ့သော နှစ်ရက်အတွင်း ကျိုးရှင်းကျီက ရီယဲ့ခရီးသွားအေဂျင်စီနှင့် ပတ်သက်သော သတင်းအချက်အလက်များကို ရှာဖွေနေခဲ့သည်။ သူက ကျန်းထောင်၏ အစောဆုံး ဗီဒီယိုကို အသေအချာ လေ့လာခဲ့၏။
သူ အဲဒီအကြောင်းကို ပိုသိလာလေလေ အချိန်ခရီးသွားတာ တကယ်ရှိတယ် ဆိုတာကို ပိုယုံကြည်လာလေလေပင်။
နေရာတစ်ခုအတွက် ယှဉ်ပြိုင်နေသူများစွာ ရှိပြီး သူတို့ မရနိုင်ကြောင်း သူ ကောင်းစွာ သိရှိထားပေသည်။ သို့သော် အကယ်၍သာ ရရှိခဲ့ပါက ၎င်းက သူတို့ မိသားစုတစ်ခုလုံးအတွက် အခွင့်အရေးတစ်ခု ဖြစ်လာမည်ဖြစ်ပြီး သူ၏ ကံကြမ္မာကို ပြောင်းလဲရန် အခွင့်အရေးတစ်ခုလည်း ဖြစ်လာချေမည်။
ကျိုးရှင်းကျီက သူ၏ မိသားစုကို ကြည့်ကာ သတိပေးလိုက်၏။ “ကိုးနာရီတိတိမှာ Refresh လုပ်မယ်။ နေရာတွေ့တာနဲ့ တစ်စက္ကန့်လေးတောင် တွန့်ဆုတ်မနေဘဲ ချက်ချင်း နှိပ်လိုက်ပါ.. ”
ကျိုးဝေ့ဝေ့က အားပါးတရ ခေါင်းညိတ်လိုက်၏။
သူမက အစ်ကိုဖြစ်သူ၏ သေးသွယ်နေသော ခြေထောက်များကို ခိုးကြည့်လိုက်လေသည်။ လွန်ခဲ့သော သုံးနှစ်က ကားအက်ဆီးဒင့်ဖြစ်ပြီးနောက် ဆရာဝန်များက သူ့ကို တစ်သက်လုံး အကြောသေသွားပြီဟု သေဒဏ်ပေးခဲ့ကြသည်။
ယခုအခါ ရီယဲ့ခရီးသွားအေဂျင်စီဟုခေါ်သော ဤလျှို့ဝှက်ဆန်းကြယ်သည့် အရာက အစ်ကိုဖြစ်သူ၏ နောက်ဆုံး မျှော်လင့်ချက် ဖြစ်လာနိုင်ပေသည်။
နာရီသည် ၈ နာရီ ၅၉ မိနစ်သို့ ရောက်ရှိသွားခဲ့သည်။
ဧည့်ခန်းထဲရှိ လေထုမှာ အေးခဲသွားသကဲ့သို့ ဖြစ်နေချေသည်။
ကျိုးအမေ၏ လက်များက တုန်ယင်နေပြီး ကျိုးအဖေ၏ အသက်ရှူသံမှာ လေးလံလာကာ ဘီးတပ်ကုလားထိုင်ပေါ်ရှိ ကျိုးရှင်းကျီပင်လျှင် မသိစိတ်မှ အလိုအလျောက် တောင့်တင်းလာရသည်။
“သုံး... နှစ်... တစ်...” ကျိုးဝေ့ဝေ့က တိုးညင်းစွာ ရေတွက်လိုက်၏။
နာရီလက်တံနှင့် မိနစ်လက်တံတို့ ကိုးနာရီတွင် ထပ်သွားသည့် အခိုက်အတန့်.....
ကျိုးရှင်းကျီက ဖုန်းဖန်သားပြင်ပေါ်တွင် ပေါ်လာသော တောက်ပသည့် အနီရောင် ဂဏန်းကို ကြည့်လိုက်၏။
[ကျန်ရှိသော နေရာ - ၂၀]
ထို့နောက် သူ၏ လက်ချောင်းများက ဖန်သားပြင်ကို အံ့မခန်း အမြန်နှုန်းဖြင့် နှိပ်လိုက်ပြီး သဘောတူညီချက်ကိုပင် မဖတ်တော့ဘဲ [Yes] ကို ရွေးချယ်လိုက်သည်။
ကျိုးအဖေ၊ ကျိုးအမေနှင့် ကျိုးဝေ့ဝေ့တို့၏ ဖုန်းများတွင်မူ [ရောင်းကုန်သွားပါပြီ] ဟူသော မက်ဆေ့ချ်များ အသီးသီး ပေါ်လာချေသည်။
[ကမ္ဘာပျက်ပြီးနောက်ပိုင်း စွန့်ပစ်နယ်မြေနှင့် ဇွန်ဘီမြို့သို့ ၇ ရက်ကြာ ခရီးစဉ်ကို အောင်မြင်စွာ ဘွတ်ကင်လုပ်နိုင်ခဲ့သည့်အတွက် ဂုဏ်ယူပါသည်... ]
ကျိုးရှင်းကျီက ရုတ်တရက် မော့ကြည့်လိုက်ရာ သူ၏ မျက်လုံးများတွင် အချိန်ကြာမြင့်စွာ ပျောက်ဆုံးနေခဲ့သော အလင်းရောင်တစ်ခု တောက်ပနေခဲ့သည်။
“အစ်ကို ရပြီ...”
သူ စကားမဆုံးမီမှာပင် စူးရှတောက်ပသော အဖြူရောင် အလင်းတန်းတစ်ခုက သူ့ကို လွှမ်းခြုံသွား၏။
ဘီးတပ်ကုလားထိုင်ပေါ်ရှိ ပုံရိပ်က တုန်လှုပ်နေသော မိသားစုဝင်များ၏ အကြည့်များအောက်တွင် တဖြည်းဖြည်း ပွင့်လင်းမြင်သာလာခဲ့သည်။
ဧည့်ခန်းသည် ခြောက်ခြားဖွယ်ရာ တိတ်ဆိတ်သွားရသည်။
ကျိုးအဖေက ပထမဆုံး သတိပြန်ဝင်လာပြီး အော်ဟစ်လိုက်၏။ “ငါ့သားလေး ရသွားပြီကွ..... ”
ကျိုးအမေက နောက်ဆုံးတွင် မျက်ရည်များ ကျလာလေသည်။ “ဒါ တကယ်ပဲ... အကုန်လုံးက တကယ်ကြီးပဲ.. ”
အချိန်ခရီးသွားတာ တကယ်ရှိတယ်။
ကျိုးအမေက သူမ၏ ပါးစပ်ကို အုပ်လိုက်၏။ “ငါ့သားရဲ့ ခြေထောက်အတွက် တကယ်ပဲ မျှော်လင့်ချက် ရှိနေပြီ... ”
ကျိုးဝေ့ဝေ့သည်လည်း မျက်ရည်များဖြင့် မိခင်၏ လက်ကို ဆုပ်ကိုင်ကာ ပြောလိုက်ချေသည်။ “မေမေ... အစ်ကို့ရဲ့ ခြေထောက် ပြန်ကောင်းလာမှာပါ...”
ဒီတစ်ခါ အဆင်မပြေရင်တောင် နောက်တစ်ခါ ရှိသေးတာပဲ။ အဲဒီနောက်မှာလည်း ထပ်ရှိဦးမှာပဲ။
ထူးခြားဆန်းကြယ်တဲ့ ဖြစ်ရပ်တွေ ပေါ်လာပြီဆိုတော့ နောင်တစ်ချိန်မှာ အစ်ကို့ရဲ့ ခြေထောက်ကို ကုသဖို့ နည်းလမ်း သေချာပေါက် ရှိလာမှာပါ။
ပြတင်းပေါက် အပြင်ဘက်တွင် ထွက်ပေါ်လာသော နေရောင်ခြည်က တိမ်တိုက်များကို ထိုးဖောက်ကာ တစ်ချိန်က မှိုင်းညို့နေခဲ့သော ဧည့်ခန်းအတွင်းသို့ ရွှေရောင်ရောင်ခြည်များ ဖြာကျနေလေသည်။
အခန်း ၁၃၄ပြီး၏။